“ပါဝင်ကပြ ကြည့်ရူ့အားပေး ဝေဖန်သုံးသပ်”(အပိုင်းငါး) (ဖက်ဖက် သို့မဟုတ် မေခင်လေး)
“ပါဝင်ကပြ ကြည့်ရူ့အားပေး ဝေဖန်သုံးသပ်”(အပိုင်းငါး)
(ဖက်ဖက် သို့မဟုတ် မေခင်လေး)
(ဘဝအပိုင်းငါး- ဖက်ဖက် သို့မဟုတ် မေခင်လေး)
မေခင်ဆယ်တန်းဖြေပြီးစမှာ ယိုးဒယားဘက်ကိုအလည်ခဏရောက်သွားခဲ့တယ်။
ရောက်ဆိုမေခင်တို့ ဘားအံဘက်ကလူတွေက ဟိုဘက်ကို သွားချည်ပြန်ချည်လုပ်နေတာ
မဆန်းပါဘူး။
အဲဒီမှာ အလည်သွားရင်း အမတွေကလဲ အလကားနေအလကားဆိုပြောတာနဲ့အလုပ်ဝင်လုပ်ပါတယ်။
အနှိပ်ခန်းတစ်ခုမှာပေါ့။
အစကတော့တောက်တိုမယ်ရ။
နောက်တော့ အမတွေက ဘယ်လိုလုပ်ဘယ်လိုကိုင်ဆိုတာကို သင်ပေးပါတယ်။
မေခင်တို့ လုပ်တဲ့ဆိုင်က တကယ့်သန့်သန့်လေးပါ။
ဒါပေမယ့်အောင်စာရင်းထွက်တော့အိမ်ပြန်လာရပါတယ်။
အဲဒီနှစ်က မေခင်ဆယ်တန်းကျပါတယ်။
နောက်တစ်နှစ်ဆယ်တန်းပြန်တက်ပေမယ့် မေခင်စာထဲစိတ်မပါတော့ပါဘူး။
ဟိုဘက်မှာတုံးက ငွေဝင်အောင်ရှာတတ်လာပြီကိုး။
စာထဲမှာမှ စိတ်မဝင်စားတော့ ဆယ်တန်းထပ်ကျတာပေါ့။
အဲဒီအချိန်မှာ မေခင်ရီးစားလဲထားတတ်နေပါပြီ။
တစ်ရက်အိမ်ကမေခင်ကိုရီးစားထားတာရောဆယ်တန်းမအောင်တာရော
ပေါင်းပြီးအဆူခံရပါတယ်။
အဲဒါနဲ့ အိမ်ကိိုစိတ်ဆိုးပြီး မန္တလေးကိုအလုပ်သွားလုပ်မယ်ဆိုတဲ့အမကြီးနဲ့လိုက်လာခဲ့ပါတယ်။
အလှပြင်ဆို်င်အမည်ခံတဲ့ မာဆတ်ခေါ်အနှိပ်ခန်းကိုပေါ့။
မေခင်က နည်းနည်းကိုယ်လုံးပြည့်ပြည့် ဆိုတော့မေ့ခင်ကို ဖက်တီးမလေးလို့ခေါ်ရာကနေ
“ဖက်ဖက်”ဆိုပြီးချစ်စနိုးခေါ်တာကနေ “ဖက်ဖက်”ဆိုတဲ့နာမယ်ကတွင်သွားပါတယ်။
အဲဒီမှာခြောက်လလောက်လုပ်လို့ အဆင်ပြေခါစရှိသေးတယ် အိမ်ရှင်ကဆက်မငှားတော့ဘူးဆိုတော့
ဆိုင်ခဏပိတ်လိုက်ရပြန်ပါတယ်။
အဲဒီအခါမှာမေခင်ဖောက်သည် အကိုကြီးတစ်ယောက်က သူ့အသိဟိုတယ်မှာမေခင့်ကိုအပ်ပေးပါတယ်။
ဟိုတယ်က ခန်းခန်းနားနား ဈေးကလဲကြီးကြီး လာတဲ့သူတွေကလဲသုံးနိုင်ဖြုန်းနိုင်ခပ်ထည်ထည်ဆိုတော့
မေခင်လဲဝင်ငွေကောင်းပါတယ်။
ဒါပေမယ့် အရင်ဆိုင်မှာတုန်းက ဟိုဘက်ခန်းဒီဘက်ခန်း လိုက်ကာလေးဘဲခြားတော့ သိပ်ပြဿနာမရှိပါဘူး။
ဒီမှာကြတော့ ကိုယ့်အခန်းနဲ့ကိုယ်သီးသန့်ဆိုတော့ လွတ်လပ်ပါတယ်။
လွတ်လပ်တယ်ဆိုတော့လဲ ယေကျ်ားများရဲ့ ထုံးစံအတိုင်း “ကဲကဲလေး”ဇာတ်လမ်းတွေစသပေါ့။
ဒီတော့လဲ ရုးိရိုးကတစ်ဈေး၊မရှယ့်တရှယ်ကတစ်ဈေး၊လုံးဝရှယ်ကတစ်ဈေးပေါ့။
ဒါပေမယ့်မေခင်က မရှယ့်တရှယ်လောက်ထိဘဲအလုပ်လုပ်ပါတယ်။
အဲဒီမှာလုပ်နေတုန်းမေခင် ပိုက်ဆံတော်တော်လေးစုမိသလိုမေခင့်ဘဝကိုပြောင်းစေမယ့်
သူတစ်ယောက်နဲ့တွေ့လိုက်ရပါတယ်။
တစ်ရက်မေခင်ကို ဒီကိုပို့ပေးထားတဲ့ “ ကိုကြီး“ နဲ့ပါလာတဲ့သူတစ်ယောက်ကိုမေခင်ဧည့်ခံပေးရပါတယ်။
ထုံးစံအတိုင်း ဟိုမေးဒီမေးပြောရင်းဆိုရင်းက မေခင်ဆယ်တန်းမအောင်တာကိုသိသွားတဲ့အခါ
သူ့ပါးစပ်က ထွက်လာတဲ့မှတ်ချက်တွေက ဆယ်တန်းမအောင်ရင်လူမဟုတ်သလောက်ကို
မှတ်ချက်တွေ ပညာမတတ်ရင်လူမဟုတ်သလောက်ကို ပစ်ပစ်ခါခါပြောသွားပါတယ်။
ညရောက်တော့ နေ့လည်က သူပြောတာတွေကို ပြန်စဥ်းစားရင်းစိတ်တိုတာကနေ ဝမ်းနည်းလို့
မျက်ရည်တောင်လည်လာပါတယ်။
ဒီအကြောင်းတွေ“ ကိုကြီး“ ကိုပြောပြတော့
“သူပြောတာကိုမခံချင်ဘူးဆိုရင် သူပြောတဲ့အတိုင်းမဖြစ်အောင်လုပ်ပေါ့”တဲ့။
ဒါနဲ့ဘဲမေခင် “ ကိုကြီး“အကူအညီနဲ့ဆယ်တန်းပြန်ဖြေဘို့ ကျူရှင်တွေတက်စာတွေကျက်လုပ်ရပါတော့တယ်။
စိတ်ကဘဲမခံချင်လို့လား ကံကြမ္မာအလှည့်ကောင်းလို့လားတော့မသိဘူးမေခင်ဆယ်တန်းအောင်သွားပါတယ်။
ဒီမှာအလုပ်ဆက်လုပ်နေရင်းကနေပြီး အဝေးသင်တက္ကသို်လ်ကို “အီကို”မေဂျာနဲ့ကျောင်းဆက်တက်ပါတယ်။
ဒါပေမယ့်လည်း မေခင်အဖြစ်နဲ့ကျောင်းတက်နေပေမယ့် “ဖက်ဖက်”ဘဝနဲ့ဖောက်သည်များနဲ့ဆုံရင် စိတ်မလုံပါဘူး။ “ ငါ့အကြောင်းဘာတွေများပြောမလဲ“ ဆိုတဲ့အငုံ့စိတ်ကလေးနဲ့ပေါ့။
နောက်စာရင်းအင်းဝါသနာပါတဲ့မေခင်ကို “ ကိုကြီး“အစီအစဉ်နဲ့ခေတ်စားနေတဲ့ LCCI စာရင်းကိုင်သင်တန်းတက်ရပါတယ်။
“ ကိုကြီး“ကဒီလောက်ကူညီနေမှာတော့ မေခင်“ ကိုကြီး“ကိုကျေးဇူးတွေဆပ်ရ လိုက်လျောရတော့တာပေါ့။
သူ့ကြောင့်ချည်းဘဲလိုတော့မဆိုလိုပါဘူး။
မစွမ်းရင်းကလဲရှိ ကန်းစွန်းခင်းကလဲညှိချင်ချင်ကြောင့်ပါ။
သို့သော်လည်းပေါ့လေ“ ကိုကြီး“မှာအိမ်ထောင်ရှိပါတယ်။
မေခင်သူများအသိုက်အမြုံကိုလည်းမဖျက်ဆီးချင် မဖျက်ဆီးရက်ပါဘူး။
ဒါကြောင့်လဲ “ ကိုကြီး“ကိုမေခင့်ဘဝထဲအပြီးဝင်လာဘို့ မဆွယ်ပါဘူး။
တိုုတိုပြောရင်မေခင် LCCI လယ်ဗယ်(3)ပြီးတဲ့အချိန်မှာ ကုမ္ပဏီတစ်ခုကနေဝန်ထမ်းခေါ်တော့
မေခင်ဝင်လျှောက်တာ စာရင်းကိုင်အလုပ်ကိုမေခင် ရပါတယ်။
စာရင်းကိုင်အလုပ်က လက်ရှိအလုပ်လောက်ဝင်ငွေမကောင်းပေမယ့် မိန်းကလေးတစ်ယောက်အနေနဲ့
ဘဝလုံခြုံသော အိန္ဒြေရသော ဂုဏ်သိက္ခာရှိသောလူမြင်တင့်တယ်သောအလုပ်လို့ယုံကြည်တဲ့အတွက်
မေခင် ကျေနပ်စွာဝမ်းသာစွာနဲ့ရွေးချယ်ခဲ့ပါတယ်။
အဲဒီအချိန်ကစပြီး “ဖက်ဖက်”ဆိုတဲ့ဘဝဟောင်းထဲကနေ“ကိုကြီး“ဆိုတဲ့လူတစ်ယောက်အပါအဝင်အားလုံးကို
စွန့်လွှတ်လို့ မေခင်ဆိုတဲ့ အမည်သစ်နဲ့ဘဝသစ်ကိုစခဲ့ပါတယ်။
ဒါပေမယ့် “အတိတ်ဆိုတာ ဘယ်တော့မှ ပြန်ပြင်လို့မရဘူး”ဆိုတဲ့အတိုင်းပါဘဲတစ်ခါတစ်လေ
ကိုယ့်ကသိပ်မသိပေမယ့် လာနူတ်ဆက်တဲ့ယောက်ျားသားများကိုတွေ့ရင် “ ဖက်ဖက်“ဘဝက
သိခဲ့တဲ့လူလားဆိုပြီး စိတ်ထဲမှာစိုးရွှံ့စိတ်တွေပေါ်လာရတာကလဲ ခဏခဏပါ။
မေခင် ဒီအလုပ်မှာအဆင်လဲပြေ စိတ်လဲချမ်းသာပါတယ်။
ဝင်ငွေနည်းသွားပေမယ့်လည်း သမ္မာအာဇီဝကျတယ် လူမြင်တင့်တယ် တယ် ဂုဏ်သိက္ခာရှိတယ်
လူရာလဲဝင်တယ်ဆိုပြီးကျေနပ်နေခဲ့ရပါတယ်၊
ဒါပေမယ့် အတိတ်ရဲ့အရိပ်ဆိုတာ လူနောက်ကို လိုက်စမြဲပါ။
အစမ်းခန့်သုံးလ ပြီးလို့ အမြဲတမ်းအဖြစ်စာချုပ် ချုပ်ဘို့လုပ်ချိန်မှာတော့ မေခင်ကြေကွဲရပါတယ်။
မေခင့်အထက်က အုပ်ချုပ်သူအမကြီးက
“ သမီးရေ သမီး ကြိုးစားတာလဲသိတယ် တော်လည်းတော်တယ်။
ဒါပေမယ့် သမီးကိုဆက်ခန့်လို့ မဖြစ်တဲ့အကြောင်းကတော့ သမီးအရင်လုပ်ခဲ့တဲ့အလုပ်ကြောင့်ဘဲ။
ဒီမှာက ကုန်သည်တွေနဲ့ထိတွေ့ဆက်ဆံနေရတဲ့အလုပ်ဆိုတော့…………………….“
အမှန်ပြောရရင် အဲဒီနောက်မှာ အမကြီး ပြောနေတဲ့ချော့မော့နှစ်သိမ့်တဲ့ စကားတွေမေခင်ဘာမှ မကြားတော့တာအမှန်ပါ။
လူကလည်းထူပူပြီးနေရာတင်အငွေ့ပျံပြီးပျောက်သွားချင်လိုက်ပါတယ်။
အလုပ်ကနေ မောင်းထုတ်လိုက်တဲ့အတွက် သုံးလစာတော့ ပေးလိုက်ပါသေးတယ်။
အဆောင်ကိုပြန်ရောက်လို့ ကုတင်ပေါ်မှာ အရုပ်ကြိုးပြတ်လဲနေရင်းမျက်ရည်တွေကြားကနေစဥ်းစားမိပါတယ်။
အခြေအနေတစ်ခုအရ နိမ့်ကျတဲ့ မကောင်းဘူးဆိုတဲ့ဘဝကိုရောက်ခဲ့ရတယ်။
မှားခဲ့တယ်။အမှားကိုမြင်လို့ အမှန်ကိုုပြင်ဘို့ လုံးပန်းခဲ့တယ် ပြောင်းနိုင်အောင်ကြိုးလဲကြိုးစားခဲ့ပါတယ်။
နိမ့်ကျတဲ့ဘဝကနေ မြင့်အောင်ကြိုးစားလို့ပြောင်းချင်တာ ပြောင်းခဲ့တာကို ယဉ်ကျေးပါတယ်ဆိုတဲ့လူ့လောက
ကြီးက လက်မခံတော့ဘူးလား?
ပြောင်းလဲဘို့ အခွင့်အရေးလေးတောင်မပေးချင်တော့ဘူးလား?
မကောင်းတာလုပ်ခဲ့သူက သေတပန်သက်တဆုံး မကောင်းတာဘဲလုပ်တော့ဆိုတဲ့ စရိုက်သေ နဲ့ဘဲ နေရတော့မှာလား ?
ဆိုတာကိုပါ။
အခုတော့ အားလုံးကလက်ခံတဲ့ “ဖက်ဖက်”ဘဝမှာဘဲ ကျင်လည်လို့နေပါတော့တယ်။
တရားဝင်တာ မဝင်တာ ကောင်းတာ မကောင်းတာဆိုတာထက် ကိုယ့်ကို ကြည်ကြည်ဖြူဖြူလက်ခံတဲ့
နေရာမှာဘဲ ရပ်တည်နိုင်အောင်ကြိုးစားပါတော့မယ်နော်။
(ဆက်လက်ဖော်ပြပါမည်)
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
5 comments
search123
March 10, 2011 at 4:46 am
“နိမ့်ကျတဲ့ဘဝကနေ မြင့်အောင်ကြိုးစားလို့ပြောင်းချင်တာ ပြောင်းခဲ့တာကို ယဉ်ကျေးပါတယ်ဆိုတဲ့လူ့လောက
ကြီးက လက်မခံတော့ဘူးလား?
ပြောင်းလဲဘို့ အခွင့်အရေးလေးတောင်မပေးချင်တော့ဘူးလား?
မကောင်းတာလုပ်ခဲ့သူက သေတပန်သက်တဆုံး မကောင်းတာဘဲလုပ်တော့ဆိုတဲ့ စရိုက်သေ နဲ့ဘဲ နေရတော့မှာလား ?”
Good Question….
we need to change the opinions.
တညင်သား
March 10, 2011 at 11:53 am
ကျွန်တော် လဲ မသိဘူး ဒါပေမဲ့ ခြံ ခုံ တက်တဲ့ နွား က ခြံအမြဲ ခုံတက်ပါတယ် တောသား စကားနဲ့ ပြောတာပါ
unclegyi1974
March 10, 2011 at 4:16 pm
အမှန်ကဒီလောက်ထိကြိုးစားလာပြီးမှပတ်ဝန်းကျင်ကို
ပြောင်းလဲယူရမှာပါ
ဥပမာ ရန်ကုန်ကဆို မန္တလေးပြောင်း
နောက်ဆုံးစင်္ကာပူဖြစ်ဖြစ်ထွက်ရမှာပ
သူ့မှာလည်းစုမိဆောင်းမိရှိသားထွက်ဖို့အရင်းအနှီး
မရှိဖူးလား
ဒီလောက်နဲ့အရှုံးပေးမယ်ဆိုအစကတည်းကမကြိုး
စားပါနဲ့တော့
cherrykoko
March 13, 2011 at 3:14 pm
ဘဝ တွေကတော့စုံနေတာပါပဲ..ကိုယ်ကျင်လည်ရာပတ်ဝန်းကျင် ကိုယ့်ပင်ကိုုယ်အသိဉာဏ် ကိုယ့်စိတ်အခံပေါ်မူတည်ပြီး ရပ်တည်နေထိုင်ရတာပါပဲ… ဘယ်သူ့ကိုမှ မနှိမ်ချသင့် မရှုံ့ချ အပစ်မတင်သင့်ပါဘူး ထင်ပါတယ်….လူတိုင်းပာာဘဝပေးအခြေအနေ တွေကြားမှာရပ်တည် နေထိုင်ကြရတာပါ..
ကိုယ်ဖြစ်ချင်သလိုဖြစ်ခွင့်မရတာတွေအများကြီးပါ..အရေးကြီးတာက လက်ရှိရပ်တည်နေတဲ့အခြေအနေပါပဲ..လူလူချင်း ကိုယ်ချင်းစာစိတ် မေတ္တာစိတ် စာနာစိတ်လေးနဲ့ ဆက်ဆံနေထိုင်ကြမယ် ဆိုရင် လူလူချင်းစိတ်ဒဏ်ရာတွေ ပေးမိတော့မှာမပာုတ်ဘူးလို့ထင်မြင်မိ ပါတယ်..
etone
March 14, 2011 at 7:46 am
လူတိုင်းမှာ အတိတ်ဆိုတာ ရှိကြပါတယ် … ။ ပြန်ပြောလို့ကောင်းတဲ့ အတိတ်နဲ့ ပြန်မပြောလို့ကောင်းတဲ့ အတိတ်ဆိုတာသာ ကွာမှာပါ … ။ လူကောင်းဖြစ်အောင် တောင် သူ စိတ်ပိုင်းဖြတ်နိုင်ခဲ့သေးတာပဲ … ။ ဒီလောက်နဲ့ စိတ်ပျက်ပြ ီး ပြန်လှည့်သွားစရာမလိုပါဘူး ။ အဲ့ဒီကုမ္ပဏီက ထွက်ရတော့ရော.. နောက်အလုပ်မရနိုင်တော့ဘူးလား…။ ဘယ်အလုပ်ကမှ လက်မခံဘူးပဲ ထားပါတော့ … ကိုယ်ပိုင် ဆိုင်လေးဖွင့်ပြီး ကောင်းရောင်းကောင်းဝယ်လုပ်စားလို့ရပါတယ် … ။ တကယ်လူကောင်း လုပ်ချင်ရင်ပြောပါတယ် ။