နိဗ္ဗာန်

weiweiApril 7, 20111min37150

ကျွန်မလို သာမန်လူအတွက် နိဗ္ဗာန်အကြောင်းရေးရတာ မတန်မရာဖြစ်နေမယ်မလားလို့ တွေးမိပေမယ့် ကျွန်မစိတ်ထဲမှာ ရှင်းရှင်းလင်းလင်းနားလည်ထားတာကို ပြန်လည်ပြောပြချင်တဲ့ ရိုးသားသည့်စေတနာအရင်းခံဖြင့် မည်သည့်စာအုပ်ကိုမှ မမှီငြမ်းပဲ ကိုယ်ပိုင်အသိဉာဏ်ဖြင့် ရေးသားထားခြင်းဖြစ်ပါတယ်။

နိဗ္ဗာန်ဆိုတဲ့စကားလုံးကို ဗုဒ္ဓဘာသာဝင်တိုင်းသိကြပါတယ်။ ဒါပေမယ့် နိဗ္ဗာန်ဆိုတာ ဘယ်မှာလဲ? ဘယ်လိုအရသာရှိလဲ? ပုံသဏ္ဍာန်ဘယ်လိုရှိလဲ?စသဖြင့် မေးလိုက်ရင်တော့ သေသေချာချာဖြေနိုင်မယ့်သူ တော်တော်ရှားပါလိမ့်မယ်။ တစ်ချို့လူတွေကတော့ နိဗ္ဗာန်ဆိုတာကို နတ်ပြည်လို ဟိုးအမြင့်တစ်နေရာမှာ ရှိနေတယ်လို့လဲ ထင်ကြပါတယ်။ သိပ်ကောင်းတဲ့ခံစားမှုကိုလဲ နိဗ္ဗာန်နဲ့ တင်စားပြောဆိုလေ့ရှိပါတယ်။ အေးချမ်းတဲ့နေရာတစ်ခုဖြစ်မယ်လို့လဲ အထင်နဲ့ ပြောတတ်ကြပါတယ်။

ကျွန်မသိနားလည်သလောက် နိဗ္ဗာန်ဆိုတာ လွတ်မြောက်ရာနေရာဖြစ်ပါတယ်။ မည်သည့်ကိစ္စမှာမဆို လွတ်မြောက်ရာနေရာတစ်ခုတော့ အမြဲတမ်းရှိနေပါတယ်။ အိမ်ထဲမှာအရမ်းမွမ်းကြပ်နေရင် အိမ်အပြင်ထွက်တာနဲ့ အဲဒီဒုက္ခကနေ လွတ်မြောက်ပါတယ်။ အရမ်းပူနေချိန်မှာ အဲယားကွန်းနားနေလိုက်ရင် အပူကနေ လွတ်မြောက်သွားပါတယ်။ ထောင်ထဲကနေထွက်လိုက်ရင်လဲ အချုပ်အနှောင်ကနေ လွတ်မြောက်သွားပါတယ်။ အရမ်းအိပ်ချင်နေချိန်မှာ အိပ်ပျော်သွားတာကလဲ လွတ်မြောက်ခြင်းတစ်မျိုးပါပဲ။  ဒုက္ခ သုခ မည်သည့်အရာတွင်မဆို လွတ်မြောက်သွားတဲ့နေရာလေးတစ်ခုတော့ ရှိစမြဲဖြစ်ပါတယ်။

အဲဒီသဘောတရားအတိုင်းပါပဲ သံသရာကနေ လွတ်မြောက်ရာနေရာတစ်ခုရှိပါတယ်။ ၃၁ ဘုံနဲ့ သံသရာစက်ဝိုင်းလည်ပတ်ပုံကို မြတ်စွာဘုရားမပွင့်ခင်ကထဲက ကမ္ဘာ့နိယာမတရားအနေနဲ့ နားလည်လက်ခံကျင့်သုံးသူတွေ အမြောက်အများရှိခဲ့ပါတယ်။ အဲဒီကနေ လွတ်မြောက်ချင်ကြပေမယ့် လွတ်မြောက်ရာလမ်းကိုတော့ ဘုရားပွင့်တော်မူပြီးမှသာ ညွှန်ပြပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အပါယ် ၄ ဘုံ၊ လူ့ဘုံ ၁ ဘုံ၊ နတ်ပြည် ၆ ထပ်၊ ဗြဟ္မာ့ဘုံ ၂၀၊ စုစုပေါင်း ၃၁ ဘုံမှာ သံသရာလည်ပြီး မရုန်းထွက်နိုင်တဲ့ စက်ဝိုင်းထဲကနေ လွတ်ထွက်နိုင်တဲ့ အပေါက်တစ်ပေါက်ရှိပါတယ်။ အဲဒီအပေါက်ကို တံခါးတစ်ခုလို မြင်ယောက်ကြည့်မယ်ဆိုရင်တော့ အဲဒီတံခါးက မဂ်တံခါးဖြစ်ပါတယ်။ အနိမ့်ဆုံး မဂ်ဉာဏ်ဖြစ်တဲ့ သောတပတ္တိမဂ်ဉာဏ်ကိုရအောင် အားထုတ်လိုက်မယ်ဆိုရင်တော့ စက်ဝိုင်းကနေ လွတ်ထွက်ပြီး နိဗ္ဗာန်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ မဂ်တံခါးကို တစ်ကြိမ်ဖွင့်နိုင်တဲ့သူအတွက် အဲဒီတံခါးကို အကြိမ်ကြိမ် ထပ်မံဖွင့်လို့ရတဲ့ ပါမစ်တစ်ခု ရရှိသွားပါတယ်။

တရားအားထုတ်တဲ့သူတွေရဲ့  သမာဓိအနည်းအများပေါ်မူတည်ပြီး နိဗ္ဗာန်ကို စကန့်ပိုင်း၊ မိနစ်ပိုင်း၊ နာရီပိုင်း၊ ရက်ပိုင်း စသဖြင့် မျက်မှောက်ပြုနိုင်မှာဖြစ်ပါတယ်။ အဲဒီတံခါးကနေ စက္ကန့်ပိုင်းလောက် အပြင်ကို ထွက်ကြည့်ပြီးမှ အထဲကိုပြန်လာပြီး သာမန်လူတွေလို နေနေလို့ရပါတယ်။ မဂ်တံခါးကို တစ်ကြိမ်ထွက်ဖူးလိုက်တာနဲ့ အပါယ် ၄ ဘုံကို မရောက်နိုင်တော့ပါဘူး။ အပါယ်တံခါးပိတ်တယ်လို့ ပြောလေ့ရှိပါတယ်။ တစ်ချို့ တရားအားထုတ်တဲ့ ယောဂီတွေကတော့ မဂ်တံခါးကနေ ခဏခဏထွက်ပြီး ဖိုလ်ဝင်စားပြီး နေလေ့ရှိပါတယ်။ မဂ်ဆိုတာ တစ်ကြိမ်ပဲရနိုင်ပေမယ့် ဖိုလ်ကိုတော့ အကြိမ်ကြိမ်ဝင်စားလို့ရပါတယ်။

ကျွန်မပြောချင်တာကတော့ နိဗ္ဗာန်ဆိုတာ တကယ်ရှိပါတယ်။ တည်နေရာအားဖြင့် အနီးမှာလည်းမဟုတ်ပါဘူး၊ အဝေးမှာလည်း မဟုတ်ပါဘူး၊ အထက်မှာလဲ မဟုတ်ပါဘူး၊ အောက်မှာလဲ မဟုတ်ပါဘူး။ ပရမတ်ဖြစ်တဲ့ ဓါတ်တစ်ခုအနေဖြင့် ရှိနေပါတယ်။ သူများပြောလို့မယုံဘူး ကိုယ်တိုင်တွေ့မှယုံမယ်ဆိုရင်လဲ ကိုယ်တိုင်အားထုတ်ရင် တွေ့ရပါလိမ့်မယ်။ ပုထုဇဉ်တွေဟာ အကန်းတွေဖြစ်လို့ နိဗ္ဗာန်ကို မှန်းကြည့်မယ်ဆိုရင်တော့ မျက်မမြင်ပုဏ္ဍား ၆ ယောက် ဆင်ကို လက်နဲ့စမ်းပြီးကြည့်နေသလို ဖြစ်နေပါလိမ့်မယ်။

ဝိပသနာတရားအားထုတ်ခြင်းတစ်မျိုးတည်းဖြင့်သာ နိဗ္ဗာန်ဆိုတဲ့ ပန်းတိုင်ကို မျက်မှောက်ပြုနိုင်မှာဖြစ်လို့ ဗုဒ္ဓဘာသာဝင်အားလုံး သင်္ကြန်ကျောင်းပိတ်ရက် အလုပ်ပိတ်ရက်မှာ တရားစခန်းရိပ်သာဝင်ပြီး တရားအားထုတ်ခြင်းဖြင့် အချိန်ကို အကျိုးရှိရှိ အသုံးပြုချနိုင်ပါစေလို့ ဆန္ဒပြုရင်း ဒီပို့စ်ကို ရေးသားလိုက်ပါတယ်။

50 comments

  • chindwinsayargyi

    April 7, 2011 at 9:03 am

    ဪ.အတည်ပြောနေတာကိုး။သီလရှင်ဝတ်မသွားနဲ့ဦးနော်

  • moethidasoe

    April 7, 2011 at 9:53 am

    ဝေဝေ .. တရုတ်ပြည်မှာ သင်္ကြန် ရှိသလား .. သိချင်လို့ပါ

    • weiwei

      April 7, 2011 at 12:21 pm

      တရုတ်ပြည်မှာ သင်္ကြန်မရှိပါဘူး .. ဗမာပြည်နဲ့ ယိုးဒယားနဲ့နီးတဲ့ ယူနန်ပြည်နယ်ဘက်မှာတော့ သင်္ကြန်ပွဲတောင် လုပ်ကြတယ် ..

  • Shwe Tike Soe

    April 7, 2011 at 10:11 am

    သာဓု သာဓု သာဓု ….
    တရားစခန်းသွားပြီး တကယ်လုပ်နိုင်ရင်တော့ကောင်းပါတယ်…
    အပန်းဖြေခရီးထွက်သလိုသွားရင်တော့ တရားမရတဲ့အပြင် မတရားပါဖြစ်သွားမယ်…

  • eros

    April 7, 2011 at 10:13 am

    sorry မဝေ ရေ ဒီပိုစ့် နဲ့ မဆိုင်ပါဘူး မေးချင်လို့ပါ။ တရုတ်လို Dong Feng ကို တုန်ဖုန်းလို့ အသံထွက်တာ မှန်ပါသလား။

  • weiwei

    April 7, 2011 at 12:23 pm

    dong feng အနီးစပ်ဆုံး အသံထွက်ရင်တော့ သုန်းဖန်း လို့ ထွက်ရလိမ့်မယ် ..

  • nature

    April 7, 2011 at 2:19 pm

    တိုက်တွန်းတာကျေးဇူးတင်ပါတယ်၊ကြိုးစားပါ့မယ်။

  • မမလေး

    April 7, 2011 at 3:57 pm

    Feng ကို Fုန်း လို့ထွက်တာမဟုတ်ဘူးလား … ကိုရွှေထိုက်စိုး … မတရားပါမဖြစ်ခင် ယောဂီထိန်းတွေပြောတာအရင်ခံရမယ်မှတ် … 😛

  • kai

    April 7, 2011 at 6:39 pm

    ကျုပ်ဆီမှာ… နိဗ္ဗာန်ကို .. တကယ့်ဆရာ့ဆရာတော်ကြီးတွေ ရေးထားတဲ့စာအုပ်တွေရှိပါတယ်..။
    မင်းတုန်းမင်း..သီပေါမင်းလက်ထက်က ဆရာတော်တွေရေးထားတာတောင်ရှိသေး..။
    အဲဒီမှာ.. အားလုံးလိုလိုက..ကိုယ့်နည်းနဲ့ကိုယ် ရေးထားတာပါ..။ အားလုံးပြောတာတူတာကတော့ .. ဗုဒ္ဓဘာသာ ကျမ်းအားလုံးကို မွှေနှောက်လေ့လာ ရေးကြပါတယ်ဆိုတာပါပဲ..။

    အံ ့ဩစရာကောင်းတာက ..တချို ့ဆို.. နိဗ္ဗာန်ရဲ့ ဆိုလိုတဲ့.. သဘောတရားခြင်း မတူပဲ..ဖြစ်နေကြတာပါပဲ..။

    ဆိုတော့..။
    ကမ္ဘာနဲ့အဝေးဆုံး ဂယ်လက်စီ A1689-zD1 ထဲက နေစင်္ကြာဝဌာ AM23-54B မှာ သတ္တဝါရှိမရှိ.. အငြင်းပွားရတာထက်တောင် ပိုလို့… မသေမချာဖြစ်နေပါတယ်..။
    မသေမချာဖြစ်ရတဲ့အထဲ.. သိချင်ရင်..ဆွေးနွေးအငြင်းပွားမနေနဲ့.. လက်တွေ့ကျင့်ကြံဆိုပြီး ..လုပ်ထားတော့.. လက်တွေ့လုပ်ဖူးတဲ့သူတွေ.. ပြီးသွားပြီဆိုတဲ့ သူတွေကလည်း တိတိကျကျမပြောနိုင်.. သေသေချာချာပြန်ပြောတာလည်းမရှိ.. ပြောပြန်ရင်လည်း မတူကြတာမို ့…
    အင်း..
    နိဗ္ဗာန်ကိစ္စ…ငါမမှီတဲ့တခုခုတော့ တခုခုကြီးပဲဆိုပြီး မေ့ထားလိုက်ပါတော့တယ်..။

    ထားပါတော့..
    ပြောချင်တာက… ဝေမမရဲ့.. ဝိပသနာတရားအားထုတ်ခြင်းတစ်မျိုးတည်းဖြင့်သာ ဆိုတာကြီးပါ..။
    ဘုရားသက်တော်ထင်ရှားရှိစဉ်က.. ဝိပသနာနဲ့ နိဗ္ဗာန်ရောက်တယ်ဆိုတဲ့.. လူရဟန်းလည်း မရှိသလောက်..။ အကုန်လိုလို.. ဘုရားတရားနာတာနဲ့.. ရဟန္တာဖြစ် နိဗ္ဗာန်မျက်မှောက်ပြုသူတွေချည်းလိုလိုပါပဲ..။ တချို ့ဆို.. တရားရဲ ့တကြောင်း တပိုဒ်နဲ့တင်.. ကိစ္စပြီးကြပါတယ်..။
    နောက်….
    ဘုရားကိုယ်တော်တိုင်ဦးစီးပြီး ..ဝိပသနာတရားစခန်းတွေဖွင့်.. တရားထိုင်..တရားပြန်ခိုင်းတာလည်း မဖတ်မိဖူးပါ…။

    ဆိုတော့….
    ဓမ္မက္ခန္ဓာ(တရားအစု)ပေါင်း ၈၄၀၀ဝ …မှာ ဝိပသနာဆိုတဲ့..စကားလုံးပါတာမှ..အလုံး ၅ဝ မရှိတာမှာ.. “ဝိပသနာတရားအားထုတ်ခြင်းတစ်မျိုးတည်းဖြင့်သာ”လို့ရေးချလိုက်တာကိုတော့ ..အံ့ဩမိပါရဲ့..။
    တကယ်သာ.. အဲဒါတမျိုးထဲနဲ့.. နိဗ္ဗာန်ရောက်နိုင်တယ်ဆို.. ဘုရားတရားတော်အားလုံးလိုလိုမှာ… ဝိပသနာအကြောင်း ထပ်ခါပါသင့်တာပေါ့..။

    ပိဋ္ဋကပ်သုံးပုံ.. ပြန်မွှေကြည့်ပါဦး..။
    စီဒီနဲ့ဆိုရင်တော့ ..ပိုလွယ်တယ်.. vipassana ကို ရိုက်ပြီး Search လုပ်ကြည့်ပါ..။
    ဝိပသနာကို ကမ္ဘာသိအောင် လုပ်ခဲ့တဲ့.. ဟိန္ဒူကြိး တဖြစ်လဲ..ဦးဂိုအင်ဂါ ပိဋ္ဋကပ်သုံးပုံ.စီဒီလည်း ထုတ်ထားတာရှိပါတယ်..။ အဲဒီမှာလည်း.. ရှာကြည့်ပါ..။
    ( တကယ်တော့ ပိဋ္ဋကပ်သုံးပုံကလည်း.. ပထမ သံဃာယနာတင်တာ ..ဖြစ်နိုင်ရင် ပိုကောင်းပါတယ်..။
    အခု ပိဋ္ဋကပ်သုံးပုံက တတိယ သံဃာယနာက တွေပါ)

    စိတ်တော့..မဆိုးနဲ့.. အပြုသဘောနဲ့ပြောတာပါပဲ..။ ပြန်ရေးဆွေးနွေးနိုင်ပါတယ်…။ ဆွေးနွေးစေလိုပါတယ်..။

    • weiwei

      April 8, 2011 at 3:01 am

      ဘုရားရှင်လက်ထက်တုန်းက တစ်ပိုဒ် တစ်ဂါထာနဲ့ တရားရတယ်ဆိုတာကလဲ တရားနာရုံနဲ့မဟုတ်ပါဘူး .. တရားနာနေစဉ် စိတ်က ခန္ဓာကိုလှည့်ပြီး ရှုမှတ်ခြင်းဖြင့် မဂ်လေးတန် ဖိုလ်လေးတန်ရပြီးမှ ရဟန္တာဖြစ်သွားတာပါ ..
      ပါရမီအဟုန်ရင့်သန်လွန်းလို့ အချိန်တိုတိုအတွင်း ရသွားခြင်းဖြစ်ပါတယ် …

      ယနေ့ခေတ် သာသနာ ၂၅၀ဝ ကျော်လာချိန်မှာတော့ တစ်ပိုဒ် တစ်ဂါထာဖြင့် တရားမရနိုင်တော့ပါ … လက်တွေ့အားထုတ်မှသာ ရနိုင်ပါတော့တယ် … ရ ရက် ရ လ ရ ခုနှစ်စသဖြင့် တရားရနိုင်မည့်အချိန်ကာလတော့ ကွာနိုင်တာမို့ အားထုတ်တိုင်းလဲ တရားသေချာပေါက်ရမယ်လို့တော့ အတတ်မပြောနိုင်ပါဘူး … ဒါပေမယ့် သာသနာရှိနေဆဲမို့ …
      ခွင့်သာတုန်းမှ မလိုက်ချင်ရင် အမိုက်နင့်ပြင် ရှိချေသေးသည်ကား …

      • weiwei

        April 8, 2011 at 3:31 am

        သာသနာတော်မှာ ပရိယတ် ပရိပတ် ပရိဝေဒ ဆိုပြီး ၃ မျိုးရှိပါတယ် … မြတ်စွာဘုရားဟောကြားခဲ့တဲ့ တရားတော်တွေကို သံဃာတွေက ပရိယတ်သင်ကြားခြင်းဖြင့် ခေတ်အဆက်ဆက် စောင့်ရှောက်ထိန်းသိမ်းရင်း သာသနာ့ဝန်ကို ထမ်းကြပါတယ် …
        အဲဒီတရားတော်တွေကို လိုက်နာအားထုတ်တဲ့ သံဃာတွေကတော့ ပရိပတ်အလုပ်လုပ်တဲ့ သံဃာတွေဖြစ်ပါတယ် … မဟာစည်ဆရာတော်၊ မိုးကုတ်ဆရာတော်၊ သဲအင်းဂူဆရာတော်၊ လယ်တီဆရာတော် စသဖြင့် ဝိပသနာတရားကို ကိုယ်တိုင်အားထုတ်ပြီး တပည့်သံဃာ ယောဂီတွေကို ပြန်လည်သင်ပေးခြင်းဖြင့် ပရိပတ်သာသနာကို ထိန်းသိမ်းကြပါတယ် …
        ပရိဝေဒကတော့ ပြန်လည်ဖြန့်ဝေပေးခြင်းဖြစ်ပါတယ် …
        သံဃာတော်တွေအနေနဲ့ ကိုယ်အားသန်ရာအလုပ်ဖြင့် သာသနာပြုကြပါတယ် … ကျွန်မတို့ လူတွေအနေနဲ့ကတော့ ပါဌိစာပေတွေကို အသေးစိတ်လေ့လာသင်ယူဖို့ မဖြစ်နိုင်လို့ ဆရာတော်ကြီးတွေ ပင်ပင်ပန်းပန်း အားထုတ်ပြီးမှ တဆင့်သင်ပေးသည့် အလုပ်ပေးတရားကို အခါအားလျှော်စွာ အားထုတ်ခြင်းဖြင့် ဗုဒ္ဓလမ်းစဉ်ဖြစ်တဲ့ နိဗ္ဗာန်ရောက်ကြောင်းတရားကို အားထုတ်ကြရမှာဖြစ်ပါတယ် …

        ပိဋိကတ် ၃ ပုံ အာဂုံဆောင်နိုင်သည့်တိုင် တကယ်တရားအားမထုတ်ထားလျှင်တော့ အပါယ်တံခါးပိတ်ဖို့ မသေချာပါဘူး .. ဘုရားရှင်လက်ထက်မှာ သာဓကတွေအများကြီးရှိပါတယ်။ ကျွန်မကတော့ လောကီပညာနဲ့တင် ကျွန်မရဲ့ကိုယ်ပိုင်အချိန်အများကြီးကို အသုံးပြုနေရသူမို့ တရားကို အခါအားလျှော်စွာ အားထုတ်ခြင်း ဆင်ခြင်ခြင်းသာ လုပ်နိုင်သူမို့ စာနဲ့ပေနဲ့ သက်သေသာဓကများဖြင့် မငြင်းနိုင်ပါဘူး … အမှားပါလျင်လည်း ကျွန်မရဲ့ ညံ့ဖျင်းမှုသာဖြစ်ပါကြောင်း ဝန်ခံပါရစေ …

        သာသနာကွယ်သည့်အခါ ပရိပတ်အကျင့်မှရနိုင်သည့် မဂ်ဖိုလ်က စပြီးကွယ်မှာဖြစ်ပါတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 7, 2011 at 7:05 pm

    နိဗ္ဗာန် ရဲ ့ချမ်းသာဟာ အေးချမ်းတယ်လို ့စာဖတ်ပြီးသိတော့
    အဲ့သည် နိဗ္ဗာန် ချမ်းသာကိုလိုခြင်လာတယ်
    အဲ့သည်လိုခြင်တဲ့စိတ်ကိုက မမှန်မကန်ဖြစ်နေတယ်လို ့ထင်မိပါတယ်
    နောက်တစ်ခုက
    ဘဝဆိုတာကို ဒုက္ခ လို ့မြင်လာတဲ့အခါ
    ရုပ်ခန္ဓာကို အလိုမရှိဖြစ်လာတတ်တယ်
    ဒါကြောင့် မြတ်စွာဘုရားရှင်လက်ထက်တော်မှာတောင်
    ရဟန်းတွေ ခန္ဓာဝန်ကို ညီးငွေ ့ပြီး ကိုယ့်ကိုယ်ကို သတ်သေကြတယ်
    သေရင်ပြီးရော အေးတာဘဲလို ့ထင်သွားရင် မောဟ လို ့ဖွင့်ဆိုပြန်တယ်
    သတ္တဝါရဲ ့သဘောအရ သံသရာထဲမှာ လည်နေတယ်လို ့ဆိုတော့ကာ
    နောင်တစ်ဖန် ပြန်မလာခြင်းဟာ သံသရာ ရပ်သွားခြင်း ဖြစ်တဲ့အတွက် နိဗ္ဗာန် လို ့ဆိုမလား
    နောက်တစ်ခုက ခုနကပြောသလို ကံရှိနေသေးတော့ ခန္ဓာ အသက်က ရှိနေသေးတယ်
    အာသဝေါကုန်ပြီဖြစ်တဲ့အတွက် ခန္ဓာကို ညီးငွေ ့လာရင် သမာပတ်ဝင်စားလိုက်တယ်
    ဆိုလိုတာက
    ခန္ဓာကို ဒုက္ခသစ္စာလို ့မြင်လာတဲ့အတွက် ညီးငွေ ့လာတယ်
    အသက်ကလည်းမသေသေးဘူး
    အာသဝေါကလည်း မကုန်သေးတော့ သမာပတ်ကဝင်စားလို ့မရဖြစ်နေတယ်
    ဒါကြောင့်
    ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု သည်လည်း
    လူထဲကလူပေမို ့ သိသလိုလိုနဲ ့မသိပါဘူးလို ့ဘဲ ဝါးတားတားလေးပြောလိုက်ပါတယ်
    ကျွီးးးးးးးးးးးးးးးးးးးးးဂျိမ်း
    ဒုန်းးးးးးးးးးးးးးးးးးးးးးးးးး
    နိဗ္ဗာန် အကြောင်းပြောနေစဉ် နိဗ္ဗာန် ယဉ် အတိုက်ခံရသည့်အသံ

  • nigimi77

    April 7, 2011 at 7:37 pm

    အဲဒါ ဘာမှ မဟုတ်ဘူး ။ ကိုကျော်သူက ငါးကြင်းဆီနဲ ့ ငါးကြင်း ကြော်လိုက်တာ ကိုပုရေ။

  • researcher

    April 8, 2011 at 3:04 am

    ဆရာကြီး ဦးဘခင်ရဲ့ တပည့် ဆရာကြီး ဦးဂိုအင်ကာ အကြောင်းကို အနည်းအကျဉ်း (အမြည်းသဘော) လောက်ပဲ ဖတ်ဖူးပါတယ်။ MRTV-3 မှာ ဆရာကြီးရဲ့ တရားရိပ်သာ တွေအကြောင်း ရိုက်ပြထားတာလဲ ကြည့်ဖူးပါတယ်။ စိတ်လဲဝင်စားပါတယ်။ ဒါပေမယ့် CD ခွေရယ်လို့ ဝယ်လို့ မရလို့ ရနိုင်မယ့် site များသိရင် ညွှန်ပြပေးစေလိုပါတယ်။

  • researcher

    April 8, 2011 at 3:47 am

    Thank you so much ko kai.

    ko kai ပြောသလိုပဲ google ကနေ vipassana ဆိုပြီး ရှာလိုက်တာ လေ့လာချင်တာတွေ တွေ့သွားပါတယ်။

    လေ့လာလိုက်ပါဦးမယ်။

  • maungmoenyo

    April 8, 2011 at 3:51 am

    နားလည်မိသလောက်ပါ…။ နိဗ္ဗာန်ဆို “မရှိ”ခြင်းပါ။ (တနည်း) “မဲ့” ခြင်းပါ။ ဒုက္ခအားလုံး မဲ့ရာ၊ ကင်းရာ၊ မရှိရာနေရာပါ။
    ဗုဒ္ဓ ရှင်းလင်းပြတာအားလုံးဟာ လောကမှာရှိတာကိုရှင်းပြတာပါ။ မရှိတာကိုမပြောပါဘူး။ ဗုဒ္ဓက ဗုဒ္ဓဘာသာကိုထူထောင် လို့ ဘယ်တုံးကမှမပြောခဲ့ပါဘူး။ ဒီအတွက် ဗုဒ္ဓဘာသာဟာကမ္ဘာကိုမပျံ့ှံ့ခဲ့ပါဘူး။ ကျင့်စဉ်ကိုဘဲပြောပါတယ်။ ကိုယ်ကျင့်မှကိုယ်ရပြီး၊ ကိုယ်သိပါလိမ့်မယ်။ သမထ၊ ဝိပဿနာ ထိုင်ခြင်းအားဖြင့် နိဗ္ဗာန်ရောက်တယ်လို့ ဗုဒ္ဓက ဘယ်တနုံးကမှမပြောခဲ့ပါဘူး။ အဘိဓမ္မာကိုနားမလည်ဘဲ တရားထိုင်ခြင်းအားဇြင့် မြင်သမျှ၊ ခံစားရသမျှ အားလုံးဟာ နိဂျောဓကိုမဆိုက်ဘဲ ဒိတ္ထိတောင်ဖြစ်နိုင်ပါတယ်။

  • weiwei

    April 8, 2011 at 4:05 am

    မြတ်စွာဘုရားက ကျင့်စဉ်ကို ပြောပြခဲ့ပါတယ် … ကိုယ်တိုင်ကျင့်မှသာရမှာပါ .. ယုံကြည်ယုံနဲ့ မရပါဘူး …
    အရှင်အာနန္ဒာကို မြတ်စွာဘုရားက တစ်ခါပြောဖူးပါတယ် … တရားကိုနားလည်နိုင်တဲ့သူနဲ့ နားမလည်နိုင်တဲ့သူ ပမာဏကို ယှဉ်ပြခဲ့ပါတယ် … သဲသောင်ပြင်တစ်ခုလုံးမှာရှိနေတဲ့ သဲပွင့်ပမာဏနဲ့ လက်သည်းခွံပေါ်မှာ ပါလာတဲ့ သဲပွင့်ပမာဏလောက် ပမာဏကွာခြားပါတယ် … သံသရာက လွတ်နိုင်တဲ့သူက လက်သဲခွံပေါ်က သဲပွင့်ပမာဏလောက်သာရှိပါတယ် ..
    ဆိုတော့ကာ … ကျွန်မကတော့ အငြင်းအခုံလုပ်ဖို့အတွက် ရေးသားခြင်းမဟုတ်ပဲ စေတနာသန့်သန့်ဖြင့် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်ခြင်းသာဖြစ်ပါတယ် …

  • bigcat

    April 8, 2011 at 4:48 am

    အန်တီဝေပြောတဲ့အတိုင်း တရားနာလို့ နိဗ္ဗာန်မြင်တာမဟုတ်ပါဘူး။ ဘုရားလက်ထက် တရားနာစဉ် အရိယာဖြစ်သွားသူများဟာ အတိတ်ပါရမီကြောင့် နာစဉ်အခိုက်အတံ့လေးတင် အဘိဓမ္မာမှာပြောတဲ့ စိတ်စေတသိက်တွေဖြစ်တာ အကုန်သိပြီး သစ္စာညဏ်ပိုင်းကြတာပါ။ စာအုပ်ကြီးနဲ့တိုက်ရင်တော့ ဘုရားလို၊ ရှေးပါရမီရှင်တွေလို ညဏ်မရှိလို့ တထပ်ထဲကြချင်မှကြပါလိမ့်မယ်။ ဦးမိုးညိုရဲ့ အဘိဓမ္မာမသိရင် မှားနိုင်တယ်ဆိုတာနဲ့ ပတ်သက်လို့ ဘုရားရှင်လက်ထက် ရဟန်းနှစ်ပါးမှာ တပါးက ပရိယတ္တိသင်ပြီး ပိဋကတ်သုံးပုံ အာဂုံဆောင်ပါတယ်၊ နောက်တပါးက တောထဲသွား ပဋိပတ္တိအကျင့်နဲ့ ရဟနာ္တဖြစ်ပါတယ်။ ဝါကျွတ်ချိန် ဘုရားကို တောရဟန်းလာ ကန်တော့ပြီး သူငယ်ချင်း ဘုန်းကြီးဆီဝင်ပါတယ်။ ပိဋကတ်အာဂုံဆောင်ရဟန်းက ပညာမာန်နဲ့ တောရဟန်းကို လူပုံအလယ် အမေးအဖြေလုပ် နှိပ်ကွပ်ဖို့လုပ်နေတာ ဘုရားသိတော့ အလျင်အမြန်ကြွပြီး တောရဟန်းကို မဂ်ကျပုံ အဆင့်ဆင့်ကို ဖြေစေပါတယ်။ စာတတ်ရဟန်းအလှည့်မှာ အောက်ဆုံးအဆင့် သောတ္တပတ္တိမဂ်တောင် ကျေကျေလည်လည် မဖြေနိုင်တော့မှ ဆိုဆုံးမဩဝါဒ ပေးရပါတယ်။ ဒီလို ဥပမာမျိုးတွေ အများအပြားရှိပါတယ်။ စာမတတ်ဘဲလုပ်ရင် ဒိဌိဖြစ်တယ်ဆိုလို့ ပြောတာပါ။ စာတတ်တာတော့ အကောင်းဆုံးပါ။ ဒါပေမဲ့ အတိတ်ကံဆိုတာ ဘယ်သူမှပြင်လို့မရပါဘူး။
    နောင်ပိုင်းသာသနာမှာ ဒီလိုပါရမီရှင်တွေ မရှိတော့ဘူးလို့ ပြောကြပါတယ်။ ကံနဲ့ကံ၏အကျိုးကို ယုံရင် ဘာကြောင်ပါရမီရှင်တွေ နည်းသွားလည်းဆိုတာ လက်ခံလို့ရနိုင်ပါတယ်။ သာသနာနဲ့တွေ့ကြုံခံစားနိုင်ဖို့ အတိတ်ကံကြီးကြီးလိုပါတယ်။ ပါရမီအပြည့်ဖြည့်ခဲ့သူများက ဘုရားရှင်ကို ကိုယ်တိုင်ဖူးပြီး ကျွတ်တမ်းဝင်ပါတယ်။ သူတို့လောက် မပြည့်သူများက ဓမ္မတရားရသန့်ကို သာသနာ သန့်ရှင်းဆဲကာလခေတ်ဦးမှာ သောက်ခွင့်ရပါတယ်။ ကျန်လူများက တဖြည်းဖြည်းနဲ့ နောက်လာတဲ့ရေကို အတိတ်ကံအလျောက် သောက်ကြပါတယ်။ ဝိမုတ္တိသာသနာ တပတ်ပြန်လည်လာတဲ့ သာသနာနှစ်၂၅၀ဝ -၃၀၀ဝ အတွင်းမှာ ခေတ်ဦးနှစ်၅၀ဝ ကလို မလတ်ဆတ်တော့ပေမဲ့ ထိုက်သင့်သလောက် ကြည်လင်လာတဲ့ရေကို သောက်ခွင့်ရပြန်ပါတယ်။ ဘုန်းကံခြင်းမတူလို့ ခက်ခက်ခဲခဲ ခပ်ယူရခြင်း၊ ရေစစ်၊ ကြိုချက်ခြင်း တို့နဲ့တူတဲ့ နှစ်ရှည်လများ ကြိုးပမ်းအားထုတ်ရတာပါ။
    နောက်ဆုံးအနေနဲ့ ကိုအောင်ပုပြောသလို လိုချင်နေသေးရင် မဟုတ်သေးဘူးဆိုတာ မှန်ပါတယ်။ ဘယ်လောက်မှန်သလဲဆိုရင် ကိလေသာကုန်ပြီး ရဟနာ္တများအဆင့် မှန်တဲ့အထိ ကျယ်ပြန့်ပါတယ်။ အရိယာညဏ်ဆိုတာ အဆင့်ဆင့်ရှိပြီး သူ့အဆင့်နဲ့သူ မလိုချင်တာကိုခေါ်တာပါ။ ရဟနာ္တဖြစ်တောင်မှ ဝါသနာဆိုတာကျန်သေးလို့ ပုထုဇဉ်များအနေနဲ့ မခွဲနိုင်တာများပါတယ်။ ဘုရားဟောအတိုင်းကိုက်မှ ဖြစ်တာမဟုတ်ပါဘူး။ အနှစ်သာရပိုင်းတူတဲ့ အရိယာ ပညာညဏ်ကို စာအသိ ပုထုဇဉ်ညဏ်နဲ့ လိုက်ညှိတာထက် ကိုယ်တိုင်လေ့လာအားထုတ်မှသာ အနည်းဆုံးတော့ သိထားသလို မဟုတ်တာလဲ ရှိပါကလားလို့ သိသွားနိုင်လို့ပါ။

  • nigimi77

    April 8, 2011 at 5:12 am

    အင်း….ဒါဆိုရင် ဗုဒ္ဓ ဘာသာယုံကြည် သက်ဝင်တဲ့ နိုင်ငံ အချို ့ကလွဲပြီး ကျန်တဲ့ ကမ္ဘာ့ နိုင်ငံတွေ အကုန်လုံးဟာ အပါယ်တံခါး ပွင့်နေကြတယ် ဆိုတဲ့ သဘောကို ဆောင်နေသလားပဲ…..။
    တဖန် သာသနာဟာ ကွယ်နှင့်ပြီးသားဆိုတဲ့ သဘောကို ဆောင်နေပြန်ရော…။

    ငြင်းခုန်တာ မဟုတ်ဘူး ဆွေးနွေးကြည့်တာနော် ….ဉာဏ်မှီသလောက်လေး..။

    • bigcat

      April 8, 2011 at 5:17 am

      သာသနာ နှစ်၅၀ဝလား ၁၀၀ဝလား ၅၀၀ဝ လားနဲ့ပတ်သက်ပြီး အငြင်းပွားမှု ရှိပြီးသားပါ။ ကိုယ်တိုင် လက်ခံထားတာတော့ လိုက်နာကျင့်သုံးသူ ရှိသမျှပတ်လုံး နိဗ္ဗာန်အရသာကို ခံစားနိုင်သေးတယ် ဆိုတာပါ။ ဆိုလိုချက် အရမ်းကျယ်ပြန့်ပါတယ်။ အဓိပ္ပါယ်နှစ်ခုမတူတာ လက်တွေ့ထဲထဲဝင်ဝင် မလုပ်သူများ သိရန်ခက်ပါလိမ့်မယ်။

    • kai

      April 8, 2011 at 9:42 am

      မှန်ပါတယ်..။
      မြန်မာပြည်က ထေရဝါဒကိုးကွယ်သူ လူသန်း ၃-၄ဆယ်လောက်ကလွဲပြီး ကျန်တဲ့ ကမ္ဘာ့သူကမ္ဘာသား လူသန်း ၆၀၀ဝကျော်ကြီးခမြာမှာ အပယ်တံခါးပွင့်နေကြရှာပြီး… မြန်မာပြည်တခုထည်းကပဲကံကောင်းနေပါတယ်လို့.. ကမ္ဘာမှာ အဆင်းရဲဆုံးနိုင်ငံတခုစာရင်းဝင်.. သဘာဝဘေးအန္တရယ်၊ လူလုပ်တဲ့စစ်ဘေးအန္တရယ်.. ရောဂါဘေး(အေအိုင်ဒီအက်၊ အသဲရောဂါ တီဘီရောဂါ…) အများဆုံးတိုင်းပြည်တခုအဖြစ်နာမယ်ကြီးသထက်ကြိးလာနေတဲ့.. တိုင်းပြည်(မြန်မာပြည်)မှာနေတဲ့…. မြန်မာတွေက ..မြန်မာလိုပြောနေကြပါတယ်..။

      ( ဒီအတိုင်းသွားကြလို့ကတော့ .. မြန်မာတွေ..ဒီမိုကရေစီတောင်းစရာ..ရစရာအကြောင်းကို မရှိပါဘူး.. လူသားဖြစ်ပြီး… လူအများဆန္ဒနဲ့ အမြဲဆန့်ကျင်တဲ့ စိတ်ဓါတ်ခြေခံက .. ဘာသာရေးထဲမှာကို အမြစ်စွဲနေမင့်ဟာ..နော။)

      • weiwei

        April 8, 2011 at 5:58 pm

        ကျွန်မဆိုလိုတာကို သူကြီးက အဓိပ္ပါယ်ကောက် လွဲသွားပါတယ် … မြန်မာပြည်တစ်ခုထဲ အပါယ်တံခါးပိတ်တယ်လို့ ပြောချင်တာမဟုတ်ပါဘူး … အပါယ်တံခါးဆိုတာ ၃၁ ဘုံမှာ မည်သည့်ဘုံမှာမဆို အမြဲပွင့်နေတယ်လို့ ပြောချင်တာပါ … မြန်မာပြည်မှာ ဗုဒ္ဓသာသနာ အထွန်းကားဆုံးနိုင်ငံဖြစ်လို့ တခြားနိုင်ငံများထက်စာလျှင်တော့ ကံကောင်းနေပါသေးတယ်လို့ ဆိုလိုခြင်းသာဖြစ်ပါသည် ….

  • weiwei

    April 8, 2011 at 6:30 am

    လူ့လောကသာမက နတ်ပြည် ဗြဟ္မာ့ပြည် အားလုံးအတွက် အပါယ်တံခါးက အမြဲတမ်း ပွင့်နေပါတယ် … ဗုဒ္ဓလမ်းစဉ်ကို ကျင့်ကြံရင် မည်သည့်လူမျိုးမဆို အပါယ်တံခါး ပိတ်နိုင်ပါတယ် …
    မြန်မာပြည်မှာ သာသနာထွန်းကားလို့ ကံကောင်းတယ်လို့ ဆိုနိုင်ပါတယ် ..

  • fatty

    April 8, 2011 at 7:55 am

    သိတ်ပြီးကျယ်ပြန့်လွန်းနေပေမဲ့ .. အတော်လေးကောင်းပါတယ် ..။ မဂ်ဉာဏ် ပြီးတော့ ဖိုလ်ဉာဏ် အဲဒီအဆင့်မှာ
    နိဗ္ဗာန် ကိုကြိုပြီး ခံစားကြည့်လို့ရတယ်လို့ ကျုပ်ကတော့လူပြိန်းလိုနားလည်ထားပါတယ် ..။
    နိဗ္ဗာန်ဝင်သွားပြီဆိုရင် နာမ်ဓာတ်ဖြင့် ခံစားနေတာလား ( ခံစား ခြင်း ) မဟုတ်ဘဲ တည်နေတာလား ..။
    ဒါမှမဟုတ် အထက်က ပြောသလို ရုပ်ရော နာမ်ရော ဘယ်မှာမှ မတည်တော့ဘဲ မရျိတော့တာလား ရှင်းပြပေးကြပါအုံး ..။

  • weiwei

    April 8, 2011 at 8:51 am

    တကယ့်နိဗ္ဗာန်အစစ် (ပရိနိဗ္ဗာန်စံပြီးနောက်) ကိုဝင်ပြီဆိုရင်တော့ ရုပ်ရော နာမ်ရော မရှိတော့ပါဘူး … လွတ်ငြိမ်းချမ်းသာသွားပြီပေါ့ ..

    တရားအားထုတ်ပြီး နိဗ္ဗာန်ကို ခံစားတယ်ဆိုတာက ဖိုလ်ဝင်စားတာကို ဆိုလိုတာပါ … ဖိုလ်ဝင်စားနေချိန်မှာဖြစ်ပေါ်တဲ့ ခံစားမှုကို ရှင်းပြနိုင်တဲ့ စာလုံး မရှိသေးဘူးလို့ ထင်ပါတယ် … ချမ်းသာတယ်လို့ ပြောနိုင်တယ် … ဘာလို့လဲဆိုတော့ ဘာမှမရှိလို့ … ရုပ်ဝေဒနာ စိတ်ဝေဒနာ မည်သည့်ဝေဒနာမှ မရှိလို့ … အေးချမ်းလိုက်တာ ပေါ့ပါးလိုက်တာ လေထဲမှာလွှင့်နေသလိုပဲ စသဖြင့်ပြောရင်တော့ နိဗ္ဗာန်အစစ်မဟုတ်ပါ …

    ဒီ့ထက်ပိုရှင်းပြနိုင်တဲ့အခါ ကြိုးစားပြီး ထပ်ရှင်းပြပါအုန်းမယ် …

  • fatty

    April 8, 2011 at 10:04 am

    ဖိုလ်ဝင်စားချိန်တွင် ဖြစ်ပေါ်သောခံစားမှုတွင် ( ခံစားမှုပါဝင်နေပါသည်။ ) ဆိုလိုသည်မှာ သိရှိမှုရှိနေပါသေးသည်ဟု ယူဆပါသည် ..။

    • weiwei

      April 8, 2011 at 6:03 pm

      ခံစားမှုဆိုတာက စကားလုံးရှာမရလို့ သုံးလိုက်ရတာပါ … သိရှိမှုရှိနေခြင်းတော့မဟုတ်ပါဘူး … တခြားစကားလုံးလဲ မသုံးတတ်တော့ပါ … သေချာသိချင်ရင်တော့ ကိုယ်တိုင်ခံစားမှသာ သိနိုင်မှာဖြစ်ပါတယ် …

    • bigcat

      April 9, 2011 at 1:19 am

      ဦးဖက်မေးခွန်းကို ဖတ်ပြီး သဲအင်းဂူဆရာတော်ကို ကျောက်သင်္ဘောဆရာများတို့က သိမှုနာမ်အကြောင်းမေးတာ သတိရမိပါတယ်။ နားလည်သလိုဖောက်သည်ချရရင် သစ္စာဆိုက်တဲ့အခါ ပွင့်သွားတဲ့အသိကို ဘယ်သူက လုပ်သလဲဆိုတာပါ။ နာမ်ကလုပ်တယ်ဆိုရင် ငါရှိတဲ့သဘော အတ္တဖြစ်ပါတယ်။ အဖြေက ရုပ်နဲ့နာမ်တိုက်ဆိုင်တိုင်းမှာ ဝိဇ္ဇာအသိနဲ့ အဝိဇ္ဇာအသိ နှစ်မျိုးပဲ ဖြစ်တယ်ဆိုတာပါ။ အမှန်သိရင် ပညာဖြစ်ပါတယ်။ ဘယ်သူမှ လုပ်တာမဟုတ်ပါဘူး။ ဒါကိုပဲ ခံစားမှုလို့ ပညတ်တပ်ပြောပါတယ်။ အဲသလိုမှ မတပ်ရင် ပြောစရာမရှိလို့ပါ။
      ကြောင်းကျိုးသင်္ခါရဆိုတာလည်း ဒီသဘောပါ။ သူဖာသာသူရှိတဲ့ရုပ်တရားကို သိမှုနာမ်က သွားညွှတ်လို့ စိတ်စေတသိက် (ပညတ်လိုတော့ ခံစားမှု) ဖြစ်ပါတယ်။ နာမ်အကြောင်း၊ ရုပ်အကျိုး၊ ရုပ်ကအကြောင်းပြန်တော့ နာမ်အကျိုးဖြစ်လို့ ရုပ်နာမ်သင်္ခါရလို့ ပညတ်တပ်ပြောတာပါ။ တကယ်မြင်ရင် နာမရူပပရိစ္ဆေဒညဏ်ကစလို့ ညဏ်အစဉ်လိုက်သွားမှာပါ။

  • လင်းဝေကျော်

    April 8, 2011 at 10:18 am

    ဝင်မငြင်းရဲဘူး။
    တော်ကြာ ခွင့်သာခိုက်မှ မလိုက်ချင် အမိုက်နင့်အပြင်ရှိသေးလား ဆိုပြီး အပြောခံရဦးမယ်။ း)

  • ငှက်ကြီး

    April 8, 2011 at 3:52 pm

    ငြင်းခုံတယ်ဆိုတာ အမှန်ကိုသိတဲ့သူကငြင်းတာလား..?
    အမှန်ကိုမသိတဲ့သူကငြင်းတာလား?
    အဖြေက .. ကိုယ်ကိုယ်ကို ပိုမှန်မယ်လို့ထင်တဲ့သူက ငြင်းတာပါတဲ့။
    တကယ်တမ်းအမှန်ကိုတိတိကျကျသိထားတဲ့သူက မသိသောသူတွေနဲ့ပြိုင်ပြီးတော့မငြင်းပါဘူးတဲ့။
    ဥပမာ– မောင်ဖြူက ဘောလုံးပွဲတစ်ခုကိုသွားကြည့်ခဲ့တယ်။အဖြေက ၂းဝ ဆိုပါတော့။ ရပ်ကွက်ထဲကိုပြန်ရောက်တော့ ကောင်လေးနှစ်ယောက်က အဲ့ဒီဘောလုံးပွဲအကြောင်းကို ငြင်းနေကြတယ်။ တစ်ယောက်က ၁းဝ တဲ့။
    နောက်တစ်ယောက်က ၂း၁ တဲ့။ မောင်ဖြူက အဲ့ဒီ၂ယောက်ကို ၂းဝ ဖြစ်ကြောင်း ပြောပြပေမယ့် သူတို့ရဲ့ခံယူချက်တွေကိုမပြောင်းလဲဘဲ ဆက်လက်ငြင်းခုံနေကြပါတယ်။ သူတို့နဲ့ပြိုင်ပြီးမိုက်မိုက်မဲမဲငြင်းနေအုံးမယ်ဆိုရင် မောင်ဖြူလောက်မိုက်တဲ့သူ
    လောကကြီးမှာရှိအုံးမှာတဲ့လား။ အဖြေမှန်ကိုသိနေတဲ့ မောင်ဖြူကတော့ သူတို့တွေနဲ့ဆက်မငြင်းတော့ဘဲ သနားဂရုဏာဖြစ်စွာနဲ့ပဲ ရှောင်ထွက်လာခဲ့ပါတယ်။ ( အော်..အဖြေမှန်ကို မသိကြလေခြင်းဆိုပြီး)

    ဂေါတမဘုရားရှင်က …သူတော်ကောင်းတို့သည် ငြင်းခုံခြင်းကို ရွှံ့ရှာစက်ဆုပ်၏ လို့ ဟောကြားတော်မူထားပါတယ်ခင်ဗျာ။

  • nigimi77

    April 8, 2011 at 5:49 pm

    ဆရာငှက် ။ လုပ်ပါဦး ဂေါတမဘုရားရှင်က ဘယ်တရားတော်မှာ ဟောခဲ့တာလဲဆိုတာကို။

    ကျုပ်တော့ ငြင်းခုံခြင်းကို အလွန် နှစ်သက်ပါတယ်။

    လူသားဖြစ်တဲ့ လူတစ်ယောက်ဟာ ငြင်းခုံခြင်းမှ ကင်းဝေးလို ့ မရပါဘူး။

    ငြင်းခုံခြင်းမှ ကင်းဝေးရင် လူ ့မှုဘဝ (Soceity) ကို စွန် ့လွတ်ဖို ့ အသင့်ရှိပြီဆိုတဲ့ သဘောလို ့ထင်ပါတယ်။

  • nigimi77

    April 8, 2011 at 6:00 pm

    ငြင်းခုန် အကြံပေး ဆွေးနွေး ဝေဖန်တာလဲ လုပ်တော့လုပ်ကြပေါ့။

    ဘာမနိုင် ကျီမီးနဲ ့ ရှို ့ဆိုသလို နောက်ဆုံး ကျည်ဆံ ဖြစ်တဲ့…….

    ” ဉာဏ်မှီ သလောက်လေး ရေးသားပြီး အများ အကျိုးအတွက် နှိုးဆော်နေတာကို ယောကျာင်္းတွေ တန်မဲ့
    မိန်းမသား တစ်ယောက်ကို ဘာညာဘာညာ ”

    နဲ ့ ပစ် ခံနေရဦးမယ်။

    ကျုပ်တော့ လစ်ပြီဗျို ့။

  • weiwei

    April 8, 2011 at 6:08 pm

    ကိုငှက်ကြီး ပြောသလိုပါပဲ … ကျွန်မက ငြင်းခုန်ခြင်းကို မနှစ်သက်ပါဘူး … ငြင်းခုန်သူများကိုလဲ အပြစ်မမြင်ပါဘူး … လူ့အခွင့်အရေး မဟုတ်လား … အခုလိုပို့စ်ကျတော့ ကိုယ်စထားတဲ့ ဇာတ်လမ်းဆိုတော့ ကိုယ်သိသလောက် အတတ်နိုင်ဆုံးနားလည်အောင် ရှင်းပြဖို့ တာဝန်ရှိတယ်လို့ ယူဆပြီး နိုင်သလောက်ပြန်ရှင်းပြခြင်းသာဖြစ်ပါတယ် …

    • kai

      April 8, 2011 at 7:09 pm

      ငြင်းခုန်တာနဲ့..ဆွေးနွေးတာမတူပါဘူး..။ ဘုရားဟောတာနဲ့တော့ ကိုင်မပေါက်ချင်ဘူး..။ ဘုရားကနှစ်၄ဝကျော်…အများကြီးကို ပြောသွားခဲ့တာကိုး..။
      သေချာတာကတော့… ဆွေးနွေးတာကို ဗုဒ္ဓကိုယ်တော်တိုင်လုပ်တာပဲ..။
      အဲဒီမှာ အမှန်တရားဆိုတာဘာလည်း ပြသနာဖြစ်မယ်..။
      တကယ်တော့ အမှန်ဆိုတာကို ဒီမိုကရေစီစံနစ်အရ.. အများဆန္ဒနဲ့ဆုံးဖြတ်ရတာပဲ..။
      အမြဲမှန်နေဖို့မလိုပါဘူး.အဲဒါကြောင့်.. နိုင်ငံရေးမှာ..အစိုးရသက်တန်းတွေကို ၄နှစ်၅နှစ် စသဖြင့် တဖြတ်ဖြေတ်စီထားတယ်..။

      အများဆန္ဒယူရခက်ရင်.. အဆုံးသတ်ရလဒ်ကကြည့်ပြီး ဆုံးဖြတ်ရတယ်..။ (the end justifies the means)
      ပစ္စည်းတခု..ကားတစင်း..လေယဉ်တစ်စင်း..ပျက်စီးနေတယ်..။ ဖန်ရှင်တွေအလုပ်မလုပ်ဖူး..
      လူတယောက်..တစု..တဖွဲ့..တနိုင်ငံ.. မအောင်မြင်ဘူး..နိမ့်ကျနေတယ်ဆို… Troubleshootingလုပ်ရာမှာ ပြောင်းပြန်ကြည့်ပြီး .. အဖြေရှာရတာပဲ..။
      ချို ့ယွင်းနေပြီ..
      ဘာကြောင့်လည်း.. တဆင့်စီ..ဖြူတ်ထုတ်စစ်ဆေးသွားရတယ်..။
      ဘာသာရေးအယူမှာ.. လူတယောက်ဟာအယူမှားလို့.. အတွေးအခေါ်တိမ်းနေလို့… အဖြေမှန်ကိုဘယ်နှနှစ်ရှာရမှာလည်း…။
      ၁ဝနှစ်လား..အနှစ်၂ဝလား..အနှစ်၄ဝလား.. သက်တန်းအကုန်လုံးလား..။
      အနှစ်၁၀ဝလား..အနှစ်၅၀ဝလား..အနှစ် ၁၀၀ဝ လား…။
      သံသရာတခုလုံး..ဘဝတိုင်းရှာနေကြရမှာလား….။

      ထားပါတော့…
      ရွာသူကြိးအနေနဲ့ ပြောရရင်တေ့ာ ..ဆွေးနွေးတာရော.ငြင်းခုန်တာရော.. ကြိုဆိုပါတယ်..။
      ဝေမမ ပြောသလိုပါပဲ..။
      ပို ့စ်တခုတင်လိုက်တိုင်း.. မူရင်းပိုစ် ့တင်သူဟာ.. တက်လာတဲ့ မှတ်ချက်တိုင်းကို … ဦးဆောင်ဖြေရှင်းရမယ့်တာဝန်အပြည့်ရှိပါတယ်..။
      မှားတာမှန်တာ.. ဖတ်တဲ့သူတွေ .. ယူချင်သလိုယူကြလိမ့်မယ်..။

  • nigimi77

    April 8, 2011 at 6:39 pm

    အခုလို နောက်ဆုံး ကျည်ဆံနဲ ့ ပစ်တတ်တဲ့ စာရေးသူ တစ်ယောက် မဟုတ်ဘူးဆိုတာ သိခွင့်ရတဲ့ အတွက်

    ကျေနပ်ပါတယ်။ ကျေးဇူးလဲ တင်ပါတယ်။ ငြင်းခုံတာကို လူ ့အခွင့်အရေးလို ့ ယူဆတဲ့ အတွက်ကြောင့်။

    ဆက်လက်ပြီး ရှင်းပြပေးပါ။

  • maungmoenyo

    April 9, 2011 at 1:33 am

    ကိုကြောင်ကြီးပြောပြတဲ့ စာတတ်ပေတတ်တိုင်း နိဗ္ဗာန်မျက်မှောက်နိုင်မယ်ဆိုတာ မဟုတ်ကြောင်းရှင်းလင်းပြတာကျေးဇူးအထူးတင်ပါတယ်။ အဘိဓမ္မာဆိုတာစာတတ်ကျမ်းအောင်မှမဟုတ်ပါဘူး။ ကျင့်ကြံမှုနဲ့ အရိာယဉာဏ်စဉ်ရရှိမှုပေါ်မှာအခြေခံပါတယ်။ ဇာတိပရမာနုမြူ တည်တဲ့ ဓါတ်သဘောကစပြီးတရားကိုယ်အချက်အလက်တွေကိုအပြန်အလှန်မသုံးသပ်တတ်ရင်ဉာဏ်စဉ်ရဘို့ခဲယဉ်းပါတယ်။ ကာယကံရှင်ကျင့်ကြံသူတွေကထုတ်ဖေါ်မပြောကြပေမဲ့၊ အရိယာတန်းဝင်သွားကြသူတွေ သမိုင်းမှာရှိပါတယ်။ အဓိကက ပါရမီပါ။ မောင်မိုးညိုဆိုလိုတဲ့ အဘိဓမ္မာဆိုတာဟာလည်းစာတွေ့ထက် ငါတွေ့ ကိုဆိုလိုကြောင်းပြောပြပါရစေ။
    ဒါကြောင်လဲ မဝေပြောတဲ့ (၃၁)ဘုံသားမောင်မိုးညိုတို့တတွေ ဒီသံသရာမှာအပယ်နဲ့နီးကာတချီ ဝေးကာတလှည့်ဖြစ်နေကြရတာကလား။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 9, 2011 at 1:52 am

    တစ်ကယ်လို ့
    ဓာတ်ဆီဒီဇယ်သာ ဈေးမတက်ရင်
    နိဗ္ဗာန်ယဉ်တွေရဲ ့အကျိုးဆောင်မှုဟာလည်း
    ထိထိရောက်ရောက်ရှိလှပေလိမ့်မယ်ဗျာတို ့

  • weiwei

    April 9, 2011 at 2:12 am

    ဦးမိုးညိုရေးလိုက်တဲ့ ပထမကွန်မန်းကိုကြည့်ရင် စာနဲ့ ကိုယ်တိုင်ဆိုလိုရင်းမှာ အငြင်းပွားစရာတွေဖြစ်လာတတ်တာကို သတိပြုမိကြမှာပါ။ စာရေးသူကိုယ်တိုင်က ပြန်မရှင်းပြရင် သူမြှုပ်ရေးထားတဲ့အချက်တွေကို တခြားသူတွေအလွယ်တကူမသိနိုင်ပါ။ အဲဒီလိုပဲ ရဟန္တာကိုယ်တော်မြတ်များ ရေးသားထားတဲ့ ပိဋိကတ် ၃ ပုံမှာ ရဟန္တာတို့ဉာဏ်ဖြင့် ချန်ရေး မြှုပ်ရေးထားသည်များ များစွာရှိနေပါသဖြင့် နားလည်ရန် အလွန်ခက်ခဲပါသည်။

  • nigimi77

    April 9, 2011 at 3:33 am

    ဟင်….?? ဘာလို ့ ဆရာစားချန် ဉာဏ်ဖြင့်ရေးတာလဲ ??

    သိချင်ရင် ဖြစ်ချင်ရင် လက်တွေ ့ လုပ်ကြည့်ဆိုတဲ့ သဘောလား…??

    ဦးမိုးညို က ဒီလိုပြောတယ်….။

    “………….ကျင့်စဉ်ကိုဘဲပြောပါတယ်။ ကိုယ်ကျင့်မှကိုယ်ရပြီး၊ ကိုယ်သိပါလိမ့်မယ်။ သမထ၊ ဝိပဿနာ ထိုင်ခြင်းအားဖြင့် နိဗ္ဗာန်ရောက်တယ်လို့ ဗုဒ္ဓက ဘယ်တနုံးကမှမပြောခဲ့ပါဘူး။ အဘိဓမ္မာကိုနားမလည်ဘဲ တရားထိုင်ခြင်းအားဇြင့် မြင်သမျှ၊ ခံစားရသမျှ အားလုံးဟာ နိဂျောဓကိုမဆိုက်ဘဲ ဒိတ္ထိတောင်ဖြစ်နိုင်ပါတယ်။..”

    ကျင့်စဉ် ဆိုတာက နည်းလမ်း။
    နားလည်တယ် ဆိုတာက သိခြင်း။

    ဆိုတော့…… မသိပဲ(သိခြင်း မရှိပဲ) နည်းလမ်း(အကျင့်) ကိုသာ ကျင့်သုံးရင် ဖြစ်မြောက်မှာ မဟုတ်ဘူးပဲလား။

    ဒါဆို သိဖို ့ ဘာတွေ လိုအပ် သလဲ…?

    သိခြင်းလည်း ရှိပြီး နည်းလမ်းကို ကျင့်ပြန်တော့လည်း ပါရမီက ရှိမှ ဖြစ်မှာလား …???

    • bigcat

      April 9, 2011 at 3:41 am

      တပ်မ၇ရ စစ်သား
      အိုင်းစတိုင်းသီအိုရီ
      ရီလေးတီဗတီ
      ခင်ဗျားသိသားပဲ
      လုပ်ကြည့်ပါလား
      သူ့လိုများဖြစ်မလားလို့….

    • weiwei

      April 9, 2011 at 4:15 pm

      ကျင့်လည်းကျင့်ဖြစ်ပြီ … သိလည်းသိပြီဆိုရင်တော့ ပါရမီရှိလို့ဆိုတာ သေချာပြီပေါ့ …

  • maungmoenyo

    April 9, 2011 at 4:07 am

    ထပ်ပြီးမြှုပ်ထားတာတော့မဟုတ်ပါဘူး….
    ဆက်စပ်တွေးယူကြပါ….
    လိုအပ်ရင်နောက်တခေါက်ထပ် ပြန်သုံးသပ်ကြည်ကြပါ
    သိ ။ ပယ် ။ ဆိုက် ။ ပွား ………တဲ့။

    • weiwei

      April 9, 2011 at 4:27 pm

      ဥပါဒါနက္ခန္ဓာငါးပါးသည် ပိုင်းခြား၍ သိရမည့်တရား (ပရိညေယျ)၊ တဏှာ (နှင့်တကွသော ကိလေသာတို့)သည် ပယ်သတ်ရမည့်တရား (ပဟာတဗ္ဗ)၊ ဒုက္ခချုပ်ငြိမ်းရာ နိဗ္ဗာန်သည် မျက်မှောက်ပြု ဆိုက်ရောက်ရမည့်တရား (သစ္စိကာတဗ္ဗ)၊ မဂ္ဂင်ရှစ်ပါးသည် ကျင့်ကြံပွားများရမည့်တရား (ဘာဝေတဗ္ဗ)ဟု “သိ-ပယ်-ဆိုက်-ပွား” ကိစ္စတာဝန် လေးရပ်နှင့် တွဲဖက် သိမြင်ခြင်းသည် ကိစ္စဉာဏ်ဖြစ်သည်။

  • nozomi

    April 9, 2011 at 4:23 am

    တရားစခန်း ၄၊၅ ခါ ဝင်ဘူးတယ် ထွက်လိုက်တဲ့ ချွေးတွေ (ရွေ့ဘို့နေနေသာသာ)ကျောက်တုံးကြီးကလှူပ်တောင် မလှူပ်ဘူး ဒါပေမဲ့ ဘယ်လိုတွန်းရမလဲ ဆိုတဲ့ နည်းကို သိသလိုလိုတော့ ရှိလာတယ်

    ယုံကြမလားတော့ မသိဘူး ကျွန်တော် နိဗ္ဗာန်ကိုတစ်ခေါက်တော့ ရောက်ဖူးတယ် ခဏပါဘဲ

    ဟင်္သာတကနေ လေးမျက်နှာကိုသွားရင်း ခဏဝင်ဖြစ်တာလေ….

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 9, 2011 at 2:43 pm

    မြတ်စွာဘုရားရှင်တော်မြတ်က
    ငြင်းခုန်ကြတာကို လူတွေရဲ ့အရပ်စကားနဲ ့ပြောရင်
    နှစ်သက်တော်မမူဘူးဗျို ့
    သိခြင်ရင်ရှာဖတ်ကြ ပြောနိုင်ဘူး
    ရဟန်းတွေဘုရားရှင်နှင့် သတင်းသုံးကြတယ်ဗျို ့
    အဲ့သည်ထည်းမှာ ထေရ်ကြီး နှစ်ပါးလည်းပါတယ်
    တစ်ဖက်စီတပည့်တွေနဲ ့ပေါ့
    တစ်နေ ့မှာ တစ်ပါးသော ထေရ်ကြီးက အိမ်သာရေခွက်ကိုသုံးပြီး ပြန်မမှောက်ထားဘူး
    ကိစ္စပြီးလို ့နောက်ထေရ်ကြီးတစ်ပါးက အိမ်သာရေခွက်မမှောက်ထားတာကိုတွေ ့လို ့
    အာဝုသော ငါ့ရှင် ဘယ့်နှယ်ကြောင့် အိမ်သာခွက်ကို အသုံးပြုပြီးမမှောက်ထားရသတုံးလို ့မေးတော့
    အဲ့သည်ထေရ်ကြီးက easy ဘဲ
    I donအပေါ်စတော်ဖီt know လို ့
    ပြောလိုက်တော့
    အလို ထေရ်ကြီးရဟန်းဖြစ်ပြီး သန် ့စင်ခွက်၌ ထားရမဲ ့ဝိနည်းကိုတောင်မသိပါလားကဲ့ရဲ ့တော့
    အကဲ့ရဲ ့ခံရတဲ့ထေရ်ကြီးရဲ ့တပည့်တွေနဲ ့
    ကဲ့ရဲ ့တဲ့ထေရ်ကြီးရဲ ့တပည့်တွေ ပလာဘလမ်တွေဖြစ်ကြရော
    အဲ့သည်အခါမှာ
    မြတ်စွာဘုရားရှင်တော်မြတ်က
    ငြင်းခုန်နေကြသူတွေကို ကြည့်ပြီး သူတို ့ကိုလက်မခံတဲ့
    ဂါထားတစ်ပုဒ်ကို ဟောကြားတော်မူပါတယ်
    အဲ့သည်ဂါထာကိုသိခြင်ရင်
    ရှာဖတ်ကြ
    ပြောဘူး

    • kai

      April 10, 2011 at 6:03 am

      အဲဒီလိုနဲ့.. ငါတို့ဘုရားခမြာလည်း.. ဂါထာဟောမရ.. တရားချမရဖြစ်တာမို ့…
      သံဃာတွေဂိုဏ်းကွဲပြီး နောင်ဂျိန်ချကုန်တာကို… ဂေါတမဘုရားလည်း ဥုံဖွ တန်ခိုးတော်နဲ့ဘာမှ မတတ်နိုင်တာမို ့…
      တောထဲ… တပါးထဲကြွပြီး..သီတင်းသုံးတော်မူပါသတဲ့..။ 🙂

      • weiwei

        April 12, 2011 at 1:38 pm

        မြတ်စွာဘုရား ဘုရားစဖြစ်တဲ့နေ့ ဗောဓိပင်အောက်မှာ ပထမဆုံးအကြံဖြစ်တော်မူတာက တရားမဟော တရားမပြတော့ဘူးလို့ မှတ်သားဖူးပါတယ် … တရားတော်တွေက နက်နဲလွန်းလို့ မြင့်မိုရ်တောင်အောက်မှာ ပိနေတဲ့ ဇီးစေ့လေးတစ်စေ့ကို ပြရသလို ခက်ခဲပါတယ်တဲ့ …
        မြတ်စွာဘုရားလက်ထက်မှာတောင်မှ ဂိုဏ်းကွဲမှုတွေ အယူမှားသူတွေ မကျွတ်ခဲ့သူတွေ အများကြီးရှိခဲ့သေးတာ … နှစ်တွေကြာလာတဲ့အလျှောက် ပိုလို့တိုးပြီး ဂိုဏ်းဂဏ ဝါဒတွေကွဲလာတာ မထူးဆန်းပါဘူး …

  • weiwei

    April 9, 2011 at 4:28 pm

    ဘဒန္တဆရာတော်အောင်ပုတစ်ယောက် စာအုပ်ရှာမတွေ့ဘူးနဲ့တူတယ် … 😛

  • weiwei

    July 3, 2012 at 10:23 am

    ကိုဇောက်ထိုးရဲ့ နိဗ္ဗာန်အကြောင်းကနေ ကျွန်မရေးခဲ့ဖူးတဲ့ နိဗ္ဗာန် ပို့စ်ကို ပြန်တွေ့လို့ အမှတ်တရ ပြန်ပြီး ကွန်မန့်ပေးလိုက်ပါတယ် …
    တစ်ချိန်တုန်းက ကျွန်မတို့တွေ ဒီရွာထဲမှာ ဒီလိုတွေ ဆွေးနွေးဖြစ်ခဲ့တယ်ဆိုတာလေး ….

Leave a Reply