ငယ်ငယ်တုန်းကပေါ့ (၁)

etoneMarch 18, 20111min1152

ငယ်ငယ်က ကျမမိဘတွေ အလုပ်သွားတော့ အဖွားရဲ့ အမေဖြစ်သူ အဘွားနဲ့ နေခဲ့ရတာပေါ့ … ။ မှင်စာ ခြောက်သံကြားရတဲ့ အိမ်ကြီးမှာပါ … ။စမ်းချောင်းက မဟာမြိုင်လမ်းနဲ့ အောင်သပြေလမ်း အိမ်မှာပါ … နံပါတ်ကတော့ ၄၂ ပေါ့… ။ နှစ်လုံး အတိတ်ပေးတယ် မထင်နဲ့နော် 😛 တအိမ်လုံး အလုပ်သွားကျတော့ နေ့ဘက်ဆို ကျမနဲ့ အဘွား နှစ်ယောက်ပဲ ကျန်ခဲ့တယ် ။ ကျမက သုံး နှစ်ကျော်လောက်ရှိပြီထင်တယ် … ။ အိမ်ကြီးက အကြီးကြီးဆိုတော့ နေ့ခင်းဘက်တောင် မဲမှောင်နေတာပေါ့ … ။ လူနေတဲ့ အခန်းလောက်သာ မီးဖွင့်ထားတာမို့ တခြား အခန်းတွေက မှောင်နေပါတယ်… ။ ကျမသွားလို့ရတဲ့နေရာ နှစ်နေရာပဲ ရှိပါတယ် … ကျမရဲ့ အိပ်ခန်းနဲ့ … ကြွက်ခန်းပါပဲ … ။ ကြွက်ခန်းဆိုလို့ နားရှုပ်သွားလား ။ ကျမရဲ့ ကစားစရာတွေ ထည့်ထားတဲ့ အခန်းတစ်ခုပါ … ကစားစရာမျိုးစုံ အသေးကြီးအစ တိုလီမုတ်စ အစုံပါပဲ အဲ့ဒီအခန်းထဲ ထားတာပါ .. ကစားချင်ရင် အခန်းထဲဝင်ကစားရပါတယ်… အပြင်ကို ကစားစရာတွေ ယူထုတ်ရင် အမေက မကြိုက်ပါဘူး … ။ ကစားစရာတွေနဲ့ ကြွက်သိုက်လို ရှုပ်ပွနေတာကြောင့် ကြွက်ခန်းလို့ မှည့်ခေါ်ခဲ့တာပါ … ။ ကြွက်ခန်းထဲမှာ ပြတင်းပေါက် လုံးဝမရှိပဲ … မျက်နှာကျက်နဲ့ ထိနေတဲ့ နေရာ အပေါ်နံရံနားက မှန်ပြား တစ်ချပ်တပ်ထားပေးပါတယ် … အပြင်က အလင်းရောင် ရတာ အဲ့ဒီနေရာလေးပဲ ရှိပါတယ် … စတိုခန်းပုံစံမျိုးပေါ့ … ။ ကြွက်ခန်းထဲမှာ ကုတင်လေးလည်း ထည့်ပေးတတ်ပါသေးတယ် … ။ မေကြီးက နေ့တိုင်း အလုပ်မသွားခင် ကြွက်ခန်းလေးကို ရှင်းပေးခဲ့တာ အခုထိမှတ်မိဆဲပါ ။ ကျမကို ထိန်းရတဲ့ အဘွားက အသက်ကိုးဆယ်နီးပါးရှိပါပြီ ။ အသက်ကြီးပေမဲ့ ဖျတ်လတ်နေတုန်းပါ ။ အင်္ဂလိပ်ခေတ်က သူနာပြုဆရာမကြီး လုပ်ခဲ့ပါတယ် … ။ ဘာသာက ခရစ်ယာန်ပါ ။ အဖွားက ကျမဝေယျာဝစ္စ လုပ်ပေးပါတယ် … ။ နေ့ခင်းဘက်ဆို ၂နာရီထိုးတာနဲ့ အိပ်ရပါတယ် ။ မအိပ်ချင်လဲ ခြင်ထောင်ထဲ ဝင်နေပြီး လှဲနေရပါတယ် … သူ့ကို ကြောက်လည်း ကြောက်ရတာပေါ့ … ။ (ခြင်တွေပေါလွန်းလို့ ညဘက်ပဲ အိပ်အိပ် ၊ နေ့ဘက်ပဲ အိပ်အိပ် ခြင်ထောင် ပါးလေးထဲ ဝင်အိပ်ခိုင်းပါတယ် ) ။ အရေးခင်းဖြစ်တော့ ကျမတို့ ခြံဘေးက ဗန်ဒါပင်ကြီးဘေးမှာ လူတွေခေါင်းဖြတ်ပြီး ခေါင်းတခြား ကိုယ်တခြား လုပ်ပစ်ထားပါတယ် … ။ သေနတ်သံတွေ ဆူညံနေတဲ့ကြားက ကျမက ကြောက်ရကောင်းမှန်းမသိတဲ့အရွယ်ပေ့ါ … ။ အဘွားက ကြွက်ခန်းထဲတောင် မသွားစေပဲ ကုတင်ပေါ်မှာပဲ အိပ်ချိန်မရောက်ခင်ကတည်းက လှဲနေခိုင်းပါတယ် … ။ ထုံးစံအတိုင်း အိမ်မှာ ဘယ်သူမှ မရှိပါဘူး ။ ရုံးတွေ ကမောက်ကမဖြစ်နေပေမဲ့ … အိမ်က လူအကုန် ရုံး သွာတတ်တုန်းပါပဲ ။ အဘွားကလည်း ကျမဘေးမှာ လှဲလျောင်းရင်း အိပ်ပျော်သွားတော့ ကလေးပီပီစပ်စုချင်တဲ့စိတ်နဲ့ ကြွက်ခန်းထဲကို ဝင်ခဲ့ပါတယ် ။ ကြွက်ခန်းထဲမှာ အလင်းရောင်တွေ ပူစူးကျနေသလို ခံစားမိပါတယ် … ။ အရင်က အလင်းရောင် ကျတာ မှန်ပေါက်တခုကပါ… အခုဟာက အလင်းတန်းလိုမျိုးတွေ ဖြာထွက်နေတာပေါ့ … သစ်သား ပေါက်တွေနား ရောက်သွားတော့ … ကျမလက်မလုံးလောက် အပေါက်ငယ်လေး လေးငါးပေါက်တွေ့ပါတယ်… ။ သေနတ်မှန်ထားတဲ့ အပေါက်မှန်း အဲ့ဒီတုန်းက မသိခဲ့ပါဘူး ။ ကျမကြွက်ခန်း အလင်းတွေ ပိုရလို့ ပျော်မိတာပေါ့ … ။ အဘွားအိပ်တုန်း အောက်ထပ်ဆင်း ကြောင်လေးသွားဖမ်းချင်တဲ့ စိတ် ဘယ်လိုမှ ထိန်းမရတာကြောင် ့ အောက်ထပ်ဆင်းခဲ့ပြန်တယ် … ။ ကျမတို့ အိမ်က ရှေးခေတ်က အိမ်ကြီးမျိုးပါ ။ အခန်းပေါင်းဆယ့်ငါးခန်း လောက်ပါပြီး နှစ်ထပ်ပေါ့ … ။ အိမ်ကို ကျွန်းနဲ့ လုပ်ထားပြီး ရေနံချေးတွေ ဝအောင် တိုက်ထားလို့ သစ်တိုင်းက မဲမှောင်နေပါတယ်…။ အိမ်ရှေ့ ဝရန်တာရှိပေမဲ့ ပိတ်ထားလို့ … ပြတင်းပေါက်ကနေသာ အပြင်ကို ကြည့်ခဲ့ရတာပါ … ။ အမေရဲ့ အစ်ကိုတွေ ၊ မောင်တွေ လည်း နေပါတယ် … သူတို့ရဲ့ မိန်းမတွေနဲ့ အတူပေါ့ … ။ တစ်ယောက်တခန်းပေးထားတာပါ ။ ကျမအမေဘက်က အဖိုးက စစ်ဖြစ်တဲ့ကာလမှာ ရှေ့တန်းမှာ သေခဲ့ရတယ် ။ အဖွားဖြစ်တဲ့သူနဲ့ အမေက ကျောင်းဆရာမဝင်လုပ်တယ် … အခုထိပါပဲ … ။ အိမ်ထဲမှာ အမေဘက်က မိသားစု တစ်စုတစည်း နေခဲ့တာပေါ့ ။ …..
ကျမအိမ်အောက်ထပ်ရောက်တော့ … ကြောင်မဲလေးက ထိုင်လို့ … အဆင်သင့်တာနဲ့ ကျမလည်း ကြောင်မဲလေးကို ပိုက်ပြီး လှေခါးက ပြန်တတ်ခဲ့ပါတယ် …. အပေါ် ရောက်ရင် ကုတင်ထဲ ထည့်အိပ်မယ်ဆိုတဲ့ အတွေးနဲ့ပါ…။ ကျမတို့ အိမ်ကြီးက မှောင်နေတော့ ခြင်ပေါလို့ အိမ်မှာနေရင် အမေက ဘောင်းဘီရှည်ကိုပဲ ဝတ်ခိုင်းပါတယ် ။ ဘောင်းဘီကို နည်းနည်း ကြီးကြီးချုပ်ထားတော့ ရှည်ပြီးပွနေတာပေါ့… ။ ကမန်းကတမ်း ကြောင်ဆင်းဖမ်းရတယ် ဘောင်းဘီ ခြေထောက် ခေါက်ဖို့တောင် သတိမရလိုက်ပါဘူး ။ အပေါ်ပြန်တတ်တဲ့ လှေခါး တဝက်လောက်မှာပဲ ကိုယ့်ဘောင်းဘီစကိုယ်နင်းမိပြီး ဒလိမ့်ကောက်ကွေးပြုတ်ကျပါတယ် … ။ ကြမ်းပြင်ပေါ်ကို မျက်နှာနဲ့ မှောက်လျှက်အနေထားနဲ့ ကျတာပါ… ။ လေထဲမှာ ဂျွမ်းပစ်သွားတာ အခုထိမှတ်မိဆဲပါ… ။ အောက်က သမံတလင်း ခင်းထားတော့ မှောက်လျှက် ကျတဲ့အရှိန်ကြောင့် ညာဘက်မျက်ခုံး ကွဲသွားခဲ့တာပေါ့ … ။ ကိုယ့်သွေးကိုယ်မြင်ပြီး ကုန်းကျုုံးအော်တော့မှ အဘွားနိုးလာပြီး ဆေးထည့်ပေးတာပါ … ချုပ်တော့မချုပ်ပေးပါဘူး နာမှာစိုးလို့ပါတဲ့… ။ အဲ့ဒီ ဒဏ်ရာအခုထက်ထိ ကျမ ညာဘက် မျက်ခုံးပေါ်မှာ ရှိတုန်းပါပဲ မျက်ခုံးမွေး ပြန်မပေါက်တော့လို့ ခဲတံရဲ့ အကူညီယူနေရပါတယ် ။ သွေးမြင်ပြီး ကြောက် ဖျားဖျားတာ နှစ်ရက်လောက်ရှိမယ် … အိပ်ယာထဲ လဲနေတော့တာ … ။ နေနည်းနည်း ပြန်ကောင်းတဲ့နေ … အိပ်ယာဘေးက ပြတင်းပေါက်ကနေ မဟာမြိုင်လမ်းပေါ် ခြေဖျားထောက်ကြည့်တော့…မြင်မကောင်းအောင် ခေါင်းပြတ်တွေ တွေ့ပါတယ်…။ ဒုတ်တွေနဲ့ ဝါးလုံးထိပ်မှာ ချိတ်ထားတာပါ … ။ နှလုံးတွေ ခုန်မြန်ပြီး အော့အန်ချင်စိတ်တောင် ဖြစ်မိပါတယ်… ။ ကျမကြည့်နေတာ အဖွားက မြင်တော့ … ပြတင်းပေါက်ကို ပိတ် ၊ လိုက်ကာချပြီး ကုတင်ပေါ် ပြန်လှဲစေတော့တာပေါ့… ။ အဘွား အခန်းထဲက ထွက်သွားမှ ကျမအသာယာ ကြွက်ခန်းကို ကူးပြီး ကျည်ဆံပေါက်လေးတွေကနေ အပြင်ကို စပ်စုတာပါ… ။ အပေါက်လေးတွေက ကြည့်တာ လမ်းမ တဘက်ခြမ်းကိုပဲ မြင်ရပါတယ် ။ ကျမ လက်လျှော့ပြီး အိပ်ယာထဲဝင် အိပ်လိုက်ပါတော့တယ် … ။ နောက်နေ့တွေမှာလဲ ဒီလိုပဲ မြင်ရဦးမလား စပ်စုချင်တဲ့ စိတ်နဲ့ အခန်းက ပြတင်းပေါက်ကို ဖွင့်ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပါဘူး ။ သုံးလေးရက်လောက်ကြာတော့ ကျမသိပ်ဖွင့်ချင်တဲ့ အခန်းက ပြတင်းပေါက်ပွင့်နေခဲ့တာ… ဝမ်းသာ အားရနဲ့ ခုံလေးခုပြီး ပြတင်းပေါက်ကို တက်ငေးတော့ … အားလုံး ပုံမှန်အခြေနေဖြစ်နေပါပြီ ။ ဘာခေါင်းပြတ်မှ မရှိတော့ပဲ … လူတွေ ကားတွေ သွားနေတာ ပုံမှန်ပါပဲ… ။ ကျမမြင်ဖူးခဲ့တာတွေ အခုထိ မှတ်မိနေစဲပေါ့ … ။အဲ့ဒီ အိမ်ကြီးမှာနေရင်း အများကြီး အမှတ်တရတွေ ကြုံခံဖူးပါတယ်…။ သူခိုးလည်း ခဏခဏဝင်တယ် … ဝင်ဆို .. ကျမတို့ အိမ်နဲ့ ခြံက တံခါးပိတ်တဲအချိန် ခပ်ရှားရှားကိုး ။ ဦးလေးတွေ ၊ ဘကြီးတွေနဲ့ သူတို့မိန်းမတွေ အလုပ်သွားတဲ့အချိန်ကလွဲလို့ ကျန်တဲ့အချိန် မျက်စိနောက်လောက်အောင် ကူးခြေသန်းခြေလုပ်နေတာကြောင့် တံခါးက အမြဲလိုလို ဖွင့်ထားဖြစ်ခဲ့တာပါ ။

အရိပ် ကြောက်လို့ အ ိပ်ချင်ယောင်ဆောင်

တစ်နေ့ ကျမ အိပ်နေတုန်း ရုတ်တရက် အသံတစ်ခုကြောင့် လန့်နိုးပါတယ် … အခန်းတံခါးဖွင့်သံပါ …။ အသက်အားဖြင့် သုံးနှစ်ကျော်ဆိုတော့ ပုံပြင်ထဲမှာပါတဲ့ တစ္ဆေ ၊ သရဲ အကုန်ကြောက်ပါတယ် ။ လန့်နိုးတိုး တံခါးဖွင့်ပြီး လူဝင်လာတဲ့ အရိပ်မြင်ပါတယ် … ။ ကျမက အမေနဲ့ အဖေကြားမှာ အိပ်တာပါ … ။ လူရိပ်က လှုပ်ရှားပြီး ကျမတို့ဗီဒိုနားကို ကပ်သွားပါတယ် ။ ပြီးတော့ ဗီဒိုမှန်တခါးကို လက်နဲ့ ပွတ်ဖွင့်ပါတယ် … ကျမကောင်းကောင်းကြားနေရပါတယ် .. သူ့ရဲ့ လှုပ်ရှားသံတွေကို … အိပ်ပျော်နေတဲ့ အဖေနဲ့ အမေကို မနိုးပါဘူး ။ ကျမကြည့်ယုံကြည့်နေခဲ့တာပါ … ။ သူက အသင့်ပါလာတဲ့ အိပ်ထဲ ကျမတို့ ဗီဒိုထဲက အရာတွေကို နှိုက်ပြီး ထည့်ပါတယ် ။ ကျမ ထိုအရိပ်ကို ကြည့်နေရင်းက ကြောက်လာတာနဲ့ အမေ့ဗိုက်ကို မျက်နှာ အပ်ပြ ီး အိပ်ချင်ယောင် ဆောင်လိုက်ပါတယ် … ။
နေရောင်ခြည် ခပ်ပြင်းပြင်း မျက်နှာပေါ် ကျတော့ မိုးလင်းပြီပေါ့ … ။ အိပ်ယာနိုးတော့ ညက အိပ်မက် သတိပြန်ရတယ်… ။ အိပ်မက်လို့ပဲ ထင်ခဲ့တာပါ… ကျမ မျက်စိဖွင့်ပြီး အခန်းဒေါင့်က ဗီဒိုကိုကြည့်တော့ တံခါးကလည်းပွင့် … အံဆွဲတွေလည်း ပွင့်လျှက်နဲ့ တက်တက်စင်အောင် ပြောင်နေခဲ့ပြီပေါ့ … ။ အမေ ပြောပြတော့မှ ညက သူခိုးခိုးလို့ ကုန်သွားတာပါတဲ့… ။ ညက သူခိုးဝင်လာတာမြင်ကြောင်း ကြောက်လို့ မပြောဖြစ်တာဖြစ်ကြောင်း ပြောပြပေမဲ့ ဘယ်သူမှ မယုံကြပါဘူး …။ အဲ့ဒီ အချိန်ကတည်းက လူကြီးတွေ အမှန်ပြောရင် အကောင်းမမြင်ဘူးဆိုတာ နားလည်ပြီး ကိုယ့်စိတ်ထဲရှိတာ ပြန်မပြောပြတတ်တဲ့ အကျင့် ရခဲ့ပါတယ် … ။ ပြောလည်း ယုံမှာ မဟုတ်တဲ့အတွက် ဖွင့်ဟ တိုင်ပင်ခြင်း ဆိုတာမျိုး မလုပ်တော့ တာ အခုအသက်ရွယ်ထိပါပဲ ။ ကျမ ရဲ့ ငယ်ဘဝတုန်းက စိတ်ဓါတ် ပျော့ညံ့ခဲ့တာကြောင့် မိဘတွေကို မနှိုးမိလို့ သူခိုးလက်ချက်မိရတာပါ….။ မှန်တယ်ထင်ရင် လုပ်ရဲခဲ့ရမှာပါ … ။ နောင်တတွေနဲ့အတူ နောက်ပိုင်း ကျမစိတ်တွေ မဟုတ်မခံအနေထားမျိုးရောက်အောင် ကိုယ့်ကိုယ်ကို လေ့ကျင့်ခဲ့ပါတယ် ။

2 comments

  • အာဖျံ ကွီး

    March 18, 2011 at 9:55 am

    ခေါင်းပြတ်တွေ မြင်ရတရ် … ဟုတ်လား ??? ဘာလို.လဲ ??? ၈၈ တုန်းကမို.လို.လား ???

  • etone

    March 21, 2011 at 2:16 am

    ဟုတ်တယ် … အရေးခင်းဖြစ်နေတဲ့ ကာလမို့ပါ …။

Leave a Reply