ခေါင်းဆောင်ကို ခြေရာခံမိပြီ။

who whoMarch 23, 20111min2416

အင်း…အနီးကပ်ရန်သူသုံးယောက်ကိုတော့ တွေ့ပါပြီ။ သူတို့တွေက ဘယ်အချိန်ကတည်းကများ ကိုယ့်ခန္ဓာအိမ်ထဲရောက်နေကြပါလိမ့်ဆိုတာရယ်၊ သူတို့ရဲ့ ခေါင်းဆောင်က ဘယ်သူများလဲဆိုတာရယ် သိချင်တာကြောင့် ဒီနေ့ တော့ဖြင့် မနက်မိုးလင်းကတည်းက သူတို့ ဝင်လာမယ့် ပုံစံကို ကြည့်ဖို့ စောင့် နေပါပြီ။ အင်း…အရင်ဆုံးကတော့ ကာမာသဝက အရင်ဆုံး ဝင်လာပါပြီ။ ဒီနေ့ ဘယ်သူ့ ဆွမ်းကျွေးကိုတော့ဖြင့် မသွားလို့ မဖြစ်ပေဘူး။ အပြန်ကျရင်တော့ ဈေးဝင်ဦးမှပဲရယ်လို့ စတွေးမိလိုက်တာနဲ့ပဲ အော..ကာမာသဝရေ.. ရောက် လာပါပေါ့လား ဆိုတာ တန်းသိလိုက်ပါပြီ။ မကြာပါဘူး…။ အော်..ဒီရက်ပိုင်း အလုပ်တွေများနေတာတောင် ကျန်းမာနေတာ တော်သေးရဲ့။ ဘာပဲဖြစ်ဖြစ် လူကလည်း ကျန်းမာလို့ လှူချင်တန်းချင်တာလည်း လှူနိုင်တန်းနိုင်နေတာကို က အရတော်တဲ့ ဘဝပဲ လို့ တွေးလုံးတွေက ပေါ်လာပြန်ပါတယ်။ ဟော…ဒီရန်သူက ဘယ်သူပါလိမ့်မယ်။ သတိနဲ့ ကြည့်လိုက်တော့မှ အော် ကိုယ့်ဘဝလေးကို ကျေနပ်အောင်လုပ်နေတဲ့ ဘဝါသဝရဲ့လက်ချက်ပါလား။ အင်း..နှစ်ယောက်တော့ ရောက်လာပြီဟေ့။ နောက်တစ်ယောက်ကျန်သေး တယ်လို့ တွေးမိနေတုန်းရှိသေး။ အော်..နေရာတိုင်းမှာက ငါလုပ်မှကို ပြီး မြောက်ပါလားနော်။ တကယ်ဆို ဒီနေ့သွားရမယ့် ဆွမ်းကျွေးမှာ ငါမပါလည်း ဖြစ်နေတာပဲကို မလာမနေရဘူးဆိုတော့ ကဲပါလေ။ ကိုယ်လည်း သွားနိုင် လာနိုင်နေမှတော့ ငါမပါပြောနေပါဦးမယ် ရယ်လို့ တစ်ငါထဲငါနေတဲ့ ငါကောင် အပေါ်ကို ခင်တွယ်နေစေတဲ့ ဒိဋ္ဌါသဝက တန်းရောက်လာပြန်တယ်လေ။
အင်း သူတို့တွေက မိုးလင်းကတည်းက တန်းပြီး ဝင်လာကြပါလား ဆိုတာကို ကိုယ်ကစောင့်ကြည့်လို့သာ သိလိုက်ရတာပါနော်။ တော်တော် လည်း ဝီရိယကောင်းကြတဲ့ ရန်သူတွေပါလားနော်။ ဒါနဲ့ သူတို့ကို ခိုင်းနေတာ က ဘယ်သူများပါလိမ့်မယ်။ ခုထိမရောက်သေးဘူးလားလို့ သေချာလေး ကြည့်လိုက်တော့မှ အမယ်…ကိုယ့်ထက်တောင် စောရောက်နေပါပေါ့လား။ ကိုယ့်ခန္ဓာ အိမ်ဦးခန်းထဲမှာ မိန့်မိန့်ကြီး ထိုင်လို့ သူ့တပည့်သုံးယောက်ကို ခိုင်း ကောင်းနေတဲ့ ခေါင်းဆောင် ခေါင်ချုပ်ကြီးကို တွေ့လိုက်မှ အံအားသင့်သွားရပါ ပြီ။ ဟောဗျာရယ်။ ငါ့နှယ်နော်။ ခံလိုက်ရပြန်ပြီ။ ကိုယ့်ကိုယ်ကို စောလှပြီထင် နေတာ။ ခုတော့ ကိုယ့်ထက် ရန်သူခေါင်းဆောင်က ဦးထားပြီးနေပါလား။ အော်…အဝိဇ္ဇာသဝဆိုတဲ့အတိုင်း သူကိုယ်တိုင်ကလည်း သစ္စာလေးပါးကို မသိ၊ မမြင်တဲ့အပြင် သူများကိုလည်း သိမြင်ခွင့်မရအောင်ကို တပည့်သုံး ယောက်ကို တာဝန်တွေခွဲလို့ ခိုင်းနေလိုက်တာ။ ဒီရန်သူတပည့်သုံးယောက်ရဲ့ လက်ချက်နဲ့ပဲ ဒီခန္ဓာကြီးဟာ တစ်နေ့တစ်နေ့ မနားရ၊ မအားရအောင် လည်ပတ်ရဦးမှာပါလားဆိုတာ တန်းပြီး သိမြင်လိုက်ရပါတယ်။
အင်း ခေါင်းဆောင်နှင့်တကွ သူ့တပည့်လက်သား သုံးယောက်က တော့ မိုးလင်းကတည်းက ဒီခန္ဓာအိမ်ထဲမှာ တပ်စွဲထားပြီး နေလေပြီ။ ဒီ လက်အောက်က လွတ်ဖို့ကတော့ သူတို့အကြောင်းကို သေချာသိမှသာ နည်း လမ်းရှာလို့ရမှာမို့ ခုလောလောဆယ်တော့ဖြင့် ဟန်မပျက် သူတို့ခိုင်းတာလုပ် ရင်းနဲ့ သူတို့နဲ့ဆိုင်တဲ့ အကြောင်းအရာ အချက်အလက်တွေကို ထပ်ပြီးသိရ အောင် လေ့လာရပေမည်။ ခုတော့ဖြင့် ရန်သူ့လက်တွင်းကနေပဲ သူတို့ အသွားအလာကို သတိထားလို့ စောင့်ကြည့်ရပေဦးတော့မည်။

၂၂.၃.၂၀၁၁

6 comments

  • peacemaker35183777

    March 24, 2011 at 1:43 am

    ရန်သူကိုဖြင့်ရှာလို့ကို ကောင်းကောင်းမတွေ့သေးပါဘူး။

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 24, 2011 at 3:52 am

    ဓမ္မပဒ မှာတော့ ဒီလိုလာတယ်ခင်ဗျ
    ဆက်စပ်လို ့ရနိုင်မလား

    ၁ – စက္ခုပါလတ္ထေရဝတ္ထု
    ၁။ နာမ်ခန္ဓာ (လေးပါး)တို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏၊ စိတ်လျှင် အကြီးအမှူး ရှိကုန်၏။
    စိတ်ဖြင့် ပြီးကုန်၏။ ပြစ်မှားလိုသော စိတ်ဖြင့် အကယ်၍ ပြောဆိုသော် လည်းကောင်း၊ ပြုလုပ်သော်
    လည်းကောင်း၊ ကြံစည်သော် လည်း ကောင်း ထို (ပြောဆို ပြုလုပ် ကြံစည်မှု) ကြောင့် လှည်းဘီးသည်
    ဝန်ဆောင် နွား၏ခြေရာသို့ အစဉ်လိုက်ဘိ သကဲ့သို့ ထိုသူသို့ ဆင်းရဲသည် အစဉ်လိုက်လေ၏။

    ၂ – မဋ္ဌကုဏ္ဍလီဝတ္ထု
    ၂။ နာမ်ခန္ဓာ (လေးပါး)တို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏။ စိတ်လျှင် အကြီးအမှူး ရှိကုန်၏။
    စိတ်ဖြင့် ပြီးကုန်၏။ သန့်ရှင်းကြည်လင်သော စိတ်ဖြင့် အကယ်၍ ပြောဆိုသော် လည်းကောင်း၊
    ပြုလုပ်သော် လည်းကောင်း၊ ကြံစည်သော် လည်းကောင်း ထို (ပြောဆို ပြုလုပ် ကြံစည်မှု) ကြောင့်
    အရိပ်သည် (လူကို) မစွန့်မူ၍ အစဉ်လိုက် သကဲ့သို့ ထိုသူသို့ ချမ်းသာသည် အစဉ်လိုက်လေ၏။

    ၆၃။ မိုက်သော သူသည် မိမိမိုက်သည့် အဖြစ်ကို သိ၏။ ထိုသိမှုကြောင့် ပညာရှိ ဖြစ်နိုင်သေး၏။ မိုက်သောသူသည် ငါပညာရှိဟု မိမိကိုယ်ကို ထင်မှတ်နေပါမူကား ထိုသူကို စင်စစ် လူမိုက် ဟူ၍ ဆိုအပ်၏။

  • whowho

    March 25, 2011 at 12:17 am

    ကျေးဇူးပြုလို့ ဆက်စပ်ပြပေးပါလား။

  • အာဖျံ ကွီး

    March 25, 2011 at 6:09 am

    အဟဲ …
    စကားမစပ် … ကိုယ့်ကိုယ်ကို ကျေနပ်အောင်လုပ်နေတဲ့ “ဘဝါသဝ” .. ကိုတချက်လောက် အလုပ်ခိုင်းလိုက်ရအုံးမရ် …

    (တော်သေးတာပေါ့ .. who who ကကိုယ့်ဆီကို ဝင်နေတဲ့ ကောင်တွေကို ကောင်းကောင်းသိတဲ့၊ ကောင်းကောင်းမှတ်မိတဲ့၊ တရားခံဘယ်သူလဲ သိတတ်တဲ့ .. ဂိတ်စောင့်ကောင်းကောင်းလေး ရှိနေလို.၊ ကွီးတို.ဆိုရင် .. ဘာက ဘယ်အချိန်ဝင်လို. ဘယ်အချိန်ထွက်၊ ဘယ်သူရောက်လို. ဘတွေလုပ်နေလဲဆိုတာကို .. သတိတောင်မမူမိလိုက်တဲ့ အခါချည်းပဲ)

  • whowho

    March 25, 2011 at 8:15 am

    သိသာသိပြီး မဖယ်ရှားနိုင်ရင်လည်း အလကားပဲနော်။ ဒါကြောင့် သူတို့ကို နိုင်အောင်
    တိုက်ဖို့ နည်းလမ်းတော့ မြန်မြန်ရှာရပါတော့မယ်။

  • လင်းဝေကျော်

    March 25, 2011 at 10:34 am

    အမှတ်ကလေးတွေအကြောင်းရှင်းပြတာ ကောင်းပါ့

Leave a Reply