“ပါဝင်ကပြ ကြည့်ရူ့အားပေး ဝေဖန်သုံးသပ်”(အပိုင်းလေး) (မနန်း)
“ပါဝင်ကပြ ကြည့်ရူ့အားပေး ဝေဖန်သုံးသပ်”(အပိုင်းလေး) (မနန်း)
(ဘဝအပိုင်းလေး- မနန်း)
မနန်း ဖွင့်ထားတဲ့ စည်ဘီယာနဲ့အသားကင်ဆိုင်လေးကတော့ ညနက်လေလူစည်လေပါဘဲ။
ညည ကေတီဗွီကအပြန်မှာ “စင်တင်မယ်”ခပ်လန်းလန်းခပ်ဟော့ဟော့ကလေးမလေးတွေက မနန်းဆိုင်မှာလာထိုင်လေ့ရှိပါတယ်။
သူတို့ဆိုင်တွေကအလုပ်ပြီးလို့အပြန် သူတို့နဲ့ချိတ်ထားတဲ့သူတွေ နဲ့တွေ့ဘို့ ၊
တချို့ကလဲ သူတို့ကိုခေါ်မယ့်သူနောက်ကိုလိုက်ဘို့ မနန်းဆိုင်မှာစုရပ်လာလုပ်ကြတာပါ။
ပေါ့ပေါ့နေပေါ့ပေါ့စား ရသမျှအကုန်သုံး ရလာတဲ့ပိုက်ဆံတွေကို မစုဘဲအကုန်ဖြူန်းနေတဲ့ကလေးမ
များကို တွေ့ရင် သူတို့အစားမနန်းရင်မောပါတယ်။
“နင်တို့ဒီလိုဘဝကြီးထဲမှာအပြီးနေကြတော့မှာလား”လို့ သူတို့ ကိုမေးချင်ပါတယ်။
ဘာလို့လဲဆိုတော့ လွန်ခဲ့သော နှစ်များစွာက မနန်းကိုယ်တိုင်ကလဲ သူတို့လိုဘဝမှာကျင်လည်လာခဲ့တာကိုး။
လွန်ခဲ့သောနှစ်ပေါင်း 20စွန်းစွန်းလောက်တုန်းက နန်းစိန်ဆိုတဲ့ ခပ်အအကောင်မလေးတစ်ယောက်
အောက်ပြည်အောက်ရွာကနေ အလုပ်ရှာပေးမယ်ဆိုတဲ့ပွဲစားမရဲ့စကားလေးကိုယုံစားလို့ တစ်ခါမှမရောက်ဘူးတဲ့မန္တလေးမြို့ကြီးကိုယောင်လည်လည်နဲ့ရောက်လာခဲ့ပါတယ်။
အိမ်မှာမိသားစုကများ စားဝတ်နေရေးအဆင်မပြေတော့ အိမ်ရှိလူကုန်အလုပ်လုပ်ဘို့ ကြံရတော့တာပေါ့။
မွေးရပ်မြေမှာအဆင်မပြေတော့ ပွဲစားအကူအညီနဲ့ တနယ်တကျေုးကို သွားပြီးလုပ်နိုင်အောင်စွန့်စားခဲ့ရပါတယ်။
မန်းလေးကိုစရောက်ရောက်ခြင်း စလုပ်ရတဲ့အလုပ်က ထမင်းဆိုင်မှာ ပုဂံဆေးရတဲ့အလုပ်ပါ။
ထမင်းစားရတယ် နေစရာပေးတယ် ရတဲ့လခကိုစုပြီး အမေတို့ဆီပို့ပေးလိုက်ရုံဆိုတော့ အဆင်ပြေပါတယ်။
အဲဒီဆိုင်ရောက်လို့လေးငါးခြောက်လကြာလို့နေသားလဲကျနေရော ပွဲစားမက ကျမအမေနေမကောင်းလို့ဆိုပြီး ပြန်လာခေါ်တော့ ဘုမသိ ဘမသိနဲ့ကျမ သူ့နောက်လိုက်ခဲ့ရပြန်ပါတယ်။
ရွာပြန်မယ်ဆိုလို့ အဟုတ်မှတ်ပြီးပျော်နေတာ တကယ်တော့ ပွဲစားမက လူလယ်လုပ်ပြီး
ကျမကိုနောက်တစ်ဆိုင်ကို ပွဲခယူပြီးထပ်ပို့တာပါ။
နောက်ဆိုင်ကလဲထမင်းဆိုင်ပါဘဲ။
ဒါပေမယ့်အရင်ဆိုင်က ထမင်းသက်သက်ဘဲရောင်းတာ။
အခုဆိုင်ကတော့အရက်လဲတွဲရောင်းသလို လာတဲ့ဧည့်သည်ကို ကောင်မလေးတွေနဲ့လဲဧည့်ခံပေးတယ်လေ။
ဖွင့်တာကတော့ ကားဂိတ်နားမှာဆိုတော့ လူအမြဲစည်ကားနေပါတယ်။
ရောင်းလဲတော်တော်လေးရောင်းရတဲ့ဆိုင်လေးပါ။
အစက ထမင်း ဟင်းချက်တဲ့နေရာမှာထားပါတယ်။
ဖြူဖြူသန့်သန့် စကားပြောတာလဲညက် ကြောက်လဲမကြောက်တတ်တဲ့မနန်းကို
နောက်တော့ ဧည့်သည်တွေကိုဧည့်ခံဘို့ ပိုင်ရှင် အမကြီးကပြောပါတယ်။
မနန်းလဲ အစကတော့ငြင်းပါသေးတယ် အေးအေးဆေးဆေးဘဲနေချင်လို့ပါ။
ဒါပေမယ့် အပြင်ထွက်ဧည့်ခံရင် လခလဲပိုရမယ်
ကိုယ်တာဝန်ယူရတဲ့ ဧည့်သည်တွေက ဟင်းများများမှာအရက်များများသောက် ပိုက်ဆံများများသုံးရင်သုံးသလောက်ကော်မရှင်လဲရအုံးမယ်
နောက်ဧည့်သည်ကျေနပ်လို့ပေးတဲ့ဘောက်ဆူးလဲရမယ်ဆိုတော့ ခေါင်းငြိမ့်လိုက်ရပါတယ်။
ဒါပေမယ့်နောက်ဆက်တွဲမှာတဲ့စကားကတော့ဧည့်သည်ကို သီးခံရမယ်
သူတို့စိတ်ကျေနပ်အောင်အပေါ်ယံလောက်ကတော့ခွင့်ပြုရပါမယ်တဲ့။
စစခြင်းတုံးက တော့ မနန်းတော်တော်လေးစိတ်လေပါတယ်။
မျက်စေ့အကျင့်နားအကျင့်မရှိတော့ စိတ်လဲကျဉ်းကျပ်ပါတယ်။
ဒါပေမယ့် ညအိပ်ယာထဲရောက်တော့ ခါးကြားမှာလိပ်ထားတဲ့ ပိုက်ဆံလေးတွေ
ကိုလက်နဲ့ပွတ်ရချိန်မှာတော့ နေ့လည်က အဆင်မပြေသမျှကိုမေ့ထားလို့ရပါတယ်။
ဧည့်သည်တွေနဲ့ထမင်းဝိုင်းမှာအတူထိုင် သူတို့ကြွေးတာကိုစားရေလိုက်ငါးလိုက်
စကားတွေပြော သားပြောမယားပြောတာကိုခံ။
လျှို့ဝှက်ထားရမှာတွေကို ဟိုမေးဒီမေးပေါက်ကရပြောတာကိုလဲပါးစပ်ထဲရှိတာဖြေ။
လူကိုဖက်ထားတာ ပါးနမ်းတာအပရိကလောက်ကို ဟိုထိဒီထိလုပ်တာလောက်ကတော့
ငြိမ်ခံနေရပါတယ်။ဒါမှလဲသူတို့အိတ်ထဲက ပိုက်ဆံက ကိုယ့်ခါးကြားထဲရောက်လာမှာကိုး။
ဒီထက်လွန်ကဲလာရင်တော့ အလိမ္မာသုံးရပါတယ်။
ထုံးစံကတော့ ယောက်ျားဆိုတာမူးလာရင် ယစ်လာရင် လူကိုလဲရစ်တာထုံးစံပေါ့။
မနန်းဒီအလုပ်မှာ တစ်နှစ်လောက်ကြာတော့ ပိုက်ဆံတော်တော်လေးစုမိချိန်မှာ ထမင်းဆိုင်မှာ
မိန်းကလေးတွေမထားရတော့ဘူးဆိုပြီးအမိန့်တွေထွက်လာတော့ မနန်းတို့တဖွဲ့လုံး ပုန်းရှိူးကွယ်ရှိူး
လုပ်ရတဲ့ ဘဝကိုရောက်သွားပါတယ်။
အရင်က အိန္ဒြေရရလုပ်နေတာကနေ ပုန်းရှိုးကွယ်ရှိုး ခိုးလုပ်ရတဲ့ဘဝကိုရောက်သွားကြပါတော့တယ်။
ဒီတော့ အရင်ကလောက်တော့ ဝင်ငွေမကောင်းတာလဲအမှန်။
အဲဒီအချိန်မှာ မနန်းတို့ လို လူတန်းစားထဲကတစ်ချို့က အပေါ်ယံလိုက်လျောယုံတင်မကဘဲ
ကြေးစားဖြစ်ပြီး ပျက်စီးသွားတဲ့ကောင်မလေးတွေလဲရှိလာပါတယ်။
ကံကောင်းခြင်တော့ မန္တလေးတောင်ခြေနားမှာ စားသောက်ဆိုင်အသစ်ပေါ်လာပါတယ်။
မနန်းတို့အဲဒီဆိုင်မှာအလုပ်ဝင်လျှောက်တာ သီချင်းဆိုတတ်တယ်ဆိုလိုအလုပ်ရလိုက်ပါတယ်။
ဒီဆိုင်မှာက သီချင်းဆိုရတဲ့ စင်တင်ဂီတလဲပါ ပါတယ်။
အဲဒီအချိန်မှာမန်းလေးမှာကျောက်စိမ်းသူဌေးခေတ်ထတဲ့ကျောက်သမားမျက်နှာပွင့်တဲ့အချိန်ပေါ့။
စင်ပေါ်မှာ မနန်းတို့လို့ကောင်မလေးတွေက သီချင်းဆို အောက်က ထမင်းဝိုင်းက ဧည့်သည်တွေက
အားပေး အပြိုင်အဆိုင်ပန်းကုံးတွေစွပ် သရဖူတွေတင်ပြီးဆုတွေချကြ။
အပြိုင်အဆိုင်ဖြုန်းပြကြနဲ့ မနန်းတို့အတွက်ရတနာပုံဆိုက်တဲ့ခေတ်လက်ဖျားမှာငွေတွေသီးနေတဲ့ခေတ်လို့
တောင်ပြောနိုင်ပါတယ်။
မနန်းတို့အဆိုတော်တွေက သီချင်းဆိုနေချိန်မှာ လာဆုချတဲ့ပန်းကုံးတွေ သရဖူတွေများရင်များသလောက်
ဝင်ငွေတိုးပါတယ်။ပန်းကုံးတစ်ကုံးကို ဘယ်လောက် သရဖူတစ်ခုဆိုရင်ဘယ်လောက်၊နောက်နာမယ်တတ်ပြီး
သီချင်းတောင်းဆိုခံရရင်ဘယ်လောက်ဆိုပြီးကြေးသတ်မှတ်လို့ရတာကိုး။
အရင်ဆယ်ဂဏန်းနောက်တော့ ထောင်ဂဏန်းကနေ မနန်းတစ်ညဝင်ငွေက တစ်ခါတစ်ရံမှာ သောင်းဂဏန်းထိရောက်လာပါတယ်။
သူတို့ပေးတဲ့လခဆိုတာကမနန်းတို့လက်တိုလက်တောင်းခိုင်းတဲ့ကောင်လေးတွေကိုပေးတဲ့မုန့်ဘိုးဖြစ်သွားပါတယ်။ ပိုကောင်းသွားတာက 26ဘီလမ်းနဲ့လမ်း80ကျုံးဒေါင့်က ကျုံးရေပြင်ပေါ်မှာ စင်တွေထိုးပြီး
” ရေပေါ်တီးဝိုင်း“ပေါ်လာတာပါဘဲ။
အရင်က မန်းလေးတောင်ခြေမှာကသွားရလာရတာဝေးနေတော့ လာတဲ့သူနည်းပါတယ်။
အခုမြို့လည်ခေါင်မှာဆိုတော့ လာတဲ့သူများပြီး ဝင်ငွေပိုကောင်းလာပါတယ်။
ဒါပေမယ့်အရင်နေရာဟောင်းမှာကတော့ တကဲ့ကိုသုံးနိုင်ဖြုန်းနိုင်တဲ့လောပန်းတွေဘဲလာတယ်ဆိုတော့
ရတဲ့နေများဆိုရင် စို့စို့ပို့ပို့လေးရပါတယ်။
မကောင်းတာကတော့ ဒီ “ရေပေါ်”ကိုရောက်လာတဲ့အခါ ကိုယ့်အထဲက ဝန်ထမ်းတချို့က မနန်းတို့ကို
အပြင်က ပိုက်ဆံတတ်နိုင်သူတွေကိုပျော်တော်ဆက်ပေးဘို့ အောင်သွယ်လုပ်ပေးတော့တာပါ
ဘဲ။ရတဲ့ငွေကလဲမက်လောက်စရာဆိုတော့ လက်ခံတဲ့သူတွေကလဲလက်ခံပါတယ်။
အဲဒီတုန်းက မြို့သစ်က သိပ်မစည်ကားသေးပါဘူး။
မနန်းတို့ကို သိပ္ပွံလမ်း 68လမ်းလောက်မှာ ရှိတဲ့ ဝင်းခြံကျယ်ကျယ်နဲ့တိုက်တစ်လုံးမှာငှားပေးထားပါတယ်။
အဆောင်လိုစုနေရတာပေါ့။
ညနေလာကြိုတယ် ညပြန်ပို့တယ်ပေါ့။
ညနေရောက်တာနဲ့ မနန်းတို့အုပ်စုလိုက်ကြီး လှလှပပနဲ့ မိုက်သထက်မိုက်အောင်ပြင်ဆင်ပြီးကားနဲ့လိုက်။
သီချင်းတွေဆို ကြ ကကြ ။
ကိုယ်ကို ပန်းကုံးတွေ သရဖူတွေ ပိုက်ဆံတွေဆုချအောင် စင်ပေါ်ကနေ ညုတုတုလုပ်ပြီး အီပြကြ။
အဆင်တွေကိုပြေလို့ပါ။
လာပြီးအားပေးကြတဲ့တကယ်လောပန်းရော လောပန်းအယောင်ဆောင်ရော လောပန်းလောင်းရော
လောပန်းမဟုတ်တဲ့သူရော မနန်းတို့ကိုမျှော်လင့်ချက်တစ်ခုထားလို့ သုံးလိုက်စွဲလိုက်ဆုတွေချလိုက်
ကြတာငွေတွေမှဖွေးနေတာ ပါဘဲ။
ရလိုက်တဲ့ ပိုက်ဆံကို စုသူလဲစု သုံးသူကလဲ ပက်ပက်စက်စက်ကိုသုံးပေါ့။
သုံးတဲ့လူများပါတယ်။
ညအလုပ်သိမ်းလို့ပြန်ချိန်ကတော့ သန်းခေါင်ယံနီးနီးရောက်ပါပြီ။
မနန်းတို့က အပြန်မှာ ညလယ်စာစားကြဘို့ ရယ် 35လမ်းက မိုးအလင်းဆို်င်တွေကိုဝင်ပါတယ်။
မနန်းတို့ ကိုတွေ့ချင်သူ စကားပြောချင် သူစောင်မကြည့်ရူ့ချင်သူ
ကိုယ်ဖိရင်ဖိ ပြုစုချင်သူ ညမှာတစ်ယောက်ထဲနေရမှာကြောက်လို့ အဖော်အဖြစ်ခေါ်ချင်သူများက
ဒီမှာလာလို့ မနန်းတို့အပြန်ကိုစောင့်ပါတယ်။
မနန်းတို့ကလဲ စားရင်းသောက်ရင်း ဟိုရောက်ဒီရောက်စကားတွေပြောကြရင်းက ခေါ်ချင်သူနဲ့လိုက်ချင်သူတို့ ညှိကြပါတယ်။
နောက်တော့လဲ လိုက်ချင်သူကပါသွားပြီး မနန်းတို့လိုမလိုက်တဲ့သူတွေကတော့ အဆောင်ပြန်ပေါ့။
မနန်းကော မလိုက်ခဲ့ဘူးလားလို့မေးရင် လိုက်ခဲ့ဘူးတယ်လို့ဖြေရမှာပါဘဲ။
မနန်းဘဝကို မြင့်အောင်မြှ့င်တင်ပေးနိုင်မယ့်သူလို့ ထင်ရတဲ့သူနဲ့ လက်တွဲခဲ့ဘူးပါတယ်။
သူကတော့ မနန်းကို ငွေကြေးလက်ဆောင်ပဏ္ဏာတွေကို ပေးခဲ့ကမ်းခဲ့၊
မနန်းကတော့ သူ့ကိုမနန်းရဲ့ဘဝတစ်ခုလုံးပေးခဲ့ရသလိုပါဘဲ။
နောက်တော့လဲ ထုံးစံအတိုင်းမနန်းတို့လိုလူစားမျုးိတွေကို ထားသွားခဲ့တာပါဘဲ။
ဒီလိုမနန်းတို့တစ်ထောက်နားတဲ့ဆိုင်မျုးိတွေက လမ်း30အရှေ့ထိပ်66-67လမ်းလောက်
က အသားကင်နဲ့ဘီယာဆိုင်တွေအဖြစ်ပြောင်းဖွင့်လာကြတော့ မနန်းတို့လဲ အဲဒီဘက်ကို
ပြောင်းထိုင်ကြပါတယ်။
အဲဒီလမ်း30ဘက်က ဆိုင်ကိုစပြောင်းစအချိန်မှာ မနန်းတစ်ယောက်”သူ”နဲ့ခွဲရလို့
အသဲကွဲနေချိန်စိတ်တွေလေနေချိန်ပေါ့။
မနန်းတို့ထိုင်နေကျ ဆိုင်က “မမရွှေ”နဲ့ခင်မင်လာရပါတယ်။
မနန်းကလဲ စိတ်ညစ်ရတာရော အသဲကွဲနေတာရော ဒီဘဝကလွတ်ချင်တာတာတွေရော ကိုယ့်ဘဝအကြောင်းတွေရင်ဖွင့်မိပါတယ်။
သူကလည်းမနန်းကိုအားပေးပါတယ်။
နောက်နေ့လည်ခင်းအားချိန်ဆိုရင် သူ့ဆိုင်ကိုလာခိုင်းပြီး အသားကင်လုပ်တာတွေ
ရောင်းတာဝယ်တာတွေသင်ပေးပါတယ်။
သူနဲ့တွေ့ပြီး သုံးနှစ်လောက်အရောက်မှာခေါက်ဆွဲ ဆိုင်ဆက်မဖွင့်ချင်တော့တဲ့သူတစ်ယောက်ဆီကနေ
“မမရွှေ “ရဲ့ကူညီစောင်မမှု့နဲ့ အဲဒီဆိုင်လေးကို မနန်း ဝယ်လို်က်ပါတယ်။
အစကတော့ ရောင်းရတာ စိတ်ပျက်စရာချောက်တီးချောက်ချက်။
အရင်းတောင်ပြန်မရချင်ဘူး။
မမရွှေကတော့ အားမလျှော့ဘိုး ကြိုးစားဘို့ အားပေးပါတယ်။
နောက်တော့ အရက်ကလေးဘီယာလေးတွဲရောင်းအပေါင်းအသင်းဟောင်းတွေကလာအားပေးတော့
ဘဝလေးက စိုပြေလို့လာပါတယ်။
အိမ်ထောင်ကတော့မပြုချင်တော့ပါဘူး။
နောင်ကျဉ်သွားသလိုဘဲ ထပ်အညာခံရမှာစိုးတယ်လေ။
နယ်မှာရှိတဲ့မိဘတွေကို အားလုံးဒီမှာခေါ်ပြီးညီအမတစ်တွေဝိုင်းလုပ်ကြတာပေါ့။
အခုခေတ်မှာလဲ မနန်းတို့တုန်းကလို ဘဝတွေရှိနေတုန်းပါဘဲ။
နှစ်တွေသာကြာသွားတယ် မနန်းတို့လို့ လူတွေလဲရှိနေတုန်းပါဘဲ။
သူတို့လေးတွေက မနန်းတို့တုန်းကထက်ပိုဟော့တယ် လန်းတယ်
ပိုလဲကဲတယ် ထင်တာဘဲ။
ရှာရသမျှကို အကုန်သုံးဖြုန်းနေကြတဲ့ သူတို့လေးတွေကိုမြင်ရင် မနန်းသူတို့အစား
ရင်မောပါတယ်။
တွေ့သမျှထဲက နားထောင်လောက်မယ်ထင်သူကိုတော့ မနန်းဘဝနဲ့ယှဉ်ပြီး
ပြောပြပါတယ်။ပြောင်းနိုင်တယ်ဆိုရင်အခွင့်အရေးရတယ်ဆိုရင်ပြောင်းဘို့ပေါ့။
ဒါပေမယ့်လည်းကံကြမ္မာမျက်နှာသာပေးဘို့ကလဲ လိုသေးတယ်လို့ထင်ပါတယ်။
ကိုယ်ပြောင်းချင်တယ်ဆိုတာ “အပ်ချလောင်း”လို့အော်တာနဲ့ပြောင်းသွားတာမှမဟုတ်တာဘဲနော်.။
(ဆက်လက်ဖော်ပြပါမည်)
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး