အမှတ်တရ မာလာဆောင်

weiweiMarch 20, 20111min27132

မာလာဆောင်ကိုတော့ ရန်ကုန်ကလူတိုင်းသိကြမှာပါ။ ပြည်လမ်းပေါ်က စီးပွားရေးတက္ကသိုလ်အဆောင်ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ကျွန်မက ဂျီဟောလ်သူပါ။ ၁၉၉၅ လောက်ကပါ။ ပဉ္စမနှစ်စာမေးပွဲပြီးလို့ ကျောင်းပိတ်ထားချိန်မှာ စက်ရုံတွေကို လက်တွေ့တစ်လကွင်းဆင်းရမဲ့အချိန်မှာ ဂျီဟောလ်ဆောင်ကို မွမ်းမံပြင်ဆင်ချိန်ဖြစ်နေတာနဲ့ ကျွန်မတို့ အဖွဲ့ကို ပြင်ဆင်ပြီးခါစ မာလာဆောင်အသစ်မှာ တစ်လနေထိုင်ခွင့်ပြုထားပါတယ်။ နဂိုကမှ မိန်းကလေးကျောင်းသူနဲရတဲ့အထဲ တချို့ဘာသာရပ်တွေက လက်တွေ့ကွင်းဆင်းတာမပါတော့ ကျောင်းသူ ၄ဝ လောက်ပဲ မာလာဆောင်ကို သွားနေကြပါတယ်။ ကျောင်းပိတ်ချိန်ဆိုတော့ အဆောင်မှူးနဲ့ ဟောလ်ကျူတာပဲ ရှိတာပေါ့။ အဆောင်ကြီးက အကြီးကြီးနဲ့ ကျွန်မတို့က လူနဲနဲပဲဆိုတော့ တိတ်ဆိတ်နေပါတယ်။

အဆောင်နှစ်ခု တော်တော်လေးကွာခြားပါတယ်။ ကျွန်မတို့ဂျီဟောလ်က အဆောင်သေးသေးလေးပါ။ ကျောင်းသူ တစ်ရာကျော်လောက်ပဲ နေလို့ရပါတယ်။ အခန်းတစ်ခန်းကို ၄ ယောက်နေရပြီး ရေချိုးခန်း အိမ်သာ တွဲလျက်ပါပါတယ်။ အခန်းတွေက လုံခြုံပြီး အခန်းထဲကအပြင်ထွက်စရာမလိုလို့ ခိုးလုပ်လို့ရတာတွေ အများကြီးပေါ့။ ဧည့်သည်ကို တိတ်တိတ်လေး ခိုးထားလို့ရတယ်။ ထမင်းဟင်း ခိုးချက်စားလို့ရတယ်။ အကောင်းဆုံးကတော့ ၄ ယောက်ညီရင် တစ်ဝိုင်းထောင်လို့ရတယ် ။ 😛

ကျွန်မတို့ကျောင်းတက်စဉ်က နှစ်ဝက်နဲ့ တစ်တန်းတင်နေတဲ့အချိန်ဆိုတော့ ကျောင်းတက်တာနဲ့ စာမေးပွဲနီးနေပါပြီ။ ကျောင်းစာတွေကခက်တော့ ကျောင်းတက် ကျူရှင်လဲတက် စာလဲအမြဲကြည့်ရတော့ အားလပ်ချိန်ဆိုတာ နဲလွန်းပါတယ်။ တက္ကသိုလ်ကျောင်းသူဘဝဆိုတာကိုလဲ သေချာမသိခဲ့ရဘူး။ အဲဒါနဲ့ ကျောင်းပိတ်ရက် မာလာဆောင်ရဲ့ တစ်လတာကို အကျိုးရှိရှိကုန်ဆုံးကြဖို့ စိတ်အားသန်နေကြပါတယ်။

မာလာဆောင်လဲရောက်ရော စတွေ့တာက အခန်းတွေပါပဲ။ အဆောက်အဦးအလယ်မှာ မြက်ခင်းရှိပြီး ကော်ရစ်ဒါ ၄ ခုနဲ့ ပတ်ထားတယ်။ အခန်းထဲက ထွက်လိုက်ရင် မြက်ခင်းကို လှမ်းမြင်ရတယ်။ အဲဒီကိုလဲ ထွက်ထိုင်လို့ရပါတယ်။ အခန်းတွေက ၂ ယောက်ခန်းဖြစ်ပြီး မှန်ပြူတင်းပေါက်တွေက ကော်ရစ်ဒါဘက်အခြမ်းမှာဖြစ်နေတယ်။ အပြင်ကလမ်းလျှောက်တဲ့သူ အခန်းထဲကို မြင်နေရတာပေါ့။ ကျွန်မရတဲ့အခန်းက ဒေါင့်ခန်းဖြစ်နေတော့ ပြူတင်းပေါက်တွေ ပိုများပါတယ်။ နောက်တစ်ခု ထပ်ဆိုးတာက အခန်းကန့်ထားတာက မျက်နှာကြက်အထိမရောက်ပါဘူး။ အပေါ်မှာလွတ်နေတော့ ဟိုဘက်ခန်းက အသံတွေကို အတိုင်းသား ကြားနေရပါတယ်။ ခုံတွေဆင့်ပြီး တက်ကြည့်ရင်လဲ မြင်ရပါတယ်။ မှန်တွေကို သတင်းစာတွေ ပိုစတာတွေနဲ့ ကာလို့ရပေမယ့် နံရံကိုတော့ ဘာမှလုပ်လို့မရပါဘူး။

စက်ရုံကို မနက်ပိုင်းတစ်ပိုင်းဆင်းပြီးရင် နားလည်မှုနဲ့ အပြီးပြန်လာလို့ရပါတယ်။ နေ့ခင်းပိုင်း ရန်ကုန်မြို့ထဲ လျှောက်လည်ကြတယ်။ ညနေခင်း အင်းလျားကို လမ်းလျှောက်ကြတယ်။ မာလာဆောင်ရှေ့က စားသောက်ဆိုင်လေး (Hi) လို့ထင်ပါတယ်။ (နံမည်မေ့နေတယ်) ဟိုင်းမှာက မနက်စာကနေ ညနေစာအထိ အကုန်ရတယ်။ အဲဒီဆိုင်ကလေးမှာ စားကြတယ်။

ညဘက်လူစုံတော့ ကျွန်မတို့ ၄ ယောက်က အားခဲထားတဲ့အတိုင်း တစ်ဝိုင်းဝိုင်းမယ်ပေါ့။ ခက်တာက အသံထွက်လို့မဖြစ်ဘူး။ ဘေးခန်းက သိမှာစိုးရတယ်။ အသံမထွက်ပဲ ပါးစပ်ပိတ်ပြီးဝိုင်းဖို့ကလဲ ပျော်စရာမကောင်းဘူး။ ကျွန်မတို့ကလဲ အဲဒီလိုအခွင့်အရေးကို စောင့်စားနေခဲ့တာဆိုတော့ လက်လွှတ်လို့လဲ မဖြစ်ချေဘူး။ အသံတိတ်ပဲ ဝိုင်းကြည့်ရအောင်ဆိုပြီး စမ်းကြည့်ပါတယ်။ ကျွန်မတို့ကပဲ အသံထွက်တာလား? ဟိုဘက်အခန်းကပဲ နားပါတာလား? သူတို့ကပဲ ဝါသနာကြီးတာလား? ဘာကြောင့်လဲတော့ မသေချာပေမယ့် ဟိုဘက်ခန်းက အစ်မတစ်ယောက်က သိသွားပါတော့တယ်။ သူ့ကို ပါခွင့်မပြုရင် တစ်ဆောင်လုံးကိုဖွလိုက်မယ်လို့ စသလိုလိုနဲ့ လာပြောတာနဲ့ သူ့ကို ပါခွင့်ပြုလိုက်ရပါတယ်။

ကျွန်မတို့ ၄ ယောက် ကစားနေကျ ကစားနည်းက ဟောလီဝုဒ်ကစားနည်းပါ။ စာအုပ်တစ်အုပ်နဲ့ အမှတ်မှတ်ထားပြီး တစ်မှတ်ကို ဆယ်ပြားနဲ့ တစ်ညလုံးရှုံးရင်တောင် ၅ဝ မကျော်ပါဘူး။ ကံနဲ့ ပညာပြိုင်ရင်း တစ်ယောက်နဲ့တစ်ယောက် စနောက်ရင်း အချိန်ကုန်တဲ့ ကစားနည်းလေးဖြစ်ပါတယ်။ (ကျောင်းပြီးတဲ့နောက်ပိုင်း ၄ ယောက်တစ်ခါမှ ညအိပ်မစုံကြတော့လို့ မကစားဖြစ်တာကြာပါပြီ။ မေ့တောင်မေ့နေပြီ) တစ်ဖက်ခန်းက အစ်မက ကျွန်မတို့ဆီလာပြီး ပိုကာဆွဲမယ်လို့ပြောပါတယ်။ ပိုကာဆွဲတာကို ကစားနည်းသိပေမယ့် သေချာမကစားတတ်ပါဘူး။ ၅ ယောက်တစ်ဝိုင်းဆိုတော့ ကစားကြတာပေါ့ဆိုပြီး ကစားကြတာ ကျွမ်းကျင်သူဆရာကြီးနဲ့ ကျွန်မတို့ကလေးအဆင့်တွေနဲ့တွေ့ပြီး ကျွန်မတို့တွေ ရှုံးပါလေရော။

မာလာဆောင်က သူရဲခြောက်တယ်လို့ ပြောကြပါတယ်။ ကျောင်းသူတွေက ညဘက်ဆို အိမ်သာကို တစ်ယောက်ထဲ မသွားရဲကြပါဘူး။ ကျွန်မက သတ္တိခဲဆိုတော့ မကြောက်ဘူးပေါ့။ ညဘက်တစ်ယောက်ထဲ သွားပါတယ်။ တစ်ညကျတော့ တော်တော်လေး ညဉ့်နက်နေတယ်။ သန်းခေါင်ကျော်နေပြီ။ ကိုယ့်စကားနဲ့ကိုယ်ဆိုတော့ အဖော်လဲ ခေါ်မသွားဘူး။ ခပ်တည်တည်နဲ့ အိမ်သာသွားပါတယ်။ အိမ်သာဘက်အခြမ်းက အိပ်တဲ့အခန်းတွေနဲ့ နဲနဲလှမ်းပါတယ်။ လမ်းမီးတွေထွန်းထားပေမယ့် အဲဒီနားမှာ အလင်းရောင်နဲနေတယ်။ အိမ်သာအခန်းထဲဝင်ပြီး အပေါ့သွားချိန်မှာ စိတ်က ခြောက်ခြားလာပါတယ်။ အရမ်းတိတ်လွန်းနေတာက စိတ်ကို အလိုလိုခြောက်ခြားလာတယ်။ စိတ်ကကြောက်လာတော့ အပေါ့သွားတာကလဲအဆင်မပြေဖြစ်ပြီး လိုတာထက်ပိုကြာတယ်။ အဲဒီအချိန်မှာ တံခါးဂျလက်သံတွေကြားရပါတယ်။ အရမ်းကြောက်ပြီး ဘယ်သူလဲလို့ အသံခပ်တိုးတိုးထွက်ပြီး မေးပေမယ့် အဖြေမရပါဘူး။ ပိုပြီးကြောက်သွားတယ်။ ဆံပင်တွေတောင် ထောင်သွားသလားထင်ရတယ်။ တံခါးအမြန်ဖွင့်ပြီး အပြင်ကိုကြည့်တော့လဲ ဘယ်သူမှမရှိဘူး။ ကြောက်စိတ်က တစ်ကိုယ်လုံးကို လွှမ်းသွားပါတယ်။ (ကျွန်မတစ်သက်မှာ အဲဒီတစ်ကြိမ်ပဲ ကြောက်စိတ်ဖြစ်ဖူးတယ်) အိမ်သာခန်းက အိပ်ခန်းကို ရင်တုန် ဒူးတုန်နဲ့ ခက်ခက်ခဲခဲပြန်လာပြီးနောက် နောက်တစ်ခါ ဘယ်တော့မှ ညဉ့်နက်ချိန်တစ်ယောက်ထဲ အိမ်သာကို မသွားတော့ပါဘူး။ 😛

မာလာဆောင်မှာ ပျော်ပျော်ပါးပါး တစ်လလောက် နေကြမယ်လို့ အားခဲထားခဲ့ကြပေမယ့် တကယ်တမ်းကျတော့ ထင်သလောက်မပျော်ရပါဘူး။ တစ်လစာအိမ်ကနေ ပိုပိုသာသာတောင်းလာတဲ့ပိုက်ဆံကလဲ နှစ်ပတ်လဲ သုံးပြီးရော ကုန်ပါရော။ တစ်နေကုန် လျှောက်လည်လိုက် စားသောက်လိုက်နဲ့ ဘယ်ခံနိုင်တော့မလဲ။ အဆောင်မှာ ဘာမှ ခိုးချက်လို့မရဘူးဆိုတော့ အကုန်ဝယ်စားရပြီး စရိတ်အလွန်ကုန်ပါတယ်။ ညဘက်ကျတော့လဲ ကျွန်မတို့ ကစားချင်တာမကစားရတာနဲ့ မကစားတော့ဘူးဆိုပြီး စောစောပဲ အိပ်ကြပါတယ်။ သုံးပတ်မြောက်မှာ သုံးစရာမရှိတော့လို့ အိမ်ကနေ ပိုက်ဆံထပ်တောင်းရပြီး လေးပတ်မြောက်တဲ့အပတ်မှာတော့ စက်ရုံကို နားလည်မှုယူပြီး နောက်ဆုံးနေ့တစ်ရက်မှ ပြန်လာပြီး စာအုပ်နဲ့လက်မှတ်ယူမယ်ဆိုပြီး အိမ်ပြန်နေကြပါတော့တယ်။

သုံးပတ်လောက်နေခဲ့တဲ့ မာလာဆောင်ကို ကျွန်မတစ်သက်မှာ မေ့နိုင်မှာမဟုတ်ပါဘူး။

အဆောင်ထဲက မြက်ခင်းစိမ်းစိမ်းရယ်၊

ကျယ်ကျယ်ဝန်းဝန်းရှိတဲ့ ဘုရားခန်းရယ်၊

ခြောက်ခြားစရာကောင်းတဲ့ ညဉ့်နက်ချိန်တွေရယ်၊

ကျွန်မတို့ ဂျီဟောလ်သူတွေကို သိပ်ဆိုးတာပဲလို့ပြောလိုက်တဲ့ အဆောင်မှူးရယ်၊

ညနေတိုင်းလမ်းလျှောက်ခဲ့ရတဲ့ အင်းလျားကန်ရယ်၊

အစားအသောက်လက်ရာကောင်းတဲ့ ဟိုင်းရယ်၊

မြို့ထဲကပြန်တိုင်း လှည်းတန်းမှတ်တိုင်ကနေ လမ်းလျှောက်ခဲ့တာတွေ (ကားခတစ်ကျပ်ပိုမပေးချင်လို့ 🙂 )

လှည်းတန်းဈေးကို လမ်းလျှောက်သွားကြတာတွေရယ် ….

ဒါတွေက ဟိုးရှေးရှေးတုန်းကမဟုတ်တဲ့ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကပါ …….

 

32 comments

  • bigcat

    March 20, 2011 at 3:41 am

    အဲဒီအချိန်တုန်းက ကိုကြောင်ကြီးက ပါချုပ်ပေါ့ကွယ်။ ဝမ်းမှန်အောင် သောက်လိုက်တဲ့ ကိုးနဝင်းစက္ခုပါလ အကြောပြေဆေး ပြတ်သွားတာ မကြာသေးဘူးကွဲ့။

  • weiwei

    March 20, 2011 at 3:44 am

    အမှတ်တရ ဓါတ်ပုံတွေရှိပေမယ့် လူပုံကို ဖယ်မရတာနဲ့ … 😛

    • bigcat

      March 20, 2011 at 3:47 am

      ခေါင်းဖြတ်တင်လိုက်ပါလား။

  • bigbird

    March 20, 2011 at 4:16 am

    မာလာဆောင်နဲ့ပတ်သက်လို့***ပုံပြင်လေးတစ်ပုဒ်ကြားဖူးတယ်***
    ပုံပြင်ထဲကဇာတ်လိုက်ကြီး***ဘယ်သူလဲလို့မမေးပါနဲ့***

  • kai

    March 20, 2011 at 4:33 am

    အောက်ကဇတ်လမ်းကို အောက်ကဝက်ဘ်ဆိုက်က တိုကရိုက်ကူးပါတယ်.။ ကျုပ်သိတာနဲ့လည်း တော်တော်ဆင်တူလို့ပါ..။
    အဲဒါကိုတင်ထားတဲ့ဝက်ဘ်ဆိုက်တွေ တော်တော်များတာမို ့..ဘယ်သူက အစစ်အမှန်ရေးသူမှန်းမသိ.. ထိပ်ဆုံးက ဝက်ဘ်ဆိုက်စာကို ကူးပေးလိုက်ခြင်းသာဖြစ်ပါကြောင်းနဲ့..မာလာဆောင်နဲ့ပါတ်သက်တာဖြစ်ပါကြောင်း..

    ကျောပေါက်ကြီး သရဲ

    ဒီတခါ တင်ပြတဲ့ သရဲ ဇတ်လမ်းက ကိုယ့်တွေ့တော့ မဟုတ်ပါ။
    ၁၉၈၁- ၁၉၈၂ ခုနှစ် ပတ်ဝန်းကျင်က ရန်ကုန်တက္ကသိုလ်မှာ
    နာမည်ကျော်ခဲ့တဲ့ “ကျောပေါက်ကြီး သရဲ” ဇတ်လမ်း ဖြစ်ပါတယ်။)

    ၁၉၈၁ ခုနှစ်တွင် တက္ကသိုလ်များ ဆေးရုံးသို့ ကျောင်းသူ လူနာ
    တစ်ဦး အရေးပေါ်အခြေအနေဖြင့် ရောက်ရှိ ခဲ့ပါတယ်။ ယင်း
    ကျောင်းသူမှာ မာလာဆောင်က ဟု ကျောင်းသားလောက က
    ဆိုကြပါတယ်။ ထိုကျောင်းသူသည် ထိုခေတ်က ဒေသကော်လိပ်
    မှ တဆင့် ရန်ကုန်တက္ကသိုလ် ပင်မတွင် အထူးပြု သိပ္ပံ ဘာသာ
    ရပ် တစ်ခုအား တက်ရောက် ပညာသင်ကြား နေသူ ဖြစ်ပါတယ်။

    ထိုကျောင်းသူသည် လက်တွေ့ခန်း (Practical room) တွင် လက်
    တွေ့ ပညာရပ်များ သင်ကြားပြီး မိမိ နေထိုင်ရာ အဆောင်သို့
    အခြား ကျောင်းသူ သူငယ်ချင်းများနှင့်အတူ ပြန်လာ ခဲ့ပါတယ်။
    အဆောင်သို့ မရောက်မီ သူ့မ၏ လွယ်အိတ် အတွင်း၌ ပစ္စည်း
    တစုံတခု ကို ရှာဖွေ ပါတယ်။ ထိုနောက် သူငယ်ချင်းများကို
    “နင်တို့ အဆောင်ကို အရင်ပြန်နှင့်အုံး၊ ငါ့ မှတ်စုစာအုပ် လက်တွေ့
    ခန်းမှာ ကျန်ခဲ့ပြီး၊ အဲဒါ ပြန်သွား ယူလိုက်အုံးမယ်၊ နီးနီးလေးဘဲ
    ကိစ္စ မရှိဘူး၊ ငါ တစ်ယောက်တည်း သွားလိုက်မယ်”
    လို့ ပြောပြီး လက်တွေ့ခန်းဘက်သို့ ထွက်ခွာ သွားပါတယ်။

    သူငယ်ချင်းများလည်း ထိုကျောင်းသူနှင့် လမ်းခွဲပြီး အဆောင်သို့
    ပြန်လာခဲ့ပါတယ်။ နာရီဝက်ခန့် အကြာတွင် ထိုကျောင်းသူသည်
    ခြေထောက်တွင် ဖိနပ်မပါဘဲ မောကြီး ပန်းကြီးဖြင့် အဆောင်အတွင်း
    သို့ ပြေးဝင် လာပါတယ်။ သူမအား ဘာဖြစ်လာလဲ၊ ဘယ်သူက
    ဘာလုပ်လိုက်လဲလို့ ဝိုင်းမေးကြသော်လည်း ဘာမှ ပြန်မဖြေဘဲ
    ဝမ်းနည်းစွာ ငိုကြွေးနေပါတယ်။ ထူးခြားပုံမှာ သူမငိုနေချိန်၌
    ငိုသံ လုံးဝ မထွက်ပါ။ အဆောင်မှူး အပါအဝင် အဆောင်ရှိ သူငယ်
    ချင်းများ မေးသော မေးခွန်းများကို ပြန်မဖြေ နိုင်တော့ပါ။ တကိုယ်
    လုံး ခြစ်ခြစ်တောက် ကိုယ်ပူလာတာကို တွေ့ရသောကြောင့်
    သူမကို တက္ကသိုလ်များ ဆေးရုံးသို့ တင်ပို့လိုက် ရပါတယ်။

    ဆေးရုံးရောက်ပြီး ထိုကျောင်းသူသည် ထူးဆန်းစွာ စကားသံလုံးဝ
    မထွက်ဘဲ အ တဲ့ ပုံစံ ဖြစ်သွားပါတယ်။ ဆေးရုံးရှိ ဆရာဝန်များက
    အမျိုးမျိုး စမ်းသပ် စစ်ဆေးသော်လည်း ကိုယ့်ခန္ဓာတွင် ထိခိုက်မှု
    လုံးဝ မတွေ့ရှိရပေ။ ထိုကျောင်းသူသည် တစုံတခုကို လုံးဝ
    စိုးရိမ်း ကြောက်လန့်နေသော ပုံစံဖြင့် စိတ္တဇ ဆန်ဆန် ဖြစ်လာ
    ပါတယ်။ အဲဒီလိုပုံစံဖြင့် ဆေးရုံးတွင် နှစ်ပတ်နီးပါး ကြာမြင့်လာ
    သော အခါ နယ်မှ မိဘများ လိုက်လာပြီး နယ်သို့ ပြန်လည်ခေါ်
    ဆောင် သွားပါတယ်။ နောက်တစ်လလောက် ကြာသောအခါ
    ထိုကျောင်းသူသည် ပုံမှန်အနေအထားဖြင့် ကျောင်းသို့ ပြန်လည်
    ရောက်ရှိ ခဲ့ပါတယ်။ ထိုအခါကြမှ သူမ လက်တွေ့ခန်းသို့ မှတ်စု
    စာအုပ် ပြန်ယူခဲ့သော ထိန့်လန့်ဖွယ် ဖြစ်ရပ်ဆန်းကို ကျောင်းသား
    လောကက ကြားသိ ရပါတယ်။

    သူမသည် မှတ်စု စာအုပ်ယူရန် လက်တွေ့ခန်းကို သွားရောက် ခဲ့
    ပါတယ်။ အခန်းအတွင်းသို့ ဝင်လိုက်သော အခါ သူမထက် အသက်
    အရွယ်အရ ဆယ်နှစ်နီးပါး ကြီးရင့်သော လူကြီးတစ်ယောက်
    အခန်းအတွင် ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်
    လုပ်နေတာကို တွေ့ရပါတယ်။ သူမက ကျောင်းမှ သန့်ရှင်းရေး
    အလုပ်သမား အောင်မေ့ပြီး ထိုလူကြီးအား
    “ကျမ မှတ်စု စာအုပ် မေ့ကျန်ခဲ့လို့ လာယူတာပါ” ဟု ပြုံးပြပြီး
    အခန်းအတွင်းရှိ သူမ ထိုင်ခဲ့သော စာရေးခုံမှ စာအုပ်ကို လိုက်ရှာ
    ပါတယ်။ စာအုပ်ကို လုံးဝ မတွေ့သောကြောင့် သူမက ထိုလူကြီး
    အား “ဒီနားမှာ စာအုပ်လေး တစ်အုပ်များ တွေ့မိသလား”လို့
    မေးလိုက်ပါတယ်။ ထိုအခါ ထိုလူကြီးက …

    “ငါလည်း နင်လိုဘဲ ၁၉၇၄ ခုနှစ် ဦးသန့် အရေးအခင်းတုန်းက
    အိမ်ပြန်နောက်ကျနေတဲ့ ငါ့ညီမလေးကို လိုက်ရှာ နေတာ ဒီနေ့
    ထိဘဲ”

    “ရှင်၊ ဦးလေးက ၁၉၇၄ ခုနှစ် ဦးသန့် အရေးအခင်း ကတည်းက
    ဦးလေး ညီမလေးကို လိုက်ရှာနေတာ၊ ဦးလေး ဆိုလိုတာကို ကျမ
    သဘော မပေါက်ဘူး”

    “အေး၊ မင်းနားလည်းအောင် ငါပြောပြမယ်၊ ဦးသန့် အရေးအခင်း
    တုန်းက ငါနဲ့ ငါ့ညီမလေးက ဒီရန်ကုန်တက္ကသိုလ်မှာ ကျောင်းအတူ
    တူ တက်ခဲ့တာပေါ့၊ စစ်တပ်က သေနတ်တွေနဲ့ ပြစ်တဲ့နေ့မှာ ငါ့ညီမ
    လေးကို ငါ စိတ်ပူလို့ ဒီလက်တွေ့ခန်းဘက်ကို အလာ စစ်တပ်က
    ငါကို ပြစ်လိုက်လို့ ငါသေသွားတာပေါ့၊ ဂျီးသရီးနဲ့ ပြစ်တာလေ၊
    မယုံရင် ဒီမှာကြည့်၊ ငါနောက်ကျောမှာ ဘာမှ မရှိတော့ဘူး”

    ဟု ဆိုပြီး ထိုလူကြီးက သူ့အကျႌ နောက်ကျောကို လှန်ပြပါတယ်။

    ထိုသို့ လှန်ပြလိုက်သော အခါ ထိုလူကြီး နောက်ကျောဘက်တွင်
    ဘာမှ မရှိဘဲ သေနတ်နှင့် ပြစ်လိုက်သော အခါ ပွင့်ထွက်သွားသော
    ပုံစံ အခေါင်းပေါက်ကြီး မြင်တွေ့ ရပါတယ်။ ထိုအခါ ထိုကျောင်းသူ
    ရုတ်တရက် ကြောက်လန့်သွားပြီး လက်တွေ့ခန်း အတွင်းမှ အလျင်
    အမြန် ပြေးထွက် ခဲ့ပါတယ်။ ထိုအခါ ထွက်ပြေးသွားသော ကျောင်းသူ
    အား ထိုလူကြီးက အသံနက်ကြီးဖြင့် လှမ်းပြောလိုက်ပါ သေးတယ်။

    “ဦးသန့် အရေးအခင်းတုန်းက ပျောက်သွားတဲ့ ငါ့ညီမလေးကို
    တွေ့ရင် ငါဒီမှာ စောင့်နေတယ်လို့ ပြောပေးပါ၊ ညီမလေးရယ်”

    ယင်းကိစ္စ သတင်းများ ထွက်ပေါ်ပြီး မယုံကြည်သော အဆောင်နေ
    ကျောင်းသား နှစ်ဦးသည် လောင်းကြေး ပုံစံ အလောင်းအစား လုပ်၍
    ယင်း သိပ္ပံ လက်တွေ့ခန်းတွင် ညဘက် သွားရောက် အိပ်စက် ကြ
    ပါတယ်။ မနက် မိုးလင်းသော အခါ ထိုကျောင်းသား နှစ်ဦးအား
    တက္ကသိုလ် အာဏာပိုင်များက တက္ကသိုလ်များ ဆေးရုံးသို့ ထပ်မံ
    ပို့ဆောင် လိုက်ရကြောင်း သိရပါတယ်။

    http://myanmar11.multiply.com/journal/item/23

    • bigcat

      March 20, 2011 at 4:42 am

      ကျောပေါက်ဇာတ်လမ်းတော့ယုံပါတယ်။ ဒါပေမဲ့ သရဲနဲ့စကားပြောတာတော့
      ယုန်ပုံကြီးဆွဲပြပြီး
      ယုံအောင်ပြောသော်လည်း
      ယုံရခက်ကြီးပေမို့
      လပေါ်ကဖိုးရွှေယုန်ကို
      ယုံကြည်စွာမေးလိုက်ချင်ရဲ့
      ယုံရမှာလား….

  • MaMa

    March 20, 2011 at 6:42 am

    ဟော တွေ့ပြီ ဂျီဟောသူ ညီမလေး။ မစန္ဒာရဲ့ဝတ္ထုထဲက ဂျီဟောသူတွေလို အစွမ်းကုန် ဘရုတ်ကျပြလိုက်စမ်းပါ။ ဂျီဟောသူတွေ သရဲမကြောက်တတ်ပါဘူး။ သရဲကတောင်ပြန်ကြောက်ရမယ့် သူတွေပါလို့။

  • weiwei

    March 20, 2011 at 6:50 am

    မမက ဂျီဟောလ်သူပဲလား ??
    သရဲမှ မဟုတ်ပါဘူး တခြားဘာကိုမှ မကြောက်ကြတာပါ … 😛

      • zoe

        March 21, 2011 at 4:40 am

        ဒီ ဗီဒီရို ကို ကြည့်ရတာအရမ်းဝမ်းနည်း တာပဲ ။ ယခင် နဲ့ ယခု ကွာခြား မှု ။ 🙁

  • weiwei

    March 20, 2011 at 8:25 am

    နောက်ဆုံးနှစ်ပြီးခါနီးမှာ ပြောင်းလိုက်တဲ့ နံမည်က မြသီရိဆောင် …

    ၂၀၀၂ တုန်းက သူငယ်ချင်းတချို့နေလို့ သွားလည်တုန်းကတော့ ရေချိုးခန်း အိမ်သာတွေ သုံးလို့မရတော့ဘူး … အောက်ထပ်က အများသုံးကန်မှာပဲ ဆင်းသုံးကြရတယ် … အစိုးရကျောင်းဆောင်နဲ့ မတူတော့ပဲ အပြင်မှာ အဆောင်ငှားနေရသလိုမျိုးဖြစ်နေတာကို တွေ့ခဲ့ရတယ် …

    အခုတော့ ဘယ်လိုနေတယ်မသိဘူး … မရောက်တာ ကြာပြီ …

  • MaMa

    March 20, 2011 at 9:22 am

    ဝေလည်း မစန္ဒာရေးသလိုပဲ။ ဂျီဟောသွေး အပြည့်ပါတယ်။ (သရဲမှ မဟုတ်ပါဘူး တခြားဘာကိုမှ မကြောက်ကြတာပါ … )။ မမ က တစ်ဝက်တစ်ပျက် ဂျီဟောသူပါ။ Final စာမေးပွဲတွေကို သင်္ကြန်အပြီးမှာ လုပ်တော့ Final yr မှာ အဆောင်မှုးကို ခွင့်တောင်းပြီး သူငယ်ချင်းတွေနဲ့ စာစုကျက်ပြီးနေဖြစ်တာ။ ၃-၄လပဲကြာပါတယ်။ အမှတ်တရတွေ အများကြီးပဲ။

    • weiwei

      March 20, 2011 at 10:04 am

      မမနဲ့ တစ်ကျောင်းထဲညီအစ်မတွေပေါ့ … သိရတာ ဝမ်းသာပါတယ် …
      ကျောင်းထဲမှာတော့ မြင်ဖူးခဲ့မှာ သေချာတယ်နော် … (၁၉၉၃ ကနေ ၉၈ အတွင်း မမ ကျောင်းမှာ ရှိနေခဲ့ရင်)
      ကျွန်မ ပုံသဏ္ဍာန်ကိုပြောပြလိုက်ရင် တန်းသိမှာ သေချာတယ် …
      ကျွန်မက နဲနဲထူးခြားတဲ့ ပုံသဏ္ဍာန်ရှိတယ် (သရဲက ပြန်ကြောက်ရတယ်) … 😛

  • shwe

    March 20, 2011 at 9:45 am

    ဝေဝေရေးတဲ့ မာလာဆောင်ကိုဖတ်ပြီး သတိရသွားတယ် .
    မာလာက ၂နှစ်ပဲနေရတာဆိုတော့ လှိုင်ကအဆောင်တွေလောက်တော့ သယောဇဉ်မရှိလှဘူး ။ ဝေဝေတို့နေတုန်းက မာလာဆောင်ျမှာ ဒူးရင်းသီးတဲ့ ရာသီမဟုတ်ဘူးနဲ့တူတယ် .မာလာဆောင်က ဒူးရင်းသီး အရမ်းကောင်းတယ်ဝေဝေ ရေ .
    ဝေဝေပြောတဲ့ အဆောင်မှုးဆရာမကြီးက DKTY ဆိုရင်တော့ ဆရာမကြီးက အေးအေးနေတတ်လို့ပါ .
    ဂျီဟောသူတွေကာရေးကောင်းကြတာကိူး

  • Ma Ma Gyi

    March 20, 2011 at 10:48 am

    ကြောပေါက်သရဲလို့ပြောကြတာပဲ
    ဒါပေမဲ့ မမ တို့နေတုန်းကတော့မတွေ့ဖူးဘူးနော်
    95 ဆိုရင်မမတို့ က မာလာဆောင်မှာနေရတဲ့မာလာသူတွေပေါ့
    အိမ်သာတွေကို ညနက်သွားရင်တော့ စိတ်ခြောက်ခြားတာတော့ဟုတ်တယ်
    ဝေဝေ ပြောမှပဲ မာလာဆောင်က အမှတ်တရတွေကိုလွမ်းလာမိတယ်

  • naywoonni

    March 20, 2011 at 11:25 am

    G ဟော ပဲလား A ဟော B ဟောတွေ ရှိသေးလားဗျ…။ ဒါပေမဲ့ G ဟောလ်သူ က ရုပ်ရှင်လည်းရှိတယ်နော်။
    မဝေ ရေ……. ဟောလီး ဝုဒ်က လေးယောက်ကစားလို့ မကောင်းဘုူဗျ ..။ ဖဲကျပ်တယ်။ သုံးယောက်ကအကောင်းဆုံးပါ..။ တက္ကသိုလ် ကျောင်းသားဘဝကို ပြန်တွေးရင် ဖဲကစားတာချန်ထားလို့ မရဘူးဗျ။ ကျွန်တော်တို့ မန္တလေး တက္ကသိုလ်မှာလည်း မာလာဆောင်ရှိတယ်လေ…..။ အရင်က အပြင်ပုဂ္ဂလိက ဆောင်ပါ.။ သူ့အရှေ့ဘက်က ယောက်ျားလေးဆောင်..။ မေတ္တာဥယျာဉ် တဲ့ ..။ နှစ်ဆောင်လုံး ဖဲကစားတတ်တယ်..။ ဒီဘက်က ကျွန်တော်တို့ကစားတာက တွမ်တီဝမ်း..။ အဆောင်ချင်းက ကပ်နေတော့ ဒီဘက်ကဖဲချပ် ဟိုဘက်ကမြင်နေရတယ်လေ..။ သူတို့ဘက်ကျောပေးထားမိလို့ကတော့ ရှိတာကုန်ဖို့သာပြင်ထား..။ ဟိုဘက်လှမ်းကြည့်ပြီး လက်ထောင်ပြနေတာ..။ ခုတော့လည်း ရတနာပုံ ကိုပြောင်းလိုက်တော့ အဲဒိအဆောင်တွေရှိကောရှိသေးလားမပြောတတ်ပါဘူး..။ တစ်ခါတုန်းက တက္ကသိုလ်မှာ လွမ်းစရာလေးတွေ နော်……….

  • weiwei

    March 20, 2011 at 12:02 pm

    G Hall က မိန်းကလေးဆောင်၊
    A, B, C, D, E, F က ယောက်ျားလေးဆောင်တွေပါ၊ (အရင်တုန်းကပေါ့နော် …)

    ကျွန်မတို့ နောက်ဆုံးနှစ်တုန်းက အမှတ်တရတစ်ခုရှိခဲ့ဖူးတယ် …
    G Hall က ကောင်မလေးနဲ့ F Hall က ကောင်လေးနဲ့ ချစ်သူတွေပေါ့ … အဆောင်က ညနေ ၆ နာရီမှာ ပိတ်တော့ သူတို့တွေက မခွဲချင်ကြသေးဘူးလေ … နောက်တော့ အကြံတစ်ခုရသွားကြတယ် … ဝေါကီတော်ကီဝယ်ပြီး ညဘက်လဲ စကားပြောကြတယ် … နံရံတွေခြားတာများရင် လိုင်းသိပ်မမိတော့ ကော်ရစ်ဒါမှာ ထွက်ပြီး ပြောရင်း တခြားသူတွေ သိကုန်ရောပေါ့ … (အဲဒီလောက် ကဲကြတာ :P)

  • paukpauk

    March 20, 2011 at 12:13 pm

    မာလာဆောင်အကြောင်းကတော့ ရန်ကုန်တက္ကသိုလ်ရဲ့ ပြယုဒ်ပါ။
    ခုတော့ .. မာလာဆောင်ကဘာဖြစ်သွားပြီလဲ …
    ဘယ်သူက လုပ်လိုက်ပါသလဲ …

  • kopauk mandalay

    March 20, 2011 at 12:23 pm

    မာလာဆောင် ပြည်လမ်းရဲ့အရှေ့မှာ ………………………..ဂစ်တာပိုင်ရှင်လေးဆွေးပြိဟေး

  • ဆူး

    March 20, 2011 at 3:09 pm

    အဲဒီ ဇတ်လမ်း တို့နဲ့ မဆိုင်.. ဟီးဟီး..
    နေပူ လေပူ ဖြတ်ပြီး မှ ရောက်တဲ့ တာဝ ကျောင်းသူပါရှင်

    • eros

      March 21, 2011 at 4:53 am

      အနော်ကလည်း ဒဂုံ အရှေ့ပိုင်းက

    • etone

      March 21, 2011 at 8:40 am

      ဟီးဟီး ဟုတ်တယ်… ။
      ကိုယ်တွေ တက်ရတဲ့ တက္ကသိုလ်က လွင်တီးခေါင်ပြင် 😀

  • Gong Zhu

    March 20, 2011 at 5:05 pm

    မမဆူး Shake hand … နောက်မှ တာဝအကြောင်းပြောပြတော့မယ် …

  • weiwei

    March 20, 2011 at 5:09 pm

    တာဝ (အရှေ့ပိုင်းတက္ကသိုလ်) ကို တစ်ခါမှ မရောက်ဖူးလို့ ထူးခြားတာရှိရင် ပြောပြကြပါအုန်း …

  • ဆူး

    March 20, 2011 at 5:19 pm

    တာဝ ဆိုတာ တာ နဲ့ ဝ ၂လုံး ပေါင်းပြီး ခေါ်တာပါ။
    ဆူး တက်တုန်းကတော့ အဆောင် ၄ခု ရှိတယ်။
    ကျောင်းအဝင် လမ်းမှာ ဒန့်သလွန်ပင်တွေ စိုက်ထားတယ်။ အရိပ်လည်း မရှိဘူး။ နေပူလွန်းလို့ ကတ္တရာတွေ တွန့်လိန်ကောက်ကွေးနေတယ်။
    ဆိတ်တွေလည်း အဲဒီ ဘက်မှာ ရှိတယ်။
    ဆူး ရဲ့ အမှတ်တရ ဆိုတာထက် သူငယ်ချင်းတွေ အမှတ်တရ လုပ်တာ ရှိတယ်။
    သူငယ်ချင်းက သူ့ညီမ ဝမ်းကွဲ ရင်ကျပ် ပန်းနာဖြစ်နေလို့ ဆိတ်ချီးတုံး မီးမြိုက်ရှုရင် ကောင်းတယ် ဆိုလား မသိတော့ဘူး ယူချင်လို့ဆိုပြီး ဆိတ်တကောင်ကို ပိုင်ရှင် အလစ်မှာ ဖမ်းပြီး သစ်ပင်မှာ ကြိုးတုတ်ပြီး ဆိတ်ချီးပါတဲ့ အထိ ထိုင်စောင့်နေတာ ဆိတ်ကလည်း တနေကုန် ထိုုင်ကြည့်နေတာ လုံးဝ မပါဘူး။ ကျောင်းပြန်ချိန်သာ ရောက်သွားတယ်။ ပြန်လွတ်ပေးလိုက်ပြီး နောက်တနေ့ နောက်တကောင် ဖမ်းပြီး ထိုင်စောင့်နေတာ.. ရသွားတယ်။ ဟီးဟီး..

  • လင်းဝေကျော်

    March 21, 2011 at 3:24 am

    အဲဒီအချိန်မှာက မာလာ မှာ အီကိုက ဖိုင်နယ် ကောင်မလေးတွေထားတာများပါတယ်။
    ကျောင်းပြီးသွား လို့ နောက်ထပ်တစ်ခုထပ်တက်တော့မှ မာလာဆောင်မှာလည်း ဘယ်သူမှမနေတော့မှ
    မာလာဆောင်ထဲရောက်ဖူးတယ်။ အဆောင်မှူးလုပ်နေတဲ့ ဆရာမကြီးဆီသွားလည်ရင်းပေါ့။
    ညဘက် အဆောင်မှူးအခန်းနာက အိမ်သာမှာ သွားပေါက်တာတောင် နည်းနည်းလန့်စရာကောင်းပါတယ်။
    မိန်းထဲက အဆောင်တွေအားလုံးဟာ လူနည်းတဲ့ အချိန်မှာ ချောက်ခြားစရာတွေချည်းပါပဲ။
    နွေရာသီ ကျောင်းပိတ်ချိန်မှာ သထုံဆောင်မှာလည်း ဘယ်သူမှမရှိတုန်းနေခဲ့ဖူးတယ်။
    တစ်မျိုးကြီးပဲ။

  • search123

    March 21, 2011 at 10:33 am

    ပြောပြစရာ အမှတ်တရရှိတာ အားကျလိုက်တာ။
    ငယ်ငယ်တုန်းက အရမ်းတက်ချင်ခဲ့ရတဲ့ တက္ကသိုလ် ပုံရိပ်ကို သိမှီလိုက်သူတွေဆီကပဲနားထောင်ရတော့တယ်။

  • thethtet87

    March 22, 2011 at 12:11 pm

    ဘဝမှာလွမ်းစရာအကောင်းဆုံးကတော့ကျောင်းသားဘဝဘဲ။
    ကြည်နူးစရာအကောင်းဆုံးကတော့တက္ကသိုလ်ကျောင်းသားဖြစ်ရတာ။
    ပျော်စရာအကောင်းဆုံးကတော့အဆောင်ကျောင်းသားဖြစ်ရတာ။
    တက္ကသိုလ်ကျောင်းသားဖြစ်ပြီးအဆောင်းနေရတဲ့ဘဝလောက်လွမ်းစရာမရှိဘူး။
    အဆောင်ဆိုတာအစိုးရအဆောင်တွေကိုပြောတာနော်။အပြင်ဆောင်တွေမဟုတ်ဘူး။
    အဆောင်ခ(၄၅ဝိ/-)မပေးအိမ်ကတောင်း။စားမေးပွဲနီးမှနောက်ကျကြေး(၅ိ/-)နဲ့ပေါင်းသွင်း
    ယောက်ကျားလေးအဆောင်တွေဆိုတော့(၄)ယောက်တစ်ခန်းလေ။ကျောင်းတက်တဲ့
    (၄)နှစ်မှဘဲဖဲပေါင်းစုံရိုက်တတ်တော့တာဘဲ။အဆောင်က စားဖိုဆောင်အလှည့်ကျရင်
    အိမ်မှာဈေးမဝယ်ဘူးတဲ့ကောင်းတွေကိုအဆောင်ကဝန်ထမ်းတွေကလောက်ငအောင်ချက်ပြုတ်
    ကျွေးခဲ့တာတွေ။ညဘက်မိန်းခလေးအဆောင်ရှေ့မှာမူးမူးနဲ့ရွှေနားတော်သွားသွင်းတာတွေ
    အခုပြန်တွေးကြည့်တော်တော်ရယ်ရတယ်နော်။ကောင်မလေးတွေကစောင်ခြုံထဲကနားထောင်
    အပြင်ကကျွန်တော်တို့ကမူးမူးနဲ့ချမ်းချမ်းစီးစီးသံပြိုင်ဟစ်ကြွေးနေတာတွေလေ။တောင်ကြီးမှာ
    ဆိုရင် မိန်းခလေးက (၃)ဆောင် တောင်ကြီး၊ပင်လုံ၊ချယ်ရီ ယောက်ကျားလေးက(၂)ဆောင်
    အောင်မြတ်/နောင်ချို အခုတော့အဝေးသင်ဌာနဖြစ်နေပြီလေ။သိကြမှာပါ။လွမ်းတယ်မဝေဝေတကယ်
    ပြောတာ။ကျောင်းသားအဆောင်ဘဝကို။အခုဆံပင်ဖြူတာတောင်လွမ်းတုန်းပါဘဲ။

  • shwe

    March 22, 2011 at 1:26 pm

    အင်းလေးက သူငယ်ချင်းတွေပြောပြလို့သိဘူး တာ . ပိုက်ဆံမရှိရင် မပူဘူးတဲ့ .အဆောင်ရှိ သစ်ပင်အားလုံးကို ခူးရောင်းလို့ရပါတယ်တဲ့ . သူတို့ကတော့ အုန်းသီးခူးရောင်းပြီး မနက်လာတဲ့ ကောက်ညှင်းပေါင်းနဲ့ လဲ စားဘူးတယ်ဆိုပဲ ။
    .အဆောင်မှူး.အဆောင်နည်းပြများကလည်း ကျောင်းသားဆိုတော့ ခွင့်လွတ်တာများပါတယ် .

  • weiwei

    March 22, 2011 at 2:07 pm

    အဲဒီတုန်းက တစ်လ ၄၀ဝ ကျပ်ပဲ ပေးရတယ် … ထမင်းကျွေးတယ် … နို့ဆီ သကြားလဲရတယ် …. အဆောင်ပတ်ဝန်းကျင်မှာ သီးတဲ့ သရက်သီးတွေလဲရတယ် … တက္ကသိုလ်အမှတ်တရတွေ အများကြီးနဲ့ ပျော်စရာကောင်းခဲ့တယ် … 🙁

  • zaw min

    March 22, 2011 at 4:36 pm

    အင်း…မဝေရဲ့ ပိုစ့်လေးနဲ့ ကိုခိုင်ရဲ့ ဗီဒီယိုဖိုင်လေးကို ကြည့်ရင်းရင်ထဲမှာဆို့နှင့်လာပါတယ်….လွန်ခဲ့သော်အနှစ်(၂၀)ဆိုတာ ဘာမှမကြာလိုက်သလိုပါပဲ…အချိန်တွေသာရွေ့ရွေ့နဲ့ကုန်ဆုံးတာမြန်လိုက်တာလို့ထင်မိပါတယ်…ယနေ့အထိ ဘယ်တော့မှမေ့မရတာကတော့ ကျောင်းသားဘဝပါ။အဆောင်ရှေ့မှာဂီတာတီးတာတွေ…ဦးချစ်လဖက်ရည်ဆိုင်ရယ်….ခရမ်းပြာလဖက်ရည်ဆိုင်…ဂျက်ဆင်နဲ့…ရေတမာပင်တွေ….ေဩာ်…အချိန်တွေအချိန်တွေ ဘဝအတွက်ပေးဆက်နေတုံးပါပဲ….

    • kai

      March 22, 2011 at 5:38 pm

      ဦးချစ်ဆိုင်မှာ ပေါက်စီစားတော့ ..ပီကယ်နဲ့ဒန်ပန်းကန်ပြားကို ခုံအောက်ကပ်ပြီးဖွက်လို့… ပိုက်ပိုက်မပေးခဲ့တာလည်း သတိရမိတာပဲ..။
      ယမ်းဘီလူး သံဗူးလည်းသတိရမိတာပဲ..။
      အခုထိ သတိတရနဲ့ လုပ်စားဖြစ်နေတာက .. လက်ဖက်ထမင်းပဲ..။
      မြေပဲလေး၃-၄-၅စေ့နဲ့… လက်ဖက်နဲ့နယ်ထားတဲ့ ထမင်းပူပူ..။

Leave a Reply