သိနေတယ်လေ

ashinindakaMarch 5, 20111min1210

မြတ်စွာဘုရားရဲ့ မယ်တော်က မဟာမာယာ။
မယ်တော်မဟာမာယာမှာ ညီမတစ်ယောက်ရှိတယ်။
သူ့နာမည်က မဟာပဇာပတိဂေါတမီ။
မဟာမာယာ ရော၊ မဟာပဇာပတိဂေါတမီ ပါ။
ရှင်ဘုရင် သုဒ္ဓေါဒန ရဲ့ မိဖုရားတွေ။
(အခုခေတ်လူတွေ ညီအမ အရင်း ၂ ယောက်ကို ယူထားတာ  အထူးအဆန်းတော့မဟုတ်ပါဘူူး။)
မြတ်စွာဘုရားရဲ့ မယ်တော် မဟာမာယာက မြတ်စွာဘုရားကို မွေးဖွားပြီး မကြာဘူး။
ကွယ်လွန်သွားတာ။
မြတ်စွာဘုရားငယ်စဉ်ဘဝကို မဟာပဇာပတိဂေါတမီ က
ပြုစုစောင့်ရှောက်လာရတာ။

မဟာပဇာပတိဂေါတမီမှာလည်း သားသမီးမရှိ မဟုတ်ဘူး။ ရှိပါတယ်။
သားက နန္ဒ၊ သမီးက သုန္ဒရီနန္ဒီ၊

နန္ဒ ဆိုတာ ဗုဒ္ဓစာပေမှာ နာမည်ကြီး။
(စာရေးဆရာကြီး ပါရဂူက ဒီနန္ဒကို
ညီတော်မင်းနန် ဆိုပြီး စာအုပ်တစ်အုပ် ရေးထုတ်ဘူးတယ်)

နန္ဒနဲ့ ဇနပဒကလျာဏီ လက်ထပ်မဲ့နေ့၊
မြတ်စွာဘုရားက နန္ဒကို ကျောင်းခေါ်သွားပြီး ရဟန်းဘောင်တက်ပေးလိုက်တယ်။
တစ်နေ့
မြတ်စွာဘုရားက ရဟန်းတဖြစ်လဲ ရှင်နန္ဒကို
မျောက်မကို လက်ညှိုးထိုးပြပြီး
မင့် ဇနပဒကလျာဏီနဲ့ ဒီမျောက်မ ဘယ်သူက လှသလဲ လို့
ရက်ရက်စက်စက်မေးတယ်။
ပြောချင်တာက
မဟာပဇာပတိဂေါတမီဆိုတာ ဒီဇာတ်လမ်းထဲက နန္ဒ ရဲ့ မိခင်ကြီးပါပဲ။

မဟာပဇာပတိဂေါတမီ ဆိုတာ နှယ်နှယ်ရရ ပုဂ္ဂိုလ် မဟုတ်ဘူး။
မြတ်စွာဘုရား ဇာတိမြေ ကပိလဝတ္ထုကို ရောက်ခိုက်
ဖခင် ရှင်ဘုရင်သုဒ္ဓေါဒနကို တရားဟောတာကို
မဟာပဇာပတိဂေါတမီ ပါ နာကြားရင်း သောတာပန်ဖြစ်သွားတယ်။

ခင်ပွန်းဖြစ်တဲ့ ရှင်ဘုရင် သုဒ္ဓေါဒနလည်း ကွယ်လွန်၊
သားတော်နန္ဒ ကလည်း သာသနာတော်တွင်းရောက်နေတော့
မဟာပဇာပတိဂေါတမီလည်း
သာသနာတော်တွင်း ဝင်ရောက်လိုတဲ့ ဆန္ဒပြင်းပြလာတယ်။
ဆန္ဒပြင်းပြပေမဲ့
ဘိက္ခုနီ (အမျိုးသမီးများ ရဟန်းမ ပြုလုပ်ခြင်း) အလေ့အကျင့်က အဲ့အချိန်မှာ လုံးဝမရှိသေးတော့ လွယ်ကူတဲ့အလုပ်တော့ မဟုတ်ဘူး။
ဒါပေမဲ့ ဒီလို စဉ်းစားတတ်တာကိုက သူ့အားသာချက်။

အလုပ်တစ်ခုပြီးမြောက်အောင်မြင်ဖို့
လုပ်ရဲဖို့ထက် လုပ်တတ်ဖို့က ပိုအရေးကြီးတယ်။
စဉ်းစားရဲဖို့ထက် စဉ်းစားတတ်ဖို့က ပိုအရေးကြီးတယ်။
ထိုတို့ထက်
လုပ်တတ်ဖို့ထက် စဉ်းစားတတ်ဖို့က ပိုအရေးကြီးပါတယ်။

မဟာပဇာပတိဂေါတမီ စဉ်းစားတတ်ပြီ၊
စဉ်းစားပြီး သူ့ကို ရဟန်းမဘဝနဲ့ခွင့်ပြုပြီး သာသနာတွင်းမှာ နေထိုင်ခွင့်ရဘို့
မြတ်စွာဘုရာကို ခွင့်တောင်းတယ်။
မြတ်စွာဘုရားက ခွင့်မပြုပါဘူး။
သုံးကြိမ်တိုင်အောင် တောင်းဆိုတာကိုတောင် မြတ်စွာဘုရားက ခွင့်မပြုခဲ့ပါဘူး။
ငြင်းပယ်ခဲ့ပါတယ်။

မယ်တော်ရင်း မဟာမာယာ ကွယ်လွန်ပြီးတဲ့နောက်
သူ့ကို မယ်တော်အရင်းနဲ့မရှား  ပြုစုစောင့်ရှောက်လာတဲ့
မိထွေးတော် မဟာပဇာပတိ်ဂေါတမီ က
သာသနာ့ဘောင်ဝင်လိုကြောင်း၊ ရဟန်းမ ပြုလိုကြောင်း
ခခယယ တောင်းပန်တာတောင် မရပါလား။

မိထွေးတော် မဟာပဇာပတိဂေါတမီဘက်က ကြည့်မယ်ဆိုရင်
စိတ်ပျက်စရာ၊ စိတ်နာစရာ။

ရိုးရိုးလေးကြည့်လိုက်ရင်
သနားတတ်ပါတယ်ဆိုတဲ့ မြတ်စွာဘုရားကပဲ မသနားတတ်သလိုလို၊
ကရုဏာရှိပါတယ်ဆိုတဲ့ မြတ်စွာဘုရားကပဲ ကရုဏာ မရှိသလိုလို။

ဒီ့အပြင်
ယောက်ကျားသားတွေကိုတော့ ရဟန်းဝတ်ခွင့်ပြုထားပြီး
မိန်းမသားတွေကိုတော့ ရဟန်းမ ဝတ်ခွင့် မပြုထားတဲ့ မြတ်စွာဘုရား
လိင်ခွဲခြား ခွဲခြား လုပ်သလိုလို ထင်ရတယ်။
ယောက်ကျားမိန်းမ တန်းတူအခွင့်အရေး မပေးသလိုလို ထင်ရတယ်။

တကယ်တော့ ယောက်ကျား မိန်းမခွဲခြားဆက်ဆံတာ မဟုတ်ပါဘူး။
အချိန်အခါနဲ့ နေရာဒေသကြောင့်ပါ။
ကရုဏာမရှိလို့ မဟုတ်ပါဘူး။
ကရုဏာ ရှိလွန်းလို့ပါ။

အဲ့ဒီအချိန်တုန်းက ကျောင်းဆိုတာ အတည်တကျရှိသေးတာမဟုတ်ဘူး။
ရှိတဲ့ကျောင်းတွေကလည်း ရဟန်းတွေ နေနေကြတာ။
ရဟန်းတွေနဲ့ ရဟန်းမတွေ အတူနေလို့ကလည်း မဖြစ်ဘူးမဟုတ်လား။

ကျောင်းမရှိတဲ့ရဟန်းတော်တွေ တချို့က သစ်ပင်အောက်၊
တချို့က ဝါးပင်အောက်မှာ နေထိုင်ရင်း တရားအားထုတ်ကြတာ။
ယောက်ကျားသား ရဟန်းတော်များကတော့ ရဟန်းဘဝ စရောက်တာနဲ့
တရားအားထုတ်ဘို့ သစ်တစ်ပင်အောက် ဝါးတစ်ပင်အောက်မှာ
အဆင်ပြေသလို နေလို့ရပါတယ်။

မိန်းမသား ရဟန်းမများကတော့ ရဟန်းမ ဘဝ စရောက်ရောက်ချင်း
တရားအားထုတ်ဘို့ သစ်တစ်ပင်အောက်မှာ ဝါးတစ်ပင်အောက်မှာ
တစ်ကိုယ်တည်းသွားပြီး နေလို့ အဲ့အချိန်တုန်းက အဲ့နေရာဖြစ်တဲ့အိန္ဒိယရဲ့
အဲ့ဒီလူမျိုးတွေကြားမှာ ဖြစ်ကို မဖြစ်ပါဘူး။
( ဒီနေ့ ဒီအချိန်အခါမှာလည်း မဖြစ်သေးပါဘူး)
သိနေတယ်၊ မြတ်စွားဘုရားက ဒါကို သိနေတယ်။