အကြောင်းကြောင့် အကျိုးတွေ ပေါ်နေကြပုံ…..

who whoMarch 25, 20111min1574

ဒီနေ့တော့ စောစောစီးစီး ဘုရားရှိခိုးလို့ မြတ်ဘုရားရှေ့မှောက် ဆွမ်း တော်ကပ်ရင်း ကိုယ့်ကိုယ်ကိုယ် ပြန်လို့ ဆန်းစစ်ကြည့်နေမိပါတယ်။ ဒီအလုပ် တွေကရော ဘယ်သူက စေခိုင်းလို့ လုပ်နေရတာပါလဲဆိုတာကိုလေ။ တစ်နေ့ တစ်နေ့လုပ်နေရတဲ့ လည်ပတ်နေရတဲ့ အလုပ်တိုင်းက အာသဝ လက်အောက် က လွတ်တယ်လို့မှ မရှိတာပဲမလား။ ခုလို ကုသိုလ်တွေ လုပ်နေရတာတွေ ကရော သူတို့လက်အောက်ကမှ လွတ်ရဲ့လားလို့ တွေးမိသွားပါတယ်။
ဒါဆိုရင်တော့ ဒီမေးခွန်းလေးကိုသာ အရင်ဖြေလိုက်ပါတော့လို့ ကိုယ့် ကိုယ်ကို မေးခွန်းပြန်ထုတ်လိုက်ပါတယ်။ “နင်လုပ်နေတဲ့ ကုသိုလ် အလုပ်တွေ ဟာ သစ္စာသိပြီး လုပ်တဲ့ အလုပ်ဟုတ်ရဲ့လား”လို့ ပြန်မေးလိုက်ရပါတယ်။ “ဟင်..ဒါကတော့ ဘယ်သိဦးမှာလဲ။ သစ္စာသိအောင်လုပ်ဖို့ အချိန်မရအောင်မှ သူတို့က လုပ်ထားတာဥစ္စာကို ။ သစ္စာမသိပေမယ့် ကုသိုလ်လုပ်နေတာပဲ ကောင်းတာလုပ်နေတာပဲလေ။ ဘာများမှားနေလို့လဲ”ဆိုတဲ့ အဖြေနဲ့ ပြန်ချေပ နေပြန်ပါပြီ။ ကိုယ်မေးတဲ့ အဖြေကို ကိုယ်ကိုယ်တိုင်ပဲ ပြန်ဖြေနေရပါတယ်။ အဲဒီမှာပဲ “အင်း ဒါဆို နင်မြဲမြဲမှတ်ထားလိုက်ဦး။ သစ္စာမသိပဲ လုပ်နေတဲ့ အလုပ်ဟူသမျှ ကောင်းတာပဲဖြစ်ဖြစ် ၊ မကောင်းတာပဲဖြစ်ဖြစ် အားလုံးဟာ အာသဝလေးပါးဆိုတဲ့ အကြောင်းတရားကြောင့် လိုက်လုပ်နေရတဲ့ အကျိုး ဖြစ်စဉ်တွေပဲလို့သာ နင်သိလိုက်စမ်းပါ။” သုတဘယဉာဏ်က ပြန်လို့ ဆုံးမ နေရပါတယ်။ ဟိုဘုံ၊ ဒီဘဝတွေကို တောင့်တလို့ လုပ်နေတဲ့ ကုသိုလ် အလုပ် မှန်သမျှ ဒုက္ခဖြစ်ကြောင်းတွေ ပြုနေတာမို့ အာသဝလက်က မလွတ်သော ကုသိုလ်အလုပ်တွေဆိုတာ သိခွင့်ရလိုက်ပါတယ်။
အော်…ဒုက္ခပါပဲ။ အာသဝဆိုတဲ့ အကြောင်းတရားကြောင့် ခုလို ကုသိုလ်အလုပ်တွေကို လိုက်လုပ်နေရတာပါလား။ အာသဝလေးပါးက အကြောင်း တရားဖြစ်ပြီး ကုသိုလ်အလုပ်လုပ်နေတာက အကျိုးတရားတွေပါ လားဆိုတာ ဘွားကနဲ ပေါ်လာရပါတယ်။ ဒီထဲကတောင် ကုသိုလ်အလုပ်လေး လုပ်ရင်းက အာသဝေါတရားလေးပါးတို့၏ ကင်းရာ၊ ကုန်ရာ၊ ချုပ်ရာ၊ ငြိမ်းရာ ဖြစ်သော နိဗ္ဗာန်သို့ ရရ ၊ ရောက်ရပါလို၏လို့ ဆုများတောင် တောင်းနေလိုက် ပါသေးရဲ့။ အမယ်…သူခိုင်းတာတွေကျ တသွေမတိမ်းလိုက်နာ ဆောင်ရွက်ပြီး မှ သူတို့တွေရဲ့ ကြီးပွားရေးအလုပ်တွေ လုပ်နေပြီးများ သူတို့ကုန်ရာသို့ ရောက်ရပါ၏လို့ ဆုကတောင်းနေသေးတယ်။ လုပ်နေတာက တိုးပွားရေး၊ ဆုတောင်းတော့ ကုန်ရာ ကုန်ကြောင်းဆိုတော့ လွဲနေပါပေါ့လား။
ဒါတင်ပဲလားဆိုတော့ဤကုသိုလ်တို့ပြုရသော ကောင်းမှုကံ စေတနာ တို့ကြောင့် လူ့ပြည်၊ နတ်ပြည် ကျင်လည်ရသည် ရှိသော် လူချမ်းသာ၊ နတ်ချမ်းသာ ဖြစ်ရပါလို၏ဆိုတာက ပါသေးရဲ့။ ဒါက နောက်ဘဝအတွက် ဆုတောင်းနေတာနော်။ တနည်းတော့ ကာမာသဝဆိုတဲ့ အကြောင်းပေါ်လို့ ဆုတောင်းခြင်းဆိုတဲ့ အကျိုးတွေလိုက်နေတော့တာပေါ့။ နောက်ပြီး ဒီလင်၊ ဒီမယား၊ ဒီ မိသားစုတွေနဲ့ အန္တရာယ်ကင်း ဘေးရှင်းလို့ စိတ်သွားတိုင်း ကိုယ်ပါပြီး ပြည့်စုံချမ်းသာသော ဘဝပိုင်ရှင်များ ဖြစ်ရပါလို၏ဆိုတဲ့ ဒီဘဝ အတွက် ဆုတောင်းတွေကရောပြီး ပါလာပြန်တယ်နော်။
အန ္တရာယ်ကင်း ဘေးရှင်း၊ မရှင်းတော့ မသိဘူး။ ခုကတော့ ရန်သူ့ အကြိုက်လိုက်လုပ်နေရတာမို့ ဘေးသင့်နေတာကိုရော သတိလေးနဲ့ သိပေး စမ်းပါဦးလို့ ကိုယ့်ကိုယ်ကို ပြန်ပြောမိပါတော့တယ်။ တကယ့်တကယ် လုပ်နေ တဲ့ ကုသိုလ်အပေါ်မှာ သံသရာ ဝဋ်ဒုက္ခက လွတ်မြောက်လိုတဲ့ ဉာဏ်လေးများ ကပ်ပါသွားမယ်ဆိုရင်တော့ တစ်မျိုးပေါ့လေ။ မိုးလင်းကတည်းက သစ္စာသိဖို့ အကျင့်တွေ ကျင့်နေမယ်။ သံသရာက လွတ်လိုတဲ့ ဉာဏ်လေးတွေ ပေါ်နေမယ် ဆိုရင်တော့ဖြင့် ဒါ ရန်သူ့ လက်က လွတ်အောင် ရုန်းနေတယ်လို့ ပြောလို့ရတယ်နော်။ ခုကျတော့ ရန်သူ အာသဝတွေရဲ့ အလိုကျအတိုင်း သူတို့စိတ်ကြိုက် ဘုံဘဝတွေမှာ ခင်လိုက်ရ၊ သားတွေ သမီးတွေ ပစ္စည်းဥစ္စာ ဆိုတာတွေကို စိတ်မချနိုင်ဖြစ်လို့ တွယ်လိုက်ရနဲ့ ဒီထဲကမှ အန ္တရာယ်ကင်း ချင်လို့ ၊ မင်္ဂလာရှိချင်လို့ ဆိုတဲ့ ရည်ရွယ်ချက်အမှားတွေနဲ့ ကုသိုလ်တွေ လုပ်ကြပြန်ရော။
ဒါတောင်ငါ့လောက် သူများလုပ်နိုင်လို့လားလို့ လက်မက ထောင်ချင် နေသေးတယ်နော်။ အော် ဒိဋ္ဌါသဝက ဦးဆောင်နေပြန်တာဆိုတော့လေ။ အင်း ခုတော့ဖြင့် ကိုယ်လုပ်နေတဲ့ အလုပ်တိုင်းရဲ့ အကြောင်းရင်းမှန်ကို သိလာရ မြင်လာရပြန်ပါပြီ။ ကုသိုလ်အလုပ်တွေ လုပ်ရတာတောင် သစ္စာမသိပဲ လုပ်နေ သမျှကတော့ အာသဝဆိုတဲ့ အကြောင်းကြောင့် ပေါ်လာရတဲ့ အကျိုးတွေပဲဆို တာလေးကို ပုံဖော်မိရင်း ဘုရားရှိခိုးရင်းက ရလာတဲ့ အသိလေးတွေကို ပြန် လည်ဝေမျှလိုက်ရပါတော့တယ်။

4 comments

  • ဆူး

    March 26, 2011 at 3:12 pm

    အရှိကို အရှိအတိုင်း အသိတရားနဲ့ သတိကပ်ကြည့်မယ် ဆိုရင် အားလုံးကို ရှင်းရှင်း ဘွင်းဘွင်း မြင်နိုင်၏

  • True Answer

    September 23, 2011 at 8:17 am

    ပိုစ်လေးအတွက် ကျေးဇူးပါခင်ဗျာ။
    ကျွန်တော်ရေးထားတဲ့ အီးဘုတ်လေးပါ ဓမ္မဒါန မျှဝေလိုက်ပါတယ်။
    http://www.mediafire.com/?sygk31hz5154ofb

    • whowho

      September 23, 2011 at 10:54 am

      ဟုတ်ကဲ့။ ကျေးဇူးပါ။ အလှူတကာ့အလှူတွင် ဓမ္မအလှူသည် အမြတ်ဆုံးမို့ ကို true answer ရဲ့ ဓမ္မဒါနအလှူကို ဝမ်းမြောက်စွာလက်ခံပါကြောင်း …..

Leave a Reply