“ မမေ့စကောင်း …..မေ့စကောင်း ”
“ မမေ့စကောင်း …..မေ့စကောင်း ”
ကျွန်တော်တို့မြန်မာတွေက တစ်နေ့ကို အနည်းဆုံးထမင်းနှစ်နပ်တော့စားလေ့ရှိကြပါတယ်။
တစ်ချို့သွားရေစာ မစားတတ်တဲ့သူများကတော့ မနက်အစောစာလဲ ထမင်းဘဲစား၊
နေ့လည်စာရော ညစာရော ထမင်းဘဲစားတော့ တစ်နေ့သုံးနပ်ပေါ့။
ဒီတော့လဲထမင်းစားတယ်ဆိုတာ ကျွန်တော်တို့အတွက် သာမန်လုပ်ရိုးလုပ်စဉ်ကိစ္စတစ်ရပ်လို့သာ
မှတ်ယူထားလို့ဘဲ မထူးဆန်းတဲ့ကိစ္စဆိုရင် “ထမင်းစားရေသောက်”လို့ပြောတတ်ကြပါတယ်။
ဒါပေမယ့်လည်းလောကမှာ နေ့စဉ် ကြုံနေကြ မထူးဆန်းဘူးဆိုတာလေးတွေထဲမှာတောင်မှ
မေ့မရနိုင်လောက်အောင်ထူးထူးခြားခြားမှတ်မိနေစရာလေးတွေရှိတတ်ကြပါတယ်။
တစ်ချို့ကတော့ ထူးထူးခြားခြား စားကောင်းလို့ ၊တစ်ချို့ကတော့ စားရတာတန်လို့၊တစ်ချို့ကတော့ မတန်တဆ နှပ်အချခံလိုက်ရလို့ တစ်ချို့ကြတော့လဲသိပ်ကိုဆာလောင်မွတ်သိပ်နေချိန်မှာစားလိုက်ရတာမျိုးကိုဆိုလိုတာပါ။
ကျွန်တော့်ဘဝမှာလဲ ထမင်းစားတာနဲ့ပါတ်သက်ပြီးအမှတ်ရစရာလေးတွေရှိခဲ့ဘူးပါတယ်။
ချမ်းချမ်းလိုဟဲရရင် “မေ့တော့ မမေ့သေးဘူး…………………..”ပေါ့ဗျာ။
ရှေးရှေးတုံးကပေါ့နော်လို့ ကလေးများကိုပုံပြောသလိုဘဲစလိုက်ပါတော့မယ်။
ရက်စွဲအတိအကျမသိပေမယ့် စနေနေ့ဆိုတာတော့မှတ်မိနေပါတယ်။
ကျွန်တော်တို့ မန္တလေးကလူများကအားတယ်ဆိုရင် မေမြို့သို့မဟုတ်ပြင်ဦးလွင်ကို အပျင်းပြေတက်
လေ့ရှိပါတယ်။
တစ်ခါတစ်ရံနေ့ချင်းပြန်၊တစ်ခါတစ်လေတော့လဲ တစ်ညအိပ်ပေါ့။
အဲဒီတုန်းက ဒီလမ်းက တစ်လမ်းမောင်းဘဲရှိနေသေးတဲ့အချိန်ပေါ့။
အိ်မ်ဘေးအိမ်က “အန်တီအယ်မာ”တို့ မိသားစုက ပြင်ဦးလွင်ကိုတက်မယ်ဆိုပြီး ကျွန်တော်တို့ ညီအကိုနှစ်ယောက်ကိုခေါ်သွားပါတယ်။
စုစုပေါင်းငါးယောက်ပါ။
အန်တီအယ်မာတို့ လင်မယားနှစ်ယောက်ရယ် သူ့သမီး “မိကေ”ရယ်ကျွန်တော်တို့ညီအကိုရယ်ပါ။
ညနေ သုံး နာရီထိုးခါနီးလောက်မှတက်သွားတာပါ။
ဟိုမှာတစ်ညအိပ်မယ်နောက်နေ့ လည်ပါတ်ပြီးရင် ညနေစောင်းမှပြန်ဆင်းလာမယ်ဆိုပြီး သွားကြတာပါ။
ကိုယ့်ကားနဲ့ကိုယ်သွားတယ်ဆိုတော့ လမ်းမှာအေးအေးဆေးဆေးပေါ့။
ရူ့ခင်းကောင်းတဲ့နေရာဆိုရင် ရပ်ပြီးသဘာဝအလှအပတွေကိုခံစားကြ ဓါတ်ပုံတွေရိုက်ကြပေါ့။
ပြင်ဦးလွင်ကိုတက်ရင် အလွန်လှပတဲ့နေရာလေးကတော့ ရူ့ခင်းသာဆိုတဲ့ဗျူးပွိုင့်ရယ် ခြောက်ထပ်ကွေ့ရယ်ပါဘဲ။
ငွေရောင်ဖဲစကလေးချထားသလို တွေ့နေရတဲ့ ဒုဌဝတီမြစ်ရဲ့ကနေရောင်အောက်မှာလက်လက်ထလို့၊
ဟိုးအဝေးမှာလှမ်းမြင်နေရတဲ့ တောင်စဉ်တောင်တန်းတွေရယ် ကျယ့်ပျံ့လွတ်လပ်တဲ့
မြင်ကွင်းရယ်က ညနေ နေဝင်ချိန်များဆိုရင်ရူ့ခင်းသာအလှက ကြည့်မဝနိုင်အောင်ပါဘဲ။
တောပန်းတောင်ပန်းရဲ့ရနံ့လေးတွေကိုသယ်ဆောင်လာတဲ့သန့်ရှင်းလတ်ဆတ်တဲ့လေအေးအေးလေးကလဲစိတ်ကိုကြည်နူးစေပါတယ်။
နောက်လှပတဲ့တစ်နေရာကတော့ ခြောက်ထပ်ကွေ့ပါဘဲ။
အောက်ခြေကနေကွေ့ပါတ်တက်လာတဲ့ကားတွေဆိုင်ကယ်တွေကြည့်ရတာကို က အရသာရှိလှပါတယ်။
အများအားဖြင့် ပြင်ဦးလွင်ကိုမန္တလေးကနေသွားတဲ့အခါတောင်ပေါ်ဘက်ရောက်လေ သာယာလှပလေ
စိမ်းစိုတဲ့သစ်ပင်အရိပ်တွေကြောင့် အေးမြလေ စိတ်ကြည်နူးလေပါဘဲ။ ပြန်အဆင်းကျရင်တော့ ပြောင်းပြန်ပေါ့။
အောက်ရောက်လေပူလေပါဘဲ။
အဲဒီနေ့က (21)မိုင်မှာလဲမုန့်စားရင်းနား ကားစက်အေးအောင်အတော်ကြာကြာလေးနား။
လမ်းလဲရပ်ချင်တဲ့နေရာ ရပ်အေးအေးဆေးဆေးဘဲတက်လာကြတာပါ။
လှပတဲ့မြင်ကွင်းကောင်းတဲ့နေရာများရောက်ရင် ဓါတ်ပုံတွေရိုက်ကြ ဟာသတွေလုပ်ကြနဲ့
အတော်ကိုစိတ်ချမ်းမြေ့စရာကောင်းတဲ့ခရီးပါဘဲ။
ဖြစ်ချင်တော့ လမ်းတစ်နေရာမှာ ဓါတ်ပုံရိုက်နေတုံး လေပြင်းတချက်တိုက်လိုက်တော့ “အန်တီအယ်မာ”
လည်ပင်းက မာဖလာလေးက လွင့်ပြီးကျသွားပါတယ်။
မာဖလာလေးက အောက်ထိမရောက်ဘဲတောင်စောင်းက ခြုံဖုတ်လေးတစ်ခုမှာသွားတင်နေပါတယ်။
အန်တီအယ်မာကလဲ ဒီမာဖလာလေးကို သူ့မောင်လေး နိုင်ငံခြားကနေပို့လိုက်တာလေးဆိုတာ
တန်ဖိုးထားတော့ ပြန်လိုချင်ပါတယ်။
ဒါနဲ့ဘဲသိပ်မနက်တဲ့တောင်စောင်းလေးကို ကျွန်တော့်တို့ညီအကိုနှစ်ယောက်ကဆင်းပြီးမာဖလာပြန်ယူပါတယ်။
လဲမှာပြုမှာစိုးတော့ ဖြေးဖြေးဆင်းဖြေးဖြေးတက်နဲ့ဘဲ ပုဝါလေးကိုရအောင်ပြန်ယူလာပါတယ်။
အဲဒီနေရာမှာနာရီဝက်ကျော်ကျော်လောက် ကြာပါတယ်။
ဆက်တက်လာလိုက်တာ အနီးစခန်းမရောက်ခင်မှာကောင်းကင်တစ်ခုလုံးက သပြေသီးမှည့်ရောင်ပေါက်လို့
မဲမှောင်လာပြီး မိုးကြီးလေကြီးကျတော့မယ့်အရိပ်အယောင်တွေ တွေ့လာရပါတယ်။
အဲတော့ မိုးလွတ်လိုလွတ်ငြားကားကို အမြန်မောင်းရပါတော့တယ်။
ဒါပေမယ့်လည်းကားဆက်မောင်းလာရင်းခဏနေတော့ မုးိတွေသဲသဲမဲမဲရွာလာတဲ့အခါ
ကားဆက်မောင်းလို့မရတော့လို့ သစ်ပင်တစ်ပင်အောက်မှာရပ်ထားရပါတယ်။
ကျွန်တော်တို့ကားရပ်လို်က်ရတဲ့နေရာက အိမ်ခြေအဆက်ပြတ်တဲ့နေရာဖြစ်တော့ဝင်ခိုစရာအိမ်မရှိပါဘူး။
စိတ်အထင်တစ်နာရီကျော်ကျော်လောက်ကြာတော့ မိုးမတိတ်ပေမယ့် နည်းနည်းတော့မိုးစဲလာတာနဲ့ကားဆက်မောင်းလာပါတယ်။
ဖြည်းဖြည်းဘဲမောင်းရတော့ခရီးသိပ်မတွင်ဘူးပေါ့။
ပြင်ဦးလွင်မြို့အဝင်ကကော်ဖီခြံနားလဲရောက်ရော စဲမလိုလိုနဲ့မိုးကပြန်သဲလာပြန်ပါတယ်။
တောင်တက်လမ်းလဲ မဟုတ်တော့ မထူးဘူးဆိုပြီး ကားကိုဆက်မောင်းလာခဲ့ကြပါတယ်။
သစ်တောလမ်းက အန်တီအယ်မာတို့ တည်းဘို့ စိတ်ကူးထားတဲ့အိမ်ရှေ့လဲရပ်လိုက်တဲ့အခါမှောင်မဲနေတဲ့ အိမ်ကိုလည်းမြင်ရော စိတ်တွေမောကုန်ကြပါတယ်။
တစ်မြို့လုံးကလဲမှောင်မဲ၊တည်းမယ်လုပ်တဲ့အိမ်ကလဲ မှောင်မဲ ကားမီးရောင်အောက်မှာ
မြင်ရတဲ့ဝင်းတံခါးကသော့ခတ်ထားပါတယ်။
လူသံကားသံတွေကြားတော့ ဘေးအိ်မ်က လက်နှိပ်ဓါတ်မီးလေးတစ်လက်နဲ့ထွက်လာပြီး
ဧည့်သည်မှန်းသိတော့ သတင်းပေးပါတယ်။
တစ်အိမ်လုံး မနက်အစောကြိးထပြီး နောင်ချိုက အလှူကိုသွားကြပါသတဲ့။
ဒါနဲ့ဘဲ အန်တီအယ်မာတို့လင်မယားနှစ်ယောက်ခေါင်းချင်းဆိုင်တိုင်ပင်ပြီး
စစ်ဆေးရုံနားက မိတ်ဆွေအိမ်ဘဲသွားမယ်ဆိုထွက်လာပါတယ်။
မိုးတွေကရွာ ညက (7)နာရီကျော်တော့ တစ်မြို့လုံးလဲမှောင်မဲ ဘာဆိုင်မှလဲမဖွင့်
တော့ ဗိုက်ဆာပေမယ်လဲဝယ်စားစရာမရှိတဲ့အဖြစ်နဲ့ကြုံရပါတယ်။
ချမ်းလဲချမ်းဆာလဲဆာပေါ့။
ဒါနဲ့ဘဲ အန်တီအယ်မာတို့ သူငယ်ချင်းရှိတဲ့အိမ်ကိုမိုးထဲလေထဲမှာရောက်သွားကြပါတယ်။
မှတ်မှတ်ရရ စစ်ဆေးရုံမရောက်ခင် ခရစ်ယာန်သချိုင်းဘေးနားက ချပ်ချ်ကျောင်းနဲ့မျက်စောင်းထိုးလောက်ပါ။
နောက်ခန်းကလိုက်လာတဲ့ ကျွန်တော်တို့သုံးယောက်မှာချမ်းလွန်းလို့ကုပ်ကုပ်ကလေး အရေးထဲမှာ
ဗိုက်ကလဲဆာတော့ လှုပ်တောင်မလှုပ်နိုင်ပါဘူး။
အိမ်ရှေ့ရောက်တော့ အထဲမှာမီးရောင်လေးလဲမြင်ရောဝမ်းတွေသာလိုက်တာမှ မပြောပါနဲ့တော့။
ဒါနဲ့ဘဲကားဟွန်းတီးလိုက်တော့ အိမ်ထဲကနေ ဘယ်သူလဲမေး ကားပေါ်ကပြန်ဖြေတော့မှအန်တီအယ်မာတို့မှန်းသိပြီး
တံခါးဖွင့်ပေးလို့ရေစိုအဝတ်တွေကို အရင်လဲခိုင်းပါတယ်။
အိမ်ထဲလဲရောက်အဝတ်တွေလဲ လဲပြီးရော အန်တီအယ်မာသူငယ်ချင်းကအချမ်းပြေသောက်ဖို့ကော်ဖီတွေဖျော်
ရှိတဲ့ဘီစကွတ်မု့န့်ပုံးလေးကိုချကျွေးတော့စားလိုက်ကြတာအငမ်းမရပါဘဲ။
နောက်တော့ လမ်းခရီးအကြောင်းတွေပြောကြရင်း ထမင်းစားပြီးပြီလားမေးတော့
အန်တီအယ်မာ က ခေါင်းလဲရမ်းပြရော သူ့သူငယ်ချင်းအန်တီတူးက ဟက်ဟက်ပက်ပက်ရီပါတော့တယ်။
သူတို့ကလဲ နက်ဖြန် တနင်္ဂနွေဈေးဝယ်မယ့်နေ့ဆိုတော့ ဟင်းချက်ဘို့ ဘာမှမကျန်တော့ဘူးဆိုပြီးတော့ပါ။
ဒါနဲ့အန်တီတူးယောက်ျားက မြို့ထဲသွားသူနဲ့ခင်ခေါက်ဆွဲဆိုင်ကို ဖွင့်ခိုင်းပြီး ဟင်းဝယ်မယ်လုပ်တော့
အားနာတာရော မိုးချုပ်နေတာရော မိုးကလဲမတိတ် တစ်မြိုလုံးမှောင်မဲနေတာဘဲဆိုတော့
ဒုက္ခခံပြီး မသွားဘိုု့အားလုံးကတားကြပါတယ်။
ဒါနဲ့ဘဲအန်တီအယ်မာတို့သူငယ်ချင်းနှစ်ယောက်ကမီးဖိုးထဲဝင် မီးမွှေးလို့ရှိတာလေးနဲ့ထမင်းတစ်ပွဲဖြစ်အောင်ဖန်တီးကြပါတော့တယ်။
အိမ်မှာကျန်နေသေးတဲ့အာလူးသီးလေးကို အမြောင်းလေးတွေလှီးပြီးအစိုကြော်။
မနက်ထမင်းကြော်စားဘို့ချန်ထားတဲ့ ဘဲဥနှစ်လုံးကိုခေါက် ခရမ်းချဉ်သီးကြက်သွန်နီများများနဲ့အယှက်အကြီးကြီးရအောင်ကြော်။
ပြီးရင် ခပ်စောင်းစောင်းနဲ့ သေးသေးလေးဖြစ်အောင် အမြောင်းလိုက်လေးဖြစ်အောင်ပြန်လှီး။
သူတို့အိမ်မှာအမြဲရှိနေတဲ့ ငပိရေကျိုအိုးကို ထပ်ကျို။
မိုးမျှော်သီးကိုလေးစိတ်ကွဲအောင်ထောင်းကြက်သွန်ဖြူနဲ့ပုစွန်ခြောက်ကို ထုပြီးအဲဒီထဲထည့်။
နေ့လည်က ခူးထားတဲ့ပူဒီနာရွက်တွေနဲ့ကို အတို့လုပ်။
ကျန်နေတဲ့ဘူးသီးတစ်စိတ်ကိုဟင်းချိုချက် ချခါနီးငရုတ်ကောင်းလေးခတ်။
တစ်နာရီနီးပါးကြာတဲ့အခါမှာ အင်မတန်မှမွှေးပျံ့တဲ့အနံ့တွေပေးပြီးသွားရည်တွေကျအောင်
ဆွဲဆောင်နေတဲ့ထမင်းဝို်င်းကြီးဖြစ်လာပါတော့တယ်။
အိမ်မှာဆိုရင် ထမင်းစားခါနီးအမေက ခွံ့ကျွေးတာနေတာကို ဆော့ရင်းစားတတ်တဲ့ အန်တီအယ်မာ့ သမီး “မိကေ”၊အဖွားချက်ကျွေးတဲ့ထမင်းဟင်းဘယ်လောက်ကောင်းကောင်း အပိုဆောင်းပြီး ဟိုဟာလုပ်ပေးဒီဟာလုပ်ပေးနဲ့ ဂျီကျတတ်တဲ့ကျွန်တော့်တို့ညီအကိုနှစ်ယောက်၊အသက်ကြီးလို့ ဝလာရင်
မလှမှာစိုးလို့ညစားလျှော့စားတဲ့အန်တီအယ်မာ ညနေစာဆိုရင် ဘာစားစား တို့ကာပင့်ကာနဲ့စားတယ်ဆိုရုံလေး ကြောင်စာလောက်သာစားတတ်တဲ့အားကစားလိုက်စားတဲ့ ဦးဦးထွန်း ပေါင်း(5)ယောက် ပလုပ်ပလောင်း
တရူးရူး တရှဲရှဲနဲ့ စားလိုက်ကြတာ ဆန်(2)လုံးချက်တက်တက်ပြောင်ပါဘဲ။
ဒီအသက်အရွယ်ရောက်အိမ်ထောင်တွေကျ ကိုယ့်ဘဝနဲ့ကိုယ်နေကြတာတောင် တစ်ခါတစ်လေ “မိကေ”
နဲ့များ တွေ့ရင် “ငါတို့ မေမြို့သွားတုန်းကလေ…………………”ဆိုအစချီလို့ မိုးတစ်ညက ထမင်းစားပွဲကို
သတိတရနဲ့ပြန်ပြောမိကြတုံးပါ။
နောက်တနပ်ကတော့ ပူပူနွေးနွေးဖြစ်ထားတာလေးဆိုတော့ ဘယ်လောက်ကြာမှမေ့မယ်ဆိုတာကိုတော့ မသိနိုင်ပေမယ့် ထမင်းစားပွဲဆိုတာနဲ့ဒီအကြောင်းလေးကို သတိရနေမှာကတော့သေချာသလောက်ပါဘဲ။
တိုးတက်ခေတ်မှီတဲ့ နိုင်ငံတကာနဲ့ကူးလူးဆက်ဆံနေချိန်မှာ မန္တလေးက ကျွန်တော်အပါအဝင်တောသား
(5)ယောက်ခံလိုက်ရတာလေးပါ။
သိပ်မကြာသေးခင်လေးကမှပါ။
လုပ်ငန်းအတူတွဲလုပ်နေတဲ့ မိတ်ဆွေ တစ်ယောက်ကဖုန်းဆက်လာပါတယ်။
နက်ဖြန်ညနေ “ဆီဒိုးနား”မှာထမင်းစားပွဲရှိတယ်ပေါ့။
ကျွန်တော်တို့နဲ့လုပ်ငန်းသစ်တစ်ခုအတူတွဲလုပ်ကြဘို့လိုအပ်တာတွေက လာညှိနိုင်းနေတဲ့ နိုင်ငံခြားသားတစ်ယောက်ကကျွန်တော်တို့နဲ့သူအပါအဝင်(6)ယောက် အတူ ညနေစာထမင်းစားရင်း အလုပ်ကိစ္စပြောရင်းလူခြင်းလဲတွေ့ချင်တယ်လို့ ပြောပါသတဲ့။
အများအားဖြင့် အီးမေးလ်နဲ့စာတွေပို့၊ ဖုန်းနဲ့သာစကားတွေပြောကြရ အစည်းအဝေးမှာခဏတွေ့ပြီးပြောကြရကိုးဗျ။
အခုလိုအေးအေးဆေးဆေးစကားစမြည် တခါမှစကားမပြောဘူးကြဘူးလေ။
ဒီဆီဒိုးနားမန်းလေးမှာဖွင့်လာတာ ကြာကိုကြာပေါ့။
အဲဒီရှေ့ကသာ ဖြတ်သွားဖြတ်လာလုပ်နေ ဧည့်သည်လာလို့ ဝင်တွေ့တာကလွဲလို့
ထမင်းတော့ တစ်ခါမှ ဝင်မစားဘူးသေးဘူးဆိုတော့ အရမ်းကို ဝမ်းသာသပေါ့။
ကိုယ်ကသာမရောက်ဘူးတာ ရောက်ဘူးတဲ့သူများရဲ့ မစားရဝခမန်းသတင်းစကားအရ
ဆီဒိုးနားက ဘူးဖေးတယ်ကောင်းဆိုဘဲ။
အဲဒီနေ့က အိမ်ကိုကြိုပြီးကြွယ်ထားတယ်
“ဆီဒိုးနားမှာထမင်းသွားတီးမှာငါ့အတွက်ချန်မထားနဲ့ပေါ့”။
နောက်ပြီး ညနေထမင်းစားပွဲက (7)နာရီလောက်ဆိုတော့ အလုပ်ထဲကကလေးတွေ
ညနေအဆာပြေ မုန့်စားတော့ လဲမစားလိုက်မိဘူး။
အမှန်ကတော့ ဘူးဖေးဆိုရင်တန်အောင်မစားလိုက်ရမှာစိုးလို့ တမင်မစားတာပါ။
အဲဒီနေ့က ကလေးတွေက အသီးအနှံတွေဝယ်စာ းကြတာ။
(35လမ်း 85-86ကြားက မြတောင်ဘုန်းကြီးကျောင်းအုတ်နံရံဘေးမှာ ဖရဲသီး၊သခွားသီး
သင်္ဘောသီးလို ရာသီပေါ်သီးနှံလေးတွေရောင်းတဲ့ဆိုင်လေးတွေတန်းစီနေတာပါ။
ဈေးလဲအရမ်းသက်သာပါတယ်။ထောင့်ငါးရာဘိုးလောက်များဝယ်တယ်ဆိုရင်
အသီးအနှံအစုံကို အများကြီးရတာပါ။
ပြီးတော့အေးနေအောင်ရေသန့်ခဲတွေထည့်ပေးပါသေးတယ်။
စားရတာတကယ်တန်ပါတယ်။)။
ညနေရောက်တော့ အတူသွားမယ့်လူတွေကို ကိုယ့်အစီအစဉ်နဲ့ကိုယ်ဆီဒိုးနားကိုသွား
ရောက်ရင် အပြင်ကစောင့် ပြီးမှအထဲကိုအတူဝင်မယ်ဆိုပြီးချိန်းလိုက်ကြပါတယ်။
6း45လောက်မှာလူစုံတော့ အထဲကိုဝင်ခဲ့ကြပါတယ်။
ဧည့်ကြိုကောင်တာမှာ နာမယ်ပြောလိုက်တော့ ကြိုတင်မှာထားပြီးသားဆိုပြီး စားပွဲတစ်ခုမှာနေရာချပေးပါတယ်။
ခြောက်ယောက်ဆိုတော့စားပွဲနှစ်လုံးကိုဆက်ပေးလိုက်ပါတယ်။
သူတို့ ဟင်းချက်တဲ့စားဖိုဆောင်နဲ့တည့်တည့်ပါ။
ကျွန်တော်တို့ရောက်လို့ထိုင်လဲထိုင်ရော စာတစ်စောင်လာပေးပါတယ်။
ကျွန်တော်တို့ကထမင်းစားဖိတ်ထားတဲ့ မိတ်ဆွေကသူ့ရုံးကအရေးတကြီးခေါ်လို့ ရန်ကုန်ကို ပြန်သွားရတဲ့အကြောင်း၊
မိတ်ဆွေများကို ကိုယ်တိုင်ကိုယ်က ဧည်မခံနိုင်တော့တဲ့အတွက်တောင်းပန်ပါကြောင်း၊
ကြိုတင်အကြောင်းမကြားဘဲ စာပေးထားခဲ့ရခြင်းမှလည်း မလေးစား၍မဟုတ်ပါကြောင်း၊
မိမိအနေဖြင့်မိတ်ဆွေများအတွက် ကြိုတင်မှာထားပြီးသည့်အပြင်ကျသင့်ငွေကိုပေးချေပြီးပါကြောင်း၊
ထို့ကြောင့်စိတ်အေးလက်အေးစားသောက်နိုင်ရန်စီစဉ်ထားပြီးပါကြောင်း စာရေးထားခဲ့ပါတယ်။
အဲတော့လဲကိုယ့်ဘာသာကိုယ်စားပြီးပြန်ရုံပေါ့ဆိုပြီးစားဘို့ပြင်ကြရပါတယ်။
အဲဒီအချိန်မှာ အကျင်္ီအဖြူ အနက်ရောင်ဘောင်းဘီ အနက်ရောင်ကုတ်အကျီနဲ့ကျွန်တော်တို့ကိုဧည့်ခံပေးဘို့
တာဝန်ယူထားသူက အဆင်သင့်ရပ်စောင့်နေပါတယ်။
ကျွန်တော်တို့ က ဘယ်ကနေယူစားရမလဲလို့ မေးတော့ ဒီနေ့ ဧည့်သည်နည်းလို့ ဘူဖေးမရှိပါဘူးတဲ့။
ဆပ်မီနူးဘဲရမယ်လို့ပြောပါတယ်။
ခက်တာကသူပြောတဲ့ဆပ်မီနူးဆိုတာဘာမှန်းမသိဘူးဖြစ်နေပါတယ်။
ကျွန်တော်တို့ကို ဆပ်လုပ်ပေးမယ့် ဘွိုင်က “မီးနူး”စာအုပ်လေးယူလာပါတယ်။
မိုက်မှမိုက်သားရေဖုံးလေးနဲ့ပါ။
ခက်တာက ကိုယ်ကလဲ ဒီမှာမစားဘူးတော့ခက်နေတယ်။
ပဲတော့မများရဲပါဘူး တော်ကြာအရှက်ကွဲနေရင်အခက်ဆိုတော့ ဘွိုင်ကိုပွင့်ပွင့်လင်းလင်းဘဲပြောလိုက်ပါတယ်။
“ဒီမှတစ်ခါမှလာမစားဘူးတဲ့အကြောင်း ရယ်၊ဆပ်မီနူးကို မသိတဲ့အကြောင်းပေါ့ ။
အဲဒီကျတော့မှသူပြောတာ ဆပ်မီနူးက ကြိုက်နှစ်သက်ရာသုံးမျိုးမှာလို့ရတယ်ဆိုတာကိုပြောပြပါတယ်။
ပထမဆုံးရွေးစရာဘိုလိုရေးတာကို ဘာသာပြန်ရမယ်ဆိုရင်ပေါနော်
(1) ဆလပ် နဲ့ ကြက်သွန်နီစွတ်ပြုတ် နှစ်သက်ရာတစ်ခု
(2) ဝက်သားဘိစတိတ်နဲ့ငါးဘိစတိတ် နှစ်သက်ရာတစ်ခု
(3) သစ်သီးအချိုစုံနဲ့ ကိတ်မုန့်နှစ်သက်ရာတစ်ခု
ဘယ်လိုမှာမှာသုံးမျုးိရွေးလို့ရတယ်လို့ပြောပါတယ်။
ဒီတော့စုံစမ်းစပ်စုတွေလုပ်ရတော့တာပေါ့။
တစ်ယောက်ကို (16)ဒေါ်လာပေးထားတာ ဒီသုံးမျိုးဘဲလားလို့မေးတော့ ဒါအကုန်ပါဘဲတဲ့။
ကျွန်တော်တို့စားပွဲကို တာဝန်ကျတဲ့သူက မျက်နှာကသာပြုံးနေတာ စိတ်ထဲကတော့ ဒီတောသားတွေတော့………. ဆိုပြီးရီချင်နေမလား ငအတွေဆိုပြီးဟားနေမလားတော့မသိပါဘူး။
သူပြောတဲ့စားစရာတစ်ခုချင်းကိုမေးရပါတော့တယ်။
(ဆလပ်ဆိုတာ ဘာတွေလဲဆိုတော့ အသီးအရွက်ကို ဗင်နီကာခေါ်တဲ့ရှာလကာရည်နဲု့တို့စားရတာ၊
ကြက်သွန်နီစွတ်ပြုတ်ကတော့ ကြက်သွန်နီကိုဟိုဟာဒီဟာနဲ့ရောလို့ခပ်ပျစ်ပျစ်လေးကြိုထားတာ၊
ဝက်ဘိစတိတ်က ဝက်သားအသားကို ကြော်ထားတာပြီးတော့ အာလူး နဲ့ခရမ်းသီးအစိုကြော်ထားတာနဲနဲ့ထည့်ပေးမယ်။
ငါးကလဲ အဲဒီအတိုင်းဘဲ အရိုးမပါအောင် “ငါးတန်သား”သားကိုကြော်ထားတာ၊
အသီးအနှံပွဲနဲ့ ကိတ်မုန့်ကတော့ရှင်းပါတယ်။
အဲတော့ တောသားငါးယောက်ဘာမှာမလဲစဉ်းစားကြတော့တာပေါ့။
ဒါပေမယ့် စားမှမစားဘူးတော့ ဝေတေဝါးတားနဲ့ မဆုံးဖြတ်နိုင်ကြပါဘူး။
ကျွန်တော်တို့အခက်အခဲကို သူကဘဲဖြေရှင်းပေးပါတယ်။
“ဆရာတို့အတွက်က (6)ပွဲစာရှင်းပြီးသားပါ။
ဒီတော့ဆုံးဖြတ်ရခက်နေရင် တစ်မျိုးသုံးပွဲစီမှာပြီး မျှစားပေါ့”တဲ့။
ဒီတော့လဲ သူပေးတဲ့အကြံကို ကိုယ်ကဘဲသဘောထားကြီးစွာနဲ့လိုက်လျောတဲ့ပုံစံနဲ့
“အိုကေပါ”ပေါ့။
ကျွန်တော်တို့ဆီက အမိန့်လဲကျရော စားဖိုမှာ တာဝန်ကျနေတဲ့ကလေးတွေက ချက်ဘို့ပြုတ်ဘို့ လုပ်ကြပါတော့တယ်။
တာဝန်ကျတဲ့ဘွိုင်က “ဆရာတို့ ဘာအရည်သောက်မလဲ ဒါကတော့ စာရင်းထဲမပါဘူး ကိုယ့်ဘာသာကိုယ်ရှင်းရမှာ”ဆိုတော့တစ်ယောက်ကထပြီးရှည်ကြောပါတယ်။
“ ကျားစီးမလား ကရိဝိက်စီးမလားတဲ့“(တို်က်ဂါးလား မြန်မာဘီယာလားမေးတာပါ)
ဒီတစ်ခါတော့ နိုဗိုတယ်မန်းလေးမှာဖွင့်စက အပြင်မှာဘယ်ဆို်င်သောက်သောက်တစ်ဘူးနှစ်ရာကျပ်
မကျော်တဲ့ poka အချိုရည်ကို တစ်ဒေါ်လာ(650ကျပ်)နဲ့ရှင်းခဲ့ရဘူးတော့ ခံရတော့မယ်ဆိုတာသိလို့
တစ်ပုလင်းဘယ်လောက်လဲလို့မေးတော့ ဘာသောက်သောက် ငါးဒေါ်လာ -4500ကျပ်၊ရေသန့်ကတော့
ဝမ်းလီတာတစ်ဘူးတစ်ထောင်လို့ပြန်ဖြေတာနဲ့ တော်တော်………တော်အမြန်လုပ်လိုက်ရပါတယ်။
ဒါနဲ့ဘဲ ဟင်းပွဲတွေစရောက်လာပါတယ်။
ဟင်းမချခင်ကတည်းက ခရင်းနှစ်ချောင်း၊ထိပ်ဝိုင်းဇွန်းကြီးကတစ်ချောင်း၊ဒါးနှစ်လက်၊
ကြွေ့ပုဂံပြားအသေးလေးနှစ်ချပ်လာချထားပါတယ်။
ပထမဆုံးကတော့
ဂျုံအညိုနဲ့လုပ်ထားတဲ့ပေါင်မုန့်အလုံးလေးရယ် အပြားလေးရယ် မာတောက်တောက် ပေါင်မုန့်ခြောက် အချောင်းလေးရယ်ပါတဲ့ ဝါးနဲ့လုပ်ထားတဲ့လှေပုံစံခြင်းလိုလို စကာခုံးလိုတောင်းလေးက နှစ်တောင်းလာချပါတယ်။ခြောက်ယောက်စာပေါ့။
ပေါင်မုန့်အညိုလုံးလေး လေးငါးလုံး ပေါင်မုန့်အညိုလှီးပြီးသားကလေးငါးချပ်ပေါ့။
ကြက်သွန်စွတ်ပြုတ်ကတော့ ခပ်ညိုညိုပျစ်ပျစ်နဲ့အရည်တွေကို
ဇောက်သိပ်မနက်တဲ့ ပုဂံပြားအဝို်င်းသေးသေးလေးနဲ့ထဲ့လာပါတယ်။
အထဲမှာဘာမှန်းမသိတဲ့ အဝို်င်းလေးတစ်ခုက ပေါလောမျောလို့။
ဆလပ်ဆိုတာကတော့ ဘိုစားပဲသီးလေးက နှစ်တောင့် ရေနွေးဖျောထားပါတယ်
၊သခွားသီးလေးက နှစ်မျှောင်း၊ မစပ်တဲ့ငရုတ်သီးအပွတောင့်ကိုပါးပါးလေးလှီးထားတာကနှစ်ကွင်း၊
အောက်မှ ဆလပ်ရွက်လိုအရွက်တွေကိုအောက်ခင်းပြီးပေးထားပါတယ်။
(ချပေးရင်းနဲ့ ပိုးသတ်ဆေးကင်းစင်ပါတယ်လို့ပြောသွားပါသေးတယ်)
နောက် ဘာမှန်းမသိတဲ့အရည်လေးမြည်းကြည့်တော့ ချဉ်တာလိုလို ဘာလိုလိုနဲ့ကိုလာချပေးပါတယ်။
မေးကြည့်တော့ ဗင်နီကာလို့ခေါ်ပါသတဲ့ ဗမာလိုပြောရင် ရှာလကာရည်ပေါ့။
ခွက်ကလေးတစ်ခုထဲမှာပလပ်စတစ်နဲ့ပိတ်ထားတာ့ ဘာမှန်းမသိတဲ့ အတုံးလေးတွေရယ်ချထားပေးထားပါတယ်။
အဲဒီမှာအရှက်စကွဲချင်တော့ ကိုယ်မျက်မှန်မပါတာကိုမေ့ပြီး
ဆလပ်ဆိုတဲ့ပုဂံထဲမှာ ထည့်ထားတဲ့အရွက်က ခပ်ညိုညိုဖြစ်နေတာကိုမြင်တော့ဘွိုင်ကိုခေါ်
”မင်းတို့ပေးတဲ့ဆလပ်ရွက် က နွမ်းနေပြီ”ဆိုပြီး ခပ်တည်တည်နဲ့ပြောတော့
ဟိုကပြုံးပြီး“ဆရာတဲ့ အဲဒါက ဟင်းနုနွယ်ရွက်ပါဒါကြောင့်နည်းနည်းညိုနေတာပါ”လို့ဖြေပါတယ်။
(သူတို့ကတကယ်ကိုသေချာစွာလေ့ကျင့်ထားတဲ့သlတွေဆိုတော့
ဧည့်သည်ဘယ်လောက်မှားမှား မသိချင်ယောင်ဆောင်နေတတ်ပါတယ်။
ဧည့်သည်ကိုအရှက်ရအောင်မလုပ်တတ်ပါဘူး။
ကွယ်ရာမှာတော့ဘယ်လိုပြောပြီး ဟားမယ်မသိဘူးပေါ့နော်။)
ကျွန်တော်လဲခပ်ရှက်ရှက်နဲ့သူနဲ့ရောပြီး ပြုံးလိိုက်ရပါတယ်။
အသီးအရွက်တွေကရေလုံပြုတ်။
မြင်အောင်ပြောပြရရင် အိမ်မှာငပိချက်တို့ ငံပြာရည်ဖျော်တို့ ငပိရေကြိုတို့နဲ့တွဲစားရတဲ့
အတို့အမြုတ်တွေပါဘဲ။
နောက်ပေါင်မုန့်စားကြည့်တော့ ဘာအရသာမှမရှိ။
အထဲကလဲဘာမှမပါ ကြမ်းရှရှနဲ့။
နောက်ချထားတဲပလပ်စတစ်ခဲလေးကိုင်ကြည့်တော့
“ဆရာ အဲဒါထောပတ်ခဲပါ ထပ်ပေးစရာမလိုပါဘူး”လို့ပြောပါတယ်။
ဒါနဲ့ထောပတ်ခဲကိုဖွင့် ပေါင်မုန့်နဲ့သုတ်စားတော့ ထောပတ်က ဆီချေးစော်နံသလိုလိုပေမယ့်
မပြောရဲဘဲ မျိုချလိုက်ရပါတယ်။
ကြက်သွန်နီစွတ်ပြုတ်သောက်ကြည့်တော့လဲငံကျိကျိ ညှီတီတီ ဒါနဲ့ဘေးဖယ်ထားလိုက်ပါတယ်။
အဲတော့ ဘွိုင်ကို နောက်တစ်ပွဲ ရရင် ချပေးလို့ ပြောတော့
“ ဒီလိုဥရောပ အစားအစာဆိုတာက တစ်ခုပြီးမှတစ်ခုချပေးတာပါ”လို့ပြောပေမယ့်
စာဖိုးခန်းကို ချပေးဘို့အချက်ပြလိုက်ပါတယ်။
လာပါပြီ ပန်းကန်ပြားအကြီးကြီးထဲမှာ
ခရမ်းသီးကြော်ထားတာ နှစ်ဖတ်၊အားလူးအခွံသင်ထားတဲ့အမြောင်းလေးတွေကို အစိုကြော်ထားတာ
လေးငါးဆယ်ဖတ်၊မုန့်လက်ကောက်ကြော်လောက်ရှိတဲ့ဝက်သားကြော်က နှစ်ကွင်းလာချပေးပါတယ်။
ဝက်သားကြော်ကို ချထားပေးတဲ့ဓါးနဲ့လှီးတော့ မပြတ်တော့ ချွေးတွေပြန်လာသလိုပါဘဲ။
အခက်အခဲကိုမြင်သွားတဲ့ ဘွိုင်က ဘေးချထားတဲ့ ဓါးထက်ထက်တစ်ချောင်းကိုပေးပြီးဖြတ်ပြမှ
အကြောမာတဲ့အသားတုံးကပြတ်သွားပေမယ့် မာလွန်းတော့ ဝါးရတာပါးတွေတောင်ညောင်းလာလို့
ကုန်အောင်မစားနိုင်ဘဲ အာလူးကြော်ကိုဘဲစားလိုက်ရပါတယ်။
ဒါနဲ့ငါးကြော်ကိုစားကြည့်ပြန်တော့လဲ စိတ်ထဲမှာ ညှီသလိုလိုခံစားရပြန်ပါတယ်။
စားနေတဲ့ငါးယောက်စလုံး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လို့
ရီရမလို ငိုရမလိုပါဘဲ။
အဲဒါနဲ့ဘဲစားလက်စကိုလက်စသတ်နေတဲ့အခါမှာတော့ ဘွိုင်ကအချက်ပြလိုက်တော့
သစ်သီးပွဲရယ်ကိတ်မုန့်ရယ်လာချပါတော့တယ်။
သစ်သီးပွဲကတော့ သီးမွှေးငှက်ပျောသီးတစ်ခြမ်းကိုထက်ပိုင်းပိုင်းထားတာက နှစ်ဖတ်
ဖရဲသီးသေးသေးလေးက နှစ်ဖတ်၊သခွားသီးကတစ်ဖတ် ဒါအကုန်ပါဘဲ။
ကိတ်မုန့်ပွဲကတော့ သုံးမြောင့်ပုံကိတ်မုန့်လေးကို အပေါ်ကခရမ်မ်တွေဆမ်းထားပြီး
ဘေးနားမှာတော့ ပူဒီနာရွက်လေးနှစ်ရွက်ကို ခရမ်ပေါ်မှာစိုက်ပေးထားတာလှတပတလေးပါဘဲ။
ကိတ်မုန့်စားကြည့်တော့ တကယ်ကောင်းပါတယ် ပါးစပ်ထဲပျော်ဝင်သွားပါတယ်။
အဲဒီအချိန်ကျွန်တော်တို့စာတာနင်နေတာကို သိရှာတဲ့ဘွိုင်က ဖန်ခွက်ထဲကိုသောက်ရေလာဖြည့်ပေးဖို့
အချက်ပြလိုက်တော့ ရေဖြည့်ပေးနေတာကို စိုးရိမ်တကြီး ကြည့်နေတဲ့ကျွန်တော့်ကို
“ဆရာ ဒီရေက ပိုက်ဆံမပေးရပါဘူး ကျွန်တော်တို့ဝန်ထမ်းတွေသောက်ဘို့ပေးထားတဲ့အထဲက တိုက်တာပါ “လို့ပြောပြတော့ ရှက်သလိုလိုတောင်ဖြစ်သွားပါတယ်။
စိတ်ထဲမှာစားသောက်ပြီးသွားတော့ လာစားမိတာကိုဘဲနှမျောတာလိုလို မှားတာလိုလို တွေးနေမိပါတယ်။
ကျွန်တော်စိတ်ထဲမှာတော့ မတန်ဘူးလို့ခံစားရပေမယ့် နောက်ဝင်လာတဲ့
နိုင်ငံခြားသားလေးယောက်ကတော့ ကျွန်တော်တို့စားတာမျိုးကို စားနေတာ အေးအေးဆေးဆေးနဲ့
မြိန်ရေယှက်ရေ ရှိနေသလိုပါဘဲ။
အမှန်ကတော့ ကျွန်တော်တို့က ဒေါ်လာဆိုတာကို အပြင်ပေါက်ဈေးနဲ့မြှောက်၊
မြန်မာပြည်မှာပေါပေါလောလောဝယ်ရတဲ့ အသီးအနှံဈေးနဲ့တွက်တာကိုး။
နောက်ကျွန်တော်တို့ မြန်မာများက ထမင်းစားရင် ဆီရွဲရွဲလေး ချဉ်ငံချိုစပ်အရသာပေါင်းစုံကို
အဝအပြဲစားတတ်တော့ အခုလိုရေလုံပြုတ်နဲ့ဆီပါလေကာကို မတန်ဘူးထင်တာပါဘဲ။
စားသောက်ပြီးတော့ စားပွဲပေါ်ချထားတဲ့ လေးညှင့်းပွင့်အနံ့လေးသင်းနေတဲ့ သွားကြားထိုးတံ
အကောင်းစားလေးတွေကို မြန်မာနည်းမြန်မာ့မူအတိုင်း အကုန်လုံးကောက်ပြီးအ မှတ်တရသိမ်း
ထားနိုင်ဘို့ အိတ်ထဲထည့်ခဲ့ပါတယ်။
16ဒေါ်လာ(မြန်မာငွေ16000လောက်)ပေးထားရတာ ဒီလောက်လေးယူတာ ဘဲနော်။
ကျွန်တော်တို့ပြန်တော့ စားပွဲကိုတာဝန်ယူထားတဲ့ဘွိုင်လေးက
“ဆရာတို့စားလို့အဆင်မပြောတာ စိတ်မကောင်းပါဘူး “လို့တော့ ပြောရှာပါတယ်။
ဒါနဲ့ပြန်သာလာတာ လမ်းရောက်တော့ ဗိုက်ကဆာလာပါတယ်။
အိမ်မှထမင်းမကျန်တာလဲသေချာတော့ 82လမ်းနဲ့ 27လမ်းဒေါင့်က ညဆိုင်မှာချပါတီနှစ်ချပ်နဲ့
ပဲဟင်းကို 500ကျပ်ဘိုးဝယ်တီးလိုက်မှ ခုန်နေတဲ့ ဘိုက်က ငြိမ်သွားပါတော့တယ်။
ကဲ ဆီဒိုးနားမှာ စားခဲ့တဲ့ ဒီထမင်းတစ်နပ်ကလဲ မမေ့စကောင်းတဲ့
ထမင်းတစ်နပ်ဆိုတာ အသေအချာပါဘဲနော်။
ဘယ်လောက်နှစ်ကြာကြာ သတိရနေအုံးမယ်ဆိုတာကိုတော့………………………………
ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး။
18 comments
weiwei
March 19, 2011 at 5:49 pm
အနောက်တိုင်းစာ တစ်ခါတော့ ကြုံဖူးတယ် …. အရသာတွေမကြိုက်တော့ တော်တော်ဒုက္ခရောက်ခဲ့ရသေးတယ် … တရုတ်ဆရာတွေနဲ့အတူစားတာဆိုတော့ အားနာပြီး မြိုချခဲ့ရတယ်လေ … နောက်တစ်ခါဖိတ်တော့ အကြောင်းမျိုးစုံပြပြီး သွားမစားပဲ နေလိုက်တယ် … 😛
Foreign Resident
March 19, 2011 at 8:34 pm
ဆပ်မီနူး
I think, not ဆပ်မီနူး (sub menu )
It might be “Set menu”.
ဝက်သားကြော်ကို ချထားပေးတဲ့ဓါးနဲ့လှီးတော့ မပြတ်တော့ ချွေးတွေပြန်လာသလိုပါဘဲ။
အခက်အခဲကိုမြင်သွားတဲ့ ဘွိုင်က ဘေးချထားတဲ့ ဓါးထက်ထက်တစ်ချောင်းကိုပေးပြီးဖြတ်ပြမှ
1st knife/cutlery is only for bread & butter.
“ဆရာ ဒီရေက ပိုက်ဆံမပေးရပါဘူး ကျွန်တော်တို့ဝန်ထမ်းတွေသောက်ဘို့ပေးထားတဲ့အထဲက တိုက်တာပါ “
Generally, Water is free or already included in Set Menu Price.
I don’t believe, It was from staff’s ration/quota.
Anyhow, this article gives good knowledge for young villagers.
bigcat
March 19, 2011 at 9:45 pm
မေမြို့တက်ရင် မ ဂဏန်းလူဦးရေနဲ့ မတက်ရဘူး။ စုံဂဏန်ပြည့်အောင်ဖြည့်သွားရင်သွား မသွားရင် မောင်ကျောက်ခဲကို တင်သွားရတယ်။ အကြောင်းက အဲဒီလမ်းစောင့်နတ်က လူ့ဘဝတုန်းက မိန်းမမုန်းတဲ့ လူပျိုကြီး။ ကိုမိုက်ကယ်အောင်ပုလိုမျိုးပေါ့…. (မုန်းသာမုန်းတာ၊ ဆွဲတာတော့အသေဆွဲပဲ၊ အထုပ်အပိုးနဲ့ မနိုင်မနင်းဖြစ်နေရင် ဝိုင်းကူဆွဲပေးတာကိုပြောပါတယ်)
sub ရော set ပါနှစ်မျိုးစလုံး မှားပါသည်။ ဦးပေါက်ပြောချင်တာ Sad Menu ဖြစ်ပါတယ်။
kai
March 19, 2011 at 10:34 pm
ဗဟုသုတ ရစရာတွေပါ..။ အစားအစာတွေကို ..အတွဲတွေလုပ်ထားတော့.. Set Menu ဖြစ်ဖို့များတယ်ထင်တာပါပဲ..။
ကိုပေါက်တို့အဖွဲ ့မသောက်ဖူးထင်တယ်..။ သောက်လိုက်ရင်တော့..အကုန်ပွင့်လင်းမြင်သာဖြစ်သွားတာပဲ..။ 🙂
–
သံသမန်ရေးရာလည်းမဟုတ်..။ အော့ဖ်ဖစ်ရှယ်တွေစားပွဲလည်းမဟုတ်.. စီးပွားရေးဆွေးနွေးတဲ့စားပွဲလည်းမဟုတ်ရင်တော့… အမေရိကန်စတိုင် စားဖို့ကောင်းမယ်ထင်တယ်..။
စားချင်သလိုစား.လုပ်ချင်သလို လွတ်လွတ်လပ်လပ်လုပ်..။ မေးချင်တာမေး..။ မေးတာ အကြောတည့်ရင်..ပြန်တဲ့အခါ တစ်ပ် မုန့်ဖိုး.. ကောင်းကောင်းလုပ်ပေးဖြေပေးတဲ့စားပွဲထိုးပေးလိုက်ပေါ့..။
အကြောမတည့်ရင်..မန်နေဂျာခေါ်ပြီး အဆင်မပြေကြောင်း ပြောလိုက်ပေါ့..။
နောက်လူတွေ.. ဗဟုသုတတိုးဖို့အတွက်ပါနော..။ ရဲရဲသာလုပ်.. ပွင့်ပွင့်လင်းလင်းလုပ်..။ မသိတာမေး..။ 🙂
shweminthar
March 20, 2011 at 12:25 am
ကျနော် အတွက် မမေ့ နိုင်တဲ့ ထမင်းတနပ် ကတော့
၁ဝ တန်း အဆောင် နေတုန်းက ပါ
ညဘက ်၉ နာရီလောက် ဆိုရင် ထမင်းဆီစမ်း စား ချင် တဲ့သူ ယူ စားလို့ ရပါတယ်
ကျနော် လဲ သွားယူ တာ ပေါ့ ။ ပြီးတော့ ကြက်သွန်နီ ဥ ရယ် ယူ ပါတယ်။ အိမ်က ပို့ ထားတဲ့ အကြော် အလှော် လေး နဲ့ စားမယ် ပေါ့။ ဆိုပြီးသွားယူ တာပေါ့။ ကျနော် တစ်ပန်းကန်ထဲ နှစ်ယောက် စာယူ လာတာပါ။ အဲဒါက လဲ ကျနော် သူငယ်ချင်းတစ်ယောက်နဲ့ နှစ်ယောက် အတူတူ စားဖို့ပါ။
အဆောင် မူး ဆို တဲ့ ဖက်ကြမ်း ဆေးလိပ်တို ဖင်ဖွာ အောင် ကိုက် တတ်တဲ့သူက ကြိမ်လုံးနဲ့ ကျနော်ယူလာ တဲ့ ထမင်း ပန်းကန်ကို ရိုက်ချ လိုက်တယ်။
အဲဒါ တသက် လုံးမမေ့ လောက် တဲ့ ထမင်းတနပ် ၊
ဘယ် တော့ မှ လဲ မမေ့နိုင်ပါဘူး……
ဆယ် စု နှစ်မက ကြာသွားပေမယ့် အခု ပြန်တွေးတော့ မျက်လုံးထဲမှာ ကျန်နေဆဲပါ။
kopauk mandalay
March 20, 2011 at 2:06 am
ဟုတ်တယ်ဗျ
အဲဒီနေ့က မျက်မှန်မပါတော့ သူတို့ကိုဖတ်ခိုင်းပြီး နားထောင်တာကို.။
အခုရေးတဲ့အထဲမှာ အခေါ်အဝေါ်လွဲချင်လွဲမယ်။
အားလုံးအမှန်တွေချည်းပါ။
သူများကို ကိုယ့်လို အခက်အခဲမဖြစ်စေချင်တဲ့ဆန္ဒနဲ့ရေးပြပေးလိုက်တာပါ။
နောက် သက်ဆိုင်တဲ့လူများဖတ်မိရင်တောင် စိတ်မဆိုးအောင်ရီစရာဖြစ်အောင်ညှပ်ရေးပေးလိုက်ပါတယ်။
တူလေး ဘစ်ကက်ရေ
မေမြို့တက်ရင် (ကိုး)ဂဏန်းဘဲရှောင်ပါတယ်။
ကိုးမြို့ရှင် ပိုင်တဲ့နေရာမို့ပါ။
ကိုကိုိုကိုင်ရေ
အပြင်မှာ ဘယ်ဆိုင်သောက်သောက် 1800ကျပ်ထက်မပိုတဲ့အပြင်မြေပဲလှော်အလကားစားရတဲ့
ဘီယာတစ်ပုလင်းကို 5ဒေါ်လာ (4000ကျပ်ကျော်ကျော်လောက်)ပေးသောက်ဘို့ မစွန့်စားချင်ပါဘူးဗျာ။
ကျွန်တော်တို့က ဗမာလေဗျာ ဗမာလိုဘဲတွေးတယ်။
တညင်သား
March 20, 2011 at 2:47 am
ကြိုက်တယ် ဗဟုသုတ ရတာပေါ့ ကျွန်တော်လဲ မြို့ကို ရောက်တဲ့အခါ ရန်ကုန်ဆီတိုးနား မှာပဲ အခန်းတခန်းယူပြီး တည်းခိုပါတယ် စတိုခန်းပေါ့အင်ဂျင်နီယာဌာန က သူငယ်ချင်းတွေ ခိုးအိပ်တဲ့နေရာပေါ့ ဟဲဟဲ…..
တနေ့ ဟိုတယ်မှာလုပ်ငန်းရှင်တွေ အစည်းဝေးကျင်းပရော ဘူဖေး ကျွေးတယ် ပိုလိုက်တာအများကြီးပဲ စာပွဲထိုးက တွန်းလှဲ လေးနဲ့ ပစ္စည်းတွေ သိမ်းရင်းနဲ့ ဓါတ်လှေခါးထဲမှာ အသွားအပြန် စားဖူးအောင်လို့ ဆိုပြီး
ခိုးကျွေးတယ် ..ဥရောပက ဆိတ်စာတေးတဲ့ သူ့ခမျာမိသွားရင် အလုပ်ပြုတ်ခံရမှာ. ခတ်တာက ကျွန်တော် က ခြေလေးချောင်းသားမကြိုက်ဘူးဖြစ်နေတယ်. ဒါပေမဲ့ လေးပေါက်ပြောပုံအရ ကျွန်တော်တို့ အိမ်မှာချက်တာနဲ့ သိပ်မကွာ သလိုပဲ ဆီဈေးကြီ ဆားဈေးကြီး ဆိုတော့ .. ဆီမပါ ဆားမပါ ချက်စားတယ်လေ ပဲ ဘီစကိတ် အာလူးဘီစကိတ်. …
bigcat
March 20, 2011 at 4:47 am
အသားစားမကြူးတာကောင်းပါတယ်။ ဒါပေမဲ့ သဂျီးကတော့ အကုန်မစားတာ ဆိုက်ကိုတဲ့။ သဂျီးပြောတာ… သူနဲ့ရှင်း 🙁
bigbird
March 20, 2011 at 3:36 am
ကိုပေါက်ရေးသွားတဲ့ထမင်း ၂ နပ်က တော်တော့်ကို ကွာတာပဲနော်။
ငွေကြေးတန်ဖိုးနဲနဲ၊မြန်မာမှုမြန်မာဟန်နဲ့ချက်ထားတဲ့ထမင်းတစ်နပ်က
အရမ်းတန်ဖိုးရှိနေပြီး၊ တန်ဖိုးကြီးကြီးပေးရပြီးဟိုတယ်မှာစားရတဲ့ထမင်းတစ်နပ်ကတော့ခံတွင်းမတွေ့တဲ့အတွက် တန်ဖိုးမရှိတာကို ပေါ်လွင်စေပါတယ်။
mihninlay
March 20, 2011 at 4:08 am
ဦးပေါက်ပြောမှဒီတစ်ခေါက်မန်းလေးပြန်တုန်းကသူဌေးကခေါ်ကျွေးလို ့နိုဗိုတယ်မှာဘူဖေးသွားစားတာသွားသတိရမိတယ်….တန်အောင်ဆိုပြီးအသားကုန်အုပ်ကြတာ ပြီးတော့ဗိုက်တင်းလာရင်ရေကူးကန်ဘက်ကိုပတ်လျှောက်ကြတစ်ယောက်ကမထပဲထိုင်စောင့်နေလိုက်တယ်…ပြန်လာတော့နောက်တစ်ခါထပ်စား….ပြန်ပတ်…ပြန်လာစားနဲ ့သုံးခေါက်လောက်အုပ်ပစ်တာစားပွဲထိုးတွေကတောင်ကျွန်တော်တို ့အဖွဲ ့ကိုကြည့်ပြီးရယ်နေမလားမသိဘူး…တစ်ယောက်ပြီးတစ်ယောက်စောင့်ပြီးစားနေကြတာ …ကျွန်တော်တို ့သွားတုန်းကတော့တကယ်တန်တယ်ပြောရမှာပေါ့နော့
manawphyulay
March 20, 2011 at 2:31 pm
နောက်တစ်ခါ ဆီဒိုးနားသွားရင် ခေါ်နော်……….. မနောကို မမေ့ခဲ့နဲ့သိလား မနော ကြွပ်ကြွပ်အိတ်ပါ ယူလာခဲ့မယ် 😛
eros
March 20, 2011 at 2:50 pm
သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအစဉ်အရ ကြွပ်ကြွပ်အိပ် ယူဆောင်အသုံးပြုခြင်းအားတားမြစ်သည်။ ဟဲ ဟဲ ဟဲ။
ဆူး
March 20, 2011 at 3:16 pm
တသက်မမေ့နိုင်တဲ့ ထမင်းဟင်း ဆိုတာ မရှိတော့ မရှိသေးဘူး။
စားကောင်းရင် ဝါးတယ်
မကောင်းရင် နည်းနည်းလေးဘဲ စားလိုက်တယ်။
မကြိုက်လို့ မစာဘဲ အနေကောင်းလို့ နယူးဒေလီက ဟိုတယ် မနက်စာ ကုလားစာ ဘာတွေလည်း မသိဘူး မခေါ်တတ်ဘူး အဲဒါတွေ မစားဘဲနေခဲ့တာ ရာသီဥတု အေးတော့ သူများ မချမ်းဘဲ ဆူးက ချမ်းတုန်နေတယ်။ အဲဒါတော့ မှတ်မှတ်ရရဘဲ။
တခါမှ အဲလောက် မချမ်းဘူးဘူး။ မုန့်စားလိုက်တော့မှဘဲ အချမ်းပြေသွားတယ်။
weiwei
March 20, 2011 at 3:34 pm
ထမင်းဝိုင်းကိုကြည့်ပြီး မျက်ရည်ပေါက်ပေါက်ကျတာကိုတော့ အမှတ်တရဖြစ်ခဲ့ဘူးတယ် … ဟင်းဂျီးများတဲ့ အကျိုးပေါ့ … ဆယ်တန်းဖြေပြီးခါစ ပဲခူးမှာ တရားစခန်းသွားဝင်တော့ ဝင်ဝင်ချင်းနေ့ နေ့လည်စာကို မုန်လာဥနဲ့ငါးနဲ့ ချက်တဲ့ ချဉ်ရေဟင်းတစ်ခွက်ရယ် ငါးပိရေ တို့စရာရယ်နဲ့ကျွေးတယ် … ကျွန်မက ငါးကို လုံးဝမစားဘူး … ငါးပိရေလဲ မစားဘူးဆိုတော့ အခက်တွေ့ပါလေရော … ထမင်းအဖြူကို သခွားသီးကိုက်ပြီး ၂ လုပ်လောက်ပဲ စားနိုင်တယ် … ဥပုသ်လည်းစောင့်ရတော့ ဒုက္ခရောက်တော့တာပေါ့ …
နောက်တစ်နေ့လဲ အဲဒီအတိုင်းပဲ ကျွေးတယ် … ဘယ်သူ့ကိုမှလဲ မပြောရဲတော့ ထပ်ပြီး ငတ်ပြန်ရော …
တတိယနေ့လဲ အဲဒီအတိုင်းပဲ .. နေ့တိုင်း ငါးနဲ့ တစ်ခုခုကို ချဉ်ရေချက်ပြီး ကျွေးတယ် … အချိုပွဲလည်း မပါဘူး ..
အဲဒီလိုနဲ့ ၅ ရက်မြောက်တော့ မျော့မျော့ပဲရှိတော့တယ် … နောက်တော့မှ အချက်အပြုတ်စီစဉ်တဲ့ အမျိုးသမီးကသိသွားပြီး စောစောကဘာလို့မပြောတာလဲဆိုပြီး အသားပုဂံလေးတစ်ခု ထမင်းပန်းကန်နားမှာ နေ့တိုင်းလာချပေးပါတော့တယ် …
အဲဒီကထဲက မှတ်သွားတာက ဘာမဆို စားရမယ်ဆိုတဲ့ သင်ခန်းစာပါပဲ …
အခုတော့ ဘာကိုမဆို ဘယ်နေရာမှာမဆို ငတ်လာပြီဆိုရင် စားပါတယ် … 😛
unclegyi1974
March 20, 2011 at 4:03 pm
သူတို့ကဘိုတွေအတွက်ဘိုလိုတွက်ပြီး
ယူကြတာလေ
ယူပါစေ ကိုယ်တို့တွေကတနှစ်နေလို့ဘယ်နှစ်ခေါက်
များသွားစားမှာလဲ
မကြာမကြာအပြင်ထွက်စားဖြစ်တယ်ဆိုလည်း
ရှမ်းဆိုင် မြန်မာဆိုင်စားဖြစ်တာများပါတယ်
မြန်မာဆိုင်ဆိုလို့တနေ့က မန္တလေး အေးမေတ္တာ
မှာသွားစားဖြစ်တယ် ၂ယောက်ကို ဟင်းတမျိုးနဲ့
၄၉၀ဝ ကျတယ်သောက်ရေပုလင်းလည်းမယူဖူး
ဈေးကြီးလိုက်တာပေါ့
နောက်နေ့ ၇၈ လမ်းပေါ်ကယူနီစန်သွားစားဖြစ်တယ်
တယောက်ကိုအသားဟင်း ၂ပွဲနဲ့မှတယောက်
၁၇၀ဝ ပဲကျတယ်
ဒါပေမဲ့ဈေးကြီးတဲ့အေးမေတ္တာမှာအလှူပေးနေသ
လားအောင့်မေ့ရတယ်
စားရတာအဆင်ပြေတာဘာမှမထူးဖူး
လူတွေကလည်းဈေးကြီးတဲ့ဆိုင်စားမှ
ဂုဏ်ရှိတယ်များထင်နေကြသလားမသိပါဖူး
ဆူး
March 20, 2011 at 4:12 pm
အန်ကယ်ကြီး ပြောမှ.. မန်းရောက်ရင် အေးမေတ္တာမှာဘဲ စားဖြစ်တယ်။ အဲဒီ ဆိုင်ကောင်းတယ်လို့ သူများ ညွန်းဘူးတော့ ဒီလိုဘဲ ရောက်ရင် ဝင်စားလိုက်တာဘဲ။ စားတော့လည်း စားကောင်းတော့ အဲဒီမှာဘဲ အမြဲ စားဖြစ်တယ်။ တနယ်တကြေး ရောက်ရင် ဗိုက်နာတဲ့ ပြသနာ ကြောက်တယ်။ ရန်ကုန်က သူဆိုတော့ မန်းရေ စစ်စစ် သောက်လို့ မရဘူး။ ရေသဘာဝ မတူတော့ အခေါက်တိုင်း ဗိုက်နာတယ်။ အရင်တုန်းက family ဆိုတဲ့ နာမည်လား မသိဘူး အဲဒီ ရေသန့်က လွဲရင် သောက်လို့ မရဘူး ဗိုက်နာတာဘဲ။ အခုတော့ ရန်ကုန် ရေသန့် အဲဒီမှာ တွင်တွင် ဝယ်သောက်လို့ ရပြီ ဆိုတော့ အဆင်တော့ ပြေတယ်။ ဒါပေမဲ့ မရောက်တာလည်း ကြာပါပြီ။
တည်းတဲ့ နေရာကလည်း အဲဒီ နားက ဟိုတယ် ဆိုတော့ ၂လမ်းကျော်လောက် လမ်းလျှောက်ရင် ရောက်သွားတယ်။
weiwei
March 20, 2011 at 4:22 pm
အေးမေတ္တာမှာ စားဖူးတယ် … အလှူပေးနေသလိုပဲနော် … အရသာလဲ ကောင်းပါတယ် … မန်းလေးရောက်တိုင်း အဲဒီဆိုင်ကို လိုက်ရှာပြီး စားဖြစ်တယ် ..
ဆူး
March 20, 2011 at 4:27 pm
အေးမေတ္တာလည်း သူပြုထားတဲ့ ဒါန မျိုးစေ့က မသေးဘူးနော်။ အနယ်နယ်က လာတဲ့ လူတွေ အဲဒီ ဆိုင် ရောက်အောင် သွားပြီး စားကြပြီး သူတောင်းသလောက် ရက်ရက်ရောရော ပေးကြတယ်။ သူကို သွားပြီး ပါရမီ ဖြည့်တဲ့ အထဲမှာ ဆူး တို့ ဝေ တို့တောင် ပါနေသေးတယ်။