တရားဦး

ashinindakaMarch 29, 20111min2037

ပဉ္စဝဂ္ဂီငါးဦး (ရဟန်းငါးပါးအစု) နဲ့
ဘုရားအလောင်း တရားအတူကျင့်ခဲ့ဘူးပါတယ်။
ဘုရားအလောင်းနဲ့ ဒီပဉ္စဝဂ္ဂီငါးဦး တောထဲမှာ
တရားအတူကျင့်စဉ် သဘောထားကွဲလွဲခဲ့တယ်။

ပဉ္စဝဂ္ဂီငါးဦးက
ခန္ဓာကိုယ်ကို ညှင်းပမ်းနှိပ်စက်ပြီး
ကျင့်ကြံမှသာ ဘုရားဖြစ်နိုင်တယ်လို့ တရားသေစွဲကိုင် ယုံကြည်တယ်။
ဘုရားအလောင်းကတော့
ခန္ဓာကိုယ်ကို ညှင်းပမ်းနှိပ်စက်တဲ့အကျင့်မျိုးစုံကို
ကျင့်ကြံသင့်သလောက် ကျင့်ကြံပြီးပြီ။
ဒါပေမဲ့ ဘုရားဖြစ်ဖို့အတွက် လမ်းစ မမြင်ဘူး။
ဒါ့ကြောင့် အလျှော့အတင်းလုပ်ကြည့်ဘို့စိတ်ကူးတယ်။

ဒီအတွက် အလယ်အလတ်လမ်းစဉ် (မဇ္ဈိမပဋိပဒါ) ကို
ကျင့်မယ်လို့ ဆုံးဖြတ်ချက်ချတယ်။
ဒီလိုလမ်းကြောင်းပြောင်းတဲ့ဘုရားအလောင်းကို
ပဉ္စဝဂ္ဂီငါးဦးက အထင်သေးသွားတယ်။
ဘုရားအလောင်းနဲ့သူတို့ သဘောထားအယူအဆတွေ ကွဲလွဲကုန်တယ်။

သဘောထားကွဲလွဲတဲ့သူနဲ့အတူနေနေရရင်လဲ ရေရှည်အဆင်ပြေမယ် မထင်ဘူး။
သဘောထားအယူအဆတွေ ကွဲလွဲကုန်မှတော့
အတူမနေတာ အကောင်းဆုံးပဲ လို့
ဘုရားအလောင်းစဉ်းစားမိဟန်တူပါရဲ့။
ခွဲထွက်ပီး တရားအားထုတ်တယ်။
နောက်ဆုံး ဘုရားဖြစ်သွားတာပဲ။

ဘုရားဖြစ်ပြီး ဘုရားရှင် ပဉ္စဝဂ္ဂီရဟန်းတို့ဆီ သွားတော့
သူတို့ရင်ထဲမှာ နဂိုရှိရင်းစွဲ အထင်သေးအမြင်သေးဓာတ်ခံက
ဘုရားအပေါ်မှာ ရှိနေပါသေးတယ်။
ဒါ့ကြောင့် ဘုရားရှင် အဝေးက ကြွလာတာကို မြင်တော့
သူတို့အချင်းချင်း တိုးတိုး တိုးတိုးနဲ့ အထင်သေး အမြင်သေးစကားတွေ
ပြောနေခဲ့ကြသေးတာပဲမဟုတ်လား။
သူတို့အချင်းချင်းပြောတဲ့စကားကို ကြည့်၊

ကိုယ့်လူတို့။
ရဟန်းဂေါတမကို ဘုရားဖြစ်အောင် တကယ်ကျင့်မယ် ထင်ခဲ့တာ။
အထင်နဲ့အမြင်တခြားစီပဲ၊
သူတရားအားထုတ်တာ ဘာအတွက်လဲ။
လာဘ်လာဘ ပေါများဘို့အတွက်ပဲ။
အခု ပြန်လာပြီ ဒို့ဆီကို။
ခရီးဦးကြိုမနေနဲ့ကွာ၊ သူ့ဟာသူ အဆင်ပြေတဲ့နေရာမှာ ကြည့်ထိုင်လိမ့်မယ်တဲ့။

တကယ်တမ်း ဘုရားရှင်သူတို့အနားရောက်လာတော့
ကောင်းကောင်းမွန်မွန် ကြိုဆိုကြပါတယ်။

ဒါပေမဲ့ သူတို့က ဘုရားရှင်ကို
ငါ့ရှင်ဂေါတမ၊ ငါ့ရှင်ဂေါတမ နဲ့ ခေါ်ဝေါ်ပြောဆိုကြတယ်။
သာသနာတော်မှာ ငါ့ရှင် ဆိုတဲ့စကားလုံးကို
ကိုယ်နဲ့ရွယ်တူနဲ့ ကိုယ့်ထက်ငယ်သူတို့အတွက် သုံးတာ။

ဘုရားရှင်က
ဟေး၊ ငါ့ကို ငါ့ရှင်လို့မခေါ်နဲ့။ ငါက ဘုရားဖြစ်နေပြီ လို့ပြောရတယ်။
ပဉ္စဝဂ္ဂီငါးဦးတို့ မယုံပါဘူး။
အလွယ်လမ်းလိုက်သွားတဲ့သူ ဘုရားမဖြစ်နိုင်ပါဘူးပေါ့။

ဘုရားရှင်ကလဲ ငါဘုရားဖြစ်နေပြီကွဲ့။
မယုံဘူး။
ဘုရားရှင် သုံးကြိမ်သုံးခါပြောတာတောင် သူတို့မယုံပါဘူး။
မယုံတော့ ဘုရားရှင်က သူတို့ကို ဒီလို ပြောလိုက်တယ်။

ကဲ၊ မေးစမ်းပါရစေ၊
ငါ မင်းတို့ကို ဘုရားမဖြစ်ပါဘဲ ငါဘုရားဖြစ်ပြီလို့
အရင်တုန်းက ဘယ်နှခါများ ပြောခဲ့ဘူးလို့လဲ၊
အခုဟာက ငါတကယ်ဘုရားဖြစ်လို့ ဖြစ်ပြီ ပြောနေတာပါ

ဒီလိုပြောလိုက်တော့မှ လက်ခံသွားတာ။
ဘုရားဖြစ်တာကို လက်ခံတော့
ကဲ၊ ငါတရားဟောမယ်ဆိုပြီး
ဓမ္မစက္ကပဝတ္တနသုတ်တော်ကို ဟောတော်မူပါတယ်။

ဒီသုတ်ကို မြန်မာတို့က ဓမ္မစကြာတရားတော် လို့ သိကြတယ်။
မြတ်စွာဘုရားရှင်ရဲ့ ပထမဦးဆုံးဟောတဲ့တရားဖြစ်ပါတယ်။
တရားဦးပေါ့။ တရားဦးဖြစ်သည့်အားလျှော်စွာ
ပိဋကတ်စာပေမှာ အင်မတန်အရေးကြီးတဲ့ သုတ်တစ်သုတ်လဲဖြစ်ပါတယ်။
ပိဋကတ်သုံးပုံရဲ့ အနှစ်ချုပ်လို့လဲ ဆိုနိုင်တယ်။
အဆီအနှစ်တွေချည်းပဲ။

ပိဋကတ်သုံးပုံစလုံးမဖတ်ဖူးချင်နေ၊
ဒီသုတ်ကိုတော့ သေချာနားလည်အောင် ဖတ်၊ မှတ်သင့်တယ်။

ဗုဒ္ဓဘာသာဆိုတာ ဘာလဲ၊ ဗုဒ္ဓဘာသာကျင့်စဉ်က ဘာလဲဆိုတာကို
ဒီသုတ်တော်မှာ ရှင်းရှင်းလင်းလင်း တိတိကျကျ ရဲရဲဝံ့ဝံ့ ပြဆိုထားတာ တွေ့ရတယ်။

တချိန်တုန်းက (လူသေလူဖြစ်နဲ့) နာမည်ကြီးခဲ့တဲ့ ဆရာတော်ဦးဥက္ကဋ္ဌကတော့
ဒီဓမ္မစက္ကပဝတ္တနသုတ်နဲ့ (ဒုတိယမြောက်သုတ်ဖြစ်တဲ့)
အနတ္တလက္ခဏသုတ် နှစ်သုတ်သာ
မြတ်စွာဘုရားရဲ့ တရားတော် စစ်စစ်ဖြစ်ကြောင်း
သူ့ယုံကြည့်ချက်ကို စာအုပ်တစ်အုပ်ထဲမှာ ရေးခဲ့ဘူးတယ်။

ဘုရားရှင် ကဆုန်လပြည့်နေ့မှာ ဘုရားအဖြစ်သို့ရောက်ပြီး
ဒီဓမ္မစကြာတရားကို ဝါဆိုလပြည့်နေ့မှာဟောပါတယ်။
ဒီသုတ်တော်မှာ အဲ့ဒီအချိန်က အိန္ဒိယနိုင်ငံမှာခေတ်စားနေတဲ့
ရေပန်းစားနေတဲ့ အစွန်းရောက်ဝါဒကျင့်စဉ်နှစ်မျိုးကို
မကျင့်နဲ့လို့ အရင်ဆုံး ဒဲ့ပြောထည့်လိုက်တယ်။

အစွန်းရောက်ဝါဒ နှစ်မျိုးက
(၁) ကာမသုခလ္လိကာနုယောဂ နဲ့
(၂) အတ္တကိလမထာနုယောဂတို့ဖြစ်တယ်။

ကာမသုခလ္လိကာနုယောဂဆိုတာ
အမြဲတမ်း ကာမချမ်းသာကို လိုလားတောင့်တနေတဲ့အကျင့်ကို ပြောတာ။
ဒီအကျင့်ကို ဘုရားရှင်က ယုတ်ညံ့တဲ့အကျင့်၊ ရွာသူရွာသားတို့အကျင့်၊
ပုထုဇဉ်တို့အကျင့်၊ မြင့်မြတ်သူတို့ ရှောင်ကြဉ်သောအကျင့်၊
အကျိုးအမြတ်မရသောအကျင့်လို့ ပြောပြပါတယ်။

The Buddha described this extreme as
base, vulgar, worldly, ignoble and profitless.

အတ္တကိလမထာနုယောကဆိုတာ
(ကိလေသာနည်းလို့နည်းငြားကျင့်နေတဲ့၊ စိတ်ပူပန်မှု လျော့လို့လျော့ငြားကျင့်နေတဲ့)
အမြဲတမ်း ကိုယ့်ကိုယ်ကို ညှင်းပမ်းနှိပ်စက်နေတဲ့အကျင့်ကို ပြောတာ။
ဒီအကျင့်ကို ဘုရားရှင်က ဆင်းရဲခြင်းကိုဖြစ်စေတတ်တဲ့အကျင့်၊
မြင့်မြတ်သူတို့ ရှောင်ကြဉ်သောအကျင့်၊
အကျိုးအမြတ်မထွက်သောအကျင့်လို့ ပြောပြပါတယ်။

The Buddha remarks that it is painful, ignoble and profitless.

နံပါတ် (၁) အကျင့်က ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာတိုးတက်မှုကို နှောင့်နှေးစေပြီး
နံပါတ် (၂) အကျင့်က အသိဉာဏ်စွမ်းရည်ကို
အားနည်းစေပါတယ်။ ယုတ်လျော့စေပါတယ်။

The formar retards one’s spiritual prograss,
the latter weakens one’s intellect.

ဒီအကျင့်နှစ်မျိုးကို အကြောင်းအကျိုး နားဝင်အောင် ပြောပြပြီး
ကျင့်ရမဲ့ အလယ်အလတ်လမ်းစဉ် (မဇ္ဈိမပဋိပဒါ) တရားတော်ကို ဆက်ဟောပြပါတယ်။
မဇ္ဈိမပဋိပဒါ ဆိုတာ ဘုရားရှင်ကိုယ်တော်တိုင် ကျင့်ခဲ့တဲ့အကျင့်၊ ပညာမျက်စိ၊
ဉာဏ်မျက်စိတို့ကို ရအောင် ဆောင်နှင်းပေးတတ်တဲ့အကျင့်ဖြစ်တယ်။

ဒါ့အပြင် မဇ္ဈိမပဋိပဒါလမ်းစဉ်ကို ကျင့်ရခြင်းရည်ရွယ်ချက်က
သစ္စာလေးပါးကို သိဘို့နဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုဘို့ဖြစ်တယ်။
ဒါ့ကြောင့် သစ္စာလေးပါးကို တကယ်သိလိုသူ၊ နိဗ္ဗာန်ကို ရလိုသူ၊
မျက်မှောက်ပြုလိုသူ မည်သူမဆို မဇ္ဈိမပဋိပဒါကျင့်စဉ်ကို ကျင့်ရမှာ ဖြစ်တယ်။

မဇ္ဈိမပဋိပဒါကျင့်စဉ်မှာ အချက် (၈) ချက်ရှိတယ်။

7 comments

  • bigcat

    March 30, 2011 at 1:39 am

    သဂျီးနဲ့ ရွာလူမိုက်အချို့က ကာမသုခလ္လိကာနုယောဂ အကျင့်ကို အားပေးအားမြောက် ပြုနေပါတယ်။ ကယ်တော်မူပါအုံး အရှင်ဘုရား။
    ပြင်းထန်တဲ့ အတ္တကိလမထာနုယောဂ အကျင့်ကိုပြောရင် ဘုရားထားခဲ့တဲ့ ဓူတင်ဆောင်ခြင်း ၁၃ပါးမှာ အချို့ဓူတင်များသည် ပြင်းထန်သယောင်ရှိတာမို့ တချို့ဗုဒ္ဓဘာသာဝင်များ စိတ်ရှုပ်ထွေးကြပါတယ်။ ဓူတင်သည် ကိလေသာကို သတ်တာလို့ပြောရင် တခြားဖက်ကလည်း (သံချွန်ပေါ်အိပ်ခြင်းလောက် မပြင်းထန်တဲ့ ပိုယုတ္တိရှိသယောင်ဖြစ်တဲ့ အကျင့်များရှိလို့) ဒီလိုပဲ ပြောမှာမို့ အလွယ်တကူ ခွဲခြားသိမြင်ရအောင် ရှင်းလင်းပြတ်သားတဲ့ ပို့စ်တပုဒ်လောက် ရေးပေးဖို့ လျောက်ထားပါတယ် အရှင်ဘုရား။

    • ashinindaka

      March 30, 2011 at 2:24 am

      သူငယ်ချင်းဦးဇင်းရဲ့ မဟာဘွဲ့ယူစာတမ်းက ဓုတင်အကြောင်းပဲ။ ရှာလိုက်အုံးမယ်။

  • maungmoenyo

    March 30, 2011 at 3:08 am

    နိဂျောဓကိုမျက်မှောက်ပြုနိုင်တဲ့ မဂ္ဂင်ကျင့်စဉ်(၈) ပါးကို မောင်မိုးညိုက ဒီလိုလင်္ကာလေးလုပ်ပြီးမှတ်လိုက်ပါတယ် –
    မြင် ။ ကြံ၊ ဆို ။ ပြု ။ သက်မွေးမှု ။ အားထုတ် ။ အောက်မေ့ ။ တည်ကြည် မွေ့ – လို့။
    အပြောလွယ်သလောက်ကိလေသာတောထဲနစ်မြေနေတဲ့ မောင်မိုးညိုတို့တတွေအတွက် တယ်ခက်ခဲတဲ့ကျင့်စဉ်ကြီးတွေပါနော်။

    • ashinindaka

      March 30, 2011 at 4:05 am

      ကောင်းတယ် မောင်မိုးညိုရေ။ လင်္ကာလေးအတွက် ကျေးဇူးပဲ။

  • babymay

    March 30, 2011 at 10:41 am

    မဇ္ဈိမပဋိပဒါကျင့်စဉ် မှာရှိတဲ့ အချက ် (၈) ချက်ကိုလဲ အကျယ် ဟောပြပါဦးဘုရား။

Leave a Reply