ဂျပန်မှာ နျူကလီယာ စက်ရုံတွေ ပေါက်ကွဲလို့ မြန်မာနိုင်ငံမှာ အက်ဆစ်မိုး ရွာတော့မယ် ဆိုတဲ့ကိစ္စ။ (၁၅-၃-၂၀၁၁)

gigihanMarch 15, 20111min2047

ဂျပန်ဆူနာမီရဲ့ နောက်ဆက်တွဲတွေ
ဂျပန်နိုင်ငံ၊ Miyagi Prefacture မှာရှိတဲ့ Fukushima Power Plant ရဲ့ ဒုတိယ Radiation Reactor ဟာ မနေ့ည (၁၄-၃-၂၀၁၁)ည က ထပ်ပြီးပေါက်ကွဲ သွားပြန် ပါတယ်။ အခြေအနေတွေကတော့ ထိန်းမနိုင်တော့တဲ့ အခြေအနေဖြစ်ပါတယ်။ ဒါကို အကြောင်းပြုပြီး တိုကျိုမြို့ရဲ့မြောက်ဖက်ဒေသတွေမှာ ရေဒီယိုသတ္တိကြွမှု level တွေ မြင့်တက်လာတာကိုတွေ့ရတယ်လို့ ဒီကနေ့ (၁၅-၃-၂၀၁၁)ရက်နေ့ မနက် အစောကြီးသတင်းတွေမှာ ကြေငြာသွားခဲ့ပါတယ်။ ဒါနဲ့ တစ်ဆက်တည်း မနေ့ညကဘဲ ဂျပန်နိုင်ငံ၊ အနုမြူထိန်းသိမ်းရေးအေဂျင်စီဧဂျင်စီအကြီးအကဲက နိုင်ငံတကာအနုမြူ ဧဂျင်စီအဖွဲ့ IAEA နဲ့ အမေရိကန်ပြည်ထောင်စုတို့ကို ကျွမ်းကျင်မှု အကူအညီ တွေပေးဖို့ တရားဝင် တောင်းဆိုကြောင်း ကြေငြာသွားပြန်ပါတယ်။
ပြဿနာအစ
ဒီပြဿနာရဲ့အစကတော့ Nuclear Plant တွေ (၁၁-၃-၂၀၁၁)ရက်နေ့ ညနေပိုင်းက ဖြစ်ပေါ်ခဲ့တဲ့ ရေအောက်မြေငလျင် လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ဆူနာမီရေလှိုှု်င်းတွေ ထိရိုက်တာခံခဲ့ရလို့ Nuclear Plant တွေမှာ တပ်ဆင်ထားတဲ့ cooling system တွေ ချို့ယွင်းသွားရတာက စပါတယ်။ အဲဒီ အအေးခံစံနစ်တွေဟာ Nuclear Plant တွေမှာ သုံးထားတဲ့ အရေးကြီး အစိတ်အပိုင်းတွေဖြစ်ကြတဲ့ လောင်စာအချောင်းတွေ (Fuel Rods) ကို အပူချိန်တွေ တက်မလာရအောင် အအေးပေးတဲ့ စံနစ်တွေဖြစ်ပါတယ်။ Fuel Rod တွေဆိုတာက အရှည်(၄)မီတာ လောက်ရှိကြတဲ့ ရေဒီယိုသတ္တိကြွပစ္စည်းဖြစ်တဲ့ ယူရေနီယမ် (Uranium) သတ္ထုချောင်းတွေ ဖြစ်ပါတယ်။ သူတို့ဟာ အအေးခံမထားရင် အပူချိန် 1100°C လောက်အထိ အပူချိန်မြင့်တက် လာနိုင်ကြပြီး အရည်ပျော်ကျ (melt-down) ဖြစ်သွားနိုင် ပါတယ်။ အဲဒီလိုဆိုရင် ရေဒီယိုသတ္တိကြွ ရောင်ခြည်တွေ (Radioactive Radiations)တွေ အပြင်ကို ပျံ့လွင့်ရောက်ရှိလာနိုင်ကြပါတယ်။
ဖြစ်နို်င်တဲ့အကျိုးဆက်တွေ
အဲဒီလို ရေဒီယိုသတ္တိကြွတဲ့ရောင်ခြည်တွေဟာ လူသားတွေအတွက် အန္တရာယ် အလွန်ကြီးပါတယ်။ လူသားတွေကို ထိတွေ့မိရင် မအီမသာဖြစ်ခြင်း(nausea)၊ ဖျားနာခြင်း(fever)၊ ခန္ဒာအစိတ်အပိုင်းများ ထိခိုက်ပျက်စီးခြင်း(organ failure)၊ အသက်သေဆုံးနိုင်ခြင်း(death) စတာတွေကို ဓါတ်ရောင်ခြည်သင့်မှု အတိုင်းအတာ၊ ဓါတ်ရောင်ခြည် လေထုအတွင်း ပျံ့လွင့်မှုအတိုင်းအတာ တွေအပေါ်မူတည်ပြီး ဖြစ်စေနိုင် ပါတယ်။
ဘေးပတ်ဝန်းကျင်ကိုဘယ်လောက်ထိခိုက်စေနိုင်သလည်း
အမှန်တော့ ဒီလိုု ဓါတ်ရောင်ခြည်သင့်မှုဖြစ်ရပ်တွေဟာ ဖြစ်ပေါ်ရာဒေသ ပတ်ဝန်းကျင်သာ ဖြစ်စေတတ်တဲ့ဖြစ်စဉ် (localized incidence) တွေသာ ဖြစ်ပါတယ်။ အလွန်ဆုံး ဖြစ်တဲ့နေရာနဲ့ (၁၀၀)ကီလိုမီတာ အကွာအဝေးလောက်သာ အလွန်ဆုံး လောက်ဘဲ ပျံ့နှံ့လေ့ရှိပါတယ်။ အထူးသဖြင့် ဒီနေရာမှာ မိုးလေဝသဖြစ်စဉ်တွေက အလွန်အရေးပါလာပါတယ်။ ဥပမာအနေနဲကပြောရရင် ဖြစ်တဲ့ဒေသမှာ ရာသီဥတုဟာ မိုးရွာလို့ဖြစ်စေ၊ ဆီးနှင်းတွေကျနေလို့ဖြစ်စေ စွတ်စိုနေရင် ဒီဓါတ်ရောင်ခြည်တွေဟာ မိုးပေါက်တွေ၊ ဆီးနှင်းတွေနဲ့အတူ မြေပြင်ကို ကျသွားပြီး မပျံ့နှံ့နိုင်တော့ပါဘူး။ ဒါမှ မဟုတ် ရာသီဥတုက ခြောက်သွေ့နေရင်လည်း တိုက်ခတ်နေတဲ့ လေစီးကြောင်းတွေနဲ့ မျောပါသွားမယ်ဆိုလည်း သွားနိုင်ပါတယ်။ ဥပမာ အတိတ်မှာ ဒီလိုဖြစ်စဉ်တွေ ရှိခဲ့ဘူးပါတယ်။ အိန္ဒိယက Bopal Chernobyl (1984) နျူကလီယာ ဓါတ်ပေါင်းဖို ယိုစိမ့်မှု၊ ရုရှနိုင်ငံက Chernobyl(1986) နဲ့ Sakhalin(2004) ဒေသ နျူကလီယာ ဓါတ်ပေါင်းဖို ယိုစိမ့်မှု ဒါတွေအားလုံးဟာ ပတ်ဝန်းကျင် ဒေသများအထိ ပျံ့နှံ့မှုတွေ မရှိခဲ့ကြပါဘူး။ ဒါကြောင့် ဒီလိုဓါတ်ငွေ့ယိုစိမ့်မှုတွေဟာ အများအားဖြင့် ကိုယ့်ဒေသ တွင်း ဖြစ်ရပ်တွေ (Localised)သာ ဖြစ်ကြပါတယ်။
အနီးဆုံးနိုင်ငံရဲ့သဘောထား။
အခုနျူကလီးယားဓါတ်ရောင်ခြည်ယိုစိမ့်မှုတွေဖြစ်တဲ့ ဂျပန်နိုင်ငံ အရှေ့မြောက် ပိုင်းနဲ့ အနီးဆုံးနိုင်ငံဟာ ရုရှနိုင်ငံဖြစ်ပြီး၊ အနီးဆုံးဒေသဟာ အရှေ့ဖျားဒေသ ဖြစ်ပါတယ်။ ဒီဒေသမှာ ပြည်သူတွေကို ဓါတ်ရောင်ခြည်ပျံ့လွင့်လာနိုင်မှုနဲ့ ပတ်သက်ပြီး နိုးဆော်ချက်(Alert)တော့ လုပ်ထားပါတယ်။ ဒါပေမယ့် ဒီဓါတ်ရောင်ခြည်တွေရဲ့ ထိခိုက်မှုကတော့ နပ်စပ်ဒေသတွေမှာတောင် မပြောပလောက်နိုင်ပါဘူး (minimal) လို့ ခန့်မှန်းထားပါတယ်။
လက်ရှိ ဂျပန်နိုင်ငံမြောက်ပိုင်းရဲ့ ရာသီဥတုအခြေအနေ။
နျူကလီယာဓါတ်ပေါင်းဖို ဓါတ်ရောင်ခြည်တွေယိုစိမ့်နေတဲ့ဒေသမှာ ရာသီဥတုက အေးနေပြီး မိုးတွေ၊နှင်းတွေ နဲ့ လေပြင်းတွေတိုက်နေပါတယ်။ အပူချိန်တွေက ဂဏန်းတစ်လုံးအပူချိန် (single digit temperatures) တွေသာရှိနေပါတယ်။ မိုးတွေလည်း ရွာနေပါတယ်။ အထူးသဖြင့် လေပြင်းတွေတိုက်နေပါတယ်။ တိုက်တဲ့ လေပြင်းတွေက အနောက်လေပြင်းတွေ(westerly winds) တွေပါ။ ဒီတော့ အေးပြီး လေးနေတဲ့ လေထုကြောင့် ရောင်ခြည်တွေဟာ ဘေးကို သိပ်ဝေးဝေး မပျံ့နိုင်ကြပါဘူး။ လေယူရာနဲ့သွားမယ်ဆိုရင်လည်း ဂျပန်နိုင်ငံရဲ့အရှေ့ဖက် ပစိဖိတ်သမုဒ္ဒယာ ရေပြင်ကျယ်ကြီး ရှိရာကိုဘဲ ရွေ့သွားမှာဖြစ်ပါတယ်။
ဒီဖြစ်ရပ်က သင်ခန်းစာနဲ့ အတုယူစရာတွေ ၊
အခုဖြစ်ပေါ်ခဲ့တဲ့ ဂျပန်နိုင်ငံ ဆူနာမီဖြစ်ရပ်ကြီးမှာ သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေးနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ သင်ခန်းစာတွေကို တွေ့ရပါ တယ်။ ပထမတစ်ချက်ကတော့ အခုဖြစ်တဲ့ ဒေသတွေမှာ ဆူနာမီ အတွေ့အကြုံမရှိလို့၊ ကြိုတင်အကာအကွယ်မပြုကြလို့ ဒီလိုဖြစ်ရတာလို့ ထင်ရင် အများကြီး မှားပါလိမ့် မယ်။ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကြိုတင်သတိပေးစံနစ်တွေ၊ လေ့ကျင့်မှုတွေ အားလုံး ခေတ်မီတဲ့ နောက်ဆုံးပေါ်နည်းပညာတွေနဲ့ ကြိုကြိုတင်တင် လုပ်ထားခဲ့ကြ ပါတယ်။ (၁၀)မိတာလောက်မြင့်တဲ့ ရေတားနံရံကြီးတွေ(Retarding Walls) တွေကို လည်း ဆောက်လုပ်ထားပါတယ်။ ဒါပေမယ့် တကယ်ဖြစ်တော့ မကာကွယ်နိုင်ခဲ့ပါဘူး။ အကြောင်းကတော့ ဒါတွေကြောင့် ဖြစ်ပါတယ်။ (၁) ရေထိန်းနံရံတွေကို ယခင်ကတွေ့ကြုံဘူးတဲ့ ဆူနာမီရေလှိုှု်းအမြင့်နဲ့သာ တွက်ချက်ဆောက်လုပ်ထားတာ ဖြစ်တဲ့အတွက် အခု အပြင်းဆုံးမြေငလျင်နဲ့ ကြုံတဲ့အခါ မထိန်းနိုင်တော့တာကို တွေ့ရပါတယ်။ (၂) မြေငလျက်ဗဟိုချက်ဟာ ယခင်ကဖြစ်ပေါ်ခဲ့ဘူးတဲ့ မြေငလျင်ဒေသ ထက် ပိုကြီးပြီး ပိုးနီးတဲ့အတွက် ဆူနာမီရေလှိုင်းက အသွာနှုန်းပိုမြန်လာတဲ့အတွက် မြေငလျင်လှုပ်အပြီး (၃)မီနစ်လောက်အတွင်း ရေတွေ စဝင်လာပါတယ်။ (၁၀)မီနစ် လောက်မှာ ရေတွေစတက် လာပါတယ်။ (၃) ရေတွေက အလွန်မြန်ဆန်တဲ့ အသွားနှုန်းနဲ့ ဝင်လာတဲ့အခါ ကမ်းခြေအောက်ခံမြေပြင်ရဲ့ အနေအထားကြောင့် ရုတ်တရက် အမြင့်နှစ်ဆခန့် မြင့်တက်လာပြီး ကမ်းခြေကိုဝင်လာခဲ့တဲ့အတွက် ရေကာနံရံတွေကို ကျော်တက်သွားခဲ့ပါတယ်။ (၄) ဖြစ်ပေါ်ခဲ့တဲ့ ဆုနာမီရေလှိုင်းရဲ့ အထူးခြားဆုံး အချက်ကတော့ အသွားနှုန်း အလွန်မြန်တာ ဖြစ်ပါတယ်။ တစ်နာရီကို ကီလိုမီတာ (၇၀၀) မှ (၁၀၀၀) လောက်အထိ ရှိတယ်လို့ ခန့်မှန်းရပါတယ်။ (၅) အသွားနှုန်းမြန်လေ ရေတိမ်လေ အန္တရာယ်ကြိးလေဖြစ်ပါတယ်။ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းနဲ့ ရခိုင် ကမ်းရိုးတန်း ကွာသလို ပေါ့ဗျာ။
သဘာဝကာကွယ်စောင့်ရှေက်ရေးနဲ့ ပတ်သက်ပြီး စီမံချက်တွေ ချမှတ်ရာမှာ ယူသင့်တဲ့သင်ခန်းစာကတော့ သဘာဝဘေးကျရောက်တဲ့ဒေသတွေမှာ အခု Nuclear Plant လို ဘေးဥပါဒ်အန္တရာယ်အလွန်ကြီးမားတဲ့ အဆောက်အဦတွေ ရှိနေတာ ဖြစ်ပါတယ်။ ဒီလိုနေရာတွေဟာ အလွန်အန္တရာယ်ကြီးမားလွန်းလို့ ဦးစားပေး ကာကွယ်ရမယ့် နေရာတွေအဖြစ် သတ်မှတ်ထားရပါမယ်။ အလားတူဘဲ လူအများနဲ့ ဆိုင်တဲ့ ဆေးရုံတွေ၊ ကျောင်းတွေ၊ အလုပ်ရုံတွေ ဟာလည်း ဦးစားပေး ကယ်တင်ရမယ့် နေရာတွေ ဖြစ်ပါတယ်။
အတုယူကြရမယ့် ဂျပန်တို့ရဲ့ စံပြစိတ်ဓါတ်
အတုယူရမယ့်အရာ၊ လေးစားအားကျရမယ့် အရာလည်းရှိပါသေးတယ်။ ဒါကတော့ ဂျပန်လူမျိုးတွေရဲ့ စည်းကမ်းသေဝပ်မှု၊ လူမျိုးကြီးပီသမှု၊ ယဉ်ကျေး သိမ်မွေ့မှုတွေဘဲ ဖြစ်ပါတယ်။ အခုဖြစ်ရပ်ကြီးလို သဘာဝဘေးကြီးတွေ ကမ္ဘာ အရပ်ရပ်မှာ ဖြစ်ဘူးပါတယ်။ ရက်နည်းကြာလာတဲ့အခါ အစာရေစာမစားရတာ ကြာလာတော့ “ငတ်မရှက်” ဖြစ်လာကြပြီး လုကြ၊ ယက်ကြတွေ ဖြစ်လာကြတာ ချည့်ပါဘဲ။ ဂျပန်မှာတော့ ဒါတွေ ဘာမှ မရှိကြဘူးတဲ့။ အစားအသောက် မစားကြရတာ အချို့ဆို (၃)(၄)ရက်တောင် ရှိနေကြပါပြီတဲ့။ ဒါပေမယ့် အစားအသောက်ဝေငှတဲ့ နေရာတွေ၊ ရောင်းချတဲ့ဆိုင်တွေမှာ လူတွေတန်းစီနေကြတာ အရှည်ကြီးဘဲတဲ့။ နာရီပေါင်းများစွာ တန်းစီစောင့်ကြတယ်။ သည်းခံကြတယ်။ အခြားကလေးတွေ နိုင်ငံခြားသားတွေကိုတောင် သူတို့က သူတို့ဝေစုထဲက အစားအစာတွေကို ပြန်ဝေငှ ပေးနေသေးတယ်တဲ့။ လေးစားစရာကောင်းလိုက်တာဗျာ။ အတုရော မယူသင့် ဘူးလားဗျာ။
မြန်မာပြည်မှာ အက်ဆစ်မိုးတွေရွာမယ်ဆို ?
ဒါကတော့ ကျွန်တော့်အလုပ် ဖြစ်လာပြီ။ သာဂိတို့နိုင်ငံကတော့ အရေးဆို လုပ်ချလိုက်ပြန်ပြီ။ ဓါတ်ရောင်ခြည်ယိုစိမ့်မှုကြောင့် အက်ဆစ်မိုးမရွာနိုင်ပါဘူး။ ဓါတ်ရောင်ခြည်တွေဟာ ရေငွေ့တွေနဲ့ထိရင် အက်ဆစ် ဖြစ်လာအောင် ဓါတ်ပြုနိုင် ကြတဲ့ပစ္စည်းတွေလည်း မဟုတ်ကြပါဘူး။ မိုးရေတွေနဲ့အတူ ရောပါသွားနိုင်ကြ ေပေမယ့် အက်ဆစ်မိုး မဖြစ်စေနိုင်ပါဘူး။ အရေးအကြီးဆုံးကတော့ အဲဒီယိုစိမ့် ထွက်လာကြတဲ့ ဓါတ်ရောင်ခြည်တွေဟာ မြန်မာနိုင်ငံဖက်ကို ရောက်ရှိလာကြဖို့ သယ်ဆောင်ပေးမယ့် ပို့ဆောင်ရေး ယာဉ်(ဖြစ်စဉ်)တွေ မရှိတာပါဘဲ။ အေးဆေးပါဗျာ။ သူတို့ကို သယ်ဆောင်ပေးမယ့် လေတွေကလည်း လောလောဆယ်မှာ အနောက်လေ တွေလေဗျာ။ နောက်ပိုင်း လာမယ့်လေတွေကလည်း အနောက်တောင်မုတ်သုံ လေတွေလေဗျာ။ လေကြောင်း မသင့်ပါဘုူးဗျာ။
တကယ်တော့ ကျွန်တော်တို့ လုပ်ရမှာက ဘေးအန္တရာယ် ကြုံတွေ့နေကြရတဲ့ ဂျပန်ပြည်သူတွေကို ကိုယ်ချင်းစာကြဖို့၊ လူသားချင်း စာနာထောက်ထားကြဖို့၊ အားပေးနှစ်သိမ့်ကြဖို့၊ တတ်နိုင်တဲ့အကူအညီတွေ ဝိုင်းဝန်းပေးကြဖို့ ကသာ အရေးကြီးဆုံး မဟုတ်ဘူးလားဗျာ။ အခုဘဲ ဂျပန်နိုင်ငံကို ကယ်ဆယ်ရေး အကူအညီ တွေပေးဖို့ ကမ်းလှမ်းထားတဲ့ နိုင်ငံပေါင်း မနေ့က စာရင်းအတို်င်းဆို (၉၁)နိုင်ငံ ရှိနေ ပါပြီ။
MCCW

7 comments

  • Gong Zhu

    March 15, 2011 at 8:57 am

    ဖုန်းထဲမှာလည်း အဲ့ဒီ အက်ဆစ်မိုး မက်ဆေ့ရှ် တွေရောက်နေတာ အများကြီးပဲ ။။။ မနေ့ညက မိုးမိသွားလို့ ကြောက်တောင်ကြောက်သွားတယ် … ကယ်ဆယ်ရေး ၉၁ နိုင်ငံဆိုတော့ ပျော်စရာကြီးနော် …

  • intro

    March 15, 2011 at 2:36 pm

    အာရွှီးမရွှီးတော့ မသိဘူး သူကြီးရေ၊ ဒီနေ့ မိုးရွာနေတုန်း အပြင်ထွက်ဖို့ ပြင်လိုက်တာ၊ အိမ်ကများ ဆူလိုက်တာ ပြောမနေပါနဲ့တော့၊ အဲ့သည့် သတင်းက မသေချာပါဘူး၊ ဟုတ်ရင်လဲ ဂျပန်နဲ့ ဒီနဲ့ကြားမှာ တရုတ်တို့၊ ဗီယက်နမ်တို့၊ ထိုင်းတို့၊ ရှိပါသေးတယ်လို့ ပြောတာတောင် မရဘူး၊ ညနေကျမှ ဦးလေးရောက်လာပြီး ရှင်းပြပေးလိုက်တော့မှ မလွှတ်ချင်လွှတ်ချင်နဲ့ အပြင်ထွက်ခွင့်ရတယ်၊ ဒါတောင် ထီးမယူရကောင်းလား ဆိုပြီး အပြောခံရသေးတယ်၊ မတော်တဆ လွင့်လာမှာစိုးလို့တဲ့၊ အဲ့သည့်လိုဗျာ…

  • juezinko

    March 16, 2011 at 9:01 am

    မင်းမကောင်းလို့နေမှာပေါ့……..ရာသီဥတုတွေဖေါက်ပြန်နေတာလေ………

  • ဆူး

    March 16, 2011 at 9:06 am

    ဒီသတင်းတော်တော် ကြီးနေတာ တွေ့တဲ့ လူတိုင်း မိုးရွာတဲ့ ကိစ္စ ပြောကြတယ်။ ပြောတဲ့ လူတိုင်း ရှင်းပြရတာ ဒီနေ့ အထိ မနည်းတော့ဘူး။ စိတ်တောင် ပျက်လာပြီ။ သတင်းအချက် အလက်တွေကလည်း မြန်ပါ့။ တခြားလှုပ်ရှားမှုဆို ဒီလောက် မြန်ချင်မှ မြန်မယ်။ ကြားတဲ့ လူတိုင်းကတော့ တော်တော် စိတ်ပူနေကြတယ်။

Leave a Reply