“ပါဝင်ကပြ ကြည့်ရူ့အားပေး ဝေဖန်သုံးသပ်”(အပိုင်းတစ်) (မိအေး တစ်ဖြစ်လဲ ဝေမာရွှေစင်)
“ပါဝင်ကပြ ကြည့်ရူ့အားပေး ဝေဖန်သုံးသပ်”(အပိုင်းတစ်) (မိအေး တစ်ဖြစ်လဲ ဝေမာရွှေစင်)
တကယ်သေသေချာချာ ပြန်တွေးကြည့်မယ်ဆိုရင်ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာကြီးက အကျယ်ကြီး၊
လူတွေကလဲအများကြီး ဆိုပြန်တော့ ဘဝတွေကလဲအများကြီးရှိကြတာပေါ့နော်။
တစ်ယောက် တစ်ယောက်ခြင်းစီရဲ့ဘဝတွေမှာ အဖြစ်အပျက်တွေ ခံစားရတာတွေ ကြုံရတာတွေကလည်း ဆင်တူယိုးမှားတော့ ရှိကောင်းရှိနိုင်ပေမယ့်လည်းထပ်တူကျဘို့ ကတော့ ဖြစ်နိုင်ခြေနည်းပါးတယ်လို့ ထင်ပါတယ်။
လူ့တစ်ဦးစီ ဘဝတစ်ခုစီရဲ့ဖြစ်ပျက်ပြောင်းလဲသွားတာတွေကိုတော့ ဘယ်သူမှ ကိုယ်ဖြစ်စေချင်သလို ထိန်းချုပ်လို့မရတာကလဲအမှန်ပါဘဲ။
ဒါကြောင့်လဲ” ဖြစ်ချင်သလိုမဖြစ်ဘဲ ဖြစ်ချင်တာတွေဖြစ်နေတဲ့လောကကြီး”လို့ ဆိုသကိုးဗျ။
လူရယ်လို့ဖြစ်လာမှတော့ ကောင်းသောဘဝ ကောင်းသောအဖြစ်အပျက်ကို ပိုင်ဆိုင်ချင်ကြတာ
တော့ လက်တွေ့ကျတဲ့လိုအပ်ချက်တစ်ခုပါဘဲ။
ဒါပေမယ့်လည်း မမြင်နိုင်သော ကံစေစားရာအတိုင်း ဖြစ်ချင်သလိုဖြစ် ကုန်ကြတယ်ဆိုတာလဲ
ငြင်းပယ်လို့ မရတဲ့ အကြောင်းတရားဖြစ်နေပါလေရော။
လူရယ်လို့ ဖြစ်နေသမျှကာလပါတ်လုံး “ဘဝ”ဆိုတဲ့မဆုံးနိုင်သောဇာတ်လမ်းကြီးထဲမှာ
နေ့စဉ်နဲ့အမျှ ပါဝင်ပါတ်သက်နေရတာပေါ့။
တစ်ခါတစ်လေတော့ လဲ ကိုယ်တိုင် ပါဝင်ကပြသူ
တစ်ခါတစ်လေတော့လဲကိုယ်က ကြည့်ရူ့အားပေးသူ
တစ်ခါတစ်လေတော့လဲ ဝေဖန်သုံးသပ်သူဆိုတဲ့နေရာမှ ရောက်နေတတ်ပါတယ်။
ဒီတော့လဲ ပါဝင်ကပြသူနေရာကနေ စဉ်းစားရင်အမြင်တမျိုး
ကြည့်ရူ့အားပေးသူနေရာကနေရင်အမြင်တမျိုး
ဝေဖန်သုံးသပ်သူနေရာမှာဆိုရင်အမြင်တမျိုး အမျုးိမျုးိကွဲပြားသွားနိုင်သလို
ကိစ္စတစ်ခုကို တွေးမြင်ကြရာမှာလဲ
ကိုယ်အားသန်တဲ့ရူ့ဒေါင့်ကနေကြည့်ပြီး ကိုယ်သိသလောက် ကိုယ်ကျင်လည်ခဲ့ရဘူးတာတွေနဲ့ချိန်စက်ပြီး နိုင်းယှဉ်လို့ တွေးမှာကလဲအမှန်ပါဘဲ။
(လူမူ့ရေး၊စီးပွားရေး၊နိုင်ငံရေး၊ဘာသာရေး)အစရှိတဲ့စံတွေနဲ့ချိန်ထိုးကြည့်မှာလဲဖြစ်ပါတယ်။
တစ်ခါတစ်ရံ ပြဿနာတစ်စုံတစ်ခုကြုံလို့ဖြစ်စေ ကိစ္စတစ်ခုခုကို ဖြစ်စေ လူအများက ဝိုင်းလို့ဝေဖန်ကြမှတ်ချက်တွေပေးကြရင် ငယ်ငယ်တုန်းက ဖတ်ဘူးခဲ့လို့ ရိုးတိုးရိပ်တိတ်မှတ်မိနေတဲ့
မျက်မမြင် ပုဏ္ဏား ခြောက်ယောက်ကဆင်တစ်ကောင်ကို တစ်နေရာစီခွဲလို့ လက်နဲ့စမ်းပြီး မှတ်ချက်တွေအမျိုးမျုးိပေးခဲ့ကြတာကို သွားလို့သတိရမိပါတယ်။
ကုန်လွန်ခဲ့ပြီးသောနှစ်ပေါင်းများစွာက ဆိုရှယ်လစ်စနစ်နဲ့အရင်းရှင်စနစ်ဆိုတဲ့စနစ်နှစ်ခု
ကမ္ဘာမြေပေါ်မှာအားပြုင်နေတုန်းကာလမှာပေါ့။
ဆိုရှယ်လစ်နိုင်ငံတစ်ခုဖြစ်တဲ့ပိုလန်နိုင်ငံမှာ ပြည်တွင်းရေးပြဿနာတက်ချိန်
အမေရိကန်သမ္မတက ပိုလန်နိုင်ငံရဲ့လက်ရှိဖြစ်ပေါ်နေတဲ့အနေအထားကို ဝေဖန်လိုက်
တဲ့အခါ ပိုလန်သမ္မတက ပြန်ပြောလိုက်တဲ့စကားလေးတစ်ခွန်းကတော့ ။
“ပိုလန်နိုင်ငံရဲ့အကြောင်းကို ပိုလန်ပြည်သူပြည်သားများကသာအသိဆုံးဖြစ်ပါတယ် “တဲ့။
ဒီစကားလေးကသာမန်တွေးကြည့်ရင် အလွယ်ပြောသလိုယူဆနိုင်ပေမယ့် ကျွန်တော်တို့ မြန်မာစကားပုံ
မှာပြောနေကြ “ ကိုယ့်ဝမ်းနာ ကိုယ်သာသိ“ဆိုတဲ့စကားပုံလေးလို ကိုယ့်ပြဿာနာကို ကိုယ်တိုင်ထက်
ဘယ်သူမှ ပိုမသိနိုင်တာကတော့အသေအချာပါဘဲ။
ဒါကလဲရာနူန်းပြည့်မှန်တယ်လိုတော့ မဆိုုနိင်ပြန်ပါဘူး။
“ဘေးကကြည့်နေသူက ပိုမြင်ရတယ်”ဆိုတဲ့စကာလေးကလဲရှိနေပြန်ပါသေးတယ်။
ဟုတ်တော့လဲဟုတ်ပါတယ်။
ကိစ္စတစ်စုံတရာပေါ်ပေါက်ချိန်မှာ ကာယကံရှင်တွေက ထူပူပြီး မစဉ်းစားနိုင်လောက်အောင်
ဖြစ်နေချိန်မှာ ဒီကိစ္စနဲ့လုံးဝမပါတ်သက်သူများကတော့ ခေါင်းအေးအေးထားပြီး စဉ်းစားဘို့အခွင့်အရေးတွေရနေပြန်ပါတယ်။
ဒီတော့ မိတ်ဆွေများ အပျင်းပြေ တွေးကြည့် စဉ်းစားကြည့် ရအောင် ကျွန်တော်ကလည်းကြားဘူးတဲ့ ဘဝလေးတွေရယ် တစ်ချို့သောမိတ်ဆွေများက ပြန်လည်ပြောပြလို့ သိခဲ့ရတဲ့ဘဝလေးတွေရယ်၊
ကိုယ်ရှေ့မှာတင် ဖြစ်ပျက်သွားခဲ့တဲ့ တကယ့်ဘဝလေးတွေအကြောင်းကိုပြောပြချင်ပါသေးတယ်။
ဖတ်ပြီးတော့ မှတ်ချက်တွေပေးတာကို နားထောင်ကြည့်ချင်လို့ပါနော့်။
ဒါပေမယ့် ဒီပို့စ်က (6)ပိုင်းတိတိ ပါဝင်မှာဖြစ်တော့ စိတ်ရှည်လက်ရှည်လေးတော့စောင့်ဖတ်ပြီး
တွေးရသမျှ ကိုယ်မြင်သမျှကို အားရပါးရပြောပေးစေချင်ပါတယ်။
အမြင်တွေမတူမှာကတော့ အသေအခြာပါဘဲ။
ကျွန်တော်တို့ ငြိမ်းချမ်းစွာသဘောထားကွဲလွဲကြည့်လိုက်ကြရအောင်နော်။
ဘယ်သူပြောတာမှန်တယ် မှားတယ်ဆိုတာထက် ကိစ္စတစ်ခု အဖြစ်အပျက်တစ်ခု
ကု ိဘယ်လိုချဥ်းကပ်ပြီးသရုပ်ခွဲတယ်ဆိုတဲ့အမြင်လေးတွေကို ပြောပြကြရအောင်ပါနော်.
ရေးထားပြီးသားတွေကို တစ်ရက်တစ်ပုဒ်တင်ပေးမှာဖြစ်ပါတယ်။
(ဘဝအပိုင်း တစ်- ဝေမာရွှေစင်)
ဝေမာ မန်းလေးကိုရောက်တာ သုံးနှစ်လောက်တော့ရှိသွားပြီ။
ဝေမာတို့အရပ်က မန်းလေးကနေ မြစ်ကြီးနားကိုသွားတဲ့ မဟာဗျူဟာလမ်းမကြီးရဲ့အနောက်ဘက်ခြမ်းတောခေါင်ခေါင်အရပ်ကလေး ကပေါ့။
ဝေမာတို့တုံးကတော့ အတန်းပညာလဲကောင်းကောင်းသင်ခဲ့ရတယ်မရှိပါဘူး။
ငယ်တုန်းတော့ သေစာရှင်စာလေးသင် အရွယ်ရောက်ရင် လယ်ထဲလိုက်၊
နောက်တော့လဲအိမ်ထောင်ကျ ဒါဘဝဘဲပေါ့။
ဝေမာတို့ရွာက “ မမထူး“က မြို့တက်ပြီးအလုပ်လုပ်ပါတယ်။
ရွာကလူကြုံများရှိတဲ့အခါ သူအိမ်အတွက်ပို့ပေးလိုက်တဲ့ မြို့အသုံးအဆောင်လေးတွေက
ဝေမာတို့လိုတောခေါင်ခေါင်ကလူအဖို့အံ့စရာတွေချည်းပါဘဲ။
သူပို့လိုက်တဲ့ပိတ်စဆန်းဆန်းလေးတွေ ကိုင်ကြည့်ပြီး အားကျခဲ့လိုချင်ခဲ့တပ်မက်ခဲ့ရတာ
အမောပေါ့။
တနှစ်ရွာဘုရားပွဲနဲ့အချိန်ကိုက်ပြီး “ မမထူး“ရွာကိုခဏပြန်လာပါတယ်။
သူဝတ်စားတာပြောတာဆိုတာက တကယ့် အလန်းဇယား။
လူကလဲတောမှာနေတုန်းကနဲ့မတူ ဖွေးဥလို့ပေါ့။
မမထူး ရွာမှာခဏရှိနေတုန်းရွာက အပျိုမတွေများ “ မမထူး“အနားမှာ ဝို်င်းနေကြတာ ဆိုင်းဝိုင်းထဲက ပတ်လုံးတွေအတိုင်းပါဘဲ အဲဒီထဲမှာဝေမာလဲပါသပေါ့။
သူပြောတဲ့ မြို့အတွေ့အကြုံမစားရဝခမန်းကို တအံ့တဩနဲ့နေ့စဉ်ရက်ဆက်နားထောင်လို်က်ကြရတာ
ထမင်းမေ့ဟင်းမေ့ပါဘဲ။
အချိန်တန်လို့ “ မမထူး“လဲ မြို့ကိုပြန်မယ်လုပ်ရောမြို့ ကို“ မမထူး“နဲ့လိုက်ချင်ပါတယ်ဆိုပြီး အိမ်ကို ပူဆာကြတဲ့အရွာသူတွေထဲမှာ ဝေမာလဲတစ်ယောက်အပါအဝင်ပါဘဲ။
ဒါပေမယ့် အဲဒီအခေါက်က အိမ်ကမထည့်တော့ ဝေမာ မလိုက်ရပါဘူး။
“ မမထူး“နဲ့လိုက်သွားသူတွေက ရွာကို လူကြုံတယ်ဆိုတာနဲ့ ပစ္စည်းတွေငွေတွေပို့ လို့ အဆင်ပြေနေတာကို
မြင်ရတော့ ဝေမာ ကိုမလိုက်ရဘူးလို့ တားတဲ့ အရီးလေးတို့ အဘတို့ ကို ရန်လုပ်လို့ကောင်းချက်ကတော့ ပြောမနေနဲ့တော့ဘဲ။
ဖြစ်ချင်တော့ အဲဒီနှစ်က ရာသီဥတုမမှန်ဘူး။
လယ်စိိုက်ရမယ့်အချိန်မိုးမရွာ အပင်သန်မယ့်အချိန်ကျတော့ရေတွေကြီး သီးနှံတွေပျက်တော့ ဝေမာတို့လိုတောင်သူတွေခက်တာပေါ့။
အဲဒီနှစ်ကဆိုးချက်ကတော့ ရွာဘုရားပွဲတောင်ချောက်တီးချောက်ချက်နဲ့ပြီးသွားရတာလေ။
အဲဒီနှစ်ဘုရားပွဲမှာ မြို့တက်ပြီး မမထူးနဲ့အလုပ်လုပ်တဲ့သူတွေပြန်လာတော့ သူတို့မိသားစုတွေငွေကြေးချောင်လည်ကြတာကိုတွေ့တော့ အိမ်ကလူကြီးတွေက ရွာမှာလဲ အဆင်မပြေတဲ့အတူတူ ဒီနှစ်မြို့လို်က်ချင်ရင်လို်က်
သွားဆိုတာနဲ့ ဝေမာလဲ မန်းလေးကို မမထူးတို့နဲ့ပါလာပါတော့တယ်။
ဟိုရောက်မှသိတာက အားလုံးတစ်နေရာထဲမှာအလုပ်လုပ်ရတာမဟုတ်ဘဲ တစ်ယောက်တစ်နေရာစီလိုဖြစ်နေတာကိုပါ။
အများအားဖြင့်ကတော့ ရှေးကတော့ ခေါက်ဆွဲဆိုင်အခုခေတ်မှာတော့ အသားကင်နဲ့ဘီယာစတေရှင်ပေါ့။
ဒါပေမယ့် ဝေမာကိုတော့လူသစ်ဆိုတော့ မမထူးအလုပ်လုပ်တဲ့ ဆိုင်မှာခေါ်ထားပါတယ်။
အမှန်အတိုင်းပြောရရင် မန်းလေးရောက်ကာစမှာတော့ တောင်ခေါင်ခေါင်ကလာတဲ့ဝေမာအဘို့
ယောင်တောင်တောင် နဲ့အထူးအဆန်းတွေချည်းပါဘဲ။
ဝေမာတို့လုပ်ရတာ စင်တင်တေးဂီတ လဲရှိ၊ကာရာအိုကေလဲရှိ
အရက်၊ဘီယာ၊အသားကင်တွေ ရောင်းတဲ့ဆိုင်မှာပါ။
စစခြင်းတော့ ဝေမာ မီးဖိုချောင်အလုပ်တွေဖြစ်တဲ့ အသီးအရွက်လှီး အသားတွေတံစို့ထိုးဆိုတဲ့
အလုပ်တွေပါ။ဝေမာအတွက်တော့ သိပ်ကိုလွယ်ကူတဲ့အလုပ်လို့ပြောရင်ရပါတယ်။
ဆိုးတာကတော့ရွာမှာတုံးက ညစောစောအိပ် မနက်စောစောထ။
ဒီမှာတော့ မနက် 6နာရီလောက်မှထ ညဆိုရင်တော့ သန်းခေါင်ကျော်မှအိပ်ရတာကိုပါ။
နောက်တော့လဲအကျင့်ရသွားပါတယ်။
တိုုတိုပြောရရင်တော့ အဲဒီဆိုင်မှာ တစ်နှစ်လောက်နေပြီးတဲ့အခါမှာ မွေးရာပါအသံကောင်း
ရုပ်လေးရောကိုယ်အလှ ပါမဆိုးတဲ့ ဝေမာတစ်ယောက် မမထူးလို သီချင်းဆိုတဲ့သူတစ်ယောက်
ဖြစ်လာပါတယ်။
အဲဒီနေရာရောက်တော့ အရင်ကထက်စာရင်ဝင်ငွေကောင်းလာသလို အများအမြင်တင့်တယ်အောင်ဝယ်ရခြမ်းရ ဝတ်ပြရနဲ့ပိုကုန်လာပါတယ်။
သီချင်းဆိုတယ်ဆိုပြန်တော့ ဆုချကြ မိတ်ဆက်ကြနဲ့အပေါင်းအသင်းအသိအကျွမ်းလဲပိုပေါလာပါတယ်။
တစ်ရက်တော့ မမထူးနဲ့ ဆို်င်မန်နေဂျာစကားများပြီး မမထူး ဆိုင်ကထွက်သွားပါတယ်။
ကျမလဲ သူနဲ့လိုက်မယ်ပြောတော့ သူက မလိုက်ခဲ့နဲ့တဲ့ ငါနဲ့ဖြစ်တာ နင်နဲ့ဖြစ်တာမဟုတ်ဘူး
နင်ကိုလဲငါအလုပ်ချက်ခြင်း ရှာမပေးနိုင်ဘူး နောက်မှာ လာခေါ်သင့်ရင်ခေါ်မယ် ဆိုတော့ နေခဲ့ရပါတယ်။
စစခြင်းတော့ အားငယ်တာပေါ့။
အရင်က မမထူးနဲ့ဘဲသွားအတူလာအတူနေတော့ တစ်ခြားလုပ်ဖော်ကိုင်ဘက်တွေနဲ့
သိပ်ပါတ်ပါတ်သက်သက်မရှိ မေးထူးခေါ်ပြောလောက်ပါဘဲ။
အခုမမထူးမရှိဘူးဆိုတော့ သူတို့ကိုအဖော်လုပ်ရပါတယ်။
ဒါပေမယ့်လဲစိတ်ထဲမှာ သိပ်အခင်ကြီးရယ်တော့လဲ မဟုတ်ပြန်ပါဘူး။
အဲဒီလို အဖော်မဲ့ပြီး တစ်ယောက်ထဲပျင်းနေချိန်မှာ အပြောကောင်းတဲ့“ကိုငယ်” နဲ့စတွေ့ပါတော့တယ်။
အပွင့်လင်းဆုံးပြောရင်တော့ အချစ်ဆိုတာကို မကြုံဘူးတဲ့ ဝေမာ အယုံကြီးယုံပြီး
ကိုငယ် အပေါ်မှာ အပုံကြီးပုံလိုက်မိပါတယ်။
လေးငါးခြောက်လလောက်ကြာတော့ သူဝေမာကိုခွာသွားတဲ့အခါမှာမှ ဝေမာ့ကို
အပျော်ကစားသွားတယ်ဆိုတာကို လက်မခံချင်ဘဲလက်ခံလိုက်ရပါတယ်။
အဲဒီနောက်မှာတော့ အတူနေ ဘဝတူများရဲ့( ယောက်ျားဆိုတာ သနားစရာမဟုတ်သလို
အလကားထားရမယ့်သူလဲမဟုတ်ဘူး သူတို့ဆီက ရသလောက်ယူထား)လို့ ဆိုတဲ့စကားကို
သဘောတွေ အကျကြီး ကျလို့ ဝေမာလဲ ချူစား ချွဲစား ဆိုတဲ့အုပ်စုထဲကိုရောက်မှန်းမသိရောက်သွားပါတယ်။
ကိုယ့်ဘက်က ပြန်ပါသွားတာကိုတော့ တန်ဘိုးမထားခဲ့မိဘူး။
အစကတော့ လာအီတဲ့လူတွေကို ချူစားပါတယ်။
ဓါတ်ကျတဲ့သူကိုတော့ သူုလိုချင်တာကိုယ်ပေးလိုက်ပါတယ်။
နောက်ကြာတော့ ဝေမာလဲ ပေးတာယူရာကနေလိုချင်တာကိုတောင်းတဲ့အဆင့်ရောက်မှန်းမသိပါတော့တယ်။
ခပ်ရိုင်းရိုင်းပြောရရင်တော့ ချွဲစား ချူစား အဆင့်ကနေ ကြေးစား အဆင့်ကိုရောက်သွားတယ်ဆိုတော့
ကိုယ့်ကိုကိုယ် မြင့်သွားသလား နိမ့်သွားသလားတောင်မသိတော့ပါဘူး။
တစ်ခါတစ်လေတော့ ငွေအရလွယ်တဲ့ အတွက် အိမ်ကိုထောက်ပံ့ပေးကမ်းနိုင်တာရယ် ကိုယ်သုံးချင်သလိုသုံးနိုင်တာရယ်ကိုတော့ စိတ်ထဲမှာကျေနပ်ပါတယ်။
ဒါပေမယ့်လည်း တစ်ခါတစ်လေတော့လဲ ကိုယ့်ကိုကိုယ်တန်ဘိုးမရှိတဲ့လူလို့ထင်မိရင် မျက်ရည်လည်ချင်ပါတယ်။
ဆိုင်မှာလာစားကြသောက်ကြတဲ့ အထဲမှာ အမျိုးကောင်းသားသမီးဆိုသူများလဲ ဝေမာတို့လို
ဝတ်စားထားပြီး ယောက်ျားတွေနဲ့ဘီယာတွေခွက်လှည့်သောက် ပြီးမူးနေတာတွေ တွေ့ရပြန်တော့လဲ ငါတို့က ဝမ်းရေးအတွက်ဘဲလို့ ကိုယ့်ကိုကိုယ်ပြန်လို့ဖြေသိမ့်ရပြန်ပါတယ်။
ဖြစ်ချင်ပြန်တော့လဲ တစ်မြေထဲနေ တစ်ရေထဲသောက် တစ်ရွာထဲကလာသူခြင်းပေမယ့် ဝေမာနဲ့အရောင်အသွေးမတူတဲ့ သူများက ဝေမာကို ဒီဘဝမျုးိမှာကျင်လည်နေတာကို အလိုမတူတဲ့အတွက် အပြစ်တင်တာ မေးငေါ့တာ ဆုံးမတာ ခံရပြန်တော့လဲ အနေခက်ရပြန်ပါတယ်။
ဒီဘဝထဲကိုဘဲ ဝေမာက ဝင်သွားသလား ဝေမာ့ဘဝထဲကိုဘဲ ဒီဘဝကြီးက ဝင်လာသလား မစဉ်းစားချင်တော့ပါဘူး။
အိမ်က မိဘတွေကို ကောင်းကောင်းမွန်မွန်ထားနိုင်တယ် ကိုယ့်အောက်ကအငယ်တွေကို လဲ ကြည့်ရူ့ထောက်ပံ့နိုင်တယ်ဆိုတော့ ကျန်တာတွေအသာမေ့ထားပြီး
“ကောင်းပါတယ် ကောင်းပါတယ်”လို့ဘဲ စိတ်ထဲမှာထားလိုက်ရင် မွန်းကျပ်တာတွေနည်းနည်းတော့ လျော့ပါးသွားသလိုပါဘဲ။
ဝေမာတို့ရွာက အလုပ်လာလုပ်ကြတဲ့သူတိုင်းတော့လဲဝေမာလိုမဟုတ်တာအမှန်ပါ။
မြို့ဆိုတာ တောထက်စာရင်ငွေအရှာရလွယ်သလို ကုန်စရာများတာတော့လဲအမှန်ပါဘဲ။
ဒါပေမယ့် “လူတင်ပါမှကျားနွားကိုက်တယ်”ဆိုတာလဲအမှန်ပါဘဲ။
ကောင်းကောင်းမွန်မွန်လုပ် ရလာတဲ့ငွေလေးကို သုံးသင့်တာကိုသုံး
ပိုလာတာလေးကို ကျစ်ကျစ်ပါအောင်စုလို့အိမ်ပြန်ပို့လို့အဆင်ပြေနေကြသူတွေလဲအများကြီးပါ။
ဝေမာသာ………………………………………………………………………….။
(ဆက်လက်ဖော်ပြပါမည်)
ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး
9 comments
ရှူံးနိမ့်မှုများနဲ့.. လူ
March 7, 2011 at 9:43 pm
ကိုပေါက်ခင်ဗျာ… အပိုင်း(၆)ပိုင်းတောင်ရှိမယ့် ကိုပေါက်တင်ပြမယ့် လက်တွေ့ဘဝတွေအကြောင်းမှာ ဒီအကြောင်းလေးကတော့ ပညာမတတ်၊ အတွေ့အကြုံနုနယ်လို့ တောက မြို့တက်ပြီး ဒီဘဝရောက်သွားတဲ့ သိပ်ပြီးမထူးခြားသော ဖြစ်စဉ်များစွာထဲက တစ်ခုပဲ ဖြစ်နေတာမို့ နောက် (၅)ပိုင်းမှာ ဒီထက် ပိုပြီး ဘဝကျတဲ့၊ ပိုပြီး ပြည့်စုံလုံလောက်သော ထူးခြားသည့် ကိုယ်တွေ့ဘဝများကို နေ့စဉ်စောင့်ဖတ်နေပါ့မယ်။
ဒီ “ဝေမာ” ရဲ့အကြောင်းလေးကတော့… မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ငယ်စဉ်ကတည်းက မြင်ရဖန်များနေတဲ့ အကြောင်းလေးပဲဖြစ်နေလို့ ဘာမှ မှတ်ချက်မပေးလိုတော့ပါဘူးခင်ဗျာ။ ဒီထက် ပိုကောင်းမယ့် ဘဝအတွေ့အကြုံလေးတွေကို ဆက်လက်စောင့်မျှော်နေမယ့်အကြောင်း…..
kai
March 8, 2011 at 8:37 am
ဒီ “ဝေမာ” ရဲ့အကြောင်းလေးကတော့… မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ငယ်စဉ်ကတည်းက မြင်ရဖန်များနေတဲ့ အကြောင်းလေးပဲဖြစ်နေလို့ ဘာမှ မှတ်ချက်မပေးလိုတော့ပါဘူးခင်ဗျာ။
ဆိုတာဖတ်မိပြီး ..နည်းနည်းကျောချမ်းလာလို့ပါ..။
အဲဒါမျိုးတကယ်တွေများဖြစ်နေပြီလား..စာတွေမှာပဲ ဘဝနာအောင်..ဇတ်နာအောင် ရေးပြနေတာလား..သိချင်သား..။
ကျေးလက်တောရွာတွေက .. သာမန်လူတန်းစားတွေရဲ့ လစဉ်ဝင်ငွေလည်းသိချင်မိပါတယ်..။
နောက်တခုကတော့ ..ကျေးလက်ရဲ့အလုပ်ချိန်ပေါ့လေ..။
တရက်ကို …ဘယ်နှနာရီများအလုပ်လုပ်ကြပါလိမ့်…။
မနက်ဘယ်အချိန်ထလို့..ညဘယ်အချိန်အိပ်ယာဝင်ကြပါလိမ့်..။
နေ့လည်နေ့ခင်း…ဘယ်နှနာရီဘယ်လောက်များ နားကြပါလိမ့်…။
အားလပ်ချိန်ဘာတွေများလုပ်နေကြပါလိမ့်…။
char too lan
March 8, 2011 at 8:12 am
ဒါမျိုးတွေဟိုးအရင်ကမှ မဟုတ်ဘူး ခုလဲရှိတယ် မြင်နေကြားနေရတုန်းပဲ အဲ့လိုမိန်းကလေးတွေကလဲ ကိုယ့်ကိုယ်က်ို အဟုတ်ကြီးထင်နေကြတုန်းပဲ တော်သေးတာပေါ့ တစ်နေ့တပိုဒ်ဆိုတော့ တစ်ပါတ်တပိုဒ်ဆိုရင် စိတ်မရှည်လို့လေ 😀
မျှော်နေပါတယ် ……
ရှူံးနိမ့်မှုများနဲ့.. လူ
March 8, 2011 at 1:40 pm
ကိုခိုင်ရေ… မြန်မာပြည်နဲ့ ကင်းကွာခဲ့တာ ကြာပြီထင်ပါရဲ့။ ယခု ရန်ကုန်မြို့ပေါ်မှာ ကာရာအိုကေတွေ၊ စားသောက်ဆိုင်တွေမှာ အလုပ်လုပ်နေကြတဲ့ မိန်းကလေးအများစုဟာ မြို့သူတွေမဟုတ်တဲ့ နယ်ကသူတွေပဲ များပါတယ်။ ခု ကိုခိုင်ပြောတာကို ဖတ်ကြည့်ရင်းနဲ့ အတွေးတစ်ခုတော့ ပေါက်မိသား…။
ဇာတ်လမ်းတွေမှာ ဇာတ်နာအောင် ရိုက်ပြရင်းနဲ့ ကျေးလက်က မိန်းကလေးတွေက အတုယူမှားလာတာပဲလား? ဒီလိုအဖြစ်တွေရှိလို့ပဲ ဇာတ်လမ်းတွေက နာစရာကောင်းအောင် ရိုက်လာကြတာလားမသိတော့ပါဘူး။ သေချာတာကတော့ ဒါတွေက ဟိုးအရင်ကတည်းက ဖြစ်ခဲ့၊ လက်ရှိဖြစ်နေဆဲ၊ နောင်လဲဖြစ်နေဦးမယ့် ထူးမခြားနား ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုအနေနဲ့ ရှိနေဦးမှာပါ။ ယနေ့ခေတ်ကာလလို အကြားအမြင်ကျယ်ပြန့်လာနေတဲ့ ကျေးလက်နေ လူတန်းစားတွေကြားမှာ သူတို့ကိုယ်တိုင်ကလဲ မလုပ်သင့်ဘူးလို့ နားလည်သဘောပေါက်နေလောက်ပါပြီ၊ ဘာလို့လဲဆိုတော့ အများက ကဲ့ရဲ့တဲ့ လုပ်ငန်းမျိုးဖြစ်နေလို့ပါ။ ဒါပေမယ့် သူတို့တွေ သူတို့ဘဝကို သူတို့ရွေးချယ်ပြီး လျှောက်လှမ်းနေကြတာဖြစ်လို့ မညှာတမ်း ပြောပြရမယ်ဆိုရင် စာနာသနားခြင်း နည်းနည်းမှ မရှိပါခင်ဗျား။ လူဆင်းရဲမှာကို မကြောက်ဘဲ ကိုယ်ကျင့်တရားဆင်းရဲသွားမှာကို ကြောက်လို့ အထည်ချုပ်စက်ရုံတွေမှာ အပင်ပန်းခံလုပ်နေတဲ့ မိန်းကလေးတစ်ယောက်နဲ့ အဲလိုမိန်းကလေး၁ဝ ယောက်ရဲ့တန်ဖိုး လားလားမျှ မထိုက်တန်ပါကြောင်း။
ကျေးလက်နေ လူတန်းစားရဲ့အကြောင်းကို သိချင်တယ်ဆိုရင်ဖြင့် (၂)မျိုးရှိနေပါတယ်။ ရှေးယခင်က နွားလှည်းနဲ့ ခရီးသွား၊ လယ်သူရင်းငှားလိုက်၊ ပျိုးနှုတ် အစရှိတဲ့ ယခင်ကျေးလက်နေ လူတန်းစားအကြောင်းပဲ ပြောပြရမလား၊ ယခုလက်ရှိ မော်တော်ဆိုင်ကယ်ကိုယ်စီ၊ ဒိန်းဒေါင်း(ထော်လာဂျီ)သံ တညံညံနဲ့ စပါးပွဲစား၊ ပဲပွဲစား၊ ၂ လုံး/ ၃ လုံးဒိုင်တွေလုပ်၊ လယ်အလုပ်က ပင်ပန်းဆင်းရဲလို့ဆိုပြီး လယ်တွေရောင်း၊ သား/သမီးတွေကို နိုင်ငံခြားပို့ပြီး ပြန်ပို့လာတဲ့ ငွေတွေနဲ့ တစ်နိုင်စီးပွားရေးတွေလုပ်နေတဲ့ ကျေးလက်မဟုတ်တော့တဲ့ Modern ကျေးလက်အကြောင်းပဲ ပြောရမလား စဉ်းစားရခက်နေလို့ပါ။ 😀
MaMa
March 8, 2011 at 3:43 pm
လက်ရှိအခြေအနေကို ထင်ဟပ်ပြတာ အကောင်းဆုံးပါပဲ losser ရေ။ နွားလှည်းနဲ့ ခရီးသွားတာ မရှိတော့ပေမယ့် နွားနဲ့တော့ လယ်ထွန်ရတုန်းပါပဲ။ တလင်းနယ်တဲ့နေရာမှာတော့ ချွေလှေ့စက်တွေ သုံးနေပြီလေ။ တောနေလူတန်းစားဆိုပြီး အထင်မသေးနဲ့။ နိုင်ငံခြားရောက်နေတဲ့ မိသားစုဝင်တွေမှ အများကြီး။ မလေးမှာ သွားအလုပ်လုပ်သူရှိသလို စင်္ကာပူသွား ကျောင်းတက်နေသူတွေလည်း ရှိသေးတယ်။ US တော့ သိပ်မသိဘူး။ nursing တက်ပြီး ဆေးရုံတွေမှာ အလုပ်သွားလုပ်နေသူတွေလည်း များသား။ စိတ်မကောင်းစရာတစ်ခုက အိမ်ဖော်သွားလုပ်နေကြတဲ့သူတွေလည်း ရှိပါတယ်။
ရှူံးနိမ့်မှုများနဲ့.. လူ
March 8, 2011 at 11:39 pm
အဟင်းးးး… ကျွန်တော့်ကိုလဲ လူစာလို့ ဘို်လိုနာမည်ပေးလိုက်လို့ ကင်ပွန်းတပ်ပွဲလေးတောင်လုပ်ရမလားမသိ 😀
လူစာကနေ လူစွာ ဖြစ်မှန်းမသိဖြစ်နေပြီ.. ဒီနေ့ကစလို့ သူများတွေကိုလိုက်မန့်နေတာ ရပ်တန်းကရပ်ထားမှဖြစ်မယ်
ကိုယ်ပိုင် Post တင်ချင်ပေမယ့် အကြောင်းအရာကောင်းကောင်း၊ အထောက်အထားကောင်းကောင်း မတင်နိုင်သေးတော့ စာဖတ်သူတွေကို အားနာလို့ နောင်များမှပဲ ပြန်ပေါ်လာတော့မယ့်အကြောင်း ဒီနေရာကနေပဲ သတင်းကောင်းပါးအပ်ပါတယ်ဗျာ..။ ချစ်သူ၊ မုန်းသူများ ပြုံးပျော်နိုင်ကြပါစေ… :))
MaMa
March 9, 2011 at 2:08 am
ဘိုလိုနာမည်ပေးတယ်တော့ မထင်ပါနဲ့။ ရှုံးနိမ့်မှုများနဲ့…..လူ လို့ ရေးရတာထက်စာရင် အဓိပ္ပါယ်တူ loser လို့ ရေးရတာက လွယ်နေလို့ပါ။ သူများရေးတာတွေလို့ လိုက်ရေးမိပါတယ်။ မကြိုက်ရင်လဲ sorry ပါ။
MaMa
March 9, 2011 at 2:10 am
နာမည်ပေး ကင်မွန်းတပ်ပွဲ လုပ်ပြီး ကျွေးရင်လည်း welcome ပါ။
ရှူံးနိမ့်မှုများနဲ့.. လူ
March 9, 2011 at 12:23 pm
Sorry ပါနော် Ma Ma ခင်ဗျား။ ကျွန်တော်က ကိုယ့်ဖာသာပြောချင်တာနဲ့ MaMa ပြောတာနဲ့ရောသွားတော့ တစ်မျိုးသဘောပေါက်သွားတယ်ထင်ပါရဲ့။ အဆင်ပြေသလို ခေါ်နိုင်ပါတယ်ဗျာ။ ခုတစ်လော ဒီထဲမှာ အခြေအတင်တွေပဲ ဖြစ်နေကြတာမြင်တော့ ကိုယ်ပါ ဝင်ပါသွားမှာစိုးလို့ ဘေးထွက်နေတာပဲ ကောင်းတယ်လို့ ဆုံးဖြတ်မိတာကို ပြောရင်း အခန့်မသင့် တိုက်ဆိုင်သွားတာပါ။