လာလမ်းလေးကို ပြန်မျှော်ကြည့်ရင်း….
ဒီနေ့တော့ ကျနော်နဲ့ ရန်သူ အာသဝတို့ ဆုံဆည်းလာရပုံလေးကို ပြန်လို့ အနှစ်ချုပ်တွေးမိနေပါတယ်။ ဘယ်လိုကစလို့ သူတို့ကို တွေ့ရှိသွားရပါ လိမ့်ဆိုတာကစ အတွေးနယ်ချဲ့မိတော့သည်။
အရင်ဆုံးကတော့ အလုပ်တွေမအားလွန်းရာကစတာပါပဲ။ အင်း…ငါ
ဒီနေ့သာ အလုပ်တွေ ဒီလောက်များတာပါ။ နက်ဖြန်တော့ နားရချည်သေးရဲ့ လို့ မျှော်မှန်းလိုက်တိုင်း မအားရာ မအားကြောင်းတွေက အမှတ်မထင် ဝင်ဝင် လာပြန်တယ်လေ။ ဒါကို သတိထားမိတာက တော်တော့ကို ကြာနေပါပြီ။ အင်း တစ်ရက်လောက်များ ဘာလုပ်စရာမှ မရှိပဲ အေးအေးဆေးဆေးလေး နေရရင် ကောင်းမယ်လို့များ တွေးထားမိရင် ပိုတောင်ဆိုးသေးတယ်ဗျာ။ ဘယ်က ဘယ်လို ပေါ်လာမှန်းမသိတဲ့ အကြောင်းတွေလေ။ အင်း…ဒါတွေကြောင့်ပဲ ကျနော့်မှာ မသင်္ကာဖြစ်လာရတာပေါ့နော်။ တစ်စုံတစ်ယောက်ကများ ငါ့ကို မအားမနားရအောင် ဖန်တီးခိုင်းစေနေသလားလို့ ဆိုတဲ့ သံသယစိတ်ကလေး ဝင်လာရတယ်လေ။ ဇာတ်လမ်းက ဒီကစခဲ့တာပဲနော်။
အဲလို တွေးမိတာလေးကလည်း ခဏတိုင်းဆိုသလိုပါပဲ။ ဒါပေမယ့် ကျနော့်စိတ်ထဲတော့ အင်း အကြောင်းတိုက်ဆိုင်လို့ပဲနေမှာပါလေ။ လို့ တွေး ရင်း ငါ့မှာ ရန်သူတွေ ဝိုင်းလို့ ခိုင်းတာလုပ်နေရပါလားဆိုတဲ့ အတွေးမျိုး တစ်ခါ မှတောင် မတွေးခဲ့ရပါဘူး။ ဒါကလည်းလေ တွေးချိန်မရအောင်ကို သူတို့က လှည့်ပေးနေတာကိုးနော်။ အော် …ခုတော့ဖြင့် အလုပ်တွေ များလွန်းလို့ မအား လွန်းနေတဲ့ ကိုယ့်အဖြစ်ကို သည်းမခံနိုင်တာနဲ့ပဲ တရားခံကို ရှာမိသွားလေတာ ပါပဲ။
အော်…မိုးလင်းကစလို့ ကျနော့ခန္ဓာအိမ်ထဲကို အရင်ဆုံး အစောဆုံး ဝင်လာတာကတော့ အဝိဇ္ဇာပါပဲ။ သူကမှ အာသဝတရားတွေကို ပွားလို့ ညွှန်ကြားပေးပါတယ်။ ဒီမှာပဲ အရင်ဆုံး ကာမာသဝက အလုပ်စလုပ်ရပါတယ်။ သူကတော့ ကျနော်တို့သိတဲ့ လောဘပေါ့နော်။ လောဘလေးက မိုးလင်းက တည်းက ခေါင်းထောင်နေပါပြီ။ မနက်စာစားဖို့ကို ဟိုဟာမှ ၊ ဒီဟာမှ ဆိုပြီး ဝယ်ဦးဟဲ့။ သွားဦးဟဲ့။ ရွေးဦးဟဲ့ နဲ့ပေါ့။ အင်း မစားခင်ကတည်းက သူက စားချင်တာတွေကို လောဘနဲ့ ရှာခိုင်းနေပြီနော်။ အဲ စားနေတုန်းကျလည်း ကြည့်ဦး ကောင်းလိုက်တာနော် ဆိုပြီးလေ။ နက်ဖြန်ကျရင် ဘာနဲ့စားမယ်ဆို ပြီး နက်ဖြန်အတွက်တောင် ပါလိုက်သေးရဲ့နော်။ ဒီထိကိုပဲ ကာမာသဝ အလုပ် လုပ်နေတုန်း။ စားပြီးတော့ သွားဖို့ပြင်လေ။ ဘယ်ပြီးဘယ်ကို ဆိုပြန်ရော။ အမယ် ခိုင်းတတ်တာနော်။ အဲဒီတော့ ပြင်ဆင်လိုက်ဦးပေါ့။ ကာမာသဝတို့က တော့လေ ငါးဖြာအာရုံ ကာမဂုဏ်တရားတွေမှာ ပျော်စေဖို့ကို တွန်းပို့နေရတာ သူ့အလုပ်ပဲမလား။ အင်း…သွားရင်တော့ ဘယ်သူ့ပါ ခေါ်သွားဦးမှပါလေ။ ဟော လာပြန်ပြီ။ အတွယ်အတာတွေက ။ အစောကြီးကတည်းက ချည်တုပ် နေပါပြီ။ ဒါနဲ့ပဲ သွားဟယ်၊ လာဟယ်၊ စားဟယ်၊ သောက်ဟယ်နဲ့ ပျော်တပြုံးပြုံးမော်မဆုံးနဲ့ ကာမာသဝလက်ချက်မိနေတာလေ။
အဲလိုနဲ့ လုပ်ရင်း ကိုင်ရင်း ပြောရင်း ဆိုရင်း ကနေမှ ဘဝါသဝက သူ့အလှည့်ရောက်ပြီ ဆိုပြန်တော့ အော်….ငါတို့ရဲ့ ခုလို ဘဝလေးရတာ ကံကောင်းလိုက်တာနော်။ မပူမပင်၊ မတောင့်မတ၊ မကြောင့်မကြနဲ့လေ။ သုံး ချင်သလိုသုံးနိုင်တယ်။ ဖြုန်းချင်သလိုလည်း ဖြုန်းနိုင်တယ်။ ဘာပူစရာမှလည်း မရှိပါလား။ လူကလည်း ကျန်းမာလို့ စိတ်ကလည်း ချမ်းသာလို့။ စိတ်သွားတိုင်း ကိုယ်ပါနေရတဲ့ ခုလို ဘဝလေး ရထားတာ ကျေးဇူးတောင် တင်ရဦးမယ် ဆိုပြီး လာပါပြီ။ ဘဝါသဝကလေ။ အမယ် ဘယ်သူ့များ ကျေးဇူးတွေ တင်နေချင် သေးတာလဲမသိဘူးနော်။ ကြည့်ရတာတော့ ဒီဘဝါသဝကိုပဲ ကျေးဇူးတင်နေ ခိုင်းနေတာနေမှာပါနော်။ အဲလို ကိုယ်ရထားတဲ့ ဘဝကိုပဲ ကောင်းလေစွ။ အရ တော်လေစွ။ ရယ်လို့ ခင်မင်တွယ်တာ နေတာကိုက ဘဝါသဝ လက်ချက်မိ နေပြန် ပါပေါ့နော်။ ဒါလည်း မသိပါဘူး။ အဟုတ်ထင်ပြီး ပျော်နေပြန်တာလေ။
နောက်တော့ နောက်ထပ် အာသဝ တစ်ဦးတိုးလာပြန်တယ်။ သူက တော့ ဒိဋ္ဌါသဝပဲပေါ့။ ဒိဋ္ဌါသဝဆိုတာကတော့ ငါဆိုတဲ့ ကိုယ်ကောင်ကြီးကို အဟုတ်ရှိ၊ တကယ်ရှိ ထင်နေတာကို ပြောတာပါ။ ငါ၊သူတစ်ပါး၊ ယောက်ျား၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တဝါ ၊ လိပ်ပြာကောင်၊ ဝိညာဉ်ကောင် စတဲ့ တကယ်မရှိတာ ကို တကယ်ရှိ အဟုတ်ရှိ ထင်ပြီး ငါ့သား၊ ငါ့သမီး၊ ငါ့စီးပွားရေး…..အို..မိုးလင်း ကတည်းက တငါထဲ ငါနေတာတွေလေ။ မိုးမွန်နေတာပဲ။ ဟိုအိမ်မှာလဲ ငါတွေ နဲ့ ထလာကြတယ်။ ငါတွေနဲ့ လှုပ်ရှားနေကြတယ်။ ရန်တွေဖြစ်နေကြပြန်ရော။ ငါ့ထိလို့ဆိုပြီး။ ဟောဗျာ …ခက်ပြီနော်။ ငါ..ငါ….ငါ နဲ့ ငါစွဲကြီးနဲ့ နေကုန်နေခမ်း ရမ်းကားနေလိုက်တာက ဘယ်သူ့လက်ချက်ပါလိမ့် ဆိုတော့ ဒိဋ္ဌါသဝပဲပေါ့။
အင်း..ဆိုးတာကတော့ အကုန်ဆိုးတာပါပဲ။ ကာမာသဝဆိုတဲ့ လောဘကြောင့် မောရတဲ့ထဲ ဘဝါသဝက အမယ်နှပ်ခိုင်း နေပြန်တာလေ။ ဒိဋ္ဌါသဝကတော့ ငါဆိုတာကို အဟုတ်ထင်ပြီး လက်မတွေ ထောင်လိုက် ၊ ငါ့မှ ဖြစ်ရလေတယ် ဆိုပြီး မျက်ရည်တွေ ပင်လယ်ဝေလိုက်နဲ့ အမယ် တယ်လည်း စွမ်းပါလားနော်။ တစ်နေ့ တစ်မျိုး မရိုးရလေအောင်ကို ရှုပ်ယှက်ခတ်နေလိုက်တာ။
အင်း ….ဒီ အာသဝတွေရဲ့ ခေါင်ချုပ် အဝိဇ္ဇာကတော့ဖြင့် အေးဆေး ဒူးနန့်လို့ တစ်နေ့တစ်နေ့ သူထားရာနေ သူစေရာသွားနေရတဲ့ သံသရာ ခရီးသည်တွေကို ကြည့်လို့ အော် ငါတော်တော် တော်ပါလားလို့များ ပြုံးနေမ လားနော်။ ဘာလို့လဲဆိုတော့ သံသရာ တစ်ခွင်လုံး အပါယ်လည်း သူကပဲ ပို့ပေးတယ်။ လူ့ပြည်၊ နတ်ပြည်လည်း ဘာထူးလည်း သူခိုင်းတာလုပ်ရင် ရောက်ရတာပဲလေ။ အမယ် ဗြဟ္မာ့ပြည်ရောက်ချင်ရင်လည်း ရတယ်တဲ့နော်။ သမထ ကျင့်စဉ်တွေ ကျင့်စေဖို့ သူက တွန်းပို့ပေးတယ်ဗျနော်။ အဲလိုနဲ့ သူတို့ ပေးတဲ့ မက်လုံးတွေကို အဟုတ်ထင်ပြီး ဟိုဘုံ၊ ဒီဘဝကို ရည်မျှော်မှန်းပြီး လုပ် နေကြတဲ့ ဘုမသိဘမသိ သံသရာ ခရီးသည်တွေကို ကြည့်လို့ အော်…ငါ့ အကြံတော့ဖြင့် အောင်ပါပေါ့လို့တောင် ခေါင်းဆောင်ဖြစ်သူ အဝိဇ္ဇာသဝက အောင်ပွဲတွေခံနေပါဦးမယ်။ အော်…အဝိဇ္ဇာ…အဝိဇ္ဇာ….ခုတော့ ကဲထားဦးပေါ့။
ကျနော့ရဲ့ ဒီအာသဝလေးပါးနဲ့ တွေ့ဆုံကြုံကြိုက်ရတဲ့ ဇာတ်လမ်း လေးလည်း ဇာတ်ရည်လည်သွားပါပြီ။ ခုတော့ဖြင့် ရန်သူကို ရန်သူမှန်းသိသွား ပြီမို့ လုပ်ဆဲအလုပ်တွေကို ဆက်လက် ဟန်မပျက် လုပ်နေရပါသော်လည်း မပျော်တော့ပါ။ သူတို့လက်အောက်က လွတ်စေဖို့ နည်းလမ်းနဲ့ တိုက်ကွက် တွေကို မြန်မြန်ရှာဖွေလို့သာ သင်ယူလေ့ကျင့်ရပေတော့မည်။ အော်…အာသဝ တို့ရေ …ခုတော့ နင်တို့ ပြုံးထားကြဦးပေါ့။ ငါကတော့ နင်တို့ကို တိုက်ထုတ်ဖို့ နည်းလမ်းတွေကို လေ့လာ သင်ယူ လေ့ကျင့်လို့ အစွမ်းကုန် တိုက်စစ်ဆင် တော့မှာမို့ နင်တို့ အသက်ကို ဖက်နဲ့သာ ထုပ်ထားကြတော့လို့ ကြိုတင်လို့ သတိပေးလိုက်ပါတယ်နော်။
မှတ်ချက်။ ။ ဒီနေ့စာလေးကတော့ အာသဝလေးပါးကို နားမလည်မှာ စိုးလို့ နားလည်အောင် သူတို့နဲ့ ရင်းနှီးသွားအောင် တစ်ကြော့ပြန်လို့ အနှစ်ချုပ် မိတ် ဆက်ပေးတဲ့ သဘောနဲ့ ရည်ရွယ်ရေးသားထားခြင်းဖြစ်ပါတယ်။ အကြောင်း အရာအသစ်မဟုတ်ပဲ ရှေ့က အကြောင်းအရာကို ပြန်လို့ အနှစ်ချုပ်ပြတဲ့ စာသာ ဖြစ်ပါတယ်။