ဂျပန်ပြည်သို့ မြန်မာပြည်မှ အလှူငွေပေးအပ်

လင်းဝေMarch 18, 20111min651

ငလျှင်ဒဏ်ခံရပြီး အခြားအခြေခံအဆောက်အဦးစနစ်တွေပျက်ယွင်းလို့ နူကလီးယားဓါတ်အားပေးစက်ရုံတွေပိတ်ထားရကာ လျှပ်စစ်မီးမှန်မှန်မလာတော့တဲ့ ဂျပန်နိုင်ငံကို မြန်မာနိုင်ငံက ငွေကြေးအကူအညီပေးလိုက်ပါတယ်။ ကသောင်းကနင်းဖြစ်နေပြီး အကူအညီလိုအပ်နေတဲ့ ဂျပန်နိုင်ငံကို တစ်ခါတစ်လေ ကြုံတုန်းကူညီရတာပေါ့။ အခုလောလောဆယ်ခန့်မှန်းတွက်ချက်မှုများအရ ဒီဘေးအန္တရာယ်ကြောင့် ဂျပန်ရဲ့ ဆုံးရှုံးမှုဟာ ငွေကြေးအားဖြင့် ဒေါ်လာ ၅၀ဝ ဘီလီယံလောက်ရှိပါတယ်လို့ ဒီမနက်ကပဲ ပါမောက္ခ နိုရီရအိ က ပြောသွားပါတယ်။ ဒါဟာ မလေးရှားနိုင်ငံ ဂျီဒီပီရဲ့ လေးဆ ရှိပါတယ်တဲ့။ ဒီလို ဘီလီယံ၅၀ဝ လောက်ဆုံးရှုံးသွားတဲ့ ဂျပန်ပြည်ကြီးကို ကျွန်တော်တို့ မြန်မာပြည်က တတ်နိုင်သလောက် လှူဒါန်းတာကတော့ ဒေါ်လာ တစ်သိန်းပါ။ ငွေသားအနေနဲ့ လှူဒါန်းလိုက်တာပါ။ မနေ့က နိုင်ငံခြားရေးဝန်ကြီးလုပ်တဲ့ ဦးဉာဏ်ဝင်းက ဂျပန်သံအမတ်ကြီး မစ္စတာ ဆိုင်တို ထံကို ငွေသား ပေးခဲ့တာပါ။ ဂျပန်တစ်ချို့က နောက်နေတာက တော့ CB ဒေါ်လာတွေဖြစ်နေဦးမယ်တဲ့။ FECပေးတာလား လို့လည်းနောက်နေကြပါသေးတယ်။

ဘာပဲဖြစ်ဖြစ်ပေါ့လေ တစ်သက်လုံး သူတို့ဆီက တောင်းလာခဲ့တာ ကြုံတုန်း ပြန်ပေးနိုင်တာ ဂုဏ်ယူစရာပါပဲ။ အဲဒါကြောင့် ရန်ကုန်မှာ မိုးရွာတာတော့ မဟုတ်တန်လောက်ပါဘူး ထင်တာပါပဲ။

ဂျပန်အကြောင်းဆက်ပြောရရင် အခုတော့ ရွှေမြန်မာတွေလည်း ပြန်လာတဲ့သူပြန်လာနေကြပါပြီ။ တစ်ချို့စားသောက်ဆိုင်တွေပိတ်ထားရတော့ အလုပ်ကမကောင်းတော့ဘူး။ ပုံမှန်ပြန်ဖြစ်လာရင်လည်း ဝယ်လိုအားက နှေးနေပြီးသား ဂျပန်စီးပွားရေးကြောင့် ချက်ချင်းပြန်မတက်လာနိုင်တဲ့အတွက် အလုပ်အကိုင် ဈေးကွက်ကတော့ ကောင်းမလာနိုင်သေးပါဘူး။ အလုပ်တွေပြုတ်ဖို့များပါတယ်။ အထူးသဖြင့် နိုင်ငံခြားသား အလုပ်သမားတွေအတွက်မကောင်းနိုင်တော့ပါဘူး။ ဒီအချိန်မှာ ငွေစုမိနေသူတွေ ပြန်ဖို့ စဉ်းစားနေသူတွေအတွက်တော့ ပြန်လာဖြစ်သွားတာပါပဲ။

ဂျပန်ကနေထွက်ခွာသူတွေများလွန်းလို့ နာရီတ လေဆိပ်မှာ ပြည့်ကျပ်နေပါတယ်တဲ့။

စိတ်မကောင်းစရာပါပဲ။ အာရှရှေ့ဆောင် ဂျပန်ဒီလိုဖြစ်ရတာ လူသားချင်းအနေနဲ့အပြင် အာရှသားချင်းအနေနဲ့ပါ ဝမ်းနည်းမိပါကြောင်း။

One comment

  • morenyan

    March 22, 2011 at 6:49 am

    တော်ဝင်စင်တာအတွက်တောင် ကိုရီးယားက လိမ်သွားတာ ဒေါ်လာတစ်သိန်းလောက်ရှိတယ်ဆို
    အစိုးရအနေနဲ့ ဒီထက်ပိုလှူသင့်တာပေါ့
    လာအိုကတောင် တစ်သန်းတဲ့ ဆိုလား

Leave a Reply