…..ပြီးမှ ……ရှေ့ဆက်သွားပါ။
ဒီပို့စ်ဟာ ဘာသာရေး ပို့ မဟုတ်ပါဘူး။ ကိုယ်သိသလောက်လေးချရေးကြည့်တာပါ။ တော်ကြာနေ ဘယ်ကျမ်းကတော့ ဘယ်လိုဆိုတယ် ဆိုတဲ့ စကားလုံးကြီးနဲ့ ကိုင်ပေါက်တတ်တဲ့ ဆရာတော် ကိုအောင်ပုကို ကြောက်လို့ ကြိုတင်ပြောထားတာပါ။ ကျွန်တော် သိထားတာကတော့ အသိမရှိရင် သတိဆိုတာ မရှိပါဘူး။ ဘာမှမသိတဲ့ သူတစ်ယောက်ဟာ ဘာကိုမှသတိရစရာ အောင့်မေ့စရာ မရှိနိုင်ဘူးဆိုတဲ့ သဘောလေးပါ။ ဘာမှမသိတဲ့ သူရယ်လို့တော့ ဘယ်ရှိနိုင်မလဲနော်။ သူ့အသက်အရွယ်အရ တွေ့ကြုံသိလောက်တော့ ရှိမှာပေါ့။ ကျောင်းနေဖူးတဲ့သူ ဆိုရင် သင်ကြားတဲ့အသိပါရှိမှာပဲ။ ဒါက သေချာတယ်။ ဒါတွေကို သတိရ ဆင်ခြင်ပါမှ ဆင်ခြင်သိရယ်လို့ဖြစ်လာတာပါ။ ဆင်ခြင်သိဆိုတာက သင်ကြားထားတဲ့ အသိနဲ့ တွေ့ကြုံသိတွေကို သတိရပြီး ယုတ္တိ ရှိရှိ တွေးတော ဆင်ခြင်ပါမှ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကိုချနိုင်မှာပါ။ အဲဒိတော့ ယထာဘူတ ကျကျ ယုတ္တိရှိရှိ ဆင်ခြင် ဆုံးဖြတ်တတ်ဖို့လိုတာပေါ့။ ဒီလို မှမဟုတ်ပဲ လူတစ်ကာလုပ်သ၍ အကုန်လိုက်လုပ်။ ရှေ့က လုပ်ထားသ၍ အကုန် မစဉ်းစား မဆင်ခြင်ပဲ ဆက်လုပ်နေလို့ကတော့ သူတစ်ကာရဲ့ နောက်မှာပဲရှိနေမှာပဲ ။။ ဘယ်တော့မှ ရှေ့တန်းကိုရောက်လာမှာမဟုတ်ဘူး။ ဘယ်လောက်ပဲ ပညာတွေ တတ်နေပါစေ။ ဘယ်လောက်ပဲ သတိတွေရှိနေပါစေ။ ကိုယ့်ရှေ့က လူတွေရဲ့ အဖြစ်အပျက်တွေကို သတိရ ဆင်ခြင်ခြင်းမရှိဘူးဆိုရင် ” အမေကတော့ ရေသွတ် မီးဖုတ်တာပဲ” ဆိုတာမျိုး တွေနဲ့ ဘာတစ်ခုမှဖြစ်လာမှာမဟုတ်ပါဘူး။ (ရေသွတ် မီးဖုတ်တယ်ဆိုတာက တစ်ချို့ နေရာတွေမှာ ကောက်ညှင်း ကျည်တောက် -ခဲတန်ချောင်း ကိုမပြုတ်ပဲ မီးဖုတ်တာကိုပြောတာပါ။ တင်းဝါး ကို အဆစ်နားက ကပ်ဖြတ်ပြီး ရေဆေးပြီးသားကောက်ညှင်းဆန်ကို ထည့်ထားရပါတယ်။ မီဖိုအဆင့်သင့် ဖြစ်ကာမှ ရေကိုအနေတော်ထည့်ပြီး ထိပ်ကို အဆို့ ဆို့ပြီး ဖီးဖိုထဲထည့်ဖုတ်ပါသတဲ့။ ဒါကို ကောက်ညှင်းဆန် ထည့်နေတုန်းက မီးမမွှေးချင်လို့ အိပ်ချင်ယောင်ဆောင်နေပြီး မီးမွှေးပြီး ရေထည့်ချိန်ရောက်မှ မျက်လုံးဖွင့်ကြည့် မှတ်ထားပြီး အမေမရှိတဲ့ အချိန်ကျတော့ တင်းဝါးထဲ ရေထည့်ပြီး မီးဖုတ်လိုက်တော့ ဘာမှဖြစ်မလာတာကိုပြောချင်တာပါ။) ကောက်ညှင်းကျည်တောက်(ခဲတန်ချောင်း) ပါဆိုမှ ကောက်ညှင်းပါရမယ်ဆိုတာတော့ ဆင်ခြင်ဦးမှပေါ့။ ဒီလိုမဟုတ်ပဲ တွေ့ဖူးတာကိုပဲ တရားသေ မှတ်ထားပြီး ရေထည့် မီးဖုတ်လေတော့ …………
ဒီလိုပဲ ကျွန်တော်တို့ လူမျိုးတွေက ပညာသင်ရမှာ မပျင်းဘူး။ အတွေ့ အကြုံရှာရမှာလည်း မပျင်းကြပါဘူး။ အဲဒိပညာနဲ့ အတွေ့အကြုံ ကို သတိရပြီး တွေးတောဆင်ခြင်မှုကျတော့ မလုပ်ချင်ကြဘူး။ အမြဲတမ်းလိုလို အဆင်သင့်လေးပဲ လက်ဆေးစားချင်ကြတာ။ လုပ်တဲ့အလေ့အထမရှိတော့ အားပေးတာလည်း အစဉ်အလာမရှိတော့ တယ်ပြီးမလုပ်ချင်ကြဘူး။ သူများပြောသလို သူများလုပ်သလိုပဲ ဟိုဟာကောင်းနိုးနိုး ဒီဟာနဲ့ အဆင်ပြေနိုးနိုး အချိန်ကုလူပန်း လုပ်နေကြတော့တာပဲလေ။ မတွေးဘူးလားဆိုတော့ တွေးနေကြသားပဲ မိုးလင်းကမိုးချုပ် ညတောင်မနားကြပါဘူး။ ” ဘယ်သူ့အပေါ် ဘယ်လို ခေါင်းပုံဖြတ်ရမလဲ” တို့ ” ဘာနဲ့ ဘာနဲ့ ရောပြီး ဘာလို့ ပြောရောင်းရမလဲ”တို့ ။ ” ဒီနေ့ တီဗွီက ဘာဇာတ်လမ်းတွဲလဲ ” တို့ ” ဘယ်မင်းသမီး ဝတ်ထားတာကတော့ ဘယ်ပုံ” တို့ ” “ဘယ်သူ ူနှစ်လုံးပေါက်တာက ဘယ်လောက်ဖိုး” တို့ ဒီလောက်ပဲတွေးတာပါ။ ဘယ်အရာမှ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်တောင်တွေးတော ဆင်ခြင်မှု မရှိသလောက်ပါ။ အများစုက ပြောပါတယ်။
ဥပမာ- အိမ်တစ်အိမ်မှာ အိမ်ထောင်ရေး အဆင်မပြေ ကြဘူးဆိုပါတော့။ ကျန်တဲ့လူမျိုးတွေတော့ ဘယ်လိုဖြေရှင်းကြသလဲမသိဘူးနော်။ ဒီမှာတော့ ဘာကြောင့်လဲ ဆိုတာကိုမဆင်ခြင်ကြဘူး။ အားကိုးရှာတော့မယ်။ နတ်ကတော်လား ? ဗေဒင်ဆရာလား ? အကြားအမြင်လား ? တစ်ခုခုပဲ။ ဘေးပတ်ဝန်းကျင်ကလည်း ဒါမျိုး ကြည့်ဖို့ မေးဖို့ပဲ။ ရေနစ်သူကိုဝါးကူထိုးတတ်ကြတာ။ သူတို့ကိုလည်းအပြစ်တော့ မပြောသာပါဘူး။ တစ်သက်လုံး ဒီလိုပဲနေလာကြတာဆိုတော့ ဒါလေးပဲတွေ့ကြုံသိရှိတာကလား။ သူတို့ကိုယ်တိုင်ကြုံ လည်း ဒီလိုပဲလုပ်ကြမှာပဲ။ တွေးတော ဆင်ခြင်မှုမှမရှိတာ။ ဘယ်သူ တွေတုန်းကတော့ ဘယ်ဆရာနဲ့ အဆင်ပြေသွားတာ။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ သူတို့ပြောစကားလေးနက်အောင် ပင့်ပြောလိုက်သေးတယ်။ အခမဲ့ ကြော်ညာ ပေးချင်တာလည်းပါတာပေါ့။ သူတို့လုပ်ပေးလိုက်တာ ဆိုတဲ့နာမယ်လေးကလဲ လိုချင်သေးတယ်။ ပြောလို့မပြီးသေးဘူး ။ ပင့်ပေးရမလားဆိုတဲ့စကားကအရင်။ အပူသည်ပါဆိုမှ ဓါတ်ဆီလောင်းပေးဖို့ကို ဝန်မလေးတတ်ကြဘူး။ အဲဒိတော့ စောစောကပြောတဲ့ နတ်ကတော်…..။ သူ့ခေါ်မေးတော့ အိမ်တွင်းအုန်း မလဲထားတို့ ။ မဆွဲတာတို့က စပြောမှာပေါ့။ ယုံကြည့်မှု အတိမ်အနက်ကိုကြည့်ပြီး နတ်ကန္နား ပေးဖို့ အထိပြောမယ်။ ဗေဒင်ဆရာကကော……။ သူလည်းပြောမှာပဲ။ ဘာလို့လဲဆို အပူရှိမှ သူတို့ဆီရောက်တာကိုး။ ဆိုးကြောင်းညံ့ကြောင်းပဲ ပြောမှာ အဲဒိအချိန်မှာ ။ ဘယ်ဂြိုလ်က ဘယ်လို..။ ဘယ်မှာ ဂြိုလ်စားနေလို့။ သက်ရောက်ကဘယ်လို..။ ဘာလေး ယတြာ ချေရင်ကောင်းမယ်ဆိုတာနဲ့ အဆုံးသတ်လိုက်မှာပဲ။ အကြားအမြင်ဆရာ ပင့်ဦးမလား…….။ သူလည်း ပညာရှင်ပဲ ။ဘယ်ပုဂ္ဂိုလ်က စောင့်ရှောက်ချင်ပါရဲ့ ဘာလုပ်နေလို့ ဘာဖြစ်နေလို့ ။ တော်ကြာလာဦးမယ်။ သိုက်ကလာတာ တို့ဘာတို့ နဲ့။ အချိန်တန် သိုက်ပြန်ရမှာ ။ သူတိုရို့ အပြောပါ။ သိုက်ကလာတဲ့သူတွေက အိမ်ထောင်မပြုရဘူးဆိုလား။ ဘာလား။ နှပ်ကြောင်းလေးပေးပြီး ခြိမ်းချောက်သွားတာများများနဲ့ နောက်ဆုံးတော့ ကာယကံရှင်ပဲ လူမော စိတ်မောနဲ့ ပိုက်ဆံကုန်ပြီးကျန်ခဲ့မယ်။ ပြဿနာ အရင်းခံက လင်နဲ့မယား အပေးအယူမတည့်ကြလို့ တစ်ယောက်နဲ့တစ်ယောက်အရွဲ့တိုက် နေကြတာ။ အချစ်ဆိုတဲ့ နတ်ကို ပွဲပေးရမှာ ။ အိမ်ရှေ့မှာကန္နားပေးရမယ်လို့ပြာတာ မဟုတ်ဘူးနော်။ အိမ်ခန်းထဲမှာပဲ အခြေအတင် နဖူးတိုက် ဒူးတိုက်ဆွေးနွေးပြီး ညှိနှိုင်းရမဲ့ အလျော့အတင်း လုပ်ကြရမဲ့ ကိစ္စ။ လူဘုံအလယ်ရောက်လာစရာ အကြောင်းမရှိဘူးနော်။ ခုတော့ မယောင်တဲ့ နေရာဆီလူးပြီးတော့ အချိန်ကုန်လူပန်း ။ ကုန်လိုက်တာကသောက်သောက်လဲ။ လာတဲ့ဆရာတွေကတော့ အိတ်ဖောင်းတာပေါ့ ။ များများလာရပါစေ လို့တောင်ဆုတောင်းနေဦးမှာ။ အဲဒိလိုပဲ။ စဉ်းစားဆင်ခြင် မှုမရှိတော့ ……….။နောက်ရှိသေးတယ်။ နေရာတိုင်လိုလိုဒီလိုချည့်ပဲ။ အကြားအမြင်နဲ့ နတ်နဲ့ ဗေဒင် ဆရာနဲ့ လုံးချာလည်နေကြတာက တစ်ခါတစ်ခါ အာဖရိက ေတောနက်ထဲ ရောက်နေသလား တောင်အောင့်မေ့ရတယ်။ မတိုးတက်တာလည်းမပြောနဲ့။ တစ်ခုခုဖြစ်ရင် ကိုယ်တိုင် ဆုံးဖြတ်ဖို့ထက် အကူအညီကိုပဲ မျှော်လင့်နေတတ်တာ အရိုးစွဲနေပြီ။ ကိုယ့်အားနဲ့ကိုယ် တန်ရာတန်ရာ ရသလောက်ပဲလုပ်မယ် မရှိဘူး။ ဘာလေးဖြစ်လိုက်ဖြစ်လိုက် အလှူခံလိုက်ပါလား။ တစ်ယောက်အားထက် အများနဲ့ ပြီးလွယ်တာပေါ့တဲ့။ ပြီးသလွယ် လက်သုံးစကားနဲ့။ အဲဒါနဲ့ အလှူခံတွေ ဟိုမှာဒီမှာ နေ့နေ့ ညည အသံမစဲတော့ဘူး။ ဘာသာရေးလည်း ဘာသာရေး အလျောက် ။ လူမှုရေး ကလည်း လူမှုရေး အလျှောက်။ တစ်ခါတစ်ခါ တွေးကြည့်တယ်။ အလှူခံ စားတဲ့ လူတန်းစားများပေါ်နေပြီလားလို့။ အဲဒိလောက်ကို များတာ။ လွန်ခဲ့နှစ်နှစ်ဆယ်လောက်ကတောင် ကာတွန်းတစ်ခုထဲမှာ တွေ့လိုက်ဖူးတယ်။ ဘယ်မဂ္ဂဇင်းမှာလဲတော့ မမှတ်မိတော့ဘူး။ အလှူခံ ပေါတာ ကုဋေ ရှစ်ဆယ်သဌေး သား ဘုရားဖူးသွားတာ လမ်းမှာတွေ့တဲ့ အလှူခံတွေကို တစ်ကျပ်စီထည့်ရင်းနဲ့ မွဲသွားသတဲ့။ ရိုးရိး အလှူခံရ ရုံနဲ့ အားမရတော့ အသံချဲ့စက်နဲ့ ကားနဲ့..။ မြင်းလှည်းနဲ့။ ဘုရားဟော ဒေသနာတွေနဲ့ တစ်ဖွဲ့ တစ်နွဲ့ အလှူခံနေကြတာများ ။ တစ်ခြား ဘာသာ ဝင်တွေက ကြားရင် ဒီဘာသာဝင်တွေ သဒ္ဓါ တရားနဲပါးလှချည့်လား။ ဒီလောက်ဆော်ဪ အလှူခံနေရအောင်လို့တောင် ထင်ကြမလားမသိဘူး။ အဲဒိလောက်ကို သိုင်းဝိုင်းအလှူခံနေကြတာ။
နောက်ဒီလိုပဲ…။ ရှိသေးတယ်။ ပညာရေး လူမှုရေး ။ဆင်ခြင်တုံ့ တရားမရှိပဲ ။ ရှေ့က လုပ်သွားတဲ့ အတိုင်း နောက်ကနေ မှေးပြီး မပြုမပြင် လိုက်လုပ်နေကြတာ……….။။။
အဲဒိတော့ ကျွန်တော် တို့ ခင်ဗျားတို့ တစ်တွေ ကော…….။ ရှေ့ကလူတွေ လုပ်နေတာကိုပဲလိုက်လုပ်မလား? စဉ်းစားဆင်ခြင်ပြိး လုပ်သင့်မှ လုပ်သင့်မလောက်ပဲ လုပ်မလား။ မလုပ်သင့်ဘူး ဆိုတာတွေ ရဲရဲတင်းတင်း ပယ်ချပြီး လုပ်သင့်တာတွေပဲ လုပ်မလား၊? ခဏလောက်ရပ်…….. စဉ်းစားဆင်ခြင် ….ပြီးမှ …ရှေ့ဆက်သွားပါ။
13 comments
kai
March 2, 2011 at 10:55 am
ဘာမှာတော့မဆိုင်ပါဘူး..။ ဒီခေတ် မြန်မာတွေစိတ်.. နည်းနည်းမှန်းကြည့်လို့ရအောင်ပါ..။
ကြားတာလေး..ပြန်ပြောချင်တာလေးတခုက .. ဘာတဲ့..
ဦးတေဇတယောက် ရဟတ်ယဉ်ပျက်ကျတာမှာတောင် .. နတ်ဖွက်တာခံရလို့ … မတွေဖူးဆိုပဲ..။အဲဒါ ဘိုးတော်ဆရာတော်ကြီးတွေက .. ရဟတ်ယဉ်နဲ့ တောင်ပါတ်ပြီး ပရိတ်ရွတ်တော့မှ..တိမ်တွေလွင့်ပြီး တွေ့တာဆိုပဲ..။
ဆိုတော့..
ကျုပ်ကတော့ … ခါဂါဘိုရာဇီတောင်နံရံ နဖူးနဲ့သာ ပြေးဆောင့်ချင်တော့တာပါပဲ..။
bigcat
March 3, 2011 at 4:47 am
ဖြစ်နိုင်ပါတယ်။ သူပယောဂကြောင့်သေတဲ့သူ နဲမှာမှမဟုတ်တာ။ အဲဒီထဲက တယောက်တလေက ပူတာအိုဖက်မှာ တောင်စောင့်နတ်ဖြစ်ချင်ဖြစ်နေမှာပေါ့။ သဂျီးကဘယ်လိုလုပ် မဖြစ်နိုင်လို့ တပ်အပ်ပြောနိုင်သလဲ။
ဆူး
March 2, 2011 at 12:24 pm
ခါခါဘိုရာဇီ နံရံ ကို နဖူး နဲ့ ပြေးမဆောင့်ခင် ရွာက ကလေးတွေကို အလည် လိုက်ပို့ပေးပါလား မရောက်ဘူးလို့.. ပြီးရင် နဖူးစောင့်တာ ကို ဓါတ်ပုံ မှတ်တမ်းယူပြီး အာမခံ ကုန်ပါပြီ ကို သွားပြပြီး လျှော်ကြေးတောင်းပေးမယ်။
အကောင်းဝူးလား သဂျီး။
naywoonni
March 2, 2011 at 12:46 pm
အဲဂလိုကြီးတော့မလုပ်လိုက်ပါနဲ့ဦး ရွာသားတွေ မျက်စိသူငယ်နားသူငယ်နဲ့ …………. ဟီးးးးးးး 😛
MaMa
March 2, 2011 at 1:41 pm
ရန်ကုန်မှာ နေတဲ့လူတွေက တောကလူတွေကို သနားစရာ အူတူတူ အတတ လေးတွေလို့မြင်သလို သဂျီးဖက်ကကြည့်ရင်တော့ ရွာသားတွေဟာ တောသားလူအလေးတွေ ဖြစ်နေမှာပဲ။
etone
March 3, 2011 at 3:05 am
ဦးနီ ရေ…
အောက်ဆုံးက ရေးထားတဲ့ စာကြောင်းလေးတွေ နဲ့ ပတ်သတ်ပြီး ဝေဖန်ဆွေးနွေးချင်ပါတယ်… ။
ကျမတို့ တစ်တွေ အခု လျှောက်နေရတဲ့ လမ်းက အရှေ့ကလူတွေ လုပ်သလိုပဲ နောက်က လူတွေ လိုက်လုပ်ရတာ များပါတယ် … ။ မတူညီတဲ့ အတွေးမျိုး ရှိပါသော်လည်း ကိုယ့်သဘောနဲ့ ကိုယ် လုပ်ကိုင်ဆောင်ရွက်လို့ မရအောင် အခက်ခဲအတားစီးတွေ များပါတယ် … ။ အခက်ခဲအတားစီးတွေကြားမှာ ကိုယ့်လှေကိုယ်ထိုး ပဲခူးရောက်ရောက်ဆိုတာမျိုး ကွဲထွက်နေရင်တော့ ပတ်ဝန်းကျင်ရဲ့ ပြစ်ပယ်မှူကို ခံနိုင်ရပါတယ် … ။ အထင်သေး ရှုံ့ချခြင်းကို ခံရနိုင်ပါတယ် ။ အသွင်မတူလို့ ပတ်ဝန်ကျင်က ဝိုင်းပြီး ဆော်တာကိုလည်း ခံရနိုင်ပါတယ် … ။ အဲ့ဒီအချိန်မှာ ကိုယ်ယုံကြည်ရာ လုပ်ခဲ့တဲ့ (သူများနဲ့ မတူတဲ့ ) အလုပ်တစ်ခု မှားနေတဲ့ အခြေနေကို ကိုယ်တိုင်လက်ခံရပြီဆိုလျှင်တော့ နောက်ပြန်လှည့်ဖို့ ခက်ပါတယ်… ။ ဆုတ်လည်း စူး ၊ စားလည်း ရူးမဲ့ အခြေနေမျိုး ဖြစ် နိုင်ပြီး … သူများ တံတွေးခွက် ပက်လက်မျော နိုင်တာကိုး … ဒီလို ခံရမဲ့ ဒဏ်မျိုး မခံနိုင်လို့ ကိုယ်ပိုင် စိတ်ကူးရှိပါလျှက်နဲ့ မီးခဲပြာဖုံးလေးတွေ ဖြစ်နေရတာပါ ။
naywoonni
March 3, 2011 at 7:49 am
အိမ်း… အဲဂလိုဆိုလဲ များလက်စနဲ့သာ ဆက်မှားနေေပေတော့ အီးတုံးရေ…….. ပေါတော့ဘူးနော်
kai
March 3, 2011 at 8:19 am
ရှေ ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားသော်.. နောက်နွားစဉ်ဆက် ဖြောင့်ဖြောင့်လိုက်၏ တဲ့..။
အမျိုးမျိုးတွေးလို့ရတယ်..။
ရှေ့ကလူလုပ်တဲ့အတိုင်း.. တသွေမတိမ်းလိုက်ခဲ့… လမ်းမချော်စေနဲ့ဆိုတဲ့အဓိပါယ်ပေါက်တယ်..။ အာဏာရှင်ဆန်တယ်..။ ခေါင်းဆောင်လုပ်တဲ့အတိုင်းလိုက်လုပ်..ပဲ..။
ခေါင်းဆောင်တယောက်နောက်ကို .. ငယ်သားတွေအစဉ်အဆက် တန်းလိုက်နေရတဲ့သဘောဖြစ်တယ်..။
ဘေးကလူအနေနဲ့ကြည့်ရင်..အာဏာရှင်စံနစ်..။ သက်ဦးဆံပိုင်စံနစ်..။ စစ်တပ်ပုံစံပဲ..။
ဒါက ..တကယ်တန်းပြောရရင် ..မြန်မာလူနေမှုပုံစံဖြစ်နေတယ်..။ စစ်တပ်ကတောက်လျှောက် အစိုးရတက်လုပ်နေတော့ကာ.. သာမန်လူတန်းစားအထိ ပြန့်နှံသွားတဲ့သဘောရှိတယ်..။
ဒီလိုနဲ့..ခေါင်းဆောင်တွေအသုံးမကျရင်..မကျသလောက်..လမ်းကြောင်တွေဖြစ်ကုန်ရော…။
ဆိုတော့..
ယူအက်စ်နဲ့တော့ ကွာပါ့နော..။
ယူအက်စ်မှာတော့ …ခေါင်းဆောင်မှားရင်..နောက်ကငယ်သားကထောက်ပြတယ်..။ပြန်ပြောတယ်..။ ကျန်တဲ့သူတွေကိုလည်း စည်းရုံးပြောဆိုခွင့်ပေးထားတယ်..။
ဆိုတော့ .. ငယ်သားက ..တော်ရင်ခေါင်းဆောင်တက်လုပ်နိုင်တဲ့သဘော..။ ဒီလိုနဲ့… ဆက်ချီတက်သဘောပဲ..။
ဒီလိုနဲ့.. ယူအက်စ်က .. ကမ္ဘာ့ရှေ ့ရောက်လာတာပဲ..။
naywoonni
March 4, 2011 at 11:27 am
ဟုတ်ပါ့ဗျာ … ရှေ့ကလည်းမသွားနိုင် (ဦးမဆောင်နိုင်) နောက်ကလည်းကောင်းကောင်းမလိုက်တဲ့ ဘေးလွယ်အိတ်တွေ ရှိနေတော့ ပိုဆိုးတာပေါ့ (ဥပမာ…. နေဝန်းနီလိုလူမျိုး……… 😛 )
MaMa
March 5, 2011 at 9:17 am
ဆြာခိုင်ကို Like ပေးလို့မရလို့ မန့်လိုက်တယ်။ ဒါ့ကြောင့်လည်း ကမာ္ဘပေါ်မှာ American system ဆိုပြီး ဖြစ်လာတာပေါ့။ မူကောင်းကပဲ လူကောင်းကို မွေးထုတ်သလား။ လူကောင်းကပဲ မူကောင်းကို မွေးထုတ်သလား ဘဲဥအစရှာမရသလိုပဲ။ တိုးတက်ဖို့ကတော့ လူရော မူရော ကောင်းဖို့လိုပါတယ်။
cherrykoko
March 5, 2011 at 11:03 am
တိုင်းပြည်တိုးတက်ဖို့က တိုင်းပြည် ခေါင်းဆောင်တွေရဲ့တိုင်းပြည်နဲ့ ပြည်သူတွေ အပေါ်ထားတဲ့စေတနာက အဓိက ကျမယ်ထင်ပါတယ်….ကိုယ်ကိုယ်တိုင်ထက်ကိုပိုပြီးပြည်သူပြည်သားအပေါ်မေတ္တာ အပြည့်ထားဖို့လိုမယ်လို့လည်းထင်ပါတယ်…
naywoonni
March 5, 2011 at 2:58 pm
အင်း အဲဒိလိုလူမျိုး တို့ဆီမှာ ရှိသေးရဲ့လား တွေးချင်စရာပဲ။ ကိုယ့်အိတ်ထဲကိုယ်ထည့်တဲ့ သူတွေချည့်ဖြစ်နေတယ်။
nigimi77
March 5, 2011 at 8:12 pm
စေတနာ၊မေတ္တာ၊ဂရုနာ၊ အကြင်နာ၊ မုဒိတာ…..ဒါတွေဟာ ခွေးဝမ်းသာအောင် လေလည်ပြတဲ့ စကားလုံးတွေပါ။
အစိုးရကလဲ ဒီလိုမျှော်လင့်ချက် ပေးမှုတွေကင်း…
ပြည်သူတွေကလဲ ဒီလိုမျှော်လင့်ချက်တွေ ကင်း…… မှသာ လက်တွေ ့ကျတဲ့ လူ ့ဘောင်နဲ ့ဖွဲ ့စည်းထားတဲ့
နိုင်ငံ တစ်ခု ဖြစ်လာမှာပါ။