ရွာအသုဘ တစ်ခု အကြောင်းပြုပြ ီး ရောက်သွားခြင်း (၂)
ရန်ကုန်ပြန်ရောက်လို့ မေးကြည့်တော့မှ အဲ့ဒါ အလောင်းကစားတာလို့ ခေါ်ပါတယ်တဲ့…သံချပ်သီချင်းတွေလည်း ဆိုရပါတယ်တဲ့… ။ အလောင်းကို လူအများကြီး မရတာက အလောင်းကစားတဲ့အချိန်ဆိုရင် အလောင်းကသာမန် အချိန်ထက် အလေးချိန်ပိုများနေလို့ပါတဲ့….. ။ သဂြိုလ်ခါနီးလေ… ပိုလေးလေ ဖြစ်ပါတယ် လူကြီးတွေက ပြောပါတယ် ။ နောက်က ရွာသူရွာသားတွေနဲ့ အသုဘရှူဖို့ လိုက်ပို့တဲ့လူတွေ ၊ အိမ်သူအိမ်သားနဲ့ ၊ ဆွေမျိုးများ စုံနေတာပါပဲ ။ တလမ်းထဲရှိတဲ့ ရွာလမ်းလေး အတိုင်း ရွာထဲကို ကျော်ဖြတ်ရပါတယ် … ။ ခြံဝိုင်းကိုယ်စီမှ အိမ်သားများ အပြင်ထွက်သူက ထွက် ၊ တစ်ချို့ကလည်း ခြံဝိုင်းအတွင်းမှာပင် အလောင်း သယ်ဆောင်လာသည်ကို မြင်သည်နှင့် ထိုင်ကန်တော့ကြပါတယ် … ။ ကျမအတွက် ထူးခြားတဲ့မြင်ကွင်းတစ်ခုပါ … ။ ဘုန်းကြီး ၊ သီလရှင် ပျံလွန်တော်မူလို့ ပင့်လာခြင်းမျိုးမဟုတ်ပဲ ဘာလို့များ အပြင်ထွက်ကန်တော့တဲ့လူ ၊ ခြံဝိုင်းအတွင် း ထိုင်ကန်တော့တဲ့လူများ အရမ်းများနေတာလဲဆိုတာ မတွေးတတ်အောင်ပါပဲ ….။ သူ့ရဲ့ ဆွေမျိုး နီးစပ်လည်း ဖြစ်လည်း တအိမ် နှစ်အိမ်ပေါ့ … အခုဟာက အိမ်တိုင်းနီးပါး ။ တစ်ချို့ လမ်းကလူဆို မတ်တပ်လေး လက်အုပ်ချီလို့ … ။ ရွာကိုသွားတဲ့ အတွေ့ကြုံက ကျမကို များစွာ အံ့ဩမှူတွေ ပေးခဲ့ပါတယ် … ။ ဆယ့်ငါးမိနစ်ခန့် လမ်းလျှောက်ပြီးတော့ ရွာအစွန်ရောက်ပါပြီ…. အိမ်တွေ ဆုံးသွားပြီး လယ်ကွင်းပြင်ကြီးနဲ့ ရွံ့တွေပဲ ရှိတော့တယ်… ။ ရွံ့တောကြီးက အနိမ့်ပိုင်းဖြစ်မယ်….. ရွာသားတွေ အားလုံး ဖိနပ်ချွတ်တဲ့လူက ချွတ်ပြီးလမ်းလျှောက်တုန်းက ကျမထင်တာ လမ်းမှာ ချော်လဲမှာစိုးလို့ ဖိနပ်ချွတ်လျှောက်တယ် ထင်တာ … အခုဟာက ဒီလို ရွံ့ဖွက်တွေ ဖြတ်ရမှာဆိုတာ အခုမှ သိတော့တယ်… ။ နာရေးဆိုတော့ လုံလုံခြုံခြုံ ထမိန်ပဲ ဝတ်သွားပါတယ်… ။ သွားလေရာ တိုလီမုတ်စ အကုန်ထည့်လို့ရတယ် စလင်းဘတ်အိပ်ကြီးကလည်း လွယ်ထားသေးတယ် ။ မိုးလေးတဖျောက် နှစ်ဖျောက်လောက် ကျနေပါတယ်… ထီးကတော့ မဆောင်းပေမဲ့ လက်တဖက်က ကိုင်ထားပါသေးတယ်.. ။ ရွံ့ နွံကို ဖြတ်ရမယ်ဆိုတော့ အခက်တွေ့တာပေါ့… ရွာသူ ရွာသားတွေ အားလုံး ညည်းငြူမနေပဲ အဲ့ဒီ ရွံ့တွေထဲ တယောက်ပြီး တယောက်ဖြတ်သွားကြတယ်… ကျမ နဲ့ အတူ ပါလာတဲ့ ယောက်မ နဲ့ သူ့မိသားစုလည်း အကုန်ကျမကို ကျော်တတ်သွားပါပြီ ။ ကျမတယောက်ပဲ မဖြတ်ရင် ကျန်ခဲ့တော့မှာမို့ ရွာထဲပြန် လျှောက်လို့ကလည်း အသုဘအိမ်ရောက်ဖို့ ဆယ့်ငါးမိနစ်လောက် လျှောက်ရမှာပါ … ရာသီဥတု ချမ်းစိမ့်စိမ့်က လေအဝှေ့မှာ မဆီမဆိုင် ကြက်သီးမွှေးညှင်း ထစေပါတယ် ။ လိုက်မိမှတော့ မထူးပြီမို့ ကျမလည်း လက်ထဲကိုင်ထားတဲ့ ထီးကို အိပ်ထဲထည့် အဲ့ဒီလက်တဘက်နဲ့ပဲ ထမိန်ကို မ၊ ကျန်တဲ့ လက်တဖက်ကတော့ ချွတ်ထားတဲ့ ဖိနပ်တစုံကို ကိုင်လို့ပေါ့…ပြီး ရွှံထဲ ဆင်းလိုက်ပါတယ်… ။ ပထမဆုံးခြေလှမ်း နင်းလိုက်တဲ့အချိန် … ရွှံထဲ နစ်ဝင်သွားတာ ကျမအတော်လန့်သွားပါတယ်… အေးစက်နေတဲ့ ပျော့တွဲတွဲမြေထဲ အပေါ်ယံသာ ရွှံရေတွေ စီးနေတာမို့ မနက်လောက်ဘူးမှတ်တာ… ဒူးခေါင်းနီးပါး ရှိပါတယ်..။ ရှေ့ကလူတွေကတော့ မျက်နှာ တချက်မပျက်ဘူး ဇိုးခနဲ ဇွက်ခနဲ နင်းကျော်သွားကြတယ်… ကျမက သာ တုံ့နှေးနှေးလုပ်နေတော့ နောက်ကလူတွေ ကျော်တတ်ပြီး က ျမနောက်မှာ သုံးလေးယောက်ခန့်သာ ကျန်ပါတော့တယ်… ။ ကျမဒီလို လှုပ်လဲ့လဲ့လုပ်နေလျှင် မကြာမီပဲ နောက်ကလူတွေ လည်းကျမကို ကျော်တတ်သွားတော့မှာပါ…။ ကဲလေ … မထူးတော့ပြီမို့ ရွှံထဲကိုပဲ ဖြတ်လျှောက်ရပါတယ်… ။ ကျမတစ်သက်မှာ အဲ့ဒီလောက်ထူတဲ့ ရွှံထဲ ဘယ်တုန်းကမှ မဖြတ်ခဲ့ဘူးတာကြောင့် မြွေတွေများ ရွှံအောက်ရောက်နေမလား တွေးပြီး ကြောက်နေမိတယ် … ။ ခြေနင်းထားတဲ့ ဖဝါးနေရာကလည်း နင်းသာနင်းရတယ် … ချောနေတယ်..ခဏခဏ ချော်လဲမလိုဖြစ်သွားတယ်… ဘေးက ကိုင် စရာကလည်း ဘာမှ မရှိဘူးလေ ။ ချော်သာလဲကြည့် လေးဘက်ထောက်ကြီးဆို တကိုယ်လုံး ရွှံတွေ ပေကုန်မှာပါ… ။ ရွာက ရွှံတွေက အပေါ်ယံကသာ အရေကျဲဖြစ်နေတာ … အောက်ဘက်ရောက်တော့ ခပ်စေးစေးမို့ … လမ်းလျှောက်ရခက်ပါတယ်… ။ မှတ်မှတ်ရရ ငုတ်သေးသေးလေး ခြေထောက်မှာ စူးမိခဲ့သေးတယ်… ။ ရွှံနွံကြီးကို ငါးမိနစ်လောက် ဖြတ်ပြီးမှ လယ်ကွင်းတွေ၊ ကန်သင်းရိုး ဟင်းလင်းပြင် နေရာတွေကို ရောက်ပါတယ်…။ သုံးမိနစ်လောက် ကန်သင်ရိုးပေါ်က ဖြတ်လျှောက်ပြးီမှ တော့ … မြေပြန့်လို နေရာလေး ကို ရောက်ပါတယ် … နေရာလေးက သေးသဖြင့် အသုဘပို့လိုက်လာသော လူအုပ်မှာ ရှေ့ဆက်သွားမရပဲ ကန်သင်းရိုးပေါ်မှာပင် ရပ်နေရပါတယ် …။ ကျမရပ်နေသော ကန်သင်းရိုးက ထိပ်ဆုံးမှာ မို့ ကျမကောင်းစွာ မမြင်ရပါ…။ စပ်စပ်စုစုနဲ့ ရွာသားများကို တိုးဝှေ့ပြီး မီးသဂြိုလ်မဲ့နေရာ ကွင်းပြင် နဲ့ နီးနိုင်သမျှ ကပ်သွားခဲ့ပါတယ်… ။ ကျမရှင်းရှင်း လင်းလင်း မြင်ခဲ့ရပါတယ် …. ။ တွင်းကြီးတစ်ခု ကြိုတူးထားတာပါ… အဲ့ဒီအောက်မှာ ထင်းတွေ ယမ်းတွေ ထည့်ထားပါတယ်… ။တွင်း အပေါ်မှာ တော့ ဝါးလုံးလေး လေးငါးလုံး တွင်း ဝကနေ ပတ်လည်ထောင်ပြီး တိုင်သဖွယ်အသုံးပြုပါတယ်… အဝတ်ဖြူတစ်စကိုလည်း ဖြန့်ပြီး အမိုးသဖွယ် ဝါးလုံးတိုင်တွေနဲ့ ချိတ်ဆက်ပြီး အသုံးပြုပါတယ် …။ အလံလိုလို ၊ နေကာပေးထားတဲ့ အမိုးလိုလိုနဲ့ တူပါတယ် ။ ကျမကမေးကြည့်တော့မှ… ဘုရားအမ ၊ ကျောင်းအမတွေ ဆို ဒါမျိုးလုပ်ပြီး သဂြိုလ်တာပါတဲ့… ။ ပြီးတော့ သေတဲ့သူရဲ့ ထမင်းထုတ်နဲ့ တခြား ထည့်ချင်တာတွေ ထည့်ပေါ့… ။ ပြီးတော့ အဝတ်စားတွေ ခွာချလိုက်ပါတယ်… အလောင်းကို မှောက်လျှက်အနေထားနဲ့ ထမ်းစင်ပေါ် ပြန်တင်ပါတယ် ။ အဝတ်စားတွေ ပြန်အုပ်ပါတယ် … ပြီးတော့ ထမ်းစင်ကို တူးထားတဲ့ တွင်းဝမှာ ပိတ်ပြီး တင်ပါတယ်… နောက်မီးခြစ်ခြစ်ပြီး မီးတစ်စ တွင်းထဲထည့်လိုက်ပါတော့တယ်….. ။ အဲ့ဒီကနေ မီးအရှိန်ရလာတာနဲ့ ထမ်းစင်ကို စတင်လောင်ကျွမ်းပါပြီ ပြ ီးတော့ တဖြည်းဖြည်း ရုပ်ခန္ဓာကို လောင်ကျွမ်းပါတယ်… မိုးရွာထားလို့ ထင်းစတွေ အစိုဓါတ်ပိုနေတာမို့ မီးအားကောင်းဖို့ အတော် စောင့်ရပါတယ် … ခန္ဓာကိုယ် မှောက်လှက် အနေထား သဂြိုလ်တာမို့ တခြမ်းမီးဟပ်လာတဲ့ အခါ … အနံ့ နံလာပါတယ်… လူကြီးတွေက ပြန်ခိုင်းပြီး ရွာသားလေး ငါးယောက်သာ နေခဲ့စေပါတယ်… ။ သူတို့လက်ထဲ ဝါးလုံးတွေလည်း ကိုင်ထားပါတယ်…။ အလောင်းထလာလျှင် ရိုက်ချရအောင်ပါတဲ့…။ အလောင်းကို မှောက်လျှက် သဂြိုလ်တာကလဲ ဗိုက်က အဆီတွေ ထပေါက်မှာ စိုးလို့ပါတဲ့..။ ကျမလည်း တစ်ခါမှ မမြင်ဖူးတဲ့ မြင်ကွင်းမို့ ရပ်ကြည့်နေချင်တာပါ… လူကြီးတွေက ညှော်တယ် ကာလသားတွေပဲ ချန်ခဲ့ပြီး ကျန်တဲ့လူ ပြန်ခိုင်းလို့ ကျမပြန်လာရပါတယ်… မျက်စိတဆုံး ငေးရင်း ငေးရင်း နဲ့ ကျမပြန်ခဲ့တာပါ… ပေါက်ကွဲသံကြားပါတယ်… ဗိုက်က အဆီပေါက်တာလို့ထင်ပါတယ်… ။ ရွှံတောကို နောက်တစ်ခါ ဖြတ်ရပြီးတဲ့နောက် .. လာရာလမ်းအတိုင်း အသုဘကအိမ်ကို ပြန်ရောက်ပါတယ်… သူများတွေဖဲရိုက်တာ နဲ့ ကျွေးမွေး အစီစဉ်ကို အာရုံကျနေတုန်း ကျမ ကတော့ ကျန်ခဲ့တဲ့လူတွေ ဘယ်တော့မှ ပြန်လာမလဲ မဆီမဆိုင် စိတ်ပူလို့ … စိတ်ပူတာထက် စပ်စုချင်တဲ့စိတ်က ပိုများနေခဲ့တာပေါ့ … ။ သုံးနာရီလောက် ကြာတော့မှ သဂြိုလ်တဲ့ လူတွေ ပြန်လာပါတော့တယ်… ။ အရိုးတွေပါ ပြာကျအောင် သေချာ စောင့်ခဲ့ရကြောင်းပြောပြပါတယ်… ။ ကျမ အခုမှ ကိုယ့်ကိုယ်ကို သတိထားမိတာ .. ပြန်လာကတည်းက ရွှံဗွက် တွေ ပေလာတဲ့ ခြေထောက်ကို မဆေးရသေးတာပါပဲ.. ခြေထောက်က ဆေးဘဲဥလို ရွှံတွေ မံပြီးသား ဖြစ်ပြီး တချို့ တောင် ခြောက်ကုန်ပါတယ်…. ဒါနဲ့ ကဗျာကယာ ရေဆေးရတာ ပြောင်တောင် မပြောင်ပါဘူး ။ ဆပ်ပြာလည်း မတွေ့လို့ မတိုက်လိုက်ရဘူးလေ …။ ခြေသည်းရှည်တွေ ကြားမှာ မြေကြီးတွေဆိုတာ ကိုယ့်ခြေထောက်တောင် ကိုယ် မသတီချင်တော့ဘူး ။ ဆိုးဆိုးရွားရွားကို ညစ်ပတ်ပေတူးနေတာပါပဲ …… ။ သူများတွေ ဝါးတီးဆွဲပြီးပြီးဆိုတော့ ကျမလည်း အိမ်ပေါ် တတ်ပြီး ဝါးတီး ဆွဲပါတယ် … ချက်ထားတာက တောချက်ပါ.. ဝက်သား ကြက်သား သာ အသားဟင်း အဖြစ်ပါပြီး ကျန်တာက အလေ့ကျ အရွက်တွေပါ… ။ ချဉ်ပေါင်တောင်ပါသေး… ။ ကျမစိတ်ထဲ အသုဘပို့စဉ်က မြင်ယောင်မိတဲ့ အဆီပေါက်တာကြီးကို တွေးမိပြီး ထမင်းတောင် မစားချင်တော့ပါဘူး ။ စားလက်စကို ရပ်ပြီး ရန်ကုန်က အ ဖွဲ့တွေ နား ယောင်လည် လည် လုပ်တော့ ဖဲဝိုင်းမြင်လို့ ဝင်ဆော့ဖြစ်သေးတယ်… အနည်းကျဉ်းပါ… ရွာသွားလည်ပြီး အလုပ်မရှိတော့ … ဝင်ဆော့ဖြစ်တာ ..ကျမက လောင်းကစားနဲ့ အကျိုးမပေးမှန်း သိထားတာကြောင့် အရှုံးနဲ့ပဲ ပွဲရပ်ခဲ့ရတာပေါ့ … ။ ခဏနားပြီး ရန်ကုန်ကလူတွေ ပြန်မယ်လို့ လူစုတော့မှ ကျမလည်း ကောက်ခါငင်ကာ ဖုန်ခါပြီး လာရာလမ်း အတိုင်း ကားရပ်ထားရာသို့ ပြန်ခဲ့ပါတော့တယ်…. ။
4 comments
hmee
March 18, 2011 at 11:32 am
ဟုတ်တယ် အီးတုန်းရေ အလောင်းက ကုန်းထလာရင် ဝါးစိမ်းအချွန်နဲ.ဝိုင်းထိုးတာ။ အရေပြားတွေပေါက်ပြီး အဆီတွေကျသွားအောင်လို.တဲ့။ အဲဒီလိုမဖောက်ရင် အလောင်းကြီးက အဆီပေါက်ကွဲအားကြောင်. ဘေးကိုလွင့်စင်တတ်လို.တဲ့။ တခါသွားကြည့်ဖူးတယ် မကြည့်ရက်တော့လို.ခဏနဲ့ ပြန်ပြေးလာရတယ်။
ဆူး
March 18, 2011 at 1:48 pm
အလောင်းကို မီးရှို့တာတော့ တခါမှ မမြင်ဘူးဘူး။
char too lan
March 18, 2011 at 2:00 pm
အီးတုံးတို့ကဇာတ်လမ်းကလေးတော့ ကောင်းပါရဲ ့ ကြားထဲကဆေးဘဲဥမစားချင်အောင်လုပ်သွားသေးတယ် 😛
meengelay
March 19, 2011 at 3:38 am
သွားရဲပါဘူး ကြောက်စရာကြီးကို