“မန်းသင်္ကြန် တူးပို့ မြို့မ သင်္ကြန်မင်းသားများ ဟစ်ဟော့နဲ့ အီလက်ထရိုဗုံသံ”(အပိုင်း-5)

“မန်းသင်္ကြန် တူးပို့ မြို့မ သင်္ကြန်မင်းသားများ ဟစ်ဟော့နဲ့ အီလက်ထရိုဗုံသံ”(အပိုင်း-5)
(ညအလှနဲ့ သင်္ကြန်မင်းသား)
(ထွန်းသစ်စ လရောင်ခြယ် ………………….ရိုးရိုးသားသားမှ ကျုပ်တို့မြိုမက ကျေနပ်တယ်…………………………………….)

မန်းသင်္ကြန်ကိုလာပြီးနေ့မှာဘဲရေပက်မယ် ညထွက်မလည်ဘူးဆိုရင် မပြည့်စုံဘူးလို့ဆိုနိုင်ပါတယ်။
ဘာလို့လဲဆိုတော့ မန်းသင်္ကြန်ဆိုတာနေ့မှာအသားကုန်ရေပက်။
ညရောက်ရင် တစ်မြို့လုံးရှိသမျှလူအကုန်အပြင်ထွက်လို့ မဏ္ဍပ်တွေကို လိုက်ကြည့်ကြပါတယ်။
သင်္ကြန်ညများမှာ မန်းလေးမြို့လမ်းမတိုင်းလမ်းမတိုင်းမှာ ခြေလျှင် စက်ဘီး ကား လမ်းပေါ်မှာအပြည့်ပါဘဲ။
အရင်က မန်းသင်္ကြန်လည်ကြတယ်ဆိုတာ ညရှစ်နာရီလောက်ဆိုရင် အိမ်ကထွက် ညဉ့်နက်နက်သန်းခေါင်ယံမှ
အိမ်ပြန်ရောက်ကြတာများပါတယ်။
ညအကမဏ္ဍပ်တွေလှည့်ကြည့်ကြတဲ့အခါမှာ ကားရှိသူက ကား စက်ဘီးရှိသူက စက်ဘီး။
အများအားဖြင့်တော့ ခြေလျှင်လည်ကြည့်ကြတာများပါတယ်။
ကားစက်ဘီးနဲ့သွားတဲ့သူက မြန်မြန်ရောက်တာတော့မှန်ပါတယ်။
ဒါပေမယ့်သူတို့က ကားအပ်စရာနေရာ ဆိုင်ကယ်အပ်စရာနေရာရှာရပါတယ်။
နောက်တစ်ခုကအရင်တုံးကညလည်တဲ့ကားတွေက အခုခေတ်လိုမဏ္ဍပ်ရှေ့မှာစုပြုံမဝင်ကြပါဘူး။
ကားတွေကို မဏ္ဍပ်နဲ့သိပ်မဝေးတဲ့နေရာမှာရပ် လူတွေက မဏ္ဍပ်နားကိုလမ်းလျှောက်ပြီးတိုးခွေ့လို့ကြည့်ကြပါတယ်။
ခြေလျှင်သွားတဲ့သူက မဏ္ဍပ်နဲ့နီးနိုင်သမျှနီးတဲ့နေရာကို ရောက်အောင်တိုးကြည့်ကြပါတယ်။
ခြေလျှင်သွားတဲ့လူတွေ က ခြေထောက်တော့ ညောင်းတာပေါ့ဗျာ။
ဒါပေမယ့် သင်္ကြ်န်သုံးရက်အတွင်းမရောက်တဲ့မဏ္ဍပ်မရှိသလောက်ပါဘဲ။

ဟိုးအရင်ခေတ် က မန်းလေးမြို့ကိုလေးပိုင်း ပိုင်းလို့ဖွဲ့တည်ထားပါတယ်။
မန်းလေး လေးမြိုနယ်ပေါ့လေ။
အရှေ့မြောက်၊အရှေ့တောင်၊အနောက်မြောက်၊အနောက်တောင်ဆိုပြီး လေးခုခွဲလိုက်ပါတယ်။
မြိုနယ်တစ်ခုမှာ မဏ္ဍပ်တစ်ခု အကမဏ္ဍပ် တစ်ခု လုပ်ပေးရပါတယ်။
အဲဒီမဏ္ဍပ်တွေကလည်း ကိုယ့်နယ်မြေထဲမှာ အဆင်ပြေတဲ့နေရာ မှာ မဏ္ဍပ်ဆောက်ကြပါတယ်။
နောက် ကျုံးဘေးမှာတော့ နန်းတွင်းက တပ်မတော်သားမိသားစုများကလဲ(ဆက်သွယ်ရေးတို့ထောက်ပို့တို့လိုပေါ့)
ကိုယ့်တပ်နဲ့ကိုယ် သင်္ကြန်မဏ္ဍပ်တွေ ထွက်ကြရပါတယ်။
ကျုံးဘေးမှာတော့အများအားဖြင့်ဌာနဆိုင်ရာမဏ္ဍပ်တွေဘဲများပါတယ်။
မန်းလေးမြို့ရဲ့အရှေ့အနောက်တောင်မြောက်လေးပြင်လေးရပ်မှာနာမယ်ကျော် ပုဂ္ဂလိကမဏ္ဍပ်တွေရှိကြပါတယ်။ နဂါးမယ်၊ပွဲထိုင်မယ်၊ရေနန်းသူဇာ၊ဈေးချိုသူ၊ဟော်နန်းသူဇာအစရှိတဲ့မဏ္ဍပ်တွေသာမကဘဲ ရပ်ကွက်တိုင်းနီးပါးလောက်မှာလည်းအကမဏ္ဍပ်တွေရှိကြပါတယ်။ဒါတွေတင်မကသေးပါဘူး ဆောက်လုပ်ရေးမဏ္ဍပ်၊သစ်တောမဏ္ဍပ်၊မီးရထားမဏ္ဍပ်၊ပညာရေးမိသားစုမဏ္ဍပ်၊ဆက်သွယ်ရေးမိသားစုမဏ္ဍပ်လို ဌာနဆိုင်ရာမဏ္ဍပ်တွေကလည်း မဖြစ်မနေထွက်ရပါတယ်။ နောက်ပြီးဒီမဏ္ဍပ်တွေကလဲ ကိုယ့်ရုံးနဲ့နီးတဲ့နေရာမှာမဏ္ဍပ်ဆောက်ကြတယ်ဆိုတော့ မန်းလေးတစ်မြို့လုံးသင်္ကြန်မဏ္ဍပ်တွေချည်းဘဲလို့ပြောရင်တောင်ရနိုင်ပါတယ်။
ဒီလောက်မဏ္ဍပ်တွေများနေမှတော့လည်တဲ့သူကလည်း ဒီညတော့ မြောက်ပြင် တောင်ပြင် အနောက်ပြင် သတ်မှတ်ပြီးနေရာအစုံရောက်အောင် တစ်ညတစ်နေရာလည်ကြပါတယ်။
ဒီမဏ္ဍပ်အားလုံးရဲ့အချုပ်ကို ဗဟိုမဏ္ဍပ်လု့ိသတ်မှတ်ပြီး အကြီးကြီးဆောက်ပါတယ်။ဟိုအရင်ကတော့ ဗဟိုမဏ္ဍပ်ကလမ်း30နဲ့78လမ်းဒေါင့်မီးရထား ဘူတာကြီးရှေ့မှာလုပ်တာများပါတယ်။
(အခုတော့26ဘီလမ်းက မြို့တော်ခန်းမ က ဗဟိုမဏ္ဍပ်အဖြစ်သတ်မှတ်ထားပါတယ်။)
ဟိုအရင်က သင်္ကြန်မဏ္ဍပ်တွေ အလှပြယာဉ်တွေ သံချပ်အဖွဲတွေအားလုံးကို
မဏ္ဍပ်အလှ ယာဉ်အလှ အဆိုအတီးအက သံချပ်အားလုံးပြိုင်ပွဲသဘောမျုးိလုပ်ခိုင်းပြီး အကဲဖြတ်အဖွဲ့က
အမှတ်တွေပေးပြီး ပထမ ဒုတိယ တတိယ နှစ်သိမ့်ဆု ဆိုပြီးဆုတွေပေးပါတယ်။
ဒီဆုကို အားလုံးက တကယ်ကိုမက်ကြပါတယ်။
ဒီတော့လဲ ကျကျနနကို ပြိုင်ပွဲဝင်ကြပါတယ်။
သူများသီချင်းကို မသုံးဘဲ သီချင်းအသစ်တွေစပ်လို့ ပြိုင်ပွဲဝင်တတ်ကြပါတယ်။
မန်းလေးမြို့ကအဖွဲ့တွေတင်မကပါဘူး မန်းလေးမြို့အနီးတဝိုက်ကကျောက်ဆည၊် မြင်းခြံ၊ မိတ္ထီလာ၊မုံရွာ၊
ပြင်ဦးလွင်၊မိုးကုတ်အစရှိတဲ့မြို့များက အလှပြယာဉ်တွေ သံချပ်အဖွဲ့တွေ လာပြိုင်ကြပါတယ်။
မဏ္ဍပ်အလှကိုကြည့်ဘို့အတွက် အကဲဖြတ်တွေက မဏ္ဍပ်ကိုသွားရောက်ကြည့်ရူ့စစ်ဆေးလို့အကဲဖြတ်ကြပေမယ့်
“ဆိုတီးက”ကိုတော့ ဗဟိုမဏ္ဍပ်မှာလာလို့ယှဉ်ပြိုင်ကြရပါတယ်။
အဲတော့ ဗဟိုမဏ္ဍပ်ကနေထိုင်စောင့်ကြည့်မယ်ဆိုရင်လဲ အဖွဲ့တော်တော်များများကိုကြည့်ရမြင်ရတယ်ဆိုတော့
လမ်းမလျှောက်ချင်သူများကတော့ ဗဟိုမဏ္ဍပ်ကနေထိုင်စောင့်ပြီး လာသမျှကိုအားပေးကြပါတယ်။
မဏ္ဍပ်ကနေထိုင်စောင့်နေသူတွေရှိသလို ကားစက်ဘီးနဲ့မြို့ပါတ်ကြည့်နေသူများလဲရှိပါတယ်။
လှည့်ကြည့်နေသူတွေက လည်း တစ်ဦးနဲ့တစ်ဦး ဘယ်ကားကတော့ ဘယ်မဏ္ဍပ်ရောက်နေပြီ
ဘယ်အဖွဲ့က ခဏနေရင်သံချပ်တိုင်တော့မှာ ဘယ်သူကတော့ ဒီနားရောက်နေပြီဆိုပြီး သတင်းတွေပေးကြပါတယ်။

ကတာဆိုတာတွေ ကတော့ မဆန်းဘူးထားလိုက်အုံး ခေတ်ကိုထင်ဟပ်စေတဲ့ ရင်ထဲရှိတာတွေကို တစ်နှစ်တစ်ခါမှ
ဖော်ထုတ်ပြကြရရှာတဲ့ ပြည်သူတွေရဲ့လိုအပ်ချက်တွေကိုထုတ်ဖော် ပြနေတဲ့ သံချပ်အဖွဲ့တွေကိုတော့ လူတိုင်းကအားပေး
ကြနှစ်ခြိုက်စွာ စောင့်နားထောင်ကြပါတယ်။
ရင်ထဲမှာရှိတဲ့ခံစားချက်တွေကို ဖွင့်အံလို့ပြခွင့်ရတဲ့အချိ်န်လေးကလဲဒီသင်္ကြန်ဘဲရှိတာကိုး။
ဒီသံချပ်အဖွဲ့တွေက သူတို့အဖွဲ့ရဲ့သံချပ်တွေကိုလည်းစာအုပ်လေးတွေရိုက်လို့ရောင်းပါတယ်။
ဒါကိုလည်း တမက်တမောနဲ့ဝယ်ကြပါတယ်။
အခုခေတ်မှာတော့ သံချပ်အဖွဲ့ဆိုတာ လုံးဝမမြင်ရတော့ပါဘူး။
မမှီလိုက်တဲ့ကလေးများမြင်အောင်ပြောပြရမယ်ဆိုရင် သံချပ်တစ်ဖွဲ့မှာရှေ့ကနေတိုင်ပေးမယ့်ခေါင်းဆောင်ရှိပါတယ်။
သူ့နောက်မှာတော့ အတိုင်အဖောက်ညီညီနဲ့လိုက်ဆိုကြမယ့် သံချပ်အဖွဲ့ဝင်တွေရှိပါတယ်။
နောက်ပြီး သူတို့သံချပ်တိုင်တဲ့ထဲက အကြောင်းအရာတွေကို အမှုအရာတွေနဲ့သရုပ်ဆောင်ပြမယ့် အဖွဲ့ဝင်တွေကလည်းပါ ပါသေးတယ်။ထူးခြားတာကတော့ သံချပ်အဖွဲ့မှာ အမျုးိသမီးလုံးဝမပါဘူးလို့ ထင်ပါတယ်။
ကျွန်တော်မှတ်မိသလောက်ပြောရမယ်ဆိုရင်တော့ ဒီလို သံချပ်အဖွဲ့တွေအများကြီးရှိကြတဲ့အထဲမှာ “ဗိုလ်သခင်ဆရာ”အဖွဲ့ကတော့ နာမယ်အကြီးဆုံးဖြစ်ပါတယ်။
မန်းသင်္ကြန်မဏ္ဍပ်မှာလာရောက်ကြသူတွေထဲမှာ ကောင်မလေးတွေကို ကြည့်ရုံသက်သက်အပျော်သက်သက်လာသူတွေရှိသလို
ဆိုတာကတာတွေကို ကြည့်ချင်လို့လာသူတွေလဲရှိပြန်ပါတယ်။
ဒါအပြင် အလှပြကားတွေဘယ်လိုပြင်ဆင်လို့လာတယ်ဆိုတာကိုခံစားချင်သူကတွေရှိသလို ဒီသံချပ်တိုင်တာကိုမှနားထောင်ချင်လို့လာသူတွေလဲရှိပြန်ပါသေးတယ်။
ဒီသံချပ်တိုင်တယ်ဆိုတာ ခုခေတ်လူငယ်တွေမတွေ့ဘူးမမြင်ဘူးတော့ဘူးလို့ထင်ပါတယ်။
တစ်ခါတစ်လေ ဒီလိုသံချပ်တိုင်တာမျုးိကို တစ်ခါတစ်လေ မြန်မာအသံက လူရ
ပုံစံလေးပြောရရင်တော့ ခုခေတ်ကလေးတွေဆိုနေကြတဲ့ “ဟစ်ဟော့”နဲ့ခပ်ဆင်ဆင်ပါဘဲ။
သင်္ကြန်မဏ္ဍပ်ကို အလှပြကားတစ်စီးရောက်လာပြီဆိုတာနဲ့ရှေ့ပြေးတွေက အရင်ရောက်လာပါတယ်။
ကားတစ်စီးရောက်ပြီဆိုတာနဲ့ မဏ္ဍပ်ကနေပြီးနုတ်ခွန်းဆက်လို့ ကြိုဆိုပါတယ်။
ပထမဆုံးမဏ္ဍပ်ကနေပြီး အဆိုအကတွေယိမ်းတွေနဲ့စပြီးဧည့်ခံပါတယ်။
နောက်တစ်ခါပြန်ပြီး မဏ္ဍပ်ရှေ့ရောက်နေတဲ့ကားကလဲ အဆိုတွေအကတွေနဲ့ပြန်လို့ဖျော်ဖြေပါတယ်။
ဒီမဏ္ဍပ်ကနေပြန်ထွက်တော့မယ်ဆိုရင်လဲ မဏ္ဍပ်ကနေ လာရောက်ဖျော်ဖြေတဲ့အဖွဲ့ကို
………………………….ရေသဘင်အဖွဲ့ကြီး ကျန်းမာပါစေလို့ နုတ်ခွန်းဆက်တဲ့အခါ
ကားနဲ့လာတဲ့အဖွဲ့ကလဲ …………………..မဏ္ဍပ်ရေသဘင်အဖွဲ့ကြီးကျန်းမာပါစေလို့ အပြန်အလှန်နုတ်ဆက်တတ်ကြပါတယ်။
အင်မတန်မှကို ကျက်သရေမင်္ဂလာရှိတဲ့အသံဖြစ်ပါတယ်။
အရင်တုံးက သင်္ကြန်မှာဒီလိုအလှပြကားတွေကို ရေမပက်ကြပါဘူး။
နောက်ညမှာဆိုလဲ သင်္ကြန်လည်တဲ့သူကိုရေပက်တယ်ဆိုတာမရှိပြန်ပါဘူး။
တစ်စီးတစ်လေရေပက်တယ်ဆိုရင်တောင် ကလေးရေပက်တဲ့ ရေပြွတ်လေးနဲ့စိုတယ်ဆိုရုံလေးပက်တာပါ။
ဘာလို့လဲဆိုတော့ ညထွက်လည်တယ်ဆိုရင် လည်သမျှလူအားလုံးက အလှဆုံးပြင်ဆင်လို့ အလန်းဇယားတွေ့ဖွင့်ပြီးမှ
လည်ကြပါတယ်။
တကယ်ပက်တာကတော့ သင်္ကြန်နောက်ဆုံးရင် ည(12)နာရီကျော်ရင် ပက်တတ်ပါတယ်။
ဒါတောင် တာဝန်ရှိသူလုံခြုံရေးများက သိရင်ခွင့်မပြုပါဘူး။
အခုတော့ ညမှာလည်း စည်းမဲ့ကမ်းမဲ့ရေပက်တတ်ကြပါတယ်။
တစ်ခါများ သင်္ကြန်တွင်းညကိုးနာရီလောက် စာအုပ်ဆိုင်သွားပြီးစာအုပ်အပ်ဘို့ထွက်လာတာ
တိုက်ခန်းအပေါ်ထပ်ကနေရေနဲ့လောင်းချလိုက်တာ စာအုပ်တွေစိုလို့ရော်လိုက်ရပါတယ်။
“ညရေမပက်ရဘူး”လို့ပြောတော့” ဒါသင်္ကြန်တွင်းပဲပက်မှာဘ”ဲ ပါတဲ့။
သင်္ကြန်ရဲ့ယဉ်ကျေးမှု့လေးတစ်ခုပျောက်ဆုံးသွားတာပါ။
အန္တရာယ်ကင်းဘို့ပျော်ဘို့ဆိုတာကနေ အနိုင်ကျင့်ခံရတာလို စိတ်အနှောင့်အယှက်ဖြစ်စရာလိုပြောင်းလဲသွားပါတယ်။

(သင်္ကြန်မင်းသား.(1)……………………………….)
ကျွန်တော်တို့ငယ်ငယ်က မန်းလေးမှာ သင်္ကြန်အလှပြကားတွေအများကြီးထွက်ပါတယ်။
နုယဉ်၊သင်္ဂဟ၊မာဃလုလင်၊ထီလာမောင် အစရှိတဲ့ရပ်ကွက်အသီးသီးက မြို့အသီးသီးကထွက်လာတဲ့ အလှပြသင်္ကြန်ရေသဘင်အဖွဲ့တွေလဲအများကြီးရှိပါတယ်။

နာမယ်အကြီးဆုံးကတော့ မန်းလေးမြို့ကျက်သရေဆောင် မန်းလေး မြို့ အသဲနှလုံးလို့ဆိုနိုင်တဲ့ ငွေငန်းရုပ်ကြီးနဲ့မြို့မအဖွဲ့ဖြစ်ပါတယ်။
မှတ်မိနေတာတစ်ခုကတော့ 24လမ်း (83-84)လမ်းကြား ဒါးတန့်ဦးသန့်ဝင်းထဲကနေထွက်လာမယ့် မြို့မရေသဘင်ကားထွက်လာမှာကို ဝင်းပေါက်ကနေစောင့်ကြည့်ကြတာကိုပါ။
အဲဒီတုံးကနာမယ်ကျော် ရုပ်ရှင်မင်းသားဝင်းဦးက မန်းသင်္ကြန်မင်းသားကြီးပါ။
ဝင်းဦးမြို့မသင်္ကြန်ကားနဲ့အတူထွက်လာတဲ့အခါ ဝင်းဦးနောက်ကနေ ကားနဲ့တန်းစီပြီးလိုက်ကြဘို့အတွက်လဲ ဝင်းအပြင်မှာ
ကားတွေက တန်းစီပြီးအဆင်သင့်စောင့်နေကြပါတယ်။ကားတွေတင်မကဘူး ခြေလျှင်လာတဲ့လူ၊စက်ဘီးနဲ့လာတဲ့လူအားလုံးက မြို့မအသင်းကြီးနဲ့အတူထွက်လာမယ့်
ဝင်းဦးကိုမျှော်ကြပါတယ်။
ကျွန်တော်တို့ငယ်ငယ်လေးကတည်းက ဝင်းဦးကို သင်္ကြန်မင်းသားအဖြစ်သတ်မှတ်ပြီးသားပါ။
မြန်မာပြည်မှာ မန်းလေးသင်္ကြန်ကို အတော်များများစုံစုံလင်လင်ရိုက်ပြတာ ဝင်းဦးရဲ့(မောင်တို့ချယ်ရီမြေ)
ရုပ်ရှင်ကားက ပထမဆုံးဖြစ်မယ်ထင်ပါတယ်။
ဒါကြောင့်လဲ ဝင်းဦးက မန်းလေးရဲ့ပထမဆုံးသော သင်္ကြန်မင်းသားဖြစ်လာတာပါ။
မန်းလေးသင်္ကြန်က ဝင်းဦးကိုမျှော်သလို ဝင်းဦးကလဲ မန်းသင်္ကြန်ကိုနှစ်တိုင်းလာပါတယ်။
မန်းလေးသူတော်တော်များများက ဝင်းဦးရေကစားမယ့်မဏ္ဍပ်မှာ အဖြူရောင်ဝမ်းဆက်ဝတ်ထားတဲ့ဝင်းဦးနဲ့ရေကစားရတာ ၊
ညမှာ ဝင်းဦးပါတဲ့ မြို့မရေသဘင်အသင်းကြီးရဲ့ကားနောက်က ကပ်လိုက်ရတာကိုဂုဏ်ယူတတ်ကြပါတယ်။
မန်းလေးမြို့ရဲ့သင်္ကြန်ကို နှစ်ပေါင်းများစွာစိုးမိုးထားခဲ့တာ မြို့မရဲ့သင်္ကြန်သီချင်းများနဲ့မြို့မအဖွဲ့ကြီးဆိုတာက
တော့ အားလုံးကလက်ခံပြီးသားကိစ္စဖြစ်ပါတယ်။
ညည မှာဆိုရင် တညလုံးသီချင်းဆိုရလို့ အသံတွေနာနေတဲ့ဝင်းဦးကိုယ်စားကားအောက်ခန်းကနေပြီး သီချင်းဆိုပေးရတဲ့သူကတော့ဝင်းဦးနဲ့ဆိုပေါက်တူတဲ့သန်းမြတ်စိုး ဖြစ်တယ် နောက်မှသိရပါတယ်။
ဒါဟာအဖြစ်မှန်ဟုတ်မဟုတ်ကတော့ ကာယကံရှင်များကသာပိုသိမှာဖြစ်ပါတယ်။
ဟိုးငယ်ငယ်တုံးကတော့ သင်္ကြန်ဆိုရင် မြို့မသီချင်းများ မန္တလေးက တေးရေးဆရာများစပ်ဆိုကြတဲ့သီချင်းများသာ မန်းသင်္ကြန်ကိုစိုးမိုးထားပါတယ်။
သင်္ကြန်ကားပေါ်ကနေ ထွက်ပေါ်လာတဲ့
“ မယ်တို့ကိုလဲ တူးပို့ တူးပို့ မာပါစေခင်ဗျာ………..“ဆိုတဲ့ဝင်းဦးရဲ့အားရပါးရဆိုနေတဲ့အသံ
မြို့မအဖွဲ့က မြူးမြူးကြွကြွတီးနေတဲ့ဒိုးဆစ်သံ၊
လမ်းပေါ်ကနေ အားပေးနေတဲ့ပရိသတ်တွေရဲ့အုတ်အုတ်ကျက်ကျက်အသံ၊
ကားနောက်မှစီတန်းလိုက်နေတဲ့ ကားတန်းရှည်ကြီးကိုမျက်စေ့ထဲမှာ မြင်ယောင်လာသလိုပါဘဲ။
(သင်္ကြန်မင်းသား.(2)……………………………….)
“မင်းရည်မှန်းသူက မြခဲစိန်ခဲ ဒို့မှာတော့လမ်းခင်းတဲ့ကျောက်ခဲ”ဆိုတဲ့ ဂစ်တာကြိုးအကြီး ကိုဖိတီးထားတဲ့ တီးလုံးဆန်းဆန်း၊နဲ့ မန်းလေးပရိတ်သတ်ရင်ကို ထိုးဖောက်ခဲ့တဲ့ ဇော်ဝမ်းဆိုတဲ့ ရုပ်မလှပေမယ့်သဘာဝကျကျ
သရုပ်ဆောင်နိုင်တဲ့ မင်းသားတစ်ဦးပေါ်ထွန်းလာခဲ့ပါတယ်။
အဆိုကောင်းအသံကောင်းမင်းသားတစ်ဦးလဲဖြစ်ပါတယ်။
1980ခုနှစ်မှာ အဝေးကနေပြန်လာတဲ့ ဇော်ဝမ်းကမြို့မအဖွဲ့နဲ့တွဲဖက်လို့မြိုမအသင်းရဲ့နာမယ်ကြီးသင်္ကြန်သီချင်းများဖြစ်တဲ့
တူးပို့ ၊ရွှေမန်းမာလာ၊ဖိုးညိုမြ၊မြနန္ဒာ၊ရေလောင်းရေပက်၊
အစရှိတဲ့သီချင်း စီခြောက်ဆယ်တစ်ခွေစာထုတ်လိုက်ပါတယ်။
မြန်မာတပြည်လုံးအနှံအပြား လူတိုင်းအိမ်တိုင်းနေရာတိုင်းမှာ မက်မက်မောမောနားထောင်ကြတဲ့သီချင်းတွေဖြစ်သွားသလို ဇော်ဝမ်းက လဲ မန်းလေးမြို့ရဲ့ဒုတိယမြောက်သင်္ကြန်မင်းသားတစ်ယောက်ဖြစ်သွားပါတယ်။
အဲဒီအချိန်ကစလို့ သင်္ကြန်သီချင်းဆိုရင် ဇော်ဝမ်းမပါရင် မဖြစ်ဘူးလို့တောင်ပြောနိုင်အောင်
ဇော်ဝမ်းရဲ့အရှိန်အဝါက ကြီးခဲ့ပါတယ်။
ဒီဇော်ဝမ်းနဲ့ပါတ်သက်လို့ အမှတ်တရလေးလို့ပြောရရင်တော့ တစ်နှစ်သင်္ကြန်လည်ဘို့ငှားထားတဲ့ကားက
သင်္ကြန်မတိုင်ခင်ရက် ကပ်ကပ်လေးမှာ ကားတိုက်မှု့ဖြစ်တော့ ဝပ်ရှော့ရောက်သွားပါတယ်။
ဖြစ်ချင်တော့ အဲဒီနှစ်က မန်းသင်္ကြန်ကိုနွဲချင်လို့ရောက်နေတဲ့နယ်က သူငယ်ချင်းတွေလဲ ရောက်နေပါတယ်။
အဲတော့ နေ့မှာ ကျုံးဘေးမှာရေစုတ်စက်နဲ့ချပြီးရေပက်။
ညကျတော့ စက်ဘီးတွေနဲ့လည်ကြပါတယ် မှတ်မှတ်ရရ စက်ဘီးခြောက်စင်းလူဆယ့်နှစ်ယောက် တစ်ယောက်တစ်လှည့်စီနင်းပြီး မဏ္ဍပ်တကာသွားကြတာပါ။ခါတိုင်းတော့ စက်ဘီးကိုလက်ကကိုင်
မတ်တပ်ရပ်ပြီးကြည့်ကြတာပါ။
အဲဒီနှစ်က သုမောင်ကလဲနာမယ်ကြီးစ ဇော်ဝမ်းနဲ့တွဲလို့ ဗထူးကွင်းနားကဆောက်လုပ်ရေးမဏ္ဍပ်မှာ
ဆိုမယ်လို့သတင်းကရထားပါတယ်။
ကျွန်တော်တို့ထဲက ဇော်ဝမ်းခရေဇီကောင်မလေးက အဲဒီမဏ္ဍပ်မှာဘဲကြည့်မယ်ဆိုဖြစ်လာပါတယ်။
ခါတိုင်းလို အဝေးက မကြည့်ဘူး စင်နားလေးက ကြည့်ချင်တယ်လို့ပူဆာပြန်ပါတယ်။
အဲဒါနဲ့ကျွန်တော်တို့အဖွဲလဲ သံကြိုးအကြီးကြီးတစ်ခုသယ်လာ။
ဗထူးကွင်းနားက ဓါတ်တိုင်မှာကျွန်တော်တို့စက်ဘီးတွေကို ပါတ်ပါတ်လည်ကပ် သံကြိုးနဲ့တွဲလို့
သော့ခတ်ပြီးရှေ့ဆုံးရောက်အောင်တိုးခွေ့ပြီးကြည့်ခဲ့ကြရပါတယ်။
(သင်္ကြန်မင်းသား.(3)……………………………….)
ဒီဘက်နှစ်ပိုင်းမှာတော့ သင်္ကြန်နဲ့ပါတ်သက်တဲ့ကားတွေဘယ်လောက်ကောင်းတယ်ပြောပြော
“သင်္ကြန်မိုး”လောက်ကောင်းတဲ့သင်္ကြန်နဲ့ပါတ်သက်တဲ့ရုပ်ရှင်ထွက်မလာသေးပါဘူး။
မန်းလေးသင်္ကြန်ကို အခြေခံလို့ အတိတ်ကာလ သင်္ကြန်နဲ့လက်ရှိခေတ်သင်္ကြန်ကိုလွမ်းမောစရာ
အဖြစ်အပျက်တွေနဲ့ခြယ်မှုန်းထားသလိုမန်း ပြည့်စုံစွာတင်ပြထားတဲ့ကားဖြစ်တဲ့အပြင် ရုပ်ရှင်ဇာတ်ဝင်တေး
များကို ကက်ဆက်တိတ်ခွေအဖြစ်ဖြန့်ချိလိုက်တာ တောရောမြို့ပါ အောင်မြင်ပျံ့နှံ့သွားတဲ့သီချင်းခွေလေးဖြစ်သွား
သလို တိမ်မြုတ်ပျောက်ကွယ်စပြုတော့မယ့် မြို့မသင်္ကြန်သီချင်းများဟာလည်းလူထုကြားမှာ တဖန်ပြန်လည်လို့ရှင်သန်လာပါတယ်။
အဲဒီအချိန်ကစလို့ စန္ဒယားဆရာငြိမ်းမောင်ဖြစ်တဲ့ နေအောင်ကလဲ မန်းလေးသင်္ကြန်ကို နှစ်တိုင်းလာတော့
မန်းလေးမြို့ကလည်း နေအောင်ကို တတိယမြောက်သင်္ကြန်မင်းသားဘွဲ့ကို အပ်နှင်းခဲ့ကြပါတယ်။
ရန်အောင် မင်းသားဖြစ်စမှာ မန်းသင်္ကြန်ကို အမြဲလာတယ် မြို့မသီချင်းများကိုဆိုခဲ့ပေမယ့် သင်္ကြန်မင်းသားဘွဲ့ကိုတော့ မရခဲ့ပါဘူး။

ဆက်လက်ဖော်ပြပါမည်

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး