သက်သတ်လွတ်စား အားရှိပါ၏ Capable

confidence


လွန်ခဲ့တဲ့ ၁နှစ်ခွဲအတွင်း ကျနော် ၁၅လနီးပါး အသတ်လွတ် စားဖြစ်တယ်။ တိတိကျကျ ပြောရရင်တော့ ဆက်တိုက် ၁၃လနဲ့တပတ်၊ သူ့မတိုင်ခင် ၂လမှာ ၃ရက်-၆ရက်အထိ တပတ်တရက် တိုးတိုးစမ်းကြည့်တယ်။ ကိုယ့်ခံနိုင်ရည်စွမ်းကို စမ်းချင်နေတုန်း သက်သတ်လွတ် ရက်ပိုင်းစားသူ အဖော်ကောင်းနဲ့တွေ့လို့ လမ်းကြုံစီး လိုက်ရင်းက အရင်က မစားဘူးပဲနဲ့ အချိန်တိုအတွင်း အပြောင်းအလဲတခုကို စမ်းသပ်မိတယ်။ စိတ်အစွဲအလန်း သိပ်မထားပေမဲ့ ဒီလိုစားနိုင်ဖို့ သာမန်ထက်ထူးကဲတဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်း ဝါယမအား စိုက်ရတာတော့ သိတယ်။ ရွာသားအချို့ ပြောသလို သက်သတ်လွတ်ကို အပြု၊ အပျက် နှစ်ခုစလုံးနဲ့ ဝေဖန်ဖူးတယ်။ ဒေဝဒတ်၊ ဟိန္ဒူဝါဒ၊ ဘိုးတော်လမ်းစဉ် ဆိုတာ စိမ်းနေတဲ့ စကားလုံးများ မဟုတ်ပါ။
ယခုဆိုရင် အာရှတိုက်သာမက တကမာ္ဘလုံး အထူးသဖြင့် အနောက်ကမာ္ဘမှာ သက်သတ်လွတ်စားခြင်း ပျံ့နှံ့နေပါပြီ။ ဘာသာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး အကြောင်းစုံနဲ့ မီးလွတ်ရေလွတ်၊ သွေးသားလွတ်၊ အသက်လွတ်၊ ကုန်းလွတ်၊ ရေလွတ်၊ ခြေလေးချောင်းလွတ်၊ သားကြီးငါးကြီးလွတ် စားခြင်းနည်းပေါင်းစုံ ရှိသလို အချိန်အားဖြင့် တသက်လုံး၊ ရေရှည်၊ ရေတို၊ စိတ်ရှိသလောက် ဆန္ဒရှိသလို စားကြပါတယ်။ စားပုံတွေကလည်း အတိအကျ၊ ရှောင်နိုင်သလောက်၊ မေတ္တာပို့စား၊ မေ့မေ့ပျောက်ပျောက်၊ ညီးညီးငြူငြူ၊ စုံစုံလင်လင်၊ ဖြစ်သလို၊ သူများကို အလုပ်ပို၊ ကြုံသလို လူအမျိုးမျိုး စိတ်အထွေထွေပါ။
ပဲ၊ ပဲနို့၊ နွားနို့၊ ဂျုံ၊ အာလူး၊ အသီးအရွက်၊ ငရုတ်သီးကျော်တို့ကို အားပြုစားတယ်။ အခြားဟာတွေသာ မပါရှိမယ်၊ ပဲနဲ့ဆိုင်တာကတော့ နေ့တိုင်းလိုလို စားဖြစ်တယ်။ ကိတ်မုန့်ချိုလို ကြက်ဥနဲ့ မကင်းတာမျိုးလည်း ကြုံသလို တီးသပေါ့။ နေ့လည်စာ အပြင်ထွက် စားတဲ့အခါ သီးသန့်လုပ်ရတာဆို ဈေးကြီးသမို့ အသားရှောင် စားရတယ် ( ဥပမာ – ပီဇာမုန့်)။ စားခါစတော့ အကျင့်မရှိလို့ အတော်အောင့်အီးရတယ်။ အသားမပါ၊ ငံပြာရည် မထည့်ဆိုတော့ ဘာစားစား တခုခုလိုနေသလိုပဲ။ အလှူပွဲလမ်းသဘင်တွေရှိရင် ပိုဆိုးတယ်။ မြန်မာအစားအစာ ဆိုတာ အနည်းဆုံး ငံပြာရည်ပါတယ်၊ ပါမှလည်းကောင်းတယ်။ စားရတာကို ပဲငံပြာရည်နဲ့ အစားထိုးပြန်တော့ အာသာပြေရုံဖြစ်တယ်။ ကိုယ်ကထူးပြီး မစားတော့ငတ်ပေါ့။
ဆန့်ကျင်သူများ ဝေဖန်ကြတာကို ၁။ ဘာသာရေး ၂၊ ကျန်းမာရေး။ ၃၊ လူမှုဆက်ဆံရေး ဆိုပြီးသုံးမျိုး ခွဲချင်တယ်။ ဘာသာရေးနဲ့ဆိုင်လို့ တချက်ခြင်း တုံ့ပြန်ရရင် ဘုရားက လူမစားသင့်တဲ့ အသားဆယ်မျိုးလား (မသိဘူး)နဲ့ ရဟန်းများ မစားအပ်တဲ့ မြင်၊ ကြား၊ သံသယ အနေအထား သုံးမျိုးကလွဲရင် ဘယ်လိုစားရမယ်လို့ ပညတ် မထုတ်ခဲ့ပါ။ ဒါကို အသားစားသူများက သက်သတ်လွတ်သမားကို ဘုရားနဲ့ ဆန့်ကျင်တယ်၊ ဒေဝဒတ် ဂိုဏ်းဝင်ဆိုပြီး စွပ်စွဲလို့ ရပါ့မလား။ နောက်ဆုံးအချက် စိတ်ထားစားတတ်ရင် ပြီးတယ်လို့ ပြောတဲ့အများစုက တချက်လေးမှ စိတ်သွင်းစားတာ မတွေ့ရ၊ စိတ်ဆိုတာဘာလည်း သိဖို့အားမထုတ်ဘဲ ပါးစပ်ပြောကောင်းယုံ ပြောကြတယ်။ ပရိုတင်းဓာတ်ရဖို့ အသားစားတယ်ပြောရင် သက်သတ်လွတ်စားတာ သူ့အသက်နဲ့ကင်းလို့ ရုပ်ရောစိတ်ပါ ရှင်းတယ် ပြောတာကို စိတ်ထွက်စရာ မလိုပါ။ ကိုယ်ကသူများကို နှိုးဆော်ရင် သူများကလည်း အလားတူ လုပ်ပိုင်ခွင့်ရှိတယ်။ တဖက်ကို ဝေဖန်တဲ့အခါ ပြန်ချေပခံရတာ နားမလည်ကြဘူးလား။ သစ္စာလေးပါး ကလွဲရင် ကျန်တာတွေသည် ပညတ်အမှားတွေချည်ပဲ။ အမှားအတူတူခြင်းပြေးတာ တဖက်သားကို ခြေမထိုးဖို့ မသင့်ပါ။ သက်သတ်လွတ်သမားတွေက ဘုရားဟောကိုလွန်ဆန် ပြောကြရင်သာ ဝေဖန်ကန့်ကွက်ကြပါလား။ ကိုယ်တိုင် ပညတ်နယ်က မထွက်သေးရင် ပရမတ်တရားကို အလွယ်မပြောသင့်ဘူး။
ကျန်းမာရေး – ကိုယ်ရည်စစ်သွားတာ သိသာလွန်းတယ်။ အခါအားလျော်စွာ ညစာမစားဘဲ နေနိုင်ရင် တလအတွင်း ၁ဝပေါင်ကျဖို့ အာမခံတယ်။ ဒါလည်း အကျင့်ပါပဲ။ လုပ်ခါစ အတော်ခံရမယ်။ ရှေ့ပိုင်းရက်တွေကို ခံနိုင်ရင် အရှိန်နဲ့ ဆက်လှိမ့်ယုံပါ။ လုပ်နိုင်မယ်ဆိုရင် ဥပုဒ်ပါစောင့်လိုက်ဖို့ ပြောချင်တယ်။ ၁ – လုပ်မဲ့အတူတူ ကုသိုလ်ယူပါ။ ၂ – ဘာသာရေးနွယ်သွားလို့ ရပ်လိုက်ဖို့ ခဲယဉ်းတယ်။ ကိုယ်တိုင် လရှည်လများ စမ်းဖူးတယ်။ ကျန်းမာရေးကောင်းပြီး ပင်ပင်ပန်းပန်းအလုပ် မလုပ်ရရင် အားလပ်ရက်မှာ စမ်းကြည့်ပါ။ စိတ်ပေါက်ပေါက်နဲ့ တခါတလေ ရုံးကအပြန် ကျနော် ၄၅မိနစ်လောက် ရေသွားကူးသေးတယ်။ ညဉ့်နက်သန်းကောင်အထိ မအိပ်ဘဲ ဟိုလုပ်ဒီလုပ်နေရင် ဆာတဲ့ဒဏ်ခံရလို့ စောစောအိပ်ဖြစ်တယ်။ ကျန်းမာရေးနဲ့ ပတ်သက်လို့ အကောင်းဖက် ကပြောတာတွေကို ငြင်းချက်ထုတ်နိုင်ပါတယ်။ ဆိုလိုရင်းက အကောင်းတွေလည်း ရှိသေးကြောင်းပါ။
လူမှုရေး – ဇီဇာမကြောင်တတ် ကျင့်သားရလာရင် အစားအသောက်ကြောင့်ဖြစ်တဲ့ ဗာဟီရနည်းတယ်။ အရသာ ထူးထူးကဲကဲ မရှိလို့ ငါတော့ စားရတော့မယ်၊ ဘယ်လိုစားလိုက်မယ်ဆိုတဲ့ အစားအပေါ် တပ်မက်စိတ် နည်းသွားတာ သိသာတယ်။ အဆီအလေးမပါလို့ တနင့်တပိုး မစားဖြစ်ဘူး။ နေ့စဉ် ကိုယ်လက်သန့်စင်သလို လုပ်ရမဲ့ ဝတ္တရားတခု ဖြစ်သွားတယ်။ တလလောက် အောင်အောင်မြင်မြင် စားတတ်သွားရင် ရေရှည်သွားနိုင်ပြီ။ တသက်လုံး သက်သတ်လွတ် ပြောင်းစားမယ် ဆိုရင်တော့ မိမိခံယူချက် အမြင်က စကားပြောမယ်ထင်တယ်။ စိတ်ပြတ်သား ခိုင်ခံ့ဖို့လည်း ပိုလိုပါမယ်။ နောက်ဆက်တွဲ အာနိသင်တွေကတော့ စားသူအပေါ် မူတည်တယ်။ ပွဲလမ်းသဘင် အလှူပွဲတွေကို သက်သတ်လွတ် အကြောင်းပြ ရှောင်လို့ကောင်းတယ်။ အစားနဲ့ဆက်နွယ်ပြီး ရေရှည် လူမှုဆက်ဆံရေးမှာ ကြုံရမဲ့ အဆင်မပြေမှု အများစုကို ရောင့်ရဲတင်းတိမ်စိတ်နဲ့ ကျော်လွှားနိုင်တယ်။
သက်သတ်လွတ်ထွက်ပြီး အသားငါးပြန်စားတော့ အရသာ အပြောင်းအလဲကို သတိထားကြည့်တယ်။ ငံပြာရည်တန်ခိုးနဲ့ အငန်ပိုစားဖြစ်တယ်။ အဆီအဆိမ့်တွေ အများကြီးပိုတယ်။ အသားပြန်စားတာ တလနီးပါး ရှိပေမဲ့ အခုချိန်အထိတော့ red meat ( ဥပမာ- ဝက်သား) ကို သိပ်ဟက်ဟက်ပက်ပက် မဖြစ်မိဘူး။ ကြက်ဥနဲ့ ငါး၊ အသီးအရွက်ကို အရင်ကထက် ပိုခံတွင်းလိုက်တယ်။ အခုပြန်စားတော့ ငတ်နေလို့လားမသိဘူး၊ အကုန်လုံး အရသာရှိတယ်။ အခုကြတော့ ဘာစားစား အသား၊ငါးပါမှ စားမိတယ်။ ဒုံရင်းနီးပါး အရင်လို ပြန်ရောက်သွားတဲ့ သဘောပေါ့။ အသတ်လွတ်စဉ် အသားငါးနဲ့ မလွတ်ကင်းတာတွေ မပါအောင် ချုပ်တီးရလို့ အတ္တနဲ့ ထိန်းတဲ့ သီလသိက္ခာလို စောင့်ထိန်းရတာ ပင်ပန်းတယ်။ ဘာကိုမှဂရုမမူ စားသူကြတော့ ကုသိုလ်အကုသိုလ် မသိတဲ့ လူမိုက်လို လွတ်လပ်ပေါ့ပါးသလိုနဲ့ နောင်တချိန် ခန္ဓာနဲ့ ပြန်ဆပ်ရမယ်။ အာသာပြေ အသတ်လွတ် သားငါးတု လုပ်စားတာကို အပြစ်ဆိုကြတယ်။ တတ်နိုင်ရင်၊ အလုပ်ပိုမဖြစ်ရင် နားလည်ပေးသင့်တယ်။ သက်သတ်လွတ်ကို ကိုယ်ချင်းစာတရား သာမက ခြိုးခြံခြင်းအကျင့် အဖြစ်ပါမြင်နိုင်ရင် အကောင်းဆုံးပဲ၊ သက်သတ်လွတ်စားပေမဲ့ အစားကြူးနေရင်၊ သူများကိုဝန်ပိုစေရင် သိပ်အကျိုးများတယ် မထင်ပါ။
ဆွမ်းကျွေးတခုမှာ အသတ်လွတ်ကပ်တော့ ဘုန်းကြီးတပါးက ဒီလိုမှန်းသိရင် မလိုက်ဘူးလို့ငြီးတယ်၊ ကြားလိုက်တဲ့ ကိုယ်တော်က ဆွမ်းစားရင် အသားပါရမယ်လို့ ဘုရားမပြောခဲ့ပေါင်ဗျာလို့ဖြေတယ်။ လူအချို့လဲ သက်သတ်လွတ် စကားကြားတာနဲ့ ဘာမှန်းညာမှန်းမသိ စွတ်အုပ်တော့တာပဲ။ သက်သတ်လွတ်စား၊ မစားတာ အတိတ်ဘဝနဲ့ဆိုင်သလို ပစ္စုပ္ပန်နဲ့လည်းဆိုင်တယ်။ အရင်ဘဝက အသားမစားသူ ဒီဘဝမှာလည်း မစားဘူး။ အရင်ဘဝက ကျုပ်တို့သူကြီးဖြစ်ခဲ့လို့ အခုလည်း ကိုခိုင်ကို သဂျီးလို့ ခေါ်တယ်။ အရင်ဘဝက ကိုကြောင်ကြီး တောသုံးထောင် တောင်သုံးထပ် ပိုင်စိုးတဲ့ ကေသရာဇာ ခြသေ့င်္မင်းမိုလို့ ရွာထဲမှာ ဘစ်ကတ် အမည်တွင်တယ် (လူတွေမျောက်ဘဝက မတက်သေးခင်တုန်းက)။ လောကီဆိုတိုင်း သစ္စာမထိုက်ဆိုပြီး ပယ်လို့မရ၊ စွန်းလွန်း ဆရာတော် သထုံမြို့မှာ သိမ်သမုတ်တဲ့အခါ တောင်စောင့်နတ်တွေ ကျေနပ်အောင် ကြက်လျာစွန်း မီးတိုင်တွေ လုပ်ပေးတယ်။ ရဟနာ္တကြီးတောင် ပညတ်အလုပ်ကို ကာလဒေသနဲ့ လိုက်လျောညီထွေ လုပ်တယ်။
သက်သတ်လွတ်စားအပြီး ရလိုက်တာ စိတ်ကျေနပ်မှုပါ။ ကိုယ်ရည်မှန်းရာကို အရောက်သွားနိုင်လို့ ဝမ်းမြောက်တယ်။ အမှန်သစ္စာ မထိုက်ပေမဲ့ တောင်တက်သမား အောင်အောင်မြင်မြင် တောင်တက်ပြီးတဲ့အခါ ဖြစ်တဲ့အားရမှုမျိုးပါ။ ဇွဲနပဲနဲ့ အချိန်ကာလ အတိုင်းအတာ တခုအထိ ဖြတ်ကျော်နိုင်ခဲ့မှုကိုလည်း အားရတယ်။ မိမိကိုယ်မိမိ ယုံကြည်မှု ပိုဖြစ်တယ်။ လူတိုင်း ပရောဂျက် မလုပ်နိုင်ပေမဲ့ ကိုယ်ကမီနီပရောဂျက်တခု လုပ်နိုင်ရင် ဂုဏ်ယူဖို့ မကောင်းဘူးလား၊ ကိုယ့်ထက်စွမ်းတဲ့ မက်ခရိုပရောဂျက်သမားတွေ အများကြီးရှိတာကိုလည်း အမြဲ သတိရတယ်။ ကိုယ်လုပ်နိုင်ခဲ့တဲ့ စိတ်ပိုင်းရုပ်ပိုင်း အောင်မြင်မှု ကာလရှည်တခု မသေခင်ရှိတာ ပေါ့သေးသေး မဟုတ်ဘူး။ သူများတွေ ဥပုဒ်ရက်ရှည်စောင့်၊ သက်သတ်လွတ် အချိန်အကြာကြီးစားတာ ကြားရရင် စိတ်ထဲမှာ မလုပ်နိုင်ကောင်းရဲ့လို့ အလိုမကျ ဝမ်းနည်းမှု ဖြစ်တာမျိုး အရင်ကလို မရှိတော့ဘူး။ ကိုယ့်ကိုယ်ကို စွမ်းနိုင်သူ Capable Person တဦးအဖြစ် ခံစားရပြီ။

14 comments

  • သက်ရှိတွေအချင်းချင်း စားသောက်ကြတာ သဘာဝပါလို့ ပြောတဲ့လူတွေလည်း ရှိပါတယ်။ အသားစားတာ သဘာဝပါ။ သို့သော် လူတွေက တိရစာ္ဆန်တွေအပေါ် exploit လုပ်တာ များလွန်းပါတယ်ဗျာ။ သဘာဝကနေ လွန်ဆန်နေပါတယ်။ မဟားဒရားကြီးကို အမြတ်ထုတ်နေကြပါတယ်။ ဒါကို တနေ့မှာ ကမာ္ဘကြီးက ပြန်ပေးဆပ်ရဦးမလား မသိဘူး။ အခုတောင် ကြက်ငှက်တုပ်ကွေးတို့ ဘာတို့ ရောဂါဘယ အသစ်အဆန်းတွေ ဖြစ်လာကြတယ်။ သက်သတ်လွတ်မစားနိုင်တောင် အသားစားတာ လျှော့ချနိုင်ရင် ကောင်းမယ် ထင်ပါတယ်။ ကလေးတွေကို အသားကျွေးပြီး လူကြီးတွေ လျှော့နိုင်ရင်ကောင်းမယ်နော်။

  • MaMa

    March 30, 2011 at 2:49 am

    (ကြောင်ပုဇွန်စား ကျွတ်ကျွတ်ဝါးသကဲ့သို့ သင့်ကိုတဂျွပ်ဂျွပ်နဲ့ ဝါးစားပစ်မည်။) ဆိုတာအစား (ကျွန်ုပ် သားသတ်လွတ်စားပြီဖြစ်ရွေ့ သင်တို့အားလုံးအား အသက်ချမ်းသာရာပေးပြီ။) လို့ ပြောင်းရေးလိုက်ရတော့မလား။

  • hmee

    March 30, 2011 at 8:04 am

    အင်း…ပိန်ချင်နေတာ ကိုကြောင်ကြီးပြောသလို တလ(၁၀) ပေါင် ကျမယ်ပြောလို. နဲနဲတော. စိတ်ဝင်စားသွားပြီ။

  • nature

    March 30, 2011 at 4:23 pm

    ရေးထားတာသဘောကျပါတယ်။တချို့ဆိုသက်သက်လွတ်စားတာ သက်သက်လွတ်ဝက်အူမကြီး သက်သက်လွတ်ဝက်သားကင်တွေစားကြတယ်။ ဒါကိုသက်သက်လွတ်အလွမ်းပြေလို့ခေါ်ရမလိုဖြစ်နေပြီ။

  • char too lan

    March 31, 2011 at 8:36 am

    ဆယ်တန်းပီးခါစတုန်းက တရားတခုနာဖူးတယ် အဲ့ထဲမှာလူတွေရဲ့ စိတ်စွမ်းအားအကြောင်းကို ဆရာတော်ဟောခဲ့တာ တော်တော်လေးသဘောကျတယ်။ လူတွေမှာ သိကြတဲ့အတိုင်း လိုချင်စိတ် သွားချင်စိတ် စားချင်စိတ်….. စတဲ့စိတ်တွေကို ကောင်ကောင်းထိန်းချုပ်နိုင်တဲ့ လူက စိတ်စွမ်းအားမြင့်တဲ့လူ အဲ့ဒီ (ချင်) တဲ့စိတ်တွေကို မထိန်းချုပ်နိုင်တာ စိတ်စွမ်းအားနိမ့်တဲ့လူလို့ပြောခဲ့တယ်။ အသစ်အဆန်းလေးတွေပေါ်သမျှ လိုချင်တယ် လိုချင်တော့ တတ်နိုင်တဲ့သူကမိဘတွေကိုဝယ်ခိုင်းတယ် မတတ်နိုင်တဲ့သူက လိုချင်လွန်းတဲ့စိတ်ကို မထိန်းနိုင်ရင် မရ ရအောင်ကြံစည်အားထုတ်မိတော့ လမ်းမှားရောက်တတ်တယ်ဆိုတဲ့သဘောပါပဲ။ အဲ့ဒီမှာ (ချင်) တဲ့စိတ်ကို ထိန်းနိုင်တာဟာ စိတ်စွမ်းအားမြင့်တဲ့သူ လို့မှတ်သားမိပါတယ် ….

    • kai

      March 31, 2011 at 4:56 pm

      ဆန္ဒတဲ့ တဏှာကို ရောထွေးသုံးသပ်ထားတာလို ဖြစ်နေသလားပဲ..။

  • MaMa

    March 31, 2011 at 9:12 am

    ချာတူးလန်ဆိုတဲ့ နာမည်တောင် ပြောင်းပစ်ဖို့ကောင်းတယ်။ မန့်ထားတာ အရမ်းကိုမိုက်တယ်။

  • ဆူး

    March 31, 2011 at 1:58 pm

    သတ်သတ်လွတ်စားတုန်းကဆိုရင် အသားနံတောင် မခံနိင်ဘူး။ နောက်ပိုင်း သတ်သတ်လွတ် စားတာ ဘာညာကွိကွ ဆိုပြီး လာပြောလို့ စိတ်တိုလို့.. ပြန်စားတယ်.. စားခါစတုန်းကတော့ စိတ်ညစ်တယ် မစားချင်ဘူး အခုတော့လည်း အေးဆေးဘဲ။ အသီးအရွက်တော့ စားရတာ ကြိုက်တယ်။ အသားစားလွန်းရင် သိသာတယ် လူက ပူတယ်လို့ ခံစားရတယ်။
    ဒါနဲ့ စကားမစပ် ဦးကြောင်ကြီး သတ်သတ်လွတ်စားတာ အတိတ်ဘဝ နဲ့ ဆိုင်တယ် ဆိုတော့.. အရင်ဘဝက အိန္ဒိယမှာ လူဖြစ်ခဲ့တာလား ဟင်….

  • weiwei

    March 31, 2011 at 2:08 pm

    ယခုဘဝမှာ အသားကို စားချင်စိတ်မရှိအောင်ဖြစ်တဲ့သူကတော့ အတိတ်ဘဝက အထုံပါခဲ့သူလို့ ပြောနိုင်တယ် … ကျွန်မအဖေက အသားကို လုံးဝစားချင်တဲ့မရှိတဲ့ မွေးရာပါ သတ်သတ်လွတ်စားချင်သူ ..
    ကျွန်မတို့ မောင်နှမတွေကျတော့ အဖေ့သွေးပါပြီး အသားကို မကြိုက်ကြဘူး … သတ်သတ်လွတ်တော့ မစားဘူး … အသားနဲ့ အရွက်ရောချက်ရင် အရွက်ကိုပဲ စားတယ် … အသားဖတ်တွေ အကုန်ဖယ်ပစ်တယ် .. မကြိုက်လို့ ..

  • MaMa

    March 31, 2011 at 3:10 pm

    တို့မောင်နှမတွေကတော့ အဖေပြောသလိုပဲမစားတာဆိုလို့ ရေထဲမှာဆို တုံကင်း (လက်နှစ်ဖက်နဲ့ လှော်တက်နှစ်ခုကို လှော်ရတဲ့လှေ) နဲ့၊ ကုန်းပေါ်မှာဆို ကုတင်ပဲ (ခြေလေးချောင်းဆိုလို့) ရှိတယ်တဲ့လေ။

  • saund

    March 31, 2011 at 3:37 pm

    အသက်သတ်လွတ်စားသူတွေ အတွက်တော့ ပရိုတင်းဓါတ်ကို ဖြည့်တင်း စားဖို ့ အတွက် ပဲများများ (ပဲပြား ပဲပုတ် ပဲပင်ပေါက် စသဖြင့်) စားစေ ချင်ပါ တယ်။
    အနောက်နိုင်ငံသားတွေက ပဲအစားနည်း တဲ့အတွက် soya bean powder supplement ကို ဖျော်သောက် ကြပါ တယ်။ မြန်မာပါးစပ်အတွက် ပဲက အဆင်ပြေလို ့ ဈေးကြီးပေး ဝယ်သောက် စရာမလိုပါဘူး။

  • padonmar

    March 31, 2011 at 7:22 pm

    ဦးကြောင်ကြီးကိုလေးစားပါတယ်၊ဘာဘဲဖြစ်ဖြစ် ဒီလောက်ရက်ရှည် သက်သတ်လွတ်စားခဲ့တယ်ဆိုတာ ကိုယ့်စိတ်ကို ထိန်းနိုင်တယ်လို့ ဂုဏ်ယူစရာပါ၊ တောင်တစ်လုံးကို အောင်အေင်မြင်မြင်တက်နိုင်ခဲ့သလိုပေါ့၊
    အဓိဌာန်ပါရမီပါပဲ၊ကွှန်မတော့ သူများချက်ကျွှေးတာစားနေတာဆိုတော့ ဒီလိုရက်ရှည် မစားကြည့်ရသေးပါ၊
    အခွင့်ရရင် ကြိုးစားကြည့်ပါအုံးမယ်၊

  • nigimi77

    March 31, 2011 at 8:02 pm

    ကြောင်ကြီး။ နဲနဲ တင်းလာပြီနော်။ ဘာမှ မစားနဲ ့။ အပင်မှာလည်း အသက်ရှိတယ်။
    မင်း ကမြင်းပြီး Club က ဘာညာတွေနဲ ့ကဲလို ့ ဒူးဂေါင်းပြဲရင် ဘာအရည် ထွက်လဲ သိလား။
    ရာဘာပင်ကို ဒါးနဲ ့ လှီးရင် ဘာ အရည် ထွက်လည်းသိလား။

  • kai

    March 31, 2011 at 8:16 pm

    ဘာပဲဖြစ်ဖြစ်… သက်သတ်လွတ်စားတဲ့သူတွေများရင် ကောင်းတယ်လိူ့တွက်လို့ရပါတယ်..။
    အဟင်း..
    အသား..ငါးတွေ ဈေးကွက် ဝယ်လိုအားကျတော့ ဈေးပေါပြီး ..ကောင်းတာတွေကျန်မှာကိုး..။

    အဲဒီသက်သတ်လွတ်ဂရုထဲ.. စားကောင်းတဲ့ အပင်တွေ..အရသာရှိတဲ့အသီးတွေပါထည့်လိုက်ပါလားဟင်င်င်..။
    အထဲမှာ..မမြင်ရတဲ့ ပိုးမွှားတွေရှိတယ်လေ..။
    အသီးမှည့်တယ်ဆိုတာ.. ဗက်တီးရီးယား(သက်ရှိသတ္တဝါ)ကြောင့်လည်းပါတယ်မို ့လား..။:)

Leave a Reply