ပို့စ်တစ်ခုဧ။် comment အပေါ် ပို့စ်တင်သူ(ပို့စ်ပိုင်ရှင်) ဖျက်ခွင့် ဆက်လက်ထားရှိမှူ

etoneMarch 7, 20111min3119

မျက်မှန် wrote :

အနည်းအကျဉ်း ဝင်ရောက်ဆွေးနွေးလိုပါသည်။

ကို Kai ပြောသော နံပါတ်လေး အချက် သည် ဒက်ထိ မှန်ပါသည်။
မန္တလေး ဂေဇက်တွင် ရေးနေသူတိုင်း တန်းတူ အခွင့်အရေးရှိရပါမည်။
ငါရေးတဲ့ ပို့စ် ငါပိုင်တယ် ဟူ၍ လုပ်ချင် တာ လုပ်လို့မရပါ။
ကို Kai ပြောသလို Like or Dislike အားဖြင့် နှစ်သက်စရာမကောင်းသော ကွန်မန့်မှာ Auto Hide ဖြစ်သွားပါလိမ့်မည်။

မန္တလေး ဂေဇက်တွင် Mod များ မရှိပါ။
စာရေးသူကိုယ်တိုင်သာလျှင် အစစ အရာရာ တာဝန်ယူရမည်ဖြစ်သည်။
(ဤကား စည်းကမ်းချက်တွင် ထင်ရှားပြီး။)
ဤအချက်ကို လက်ခံခြင်းအားဖြင့် စာရေးသူသည် Mod တစ်ဦးအနေဖြင့်ပါ တာဝန်ယူဆောင်ရွက်ရမည်ကို သိရှိပြီး ဖြစ်သင့်ပါသည်။
ထို့ကြောင့် ကွန်မန့် ဖျက် လိုပါက ဦးစွာပထမ ဝမ်နင် ပေးသင့်သည်။
ဖျက်ပြီးသော ကွန်မန့်တွင် Reason ကို Attach ထားပေးရမည်ကား ဖျက်သူတာဝန်ဖြစ်သည်။

@ Etone

မန္တလေး ဂေဇက်မှ ချမှတ်ထားသော စည်းကမ်းများကို လိုက်နာမှု မရှိသည်ကိုကြည့်ခြင်းအားဖြင့်
မန္တလေး ဂေဇက်တွင် စာရေးနေသူများကိုယ်တိုင် ကိုယ်ပိုင် တာဝန်ယူမှု အပြည့်မရှိကြ သည်ကို လွယ်လွယ် မြင်နိုင်ပါသည်။

“သဘောကျချင်စရာမကောင်းတဲ့ မန်းထားတာ တွေကိုလည်း သူ့ စာမျက်နှာပေါ် မရှိစေချင်တဲ့အတွက် ဖျက်တာပါ…”
ကောင်းတာ မန့်လျှင် ထား၍ မကောင်းတာမန့်လျှင် ဖျက်မည် ဆိုက ကလေးဆန်လွန်းပါသည်။
ရေးသူ ဖတ်သူ နှစ်ဦးနှစ်ဖက်သည် အမှား အမှန် ဆင်ခြင်သုံးသပ်နိုင်သော သူများဖြစ်ကြပါသည်။
စာဖတ်သူကို လျှော့တွက်ခြင်းသည် စာဖတ်သူကို သွယ်ဝှိုက်စော်ကားခြင်းတစ်မျိုး မည်ပါသည်။

ပရော်ဖက်ရှင်နယ် များမဟုတ်သော်လည်း ပရော်ဖက်ရှင်နယ် စိတ်ဓါတ် တော့ ထားရမည် ဖြစ်ပါသည်။
တွေးဆ ဆင်ခြင်ကြစေလိုပါသည်။

———————————————————-

ရေးထားသမျှလေးဖတ်ပြီး ပြန်ပြောစရာလေးတွေ ရှိလာတဲ့အတွက် ပို့စ်တစ်ခုအနေနဲ့ တင်လိုက်ရပါတယ် ။

မျက်မှန် ဝင်ရောက်ဆွေးနွေးသည်ကို ကြိုဆိုပါသည် ။

မန္တလေး ဂေဇက်တွင် ရေးနေသူတိုင်း တန်းတူ အခွင့်အရေးရှိရပါမည်။
ငါရေးတဲ့ ပို့စ် ငါပိုင်တယ် ဟူ၍ လုပ်ချင် တာ လုပ်လို့မရပါ။  ဆိုတာကို လုံးဝကန့်ကွက်ပါသည် ။ပို့စ် ပိုင်ရှင် နှင့် ဝင်မန်းတဲ့လူ ပို့စ် တစ်ပုဒ်အပေါ်ထားတဲ့ ခံစားချက် ဘယ်လိုမှ တူနိုင်မှာ မဟုတ်ပါ ။  ပို့စ်တင်သောသူသည် သူူဧ။် ခံစားချက် နှင့် စိတ်ကူး ၊ အတွေ့ကြုံ ၊သုံးသပ်ချက်အပေါ် မူတည်ပြီး စိတ်ရော၊ကိုယ်ပါ နှစ်ကာ ပို့စ်တစ်ပုဒ် ရေးသားကောင်းရေးသားခဲ့မည် ။ ထိုရေးသားချက်အပေါ် စာဖတ်သူ တိုင်း နားလည်ချင်မှ နားလည်မည် ၊ နားလည်သော်လည်း နားမလည်ဟန်ဆောင်ကာ ပုဂ္ဂိုလ် စွဲ တိုက်ခိုက်လိုသော သဘောဖြင့် ရိုင်းစိုင်းသော ရေးသားချက်များ  ၊ မထိခလုပ်ထိခလုပ်ရေးသားချက်များ ၊ စောင်းမြောင်းရေးသားချက်များ ၊ အပြစ်တင် ရှုံ့ချလိုစိတ်ဖြင့် ရေးသားချက်များ ၊လှောင်ပြောင် သရော်စိတ်ဖြင့် ရေးသားချက်များ ပါဝင်လာနိုင်ခြင်းသည် စာရေးသူပို့စ်ပိုင်ရှင် ဧ။် စိတ်ကူး ၊ အတွေ့ကြုံ ၊ ခံစားချက်တို့ကို စော်ကားရာရောက်သဖြင့် ကိုယ်ချင်းစာစိတ် ကင်းသော ၊စာနာမှူ ကင်းသော အပြုမူဖြစ်သည်ဟု ယူဆသောကြောင့် ပို့စ်ပိုင်ရှင်ကသာ မန်းထားသမျှ ကို ထိန်းချုပ်ခွင့် ဆက်လက်ပေးသင့်ပါသည် ။ ပို့စ်ပိုင်ရှင် နည်းတူ ၊ အယ်ဒီတာ အဖွဲမှလည်း မန်းထားသည်များကို လိုအပ်လျှင် လိုအပ်သလို ဖျက်နိုင် ၊ ပြင် နိုင်သည်ကိုလည်း  အားလုံးသိထားပြီးဖြစ်သည် ။ အယ်ဒီတာအဖွဲ့မှ ထုတ်ပြန်ထားချက်များတွင် ပါဝင်သော အချက်တစ်ခုအရ အယ်ဒီတာ အဖွဲ့ဝင်များလည်း အများနည်းတူ ရုံးတတ်ရပါတယ် ။ အမြဲလိုလို စောင့် ကြည့်မနေနိုင်ပါဘူး ။ ကိုယ်ရေးလိုက်တဲ့စာကို ကိုယ်တိုင်တာဝန်ယူရပါမယ်ဆိုတဲ့ အဓိပါ္ပယ် သက်ရောက်တဲ့ စာတန်းတွေအရ ကိုယ့်စာမျက်နှာပေါ် တစ်ယောက်ယောက်က ရုတ်ရမ်းကြမ်းတမ်းစွာ အပါဝင် အပေါ်က မနှစ်မြို့ဖွယ် ရေးသားချက်တစ်စုံတစ်ခုများ ရေးသွားခဲ့သည်ဆိုပါက အရင်ဆုံး ကိုယ့်ဆီ အီးမေးလ်အနေနဲ့ ဝင်ပြီး ကိုယ်ကိုယ်တိုင် သိမှာပါ .. ။ ဒီလို အချိန်မှာ ပို့စ်ပိုင်ရှင် မှ မဖျက်လျှင် ဘယ်သူ ဖျက်ပါမည်လဲ ။ မိမိဧ။် စိတ်ခံစားချက်ဖြင့် ရေးသားထားသော စာမျက်နှာပေါ် အကြည်းတန်ရုပ်စိုးတဲ့ စာကြောင်းများ ပေါ်နေခြင်းကို မည်သည့် ပို့စ်ပိုင်ရှင်က ကြည်ကြည်ဖြူဖြူ လစ်လျူ ရှု နေနိုင်ပါသနည်း ။ မျက်မှန်ကိုယ်တိုင်ရော ကိုယ့်ပို့စ်အပေါ် ဒီလို ရေးသားချက်တွေ ရှိလာလျှင် သူများ dislike လုပ်ပြီး ကွယ်ပျောက်သွားချိန်ကို တကယ်ပဲ သည်းခံနိုင်စွမ်းနဲ့ စောင့်နိုင်မလားဆိုတာ မေးစမ်းကြည့်ချင်ပါသည် ။ ပို့စ် တစ်ခုကို အရုပ်ဆိုးအကြည်းတန်စေပြီး ၊ ပို့စ် လာဖတ်တဲ့ တခြား စာဖတ်သူတွေအတွက်ပါ စိတ်အနှောက်ယှက်ပေးတဲ့ ကော့မန့်မျိုးကို ဖျက်ပစ်တာ ကလေးဆန်သည့် အပြုမူဖြစ်သည်ဟု ဆိုခြင်းကိုလည်း လုံးဝ ကန့်ကွက်ပါသည် ။ ကလေးဆန်သည့် အပြုမူဟု မှတ်ယူမည့်အစာ း ၊ သူလုပ်သင့်သည်ကို လုပ်သည်ဟု မှတ်ယူခြင်းက သာ ကိုယ်စိတ်နှလုံးငြိမ်းချမ်းပေလိမ့်မည် ။

မန္တလေး ဂေဇက်မှ ချမှတ်ထားသော စည်းကမ်းများကို လိုက်နာမှု မရှိသည်ကိုကြည့်ခြင်းအားဖြင့်
မန္တလေး ဂေဇက်တွင် စာရေးနေသူများကိုယ်တိုင် ကိုယ်ပိုင် တာဝန်ယူမှု အပြည့်မရှိကြ သည်ကို လွယ်လွယ် မြင်နိုင်ပါသည်။ ဆိုသော အဆိုနှင့် ပတ်သတ်ပြီး အနည်းငယ်မျှ ဆွေးနွေးချင်ပါသည် ။ တစ်ချို့ သော စည်းကမ်းချက်များသည် လိုက်နာရ လွယ်သယောင်ယောင်နှင့် ခက်ခြင်း ဖြစ်သောကြောင့် စည်းကမ်းချက် မျာနှင့် တိမ်းသယောင်ယောင်ဖြစ်သည်ကို အပြည့်အဝတာဝန်ယူမှူ မရှိသည်ဟု ရက်စက်စွာ မဝေဖန်သင့်ပါ ။ ဥပမာ – ခေါင်းစဉ်တွင် အင်္ဂလိပ်စာလုံး တစ်လုံး အနည်းဆုံးပါရမည်ဟု ရေးသားထုတ်ပြန်ချက် စည်းကမ်းအပေါ် ပို့စ်အများစု ချိုးဖောက်နေတာ မြင်ရပါသည် ။ ကျမကိုယ်တိုင်လည်း သိသိနှင့် ချိုးဖောက်ခဲ့ကြောင်း ဝန်ခဲ့ပါသည် ။ အဘယ့်ကြောင့် ဆိုသော် ပို့စ်ခေါင်းစဉ်ကို ရွေးပြီး စာဖတ်သူက ရှာတတ်သဖြင့် ပို့စ်ပိုင်ရှင်က မိမိတို့ပို့စ်ခေါင်းစဉ်ကို စိတ်ဝင်စားစရာခေါင်းစဉ် ပေးတတ်ကြသည် ။ တစ်ခါတစ်ရံ အင်္ဂလိပ်စာ ဘာသာပြန်ရန်ခက်ခဲသော ခေါင်းစဉ်များဖြစ်ရာ အင်္ဂလိပ်စာလုံးတစ်လုံး ထည့်ဖို့သည်ပင် အခက်ခဲရှိကြောင်းကိုယ်တိုင် တွေ့ကြုံခဲ့ရသည် ။ ထိုသို့ အချိန်တွင် :  D  ကဲ့သို့သော စာလုံးမျိုး ထည့်သုံးခဲ့ဖူးသည် ။ အယ်ဒီတာအဖွဲ့အနေဖြင့် အင်္ဂလိပ်စာလုံးတစ်လုံး အနည်းဆုံး ခေါင်းစဉ်တွင် ထည့်စေချင်ခြင်းမှာ ပို့စ်ပြန်ရှာလျှင် အယ်ယာတတ်ခြင်းမှ ကင်းဝေးစေရန်ဖြစ်သည် ဟု မှတ်သားဖူးသော်လည်း တစ်ခါတစ်လေ လိုက်နာရန်ခက်ခဲသဖြင့် လစ်လျူ ရှူထားသော စည်းကမ်းဖြစ်သော်လည်း ဧ။်မျှလောက် မလိုက်နာခြင်းအပေါ် ကြီးလေးသော စကားလုံးများ သုံးပြီး ထောက်ပြခြင်း မဖြစ်သင့်ဟု ထင်ပါသည် ။

စာရေးပြီး ပို့စ်တင်သော စိတ်သည် ကိုယ်နှင့်ထပ်တူ တခြားလူများပါ ဖတ်စေချင်ရန်ရည်ရွယ်ပြီး အမြင်မတော်သည်များ ဖျက်ခြင်းသည် ကလေးဆန်ခြင်းမဟုတ် ၊စာဖတ်သူကို အမှားမှန် စဉ်းစားဆုံးဖြတ် မတတ်သူဟု ယူဆ၍မဟုတ်ပဲ မမြင်သင့် ၊ မမြင် အပ်သည်များကို ရှင်းလင်းခြင်းဖြစ်သည်ဟု ယူဆစေလိုသည် ။ ထိုဖြစ်စဉ် သည် သွယ်ဝိုက်ကာ စော်ကားခြင်း မဟုတ်ကြောင်း ပို့စ် တင်သူများ ၊ စာဖတ်သူများ နားလည် သဘောပေါက်ပြီး ဖြစ်သည် ။ မတူညီသော စိတ်ကူးဖြင့် ကွဲလွဲကောင်း ကွဲလွဲသူ ရှိပါလိမ့်မယ် ။ စိတ်ကူးစိတ်သန်း ခံစားချက်အရ လွတ်လပ်စွာ ကွဲလွဲနိုင်သည် ။ အတင်းကာရော ဆိုလိုရင်း ရိုက်သွင်းခြင်း မရှိခဲ့ကြောင်း လက်ခံရပေလိမ့်မည် ။

အနှစ်ချုပ်အားဖြင့် ဆိုသော် ပရော်ဖက်ရှင်နယ် များမဟုတ်သော်လည်း ပရော်ဖက်ရှင်နယ် စိတ်ဓါတ် တော့ ထားရမည် ဖြစ်ပါသည်။ တွေးဆ ဆင်ခြင်ကြစေလိုပါသည်။ ဆိုသော အဆိုကား ထပ်မံ ကန့်ကွက်လိုက်ပါသည် ။ ပရော်ဖက်ရှင်နယ် မဟုတ်ပဲ ပရော်ဖက်ရှင်နယ်စိတ်ဓါတ်ရှိဖို့ရာ ခက်ခဲပါတယ်သည် ။ လက်တွေ့ကြည့်မည် ဆိုပါလျှင် မဆူးရေးခဲ့သော ပို့တွင် ဆရာကြီးဆဲဗဲမ်းဆဲဗမ်းက ဝင်ရေးသားမှူအပေါ် ပို့စ်ပိုင်ရှင်က စာသားအချို့ ဖျက်ခြင်းကိုယ်ပင်လျှင် မျက်မှန် အနေဖြင့် ပို့စ်ပိုင်ရှင် စိတ်ဓါတ်အတိုင်း ဝင်ရောက်ခံစားဖို့တောင် အခက်ခဲရှိမည်ထင်ပါသဖြင့် ပရော်ဖက်ရှင်မဟုတ်ပဲ ပရော်ဖက်ရှင်နယ် စိတ်ဓါတ် ထားခြင်းသည် ပိုမိုခက်ခဲသည် ဖြစ်ကြောင်း ကိုယ်တိုင် မှတ်ယူစေလိုပါသည် ။

နိဂုံးချုပ်ရသော် ရုတ်ရင်းကြမ်းတမ်းသော ၊ ရိုင်းစိုင်းစော်ကား သော ၊ ရန်လိုသော ကော့မန့်များ မိမိစာမျက်နှာထက်တွင် ရှိခြင်းကို အယ်ဒီတာအဖွဲမှ ဖျက်ခွင့် ပိတ်ပင်ခဲ့သော်၊ အခြားသော နည်းဖြင့် ဖျက်လို့ရနိုင် သေးသဖြင့် ကြီးမားသော ပြုပြင်ပြောင်းလဲမှူ မဖြစ်နိုင်ကြောင်းပြောပြလိုက်ချင်ပါသည် ။

9 comments

  • nigimi77

    March 7, 2011 at 5:41 am

    http://www.naver.com လို ဟာမျိုးကို ဝင်ဖတ်ကြည့်ရင် Blog တွေ Post တွေ
    ကိုတွေ ့ရပါမယ်။ ဝေဖန်ရေးသမား စောင့်ထိန်းရမည့် ကျင့်ဝတ်များ ရှိပါတယ်။

    (၁) အားမနာရပါ။
    (၂) မိမိ ဝေဖန်မည့် အကြောင်းအရာအား ပိုင်နိုင်စွာ သိရှိပြီး မှ ဝေဖန်ပါ။
    (၃) ကျား၊မ လိင် မခွဲခြားရပါ။
    (၄) မိမိနှင့် သိသူ မသိသူ မခွဲခြားရပါ။
    (၅) ချစ်ခြင်းမုန်းခြင်း မရှိ ဝေဖန်နိုင်ရမည်။
    (၆) အဘယ့်ကြောင့် ဝေဖန် သည်အား ကျိုးကြောင်းပြနိုင်ရမည်။
    (ရ) ထိထိမိမိ ဝေဖန်နိုင်ရမည်။

    စာများများ ဖတ်ဖို ့လိုပါတယ်။ ဒါမှ ဘယ်သူရေးတဲ့ Post ကိုဖြင့် ဘာကြောင့် ဝေဖန်တယ်ဆိုတာ လက်ခံနိုင်မှာပါ။
    ငါ့လှေငါထိုး ပဲခူး(ပဂိုး) ရောက်ရောက်ဆိုတာက စာပေသမား အစစ်အမှန် မဖြစ်လာနိုင်ပါ။
    အင်တာနက်ကို အသုံးပြုပြီး စာတွေရေးကြနိုင်တဲ့ အချိန်အခါမှာ စာပေသမား ကျင့်ဝတ်ကို စောင့်ထိမ်းပါ။
    နိုင်လိုမင်းထက် ငါမကြိုက်ရင် ငါဖျက်မယ်ဆိုတာမျိုးဟာ စာပေသမား စိတ်ဓါတ်မဟုတ်ပါ။
    ဒီလို စိတ်ဓါတ်မျိုး ရှိနေတယ်ဆိုရင်တော့ ခင်ဗျားဟာ ဗမာပြည်က စာပေစီစစ်ရေး ကင်ပေတိုင်တွေ ရုပ်ရှင် တည်းဖြတ်ရေး ကင်ပေတိုင် တွေနဲ ့ ထူး မခြားနားပါပဲ။

    ကျုပ်တို ့ ကာယ၊ညာဏ၊ ငွေကြေး၊ စတာတွေ စိုက်ထုတ် အရင်းပြုပြီး ရေးသားထားတာတွေကို ကင်ပေတိုင်က
    ဆီးပြီး ဖျက်တဲ့ အတွက် ခံစားရတဲ့ ဝေဒနာကို ခင်ဗျားလို လူတွေ ဘယ်ခံစားဘူးမလဲ။

    ခင်ဗျားရေးနေတာက အင်တာနက် စာမျက်နှာပါ။ စာအုပ်နဲ ့ထွက်လာရင် ဝေဖန်ရေးဟာ ကပ်ရပ် လိုက်လာပါတယ်။ ဝေဖန်ရေးကြောင့် ခင်ဗျားတို ့စာမျက်နှာ ရုပ်ဆိုးတယ် ဆိုရင် အဲဒီ ဝေဖန်ထားတဲ့
    စာအုပ်တွေကို ဘယ်လို လုပ်မလဲ။ အကုန်လုံးကို လိုက်ဝယ်မှာလား။ ပြီးရင်တော့ မီးရှို ့ဖျက်ဆီးလိုက်ပေါ့။

    အင်တာနက် စာမျက်နှာပေါ်မှာ ငါမကြိုက် ငါဖျက်ခွင့်ရှိတယ် ဆိုတဲ့ စိတ်ဓါတ်မျိုးရှိတဲ့လူတွေများလာရင်
    စင်ပြိုင် အစိုးရတောင် ထောင်လို ့ရနိုင်မယ်ထင်ပါတယ်။ ဒီအစိုးရရဲ ့ ဒီ ပြည်သား စိတ်ဓါတ်က တထပ်တည်းကျနေတော့။

    ပြောချင်တာကတော့ဗျာ…. ခင်ဗျား စာများများဖတ်ပါ။ ပြီးရင် စာများများရေးပါ။

    • etone

      March 7, 2011 at 9:23 am

      ဆွေးနွေးခြင်းအတွက် ကျေးဇူးတင်ပါသည်။
      comment ဖျက်ခြင်းသည်တွင်လည်း အကျိုးနှင့် အကြောင်းနှင့် ရှိပေသည် ။ အကျိုးကြောင်းခိုင်လုံစွာမရှိပဲ နိုင်လိုမင်းထက် ၊ ငါမကြိုက်သဖြင့် ဖျက်ခြင်းဟု မတွေးတောသင့် …။ နည်းနည်းလေးဖြည့်တွေးကြည့်ရန် တောင်းဆိုပါသည် ။ ကိစ္စတိုင်းတွင် အကျိုး ၊ အကြောင်း သက်ရောက်စွာ ရှိတတ်သည် ဖြစ်ကြောင်း သတိပြန်ရစေလိုသည် ။

      ကျမတို့ အင်တာနက်တွင် စာရေးခြင်းသည် ဝါသနာအရ ရေးခြင်းဖြစ်သောကြောင့် မည်သည့် အကျိုးကိုမှ မျှော်ကိုးပြီးရေးခြင်း မဟုတ်သဖြင့် စာအုပ်ထုတ်ပြီး ဝင်ငွေတိုးရန် ကြံစဉ်ထားသော်လည်း မှန်းချက်နှင့် နှမ်းထွက် မကိုက်ကာ အရှုံးပေါ်သည့် ခံစားချက်မျိုး မထားနိုင်သည်မှာ အမှန်ပင်ဖြစ်သည် ။

      အင်တာနက်စာမျက်နှာပေါ် ရေးတာပဲဖြစ်ဖြစ် ၊ စာအုပ်ထုတ်တာပဲဖြစ်ဖြစ် မိမိဧ။် စာကို တခြားလူရှေ့မချပြခင်ကတည်းကပင် တခြားလူမှ ဝေဖန်ပြနိုင်ခြင်းကိုလည်း လက်ခံထားပြီးဖြစ်သည် ။ဝေဖန်နိုင်ခွင့်ပေးထားပြီးဖြစ်ကြောင့် comment off မလုပ်ချင်းပင်လျှင် သိနိုင်သည်။ ဝေဖန်ထောက်ပြခြင်း နှင့် နှိမ့်ချထိုးနပ်ခြင်းကို ကွဲပြားစွာကြည့်သင့်ပါသည်။ ဝေဖန်ရေးဟု ခေါင်းစဉ်တပ်ထားသော်လည်း ၊ သူတပါးအား နှိမ့်ချ ၊ မိမိကိုယ်ကို မြင့်တင်စေလိုသော ပေါ်ပင်စကားများ သုံးစွဲက လုပ်ဆောင်ခြင်းသည် ခင်ဗျားပြောသော စာပေသမားစိတ်ဓါတ်ထဲတွင် ပါပါသလား။ အင်တာနက်ပေါ်တွင် စာလေးတပုဒ် ၊တလေ မျှသာ အနည်းငယ်စာစုတို့ဖြင့် အချိန်ကုန်ခဲ့သဖြင့် စာပေသစားစိတ်ဓါတ် အဓိပ္ပါယ် ဖွင့်ဆိုချက် ကို မသိနိုင်ခဲ့ပါ ။ သိသူ တတ်သူများမှ ပြောပြလမ်းပြမှသာလျှင် သိရမည်ဖြစ်သဖြင့် သိသူများဖြေကြားပေးသင့်သည် ။

      အင်တာနက်ပေါ်မှာ ငါမကြိုက်တာ ငါဖျက်မယ်ဆိုသည့် လူမျိုးများထက် ငါ့ကိုယ်ငါ လူတတ်ကြီးမှန်းသိအောင် ကြွားဦးမည်ဟု ပွဲလန့်ဖျာခင်း တတ်သောလူစား ၊ နှမ်းဖြူးတတ်သော လူစားများ ပိုမိုများပြာလာခြင်းကြောင့် comment ဖျက်ခြင်း ကိစ္စများ ဖြစ်နေရခြင်းကိုလည်း လက်ခံသင့်ပေသည် ။

      စာများများဖတ်စေချင်သည့် စေတနာကို နားလည်သော်လည်း ၊ အလုပ်တစ်ဖက်နှင့် မအားမလပ်သည့်ကြားက အချိန်လုကာ ဂေဇက်တောင် အနိုင်နိုင်ဝင်ဖတ်နေရသည်မို့ ဒီထက်ပိုပြီး ဖတ်နိုင်အောင် ကြိုးစားပါဦးမည် ။ အခြေနေ အခွင့်ခါ ပေးခဲ့လျှင်ဖြင့် များများဖတ်ပြီး ၊ များများရေးပါဦးမည် ။

      p.s // အစိုးရ နှင့်ပတ်သတ်ပြီး နာကျည်းချက်တစ်စုံတစ်ရာများရှိခဲ့လျှင် ကိုယ့်စာမျက်နှာပေါ် ကိုယ်ရေးပါ ။ ကျမတို့ ရေးနေတဲ့ ဘလော့တွေ အဘမ်းခံရအောင် စေတနာမကောင်းချင်ပါနှင့် ။ လူတောင် မမြင်ဖူးသည့် အခြေနေတစ်ရပ်တွင် ” ဒီအစိုးရရဲ့ ဒီပြည်သားစိတ်ဓါတ်က တထပ်တည်းကျ”သည်ဟု ပြောဆို ရေးသားခြင်းသည် အခြေမြစ်မရှိသောစွပ်စွဲချက်ဖြစ်ပြီး ဝေဖန်ခြင်း ခေါင်းစဉ်နှင့်မတူပဲ တက်တက်စင်အောင် လွဲနေ သဖြင့် ဗရမ်းဗတာ၊ နှုတ်ဖွာသော ငါ့စကား ၊နွားရ ပြောခြင်းသာဖြစ်ပေတော့သည် ။

  • မျက်မှန်

    March 7, 2011 at 5:44 am

    1. Mod တစ်ဦး၏ လုပ်ထုံးလုပ်နည်းကို လေ့လာစေလိုပါသည်။
    2.Do and Don’t Rule ကို ကျေလည်စွာ မဖတ်ဟု ယူဆပါသဖြင့် ထပ်မံ ဂရုတစ်စိုက် ပြန်ဖတ်စေလိုပါသည်။ အထူးသဖြင့် 4,5,9,10 နှင့် 11 တို့ကို ထပ်ခါ ထပ်ခါ ဖတ်စေလိုပါသည်။
    ၃.ပရော်ဖက်ရှင်နယ်များသည် ပရို ဘဝ ရောက်မှ ပရို စိတ်ဓါတ် ပေါက်ဖွားလာကြသည်မဟုတ်ပါ။
    ပရို စိတ်ဖြင့် ပရိုအတွေးဖြင့်သာ ပရို ဘဝသို့ တက်လှမ်း ကြသူများဖြစ်ကြပါသည်။
    ထို့ကြောင့်ပရောဖက်ရှင်နယ် မဟုတ်၍ ပရော်ဖက်ရှင်နယ် စိတ်ဓါတ်မထား လိုကြခြင်းအတွက် အထူးအထွေပြောစရာ မရှိပါ။မိမိ အသိစိတ်ဓါတ်နှင့်အပြုအမူသည် တိုက်ရိုက် အချိုးကျပြီး ဖြစ်ပါလိမ့်မည်။

    စာတစ်ပုဒ်ရေးခြင်းသည် ဖန်တီးခြင်း ဖြစ်၍ အချက်အလက်များကို များစွာ စိစစ်ခြင်းပြုရပါသည်။
    ိုခိုင်မာသော အချက် အလက်ဖြင့်သာ တည်ဆောက်ရန် အားထုတ်ရသည်။
    တည့်မတ်သော စေတနာဖြင့် သီကုံးရသည်။
    ဤနေရာတွင် စာရေးသူ တစ်ဦး၏ လိုက်နာစောင့်ထိန်းအပ်သော ကျင့်ဝတ်သိက္ခာ ပိုင်းပါဝင်လာ၍ ရှေ့မဆက်တော့ပဲ ဤမျှလောက်ဖြင့်သာ ဆွေးနွေးချက်ကို အဆုံးသတ်လိုက်ပါသည်။

  • bigcat

    March 7, 2011 at 6:02 am

    ကြောင်မရေချိုး…
    မျောက်ခေါင်းသန်းရှင်း…
    ကြက်ဥကြက်မအဖြေထုတ်…
    ကားတာယာရေမွှေးဆွတ်…
    ကန္တာရထဲသစ်ပင်စိုက်…
    ဝင်ရိုးစွန်းမှာရေခဲရောင်း…
    တောင်အောက်ဆင်းရေထမ်း…
    တောင်ပေါ်ရောက်ခြေဆေး…
    မှင်စာသရဲ ဖုတ်ကျတ်တစေ ္ဆ…
    ငါ့ကြိုက်လို့ရေး…
    မွေးချင်လည်းမွေးမယ်…
    ကိုင်း ဘယ်သူဘာပြောချင်လဲ…
    အားလုံးကိုလှည်းဘီး။

  • naywoonni

    March 7, 2011 at 8:56 am

    ကိုကြောင်ကြီးကို thumb up လုပ်သွားတာ ကျွန်တော်ပါ။ ကလစ်ပေးရတာကပ်နေလို့ လေးငါးချက်ပေးလိုက်တာ 1လို့ပေါ်မလာပဲ 2ဖြစ်သွားတယ် ပြန်လေလျော့လို့မရတော့ဘူးလားဗျို့……….

    • bigcat

      March 8, 2011 at 1:38 am

      ကြောင်ကြီးကိုချစ်တာ နေတစင်းထဲမဟုတ်ဘူးကွဲ့။ လမင်းကြီး၊ ကြယ်တာရာပေါင်းစုံရှိတယ်လေကွယ်။ ဒါထက်နေပါအုံး တပြားမှမကုန်ဘဲနဲ့ ဘာကြောင့်ဒီလောက်တောင် တွန့်တိုနေရတာလဲ။ ကိုနေလုပ်လို့ သဂျီးကသူ့တန်ခိုးနဲ့ အနုတ်တခုပေးလိုက်ပြီ။

  • Gipsy

    March 7, 2011 at 9:54 am

    ကျွန်တော်လဲ up လုပ်လိုက်ပါတယ်..လျှော့နေပါနဲ့တော့နော..။
    ဖိတ်ချင်းဖိတ် ကိုယ့်အိတ် ပေါ့ဗျာ..။
    မအိရေ ဆက်လုပ်ပါ..။
    အားပေးနေပါတယ်..။

  • thanmyint84

    March 7, 2011 at 10:15 am

    မမအိ ရင်ထဲမှာ ဘာတစ်ခုမှချန် မထားနဲ့နော် ၊ ပြောခွင့်သာတုန်းပြောသာပြောပါရှင်၊
    အားနွဲ့တယ်ဆိုပြီး အနိုင်ကျင့်တာမျိုး လုုပ်တာမသင့်တော်ပါဘူး၊ ဝေဖန်တယ်ဆိုပေမဲ့
    လူတစ်ဖက်သားအခံရခက်အောင် မလုပ်စေချင်ပါဘူး၊
    စာရေးစာဖတ် တစ်ဖက်ကမ်းခတ် တော်နေရင် စီးပွါးဖြစ် အပြင်မှာလုပ်စားကြပါနော်၊
    ဒီမှာလာပီး အချိန်မဖြုံးကြပါနဲ့ ၊ စိတ် သိပ်ကြီးနေရင် ကြိုးဝိုင်းမှာတက်ထိုးကြပါလား၊
    မမအိရေ အားတင်းထားပါရှင်..။

  • ဒီနေရာမှာ မအိတုန်ကို တစ်ခုလောက် အကြံပြု ပြောလိုပါတယ်..

    ကျွန်တော်တို့တွေဟာ စာရေးပြီဆိုရင် (၂)ပိုင်းရှိပါတယ်။ ကိုယ်ရေးကိုယ်တာအတွက်ရေးတယ်ဆိုရင် ကိုယ်ပိုင်သီးသန့်နေရာတွေမှာပဲ ရေးရပါတယ်။ ဥပမာပြောရရင် Diary, Mail တို့ .. အစရှိသဖြင့်ပေါ့၊ ဘယ်သူမှ သိစရာမလိုပါဘူး။ ကိုယ်ပိုင်အမြင်၊ အတွေ့အကြုံ၊ အဖြစ်အအပျက်တွေကို Public ကို ချပြချင်တဲ့အခါကျတော့ Blog တွေ၊ Internet စာမျက်နှာတွေမှာ ရေးကြပါတယ်။

    Public ကို ချပြတဲ့ စာတွေမှာ ရှေးယခင်ကတည်းက ဝေဖန်ရေးဆိုတာ ရှိခဲ့ပြီးသားပါ။ တစ်ချို့သော စာရေးဆရာကြီးများကိုယ်တိုင်ပင် ၎င်းတို့အား ဝေဖန်ထောက်ပြသည့် စာပေများကို တလေးတစား ဖတ်ရှု ပြင်ဆင်ခြင်းများရှိခဲ့သလို အပျက်သဘောဆောင်သည့် ရန်လိုတိုက်ခိုက်သည့် ဝေဖန်ရေးများကို လျစ်လျူရှုခြင်းများလည်းရှိပါတယ်။ ဒီနေရာမှာ ကိုယ်ပိုင်ရေးလိုက်သည့် စာ၊ အကြောင်းအရာတစ်ခုအတွက် စာရေးသူ မိမိကိုယ်တိုင်က ယုံကြည်ချက် စွဲမြဲခိုင်မာနေဖို့ လိုပါတယ်။ စာဖတ်သူများအပေါ်မှာ စာပေရိုးသားခြင်းတန်ဖိုး စေတနာပြည့်ဝနေရပါမယ်။ “ဝေဖန်ခြင်း” ဆိုသည်ကို ကြောက်ရွံ့နေရန်မလိုပါ။

    စာဖတ်သူများတွင်လည်း အလွှာပေါင်းစုံ၊ ဘဝပေါင်းစုံ၊ အမြင်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံကနေ မြင်ကြမှာပါပဲ။ သူတို့မှာလည်း သူတို့မြင်တာ၊ ယုံကြည်ရာကို လွတ်လပ်စွာ ထုတ်ဖော်ပြောခွင့် ရှိကြတာပါပဲ။ ဒီအတွက် အမှန်ဆို ဂုဏ်ယူသင့်ပါတယ်.. ကိုယ်ရေးသား၊ တင်ပြလိုက်တဲ့ အကြောင်းအရာတစ်ခုကို လူများစွာက စိတ်လိုလက်ရ ဝင်ရောက်ဖတ်ရှု၊ ဆွေးနွေးရေးသားတာတွေကို ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ဖျက်ပြစ်ခြင်း၊ ဖော်ပြခြင်းများ မလုပ်သင့်ဘူးလို့ ကျွန်တော့်အနေနဲ့ မြင်မိပါတယ်။

    အားလုံးပဲ လွတ်လပ်စွာ ကွဲပြား၊ ခြားနားနိုင်ကြပါစေပေါ့။ ယူတတ်ရင် ဒီအမြင်တွေကနေပဲ စာရေးသူကို အသိအမြင် ရင့်ကျက်လာစေနိုင်ကြောင်း……

    မနေနိုင်၊ မထိုင်နိုင် သူများတွေကြားထဲ ဝင်ရောက်ပြောဆိုလိုက်ပါတယ်။

Leave a Reply