” အကယ်၍သာ……………………………”

“အကယ်၍သာ…………………………………………….”
(5-4-2011)နေ့ညကဖြစ်ခဲ့တဲ့အဖြစ်အပျက်လေးပါ။
အဲဒီနေ့ညပိုင်း 7း54မိနစ်မှာ ကျွန်တော့်တိုက်ခန်းရဲ့အပေါ်ထပ်မှာနေတဲ့”မီးမီး”ဆီကဖုံးဝင်လာပါတယ်။
“လေးလေးအိမ်ပြန်ရောက်ပြီလား”လို့မေးလာတော့ ကျွန်တော်က” အလုပ်ထဲမှာဘဲရှိသေးတယ် “လို့ပြောလိုက်တဲ့အခါ
သူက “လေးလေးအိမ်ပြန်ရင် သမီးအမေကို ခေါ်ပြီးဆေးရုံကြီးကိုလာပို့ပေးပါနော်”လို့ ပြောပြီးအကူအညီတောင်းပါတယ်။
သူ့အဖေလမ်းမှာ ယာဉ်တိုက်မှု့ဖြစ်တယ်ဆိုတာရယ် အခုလောလောဆယ် အရေးပေါ်ဌာကို သူလိုက်သွားပြီဆိုတာရယ်ဘဲကမန်းကတန်းပြောသွားပါတယ်။
အဲဒါနဲ့ ကျွန်တော်လဲ လုပ်နေတဲ့ အလုပ်ကုိုပြီးအောင်လုပ်ပြီးမှအလုပ်ထဲကကလေးတစ်ယောက်ကို
ဆိုင်ကယ်တစီးသတ်သတ်နဲ့ ကျွန်တော့် အိမ်ကိုခေါ်သွားလိုက်ပါတယ်။
ကျွန်တော့် ကောင်လေး က မီးမီး အမေကို ဆေးရုံအရင်ပို့ပေးဖို့ရည်ရွယ်ပြီး ခေါ်လာတာပါ။

ကျွန်တော်လမ်းမှာဘဲရှိသေးတဲ့အချိန်မှာကလေးမလေးဆီက ဖုန်းထပ်ဝင်လာပါတယ်။
အော်ပရေးရှင်းလုပ်ရမယ်ဆိုတဲ့အကြောင်းရယ် ဦးနှောက်နဲ့အာရုံကြောဌာနကိုလိုက်လာဘို့ရယ်လှမ်းအကြောင်းကြားတာပါ။
အဲဒီသတင်းကြားမိတော့မှ ထိခိုက်ဒဏ်ရာရသွားတာ များတယ်ဆိုတာသိသွားပါတယ်။
အပွင့်လင်းဆုံးပြောရရင်တော့ အစက ကျွန်တော့်စိတ်ထဲမှာ ထင်မိတာက သာမန်ပွန်းပဲ့တာလောက်ဘဲဖြစ်မယ်လို့ပါ။
အဲဒါနဲ့ဘဲ ဆိုင်ကယ်ကို နည်းနည်းမြန်အောင်မောင်းပြီး အိမ်ကို အမြန်ပြန်လိုက်ပါတယ်။
ဒါပေမမယ့်အိမ်ကိုရောက်တဲ့အခါမှာတော့ မီးမီးရဲ့အမေက အထုပ်အပိုးတွေနဲ့ဆင်းလာတာတွေ့ပါတယ်။
ကျွန်တော်ကိုတွေ့တဲ့အခါ “ ကိုပေါက်ရေ သမီးပြန်မလာတာနဲ့ဖုံးဆက်လိုက်တာ ဆေးရုံလိုက်ခဲ့ဘို့ပြောတယ် ကျွန်မ
မောင်ဝင်း ကိုခေါ်ပြီး ဆေးရုံလိုက်သွားနှင့်မယ်“လို့ ကမန်းကတန်းပြောပြီး အိမ်ဘေးနားက “မောင်ဝင်း”ဆိုင်ကယ်နောက်
ကထိုင်လိုက်သွားပါတယ်။
ဒါနဲ့ကျွန်တော်လည်းလိုရမယ် ခေါ်လာတဲ့ အလုပ်က ကလေးကို ပြန်လွှတ်၊
ထမင်းကမန်းကတမ်းစား မဒန်ပေါက်နဲ့ ဆေးရုံလိုက်သွားဘို့အလုပ်မှာ အိမ်နီးနားချင်းဖြစ်တဲ့
ကိုမင်းဆွေနဲ့ မစုတို့လင်မယား ရောက်လာပြီး ဆေးရုံကို လိုက်ခဲ့မယ်ဆိုတာနဲ့အတူသွားဖြစ်ကြပါတယ်။
ကျွန်တော်တို့လမ်းမှာရောက်နေတုံး “မောင်ဝင်း”ဆီကနေ ကိုမင်းဆွေဆီကိုဖုံးလာပါတယ်။
အော်ပရေးရှင်းလုပ်ရမယ် ဓါတ်မှန်ရိုက်ဘို့လုပ်နေတယ်လို့ပြောတော့ ကျွန်တော်တို့လည်း ဆေးရုံကိုလာနေပြီဆိုတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။
ကျွန်တော် မန္တလေးဆေးရုံကြီးကိုမရောက်တာအတော်ကြာပါပြီ။
အဆောက်အဦးအသစ်တွေအများကြီးတိုးလာတော့ ဘယ်နေရာမှာ ဘယ်ဌာနရှိမယ်ဆိုတာကို မသိတော့ ပါဘူး။
ဒါနဲ့ဘဲဆိုင်ကယ်စတင်းမှာဆိုင်ကယ်ဝင်အပ်ပြီး ဦးနှောက်နဲ့အာရုံကြောဌာနကို ဘယ်လိုသွားရလဲလို့ မေးလိုက်တော့
သူပြောပြတဲ့အဆောက်အဦထဲကို ဝင်သွားတုံးဖုန်းဝင်လာတာနဲ့ကိုင်လိုက်တော့ မီးမီးဖုန်းဖြစ်နေပါတယ်။
မီးမီးက သမီးက လေးလေးတို့ရဲနောက်ကျော က ဓါတ်မှန်ခန်းမှာလို့လှမ်းပြောတာပါ။
ကျွန်တော်တို့သွားနေတာနဲ့ဆန့်ကျင်ဘက်က အဆောက်အဦးထဲမှာရောက်နေတာပါ။
အချိန်ကတော့ 9း04မိနစ်ရှိပါပြီ။
ကျွန်တော်တို့ရောက်သွားတဲ့အချိန်မှာဓါတ်မှန်ခန်းကို ဝင်တဲ့သံတံခါးကြီးကတော့ သော့ခတ်ထားပါတယ်။
ဒီဓါတ်မှန်ခန်းမှာလဲ လူတစ်ယောက်မှ ရှိပုံမပေါ်ပါဘူး။
လူနာရော ဆရာဝန်ပေါက်စလေးရော ကျန်တဲ့လူတွေအားလုံးက ဒီဓါတ်မှန်ခန်းက တံခါးအဖွင့်ကိုဘဲ
စိတ်မောစွာ မျှော်လင့်တကြီးနဲ့စောင့်နေကြတာပါ။
အဲဒီ တံခါးပေါက်ဝမှာ လူနာတင်ထားတဲ့တွန်းလှည်းကိုထားပြီး ဓါတ်မှန်ခန်း ဖွင့်တာနဲ့ဝင်ရအောင်အားလုံးက အဆင်သင့်စောင့်နေကြပါတယ်။
အဲဒီအနားရောက်တော့ မီးမီးရယ် သူ့အဖေရဲ့မိတ်ဆွေသုံးယောက်ရယ်၊သူ့သူငယ်ချင်းကောင်မလေးတွေရယ်
မတ်တပ်ရပ်နေကြပါတယ်။
သူ့အဖေ”ကိုဦး”ကတော့ တွန်းလှည်းပေါ်မှာ ပက်လက်ကြီးပါ။
တွန်းလှည်းစင်ပေါ်မှာခင်းထားတဲ့ ပလပ်စတစ်အပြာစပေါ်မှာလဲသွေးတွေ က အကွက်လိုက်ကြီး ယိုစီးထားတော့ ပေကျံလို့နေပါတယ်။
ကိုဦးကတော့ သတိမရပါဘူး။
နှာခေါင်းမှာပိုက်တန်းလန်း၊လက်မှာလဲ ဒရစ်သွင်းထားတဲ့ ပိုက်ကတန်းလန်းပါဘဲ။
သွားခြင်းမကျိတ်မိအောင်လို့ ပါးစပ်ထဲကို အပေါက်ပါတဲ့(ကလေးနို့စို့တဲ့ နို့သီးခေါင်းလို )ပိုက်တစ်ခုထဲ့ပေးထားတော့ အသက်ရူလိုက်တိုင်းလေသံက တရူးရူးထွက်နေပါတယ်။
သေချာကြည့်လိုက်တော့ လက်ဖျံပေါ်မှာ နှစ်လက်မလောက် ကွဲထားတဲ့နေရာက သွေးတွေက ခြောက်နေပါပြီ။
ညာဘက်လက်ခုံကတော့ သွေးတွေပေကျံစီးခြောက်နေပြီး ဖူးယောင ်မို့မောက်လို့နေပါတယ်။
လက်ခုံကတော့ ကျိုးသွားတယ်လို့ ထင်ပါတယ်။
ဘယ်ဘက်ခြေထောက်ကတော့ ဒဏ်ရာမတွေ့ပေမယ့် ညာဘက်ခြေထောက်ကိုတော့ ပါတ်တီးစနဲ့အုပ်ရုံလေးအုပ်ပေးထားတဲ့နေရာက သွေးတွေစီးကျနေပါတယ်။
မျက်နှာမှာလဲပွန်းပဲ့ထားတဲ့ဒဏ်ရာဒဏ်ချက်တွေရှိပါတယ်။
ခေါင်းမှာတော့ ကွဲထားတဲ့ဒဏ်ရာလိုမတွေ့ရပေမယ့် ခေါင်းအောက်မှာတော့ သွေးတွေစီးကျနေတာတွေ့ရသလို
ညာဘက်နားထဲကလည်းသွေးတော်တော်လေးထွက်ထားသလို သွေးစေးတွေနဲ့ခြောက်ကပ်လို့နေပါတယ်။
သူ့လှည်းနားမှာ မောင်ဝင်း ကရပ်နေပြီး ကိုဦးရဲ့ ရင်ဘတ်ကိုတစ်ချက်တစ်ချက်အသာလေးထုပေးနေပါတယ်။
လှည်းရဲ့တစ်ဖက်ခြမ်းမှာတော့ ဆေးပုံးလေးတစ်ခုကိုကိုင်ထားပြီး နားကျပ်ကိုလည်ပင်းမှာချိတ်ထားတဲ့ဆရာဝန်လေးတစ်ယောက်က ရပ်နေပါတယ်။
ဒီနေ့ညတာဝန်ကျတဲ့ ဆရာဝန်လေးပါဘဲ။
ဆရာဝန်ကြီးကတော့ လာကြည့်သွားတယ် ဓါတ်မှန်ရိုက်မယ် လိုအပ်ရင်ခွဲစိတ်ကုသမယ်လို့ပြောသွားပါသတဲ့။
ကျွန်တော်ရောက်တော့ မီးမီးက 8နာရီကျော်ကျော်ကတည်းက ဓါတ်မှန်ရိုက်ဘို့ စောင့်နေတာလို့ပြောပါတယ်။
ဆရာဝန်လေးကို ကျွန်တော်က လူနာသွေးအများကြီးထွက်နေတယ် ဓါတ်မှန်ခန်းက လူသွားမခေါ်ဘူးလားလို့မေးတော့
သူက ခေါ်ခိုင်းထားတယ်ဆိုတာလောက်နဲ့ ဘဲ ပြီးသွားပါတယ်။
လူနာရှင်ရော မိတ်ဆွေတွေရော ပူပန်မှု့တွေရှိနေကြမယ့် ဆရာဝန်လေးရယ် သတိမေ့နေတဲ့လှည်းပေါ်ကလူနာရယ်က
တော့ ခပ်အေးအေးပါဘဲ။
ခဏနေတော့ ဆေးရုံအကူ ဖြစ်တဲ့အသားညိုညိုပိန်ပိန်နဲ့လူတစ်ယောက်ရောက်လာပါတယ်။
အားလုံးက ဓါတ်မှန်ခန်းက လူအလာမလာဆိုတာကို ဝိုင်းမေးကြတော့ ထမင်းစားပြီးလာမယ်ဆိုတဲ့အဖြေဘဲရလာပါတယ်။
သူကဘဲ လူနာကို သန့်စင်ဘို့အတွက် တစ်သျူးစက္ကူရယ် ပလပ်စတိတ်အိပ် အကြီးရယ်ဝယ်ခိုင်းပါတယ်။
ဝယ်ခိုင်းတဲ့ပစ္စည်းတွေလဲရောက်ရော လူနာရဲ့ရှပ်အကျီင်္ကို ချျွတ်ပေးပြီး ပေကျံနေတဲ့သွေးတွေကို သုတ်ပေးပါတော့တယ်။
ခေါင်းအောက်မှာစီးကျနေတဲ့သွေးတွေကို လဲ တစ်သျှုးနဲ့ရသလောက်သုတ်ပေးပါတယ်။
ကျွန်တော်တို့ ယောကျာ်းလေးသုံးယောက်ကို ဟိုလိုသုတ်ဒီလိုသုတ်ဆိူပြီး ဆေးရုံအကူလူညွန်ကြားတဲ့အတိုင်းသန့်ရှင်းရေးလုပ်ပေးနေချိန်မှာ နားကြပ်ချိတ်ထားတဲ့ဆရာလေးကတော့ အေးဆေးဘဲရပ်ကြည့်နေပါတယ်။
အဝတ်စနဲ့ပါတ်ထားတဲ့ ကျိုးနေတယ်လို့ ထင်ရတဲ့ ညာဘက်ခြေထောက်ကို တော့ ပုံစံမပျက်အောင် ပလပ်စတိတ်အိတ်ကြီးနဲ့ ထုပ်ပေးထားလိုက်ပါတယ်။
သတိမေ့နေတဲ့လူနာရဲ့အသက်ရူသံက ပို ပိုပြီး ပြင်းထန်လာသလို ရင်အုံကလဲ အသက်ရူလိုက်တိုင်း
ပိုပိုမောက်လာသလိုပါဘဲ။
မီးမီးက အတူပါလာတဲ့ ဆရာဝန်လေးကို သူ့အဖေက အရင်ကတည်းကရင်ကျပ်ပန်းနာလိုရောဂါရှိတယ်။
အောက်ဆီဂျင်ဘူးတပ်ပေးရင်ရမလားမေးတော့ ဆရာဝန်လေးက အောက်ဆီဂျင်ဘူးက ဒီနေရာကိုယူလို့မရဘူးလို့ဘဲပြောပါတယ်။
လူနာက သတိမရပေမယ့် ဝေဒနာခံစားနေရတယ်ဆိုတာကတော့သိသာပါတယ်။
ဒါပေမယ့် ဓါတ်မှန်ခန်းဆရာကတော့ ရောက်မလာသေးပါဘူး။
အဲတော့ ကျွန်တော်တို့ကလဲ ပူပန်ခြင်းများစွာနဲ့ အကူလူကိုထပ်လွှတ်ပေးတော့ည9း20 ကျော်ကျော်လောက်ရှိနေပါပြီ။
အတော်လေးကြာတော့ ဆေးရုံအကူလူပြန်လာပါတယ်။
သတင်းကောင်းလေးကတော့ မကြာခင်လာတော့မယ်ဆိုတာပါဘဲ။
သူပြောတဲ့အတိုင်း ခဏနေတော့ ဂလောက်ဂလက်အသံနဲ့အတူ ဓါတ်မှန်ခန်းတံခါးပွင့်လဲသွားရော
လူနာကို အခန်းထဲပို့ကြပါတယ်။
အဲဒီအခန်းထဲကိုဖိနပ်ချွတ်ပြီးဝင် ၊လူနာရဲ့ဦးခေါင်းပိုင်းကို ဓါတ်မှန်ရိုက်ဘို့အတွက်စင်ပေါ်တင်ပေးရပါတယ်။
(ဓါတ်မှန်ရိုက်တဲ့ကုတင်ကတော့ တီဗွီကြော်ငြာမှာလာဘူးတဲ့ စင်ကြီးနဲ့ ပုံစံတူပါတယ်အပေါ်မှာ အဝိုင်းကြီးလိုရှိတဲ့အထဲကို လူနာကို တွန်းသွင်းပေးရတာပါ။)
လူနာက ဝတော့ လူငါးယောက် ခေါင်းခါး ခြေ သုံးနေရာကနေ အတော်လေးကို ကြိုးစားပမ်းစားမတင်ရပါတယ်။
ဓါတ်မှန်မရိုက်ခင် ကုန်ကျစာရိတ်တွေကို ငွေသွင်း။
ဓါတ်မှန်ရိုက်ဘို့လူနာကိုလဲ မတင်လိုက်ရော လူကဝတော့ မနိုင်မနင်းနဲ့ မလိုက်တဲ့အချိန်
ဂလော ဂလောဆိုတဲ့ ရင်ခေါင်းသံာကြီးကို စိတ်မချမ်းသာစရာ ကြားလိုက်ရပါတယ်။
သူ့ကို လဲတွန်းလှည်းပေါ်ကနေ ဖယ်လိုက်တဲ့အခါ ပထမတင်ထားတဲ့ တွန်းလှည်းပေါ်က ပလပ်စတ်စအပြာစမှာ
သွေးတွေအိုင်ထွန်းနေတာကို တွေ့ရပါတယ်။
သူ့ဦးခေါင်းနေရာကပါ။
သူ့ကိုဓါတ်မှန်ရိုက်နေတုန်း တွန်းလှည်းကို သန့်ရှင်းရေးတွေလုပ်ရပါတယ်။
တကယ်တမ်းဓါတ်မှန်ရိုက်တာကတော့ ခဏလေးဘဲကြာပါတယ်။
ဓါတ်မှန်ရိုက်ပေးတာလဲ အမျိုးသမီးဝန်ထမ်းပါဘဲ။
မိနစ်ပိုင်းလေးအတွင်းပြီးသွားပါတယ်။
လူလာအောင်စောင့်ရတာသာကြာတာပါ။
ဓါတ်မှန်လဲရိုက်ပြီးရော လူနာတင်လှည်းကနေတစက်စက်ကျနေတဲ့ သွေးစက်တွေက အောက်ကြမ်းပြင်မှာပေပွနေတာကို
ကျွန်တော်တို့ အဖော်လိုက်လာတဲ့ လူလေးယောက်က တစ်ရူးစတွေနဲ့ ပြောင်အောင်လိုက်သုတ်ပေးရပြန်ပါတယ်။
ကို်ယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုး ဆိုတာ ဒါပဲဖြစ်မှာထင်ပါရဲ့။
နောက်ဆက်ပြီးခြေထောက်ရယ်လက်ရယ် ရင်ခေါင်းရယ်ကို ဓါတ်မှန်ရိုက်ရမယ်ဆိုတော့ နောက်တစ်နေရာကိုပြောင်းရပြန်ပါတယ်။

မန္တလေးဆေးရုံကြီးရဲ့တည်နေရာကို မြင်အောင်ပြောပြမယ်ဆိုရင် အလျားလိုက် (အနောက်ဖက် 77လမ်းကနေအရှေ့ဘက်74လမ်းထိဆိုတော့ )သုံးပြတိတိအရှည်ကြီးရှိပါတယ်။
အနံကတော့ တောင်ဘက် လမ်း30ကနေ မြောက်ဘက် 31လမ်းထိ တစ်ပြတိတိ ကျယ်ပါတယ်။
ဝင်ပေါက်ကတော့ လမ်းသုံးဆယ် 77လမ်းနဲ့နီးတဲ့ဘက်က ဝင်ရပါတယ်။
ဝင်ပေါက်ရဲ့အနောက်ဘက်(ဘယ်ဘက်ခြမ်း)မှာ အရေးပေါ်ဌာန(အိုပီဒီ)ရှိပါတယ်။
သူနဲ့ကပ်ရက်မှာလည်း ဓါတ်မှန်ခန်းတစ်ခုပါ။
ဝင်ပေါက်ကနေ မြောက်ဘက်တည့်တည့်ကို နည်းနည်းလေးသွားလိုက်တာနဲ့ ပင်မဓါတ်မှန်ခန်းကိုရောက်ပါတယ်။
(သော့ပိတ်ထားတဲ့အခန်းရှည်ကြီးပါ)။
ဝင်ပေါက်ကနေ အရှေ့ဘက်ကို ကွေ့သွားလိုက်လို့ မြောက်ဘက်ခြမ်းမှာရှိတဲ့အဆောင်တစ်ခုကိုကျော်လိုက်တာနဲ့ ဆိုင်ကပ်အပ်တဲ့နေရာကိုရောက်ပြီး အဲဒီရဲ့အရှေ့ဘက်ဘေးမှာတော့ ဦးနှောက်အာရုံကြောတို့ ခွဲစိပ်ခန်းတို့ ရှိတဲ့
အဆောင်ကြီးကိုရောက်သွားပါတယ်။

ဓါတ်မှန်ရိုက်ဘို့အတွက်နောက်တစ်နေရာပြောင်းဘို့ လူနာကို တွန်းလှည်းပေါ်ပြန်ပြောင်းပေးတဲ့အချိန်မှာ
စောစောက ကြားခဲ့ရတဲ့ အသံမျုးိ ထပ်ထွက်လာသလို လူနာရဲ့အသက်ရူသံကလည်းပြင်းသထက်ပြင်းပြီး
လာပါတယ်။အဲဒါနဲ့ဘဲ ဓါတ်မှန်ခန်း ရဲ့စင်္ကြံကနေ အနောက်ဘက် အရေးပေါ်ဌာနနားမှာရှိတဲ့ ဓါတ်မှန်ခန်းကိုထပ်ပြောင်းရပြန်ပါတယ်။
ဓါတ်မှန်ခန်းမှာလဲ ဓါတ်မှန်ရိုက်ဘို့စောင့်နေသူ သုံးလေးယောက်လောက်ရှိပါတယ်။
တွန်းလှည်းပေါ်မှာ သတိမေ့နေပြီး ခွေခွေလေး လဲနေတဲ့ ဆံပင်နီကျင်ကျင် အကျီမသေမသပ်နဲ့ကောင်လေးတစ်ယောက်ကလဲ သွေးစသွေးနတွေနဲ့ပါ။
နောက် ဝှးီချဲပေါ်မှာထိုင်နေတဲ့ ခြေကျိုးလာတဲ့ အမျုးိသမီးကြီးကတစ်ယောက်။
ဖုတ်လိုက်ဖုတ်လိုက်နဲ့အသက်ရူနေတဲ့ ဘာဖြစ်မှန်းမသိတဲ့ အမျိုးသမီးကတစ်ယောက်။
ဒါပေမယ့် ကျွန်တော်တို့ရောက်တာနဲ့ဓါတ်မှန်ရိုက်ဘို့ အသင့်ပြင်ရပါတယ်။
စောစောက အတိုင်းဘဲ လူနာကို ဓါတ်မှန်ရိုက်ဘို့ စင်ပေါ်ကို ခက်ခက်ခဲခဲတင်ရပြန်ပါတယ်။
ဓါတ်မှန်ရိုက်ပေးမယ့်ကောင်မလေးက ဆရာဝန်ကိုခေါ်ပြီး ရေးပေးလိုက်တဲ့ ဆေးမှတ်တမ်းကိုဖတ်ကြည့်ရင်းမေးနေပါတယ်။
ဆရာဝန်လေးကို ဘာတွေးမေးပြီး ဘာတွေဖြေကြမှန်း မသိလိုက်ရပေမယ့် ဓါတ်မှန်ရိုက်ပေးမယ့် ဝန်ထမ်းအမျိုးသမီးကတော့ လိုအပ်မယ်ထင်တာ ငါ့ဘာသာငါကြည့်ရိုက်ပေးလိုက်တော့မယ်ဆိုပြီး ပြောတာဘဲကြားလိုက်ရပါတယ်။
မီးမီးက ဓါတ်မှန်ရိုက်ဘို့အတွက်ဘောက်ချာဖြတ်ငွေသွင်းပေးနေချိန်ကျွန်တော်တို့ကလဲ လူနာကို သန့်ရှင်းရေးထပ်
လုပ်ပေး တစ်သျှူးစနဲ့သုတ်ပေးလုပ်ရပြန်ပါတယ်။
သွေးတွေက ထွက်နေသေးတာကိုး။
ပထမ ရင်ခေါင်းပိုင်းကို နှစ်နေရာ ဓါတ်မှန်ရိုက်ပါတယ်။
နောက်သွေးတွေပေကျံပြီး မို့မောက်နေတဲ့ လက်ခုံရိုး နှစ်နေရာ။
ပြီးတော့ တစ်ခါ ပလပ်စတစ်အိပ်စွပ်ထားတဲ့ခြေခုံနေရာကိုရိုက်ပါတယ်။
ပလပ်စတစ်တွေမဖယ်ဘဲ အနေအထားမပျက်ရိုက်ပေးတာပါ။
နောက်ဓါတ်မှန်ရိုက်ပြီးတဲ့အခါလူနာကို ဦးနှောက်နဲ့အာရုံကြောဌာနကို ပြန်ပို့ဘို့စီစဉ်၊
နှစ်ယောက်ကတော့ ဓါတ်မှန်အဖြေကိုစောင့်နေဘို့မှာပါတယ်။
ဓါတ်မှန်ခန်းက ကောင်မလေးကို ကိုဦး ရဲ့လူပါလားလို့မေးတော့ ကျွန်တော်က သူ့ရှေ့ကခုံမှာသွားရပ်လိုက်တဲ့အခါ
“လေးလေး ဆရာဝန်မှာတဲ့အထဲမပါပေမယ့် လူနာနောက်တစ်ခေါက်ထပ်လာရမှာမလွယ်လောက်ဘူးထင်လို့ လိုအပ်မယ်ထင်တာတွေကို ပါ ထပ်ရိုက်ပေးလိုက်တယ်နော် ဓါတ်မှန်ဘိုး နောက်ထပ် 1700ထပ်သွင်းရမယ်၊
ပြီးရင် ရလာတဲ့ဓါတ်မှန်တွေက မခြောက်သေးတော့ တစ်ခုနဲ့တစ်ခုမထိအောင် သေချာကိုင်သွားပါ”လို့မှာပြောပြော ပြောပါတယ်။
သူ့ရဲ့ကျွမ်းကျင်မှု့နဲ့စေတနာကိုတော့ လေးစားမိတာ အမှန်ပါဘဲ။
ဓါတ်မှန်ရိုက်ပြီးသွားတဲ့အချိန်ကတော့ 9း45မိနစ်ပါ။
ဒါနဲ့ဘဲဓါတ်မှန်တွေရလာတော့ ဦးနှောက်နဲ့အာရုံကြောကို လိုက်ကြရပါတယ်။
ဟိုရောက်တော့ ယောက်ျားဆရာဝန်အလတ်ရဲ့လက်ထဲကို ထည့်လိုက်ပါတယ်။
သူလက်ထဲကိုဓါတ်မှန်လေးချပ်ရောက်သွားတော့ သူကကျွန်တော်တို့နဲ့ပါလာတဲ့ ဆရာဝန်လေးကို ဘာမေးတယ်မသိဘူး
“ဓါတ်မှန်ခန်းက လိုမယ်ထင်တာထည့်ရိုက်ပေးလိုက်တယ်ပြောတယ်”ဆိုတာကို ဘဲ မသဲမကွဲကြားရပါတယ်။
ကျွန်တော့်အထင်တော့ သူမှတာထက ် ပိုပြီး ဓါတ်မှန်ရိုက်ပေးလိုက်လို့ မေးတာဖြစ်ဘို့များပါတယ်။

ဓါတ်မှန်တွေလဲကြည့်ပြီးရော အခန်းထဲမှာရှိတဲ့နပ်စ်ကို ညွှန်ကြားချက်တွေပေးပါတယ်။
နပ်စ်ကလဲ လူနာရှင်ကိုခေါ်ပြီး ခွဲစိတ်ကုသမယ်ဆိုတာကို သဘောတူညီကြောင်းလက်မှတ်ထိုးခို်င်းပါတယ်။
ခေါင်းထဲမှာ သွေးကတော့ ခဲနေတယ်လို့ ယူဆရတယ် ကောင်းဘို့ ကတော့ 40%
မကောင်းဘို့ကတော့ 60%ရှိတယ်လို့ ပြောပြပါတယ်။
ဒီအတိုင်းထားလဲ မထူးတဲ့အတူခွဲမယ်လို့သဘောတူလိုက်တော့ လိုအပ်တဲ့ပစ္စည်းတွေ
ကို ရေးပေးထားတဲ့စာရင်းအတိုင်းဝယ်ဘို့ ထွက်ရပြန်ပါတယ်။
ကောင်းတဲ့တစ်ချက်ကတော့ ဆေးရုံကြီးနဲ့ မျက်နှာချင်းဆိုင် လမ်းသုံးဆယ်ပေါ်ကဆေးဆိုင်တွေမှာ
လိုချင်တာအတော်များများဝယ်လို့ ရတာပါဘဲ။
မီးမီးတစ်ယောက်မှာတော့ ဟိုပြေးဒီပြေးနဲ့စိတ်တွေများအလုပ်များနေပေမယ့်
နဂိုရ်ထဲက သွေးမြင်ရင်မူးတတ်တဲ့ မီးမီးအမေ ဒေါ်သင်းသင်းကတော့ ဆေးရုံဝရန်တာက
ခုံတစ်လုံးမှာ အရုပ်ကြိုးပြတ်ထိုင်နေရှာပါတယ်။
ခံစားမှု့တွေထုံသွားပြီထင်ပါတယ်။

ခွဲစိတ်ခန်းဝင်ရမယ်ဆိုတော့ လူနာကို ခေါင်းတုံး တုံးဘို့ လုပ်ရပြန်ပါတယ်။
အကူလူကဘဲ လိုအပ်တာတွေကို ဦးစီးပြီးညွှန်ကြား ကျွန်တော်တို့ကသူပြောတဲ့အတိုင်းလိုက်လုပ်။
ကျွမ်းကျင်ရာလိမ္မာရာဆိုတာ ဒါမျိုးဘဲနေမှာပါ။
လူနာမှာဝတ်ထားတဲ့စွတ်ကျယ်ကိုချွတ်။
ပေကျံနေတဲ့သွေးတွေကို ထပ်သုတ်။
ပြီးလဲပြီးရော နပ်စ်မလေးနှစ်ယောက်ကလာပြီး လိုအပ်တာတွေကိုပြင်ဆင်ပါတယ်။
လူနာကို ဘာကြွေးထားသေးလဲမေးတော့ မဖြေနိုင်ကြပါဘူး။
ဆေးရုံကိုရောက်တဲ့ 7း30လောက်ကတဲက လူနာက သတိမရတာပါလို့ဘဲဖြေနိုင်ပါတယ်။
အဲဒါနဲ့ လူနာကို ဆီးချုဘို့ ပြင်ရပါတော့တယ်။
လူနာဆီက နေ အိတ်ထဲကို ကျလာတဲ့ဆီးတွေကို ဘူူးအလွတ်နဲ့ပြန်လှယ်ပြီး သွန်။
ခေါင်းတုံးတုံးထားတဲ့ ဆံပင်တွေကို အမိူက်ခန်းထဲသွားပစ်။
သုံးထားလို့ပေကျံနေတဲ့တစ်သျှူးတွေ ကိုပလပ်စတစ်အိတ်ကြီးထဲထည့် ။
သွေးတွေနဲ့ပေနေတဲ့ အဝတ်ဟောင်းတွေကိုလည်းအမိူက်ပုံးထဲထည့်။
အဲဒီအချိန်မှာတော့ နပ်စ်မလေးနှစ်ယောက်ကလည်းလူနာကို ခွဲစိတ်ခန်းဝင်ဘို့ပြင်ဆင်ပေးနေပါပြီ။

ခဏလေးနားရပြီဆိုတော့ မှ မီးမီးကို ဘယ်လိုဖြစ်တယ်ဆိုတာမေးရပါတော့တယ်။
မီးမီးသိတာက 7း30ပါတ်ဝန်းကျင်လောက်မှာသူ့ဆီကိုဖုန်းဝင်လာပါတယ်။
84လမ်း 34-35ကြားမှာရှိတဲ့ ရပ်ကွက်ရုံးကနေသူ့အဖေကိုဦးရဲ့ဖုန်းကနေဆက်လာပါတယ်။
ဆိုင်ကယ်အက်ဆီးဒင့်ဖြစ်တယ် ဆေးရုံပို့ဘို့ စီစဉ်နေပါတယ်။
လာခဲ့ပါဆိုပြီးပြောပါသတဲ့။
ဒါနဲ့ဘဲ သူ့အမေကို အဖေဆိုင်ကယ်လဲလို့ လိုက်သွားဦးမယ်ဆိုပြီးထွက်လာခဲ့ပါသတဲ။
ဒါပေမယ်သူ့အဲဒီရုံးကိုရောက်တော့ ဆေးရုံကြီးကိုပု့ိလိုက်တဲ့အကြောင်း ပြောပြတော့ စိတ်တွေအရမ်းပူသွားပါသတဲ့။
အဲဒါနဲ့ရပ်ကွက်ရုံးကသိမ်းပေးထားတဲ့ ပိုက်ဆံအိတ်ရယ် သူ့အဖေရဲ့လက်စွပ်ရယ် ဟန်းဖုန်းရယ်ကိုယူပြီးဆေးရုံကို
ဆက်ပြီးလိုက်ရပါသတဲ့။
ဆေးရုံရောက်တော့ အိုပီဒီကနေ အာရုံကြောကို လွှဲပေးလိုက်ပြီဆိုတော့ တစ်ခါထပ်လိုက်ရပြန်ရော။
အဲဒီရောက်တော့ မှသွေးသံရဲရဲ့နဲ့ ပက်လက်ကြီး သတိမေ့ နေတဲ့အဖေကိုမြင်လိုက်တော့ မှ
အမေ့ကို လှမ်းခေါ်ဘို့ ကျွန်တော်ဆီကို လှမ်းဖုန်းဆက်ပါသတဲ့။
သူ့အမေရောက်ပြီးခဏနေတော့ ဓါတ်မှန်ရိုက်ရမယ်ဆိုတာနဲ့ သူ့အမေကို ဆေးရုံဝရန်တာမှာထိုင်ခိုင်းပြီး
သူရယ် မောင်ဝင်းရယ်ရောက်လာနှင့်တဲ့မိတ်ဆွေတွေရယ်က ဓါတ်မှန်ခန်းကို အတူသွားဘို့ပြင်ကြပါသတဲ့။
သူလဲ သူ့အဖေ ဘယ်လိုဖြစ်တယ်ဆိုတာ မသိပါဘူး။
အဲဒီတော့ မှ သူ့အဖေစီးတဲ့ဆိုင်ကယ်ကို သတိရသွားပြီး ကျွန်တော့်ကို ဆိုင်ကယ်အတွက်လုပ်ပေးဘို့ပြောပါတော့တယ်။
အဲဒီအချိန်မှာ လူနာကတော့သတိမရသေးဘဲပက်လက်။
အဲဒါနဲ့ကျွန်တော်ရယ် ကိုမင်းဆွေရယ်က ဆိုင်ကယ်တစ်စီးနဲ့ မီးမီးကိုဆက်သွယ်ခဲ့တဲ့ရပ်ကွက်ရုံးကို လိုက်သွားကြပါတယ်။
ရပ်ကွက်ရုံးရောက်တော့ တံခါးမကြီးပိတ်ထားပေမယ့် ဖွင့်ထားတဲ့ပြူတင်းပေါက်ကနေကြည်ု့လိက်တော့
အသားညိုညိုနဲ့လူတစ်ယောက်ထိုင်နေတာကိုတွေ့ရပါတယ်။
အဲဒါနဲ့ စောစောက ဒီနားမှာဆိုင်ကယ်တိုက်သွားတဲ့ လူရဲ့အိမ်နီးနားခြင်းပါလို့ပြောပြတော့မှ
“ မြတောင်ကျောင်းအရှေ့ပေါက်မှာ7း15လောက်က ဖြစ်တာဗျ။
85လမ်းပေါ်က သံဂဟေဆိုင်နားလေးမှာ
လူတစ်ယောက်ဆိုင်ကယ်နဲ့လဲနေတယ်လို့ လာပြောတာနဲ့သွားကြည့်တော့ လူပေါ်ကို ဆိုင်ကယ်ပိပြီးသတိမေ့နေတယ်။
ဒါနဲ့ဘေးနားကျနေတဲ့ပိုက်ဆံအိတ်ကိုသိမ်း၊လက်မှာပါတဲ့လက်စွတ်ကိုချွတ်၊သူ့မှပါတဲ့ဟန်းဖုန်းက
နောက်ဆုံးခေါ်ထားတဲ့နံပါတ်ကိုဆက်သွယ်လိုက်တော့ သူ့သမီးဖုန်းဖြစ်နေတယ်။
ဒါနဲ့ဘဲ နာရေးကူညီမှု့အသင်းကိုအကူအညီတောင်းပြီး ဆေးရုံကိုပို့၊ခဏနေတော့ သူ့သမီးရောက်လာတာနဲ့သိမ်းထားတဲ့
ပစ္စည်းတွေကို သူ့သမီးကို ပေးလိုက်တယ်။
ဆိုင်ကယ်ကတော့ မှု့ခင်းကိစ္စဆိုတော့ ယာဉ်ထိန်းရုံးကိုအပ်လိုက်တယ်ဗျာ။
ဆိုင်ကယ်ကတော့ သိပ်ကြီးကြီးမားမား မပျက်စီးဘူး။
မီးလုံးကွဲတာလောက်ဘဲရှိမယ်။
နောက်နေ့မှယာဉ်ထိန်းရုံးနဲ့ဆက်သွယ်ပြီး ဆိုင်ကယ်ယူဘို့စီစဉ်ပေတော့၊
ညမှောင်တဲ့နေရာမှာဖြစ်တော့ ဘယ်သူနဲ့ဘယ်လိုတိုက်တယ်ဆိုတာ မသိရသေးဘူး။
မနက်ကျမှ အဲဒီနားက ကွမ်းယာဆိုင်ကိုမေးကြည့်ရမှာဘဲ”ဆိုပြီးစိတ်ရှည်လက်ရှည်ရှင်းပြပါတယ်။

အဲဒါနဲ့ဘဲဆေးရုံကိုပြန်သွားပြီး အကျုးိအကြောင်းပြောပြပါတယ်။
ကျွန်တော်တို့ 35လမ်းက ရပ်ကွက်ရုံးကိုရောက်နေတဲ့အချိန်မှာ ယာဉ်ထိန်းအဖွဲ့ကလူတွေလဲဆေးရုံကိုလာသွားပါသတဲ့။
ကိုဦးကိုနေရာပေး ထားတဲ့အခန်းထဲမှာ စုစုပေါင်းလူနာလေးယောက်ရှိပါတယ်။
အားလုံးက လဲပိုက်တန်းလန်းတွေပါဘဲ။
အဲဒီထဲက လူနာစောင့်နေတဲ့မိန်းမတစ်ယောက်က ပါးစပ်ကလဲတတွတ်တွတ်ရွတ်ရင်းရေသန့်ဘူးထဲကရေတွေကို
အခန်းထဲက ကုတင်အားလုံးကိုုလိုက်ဖျန်းပေးနေပါတယ်။
ဆရာတော်ဘုရားကြီးတစ်ပါးရဲ့ပရိတ်ရေလို့ပြောပြပါတယ်။
သူအဲလိုလုပ်ကိုင်ပေးနေတာကို ကျန်တဲ့ကုတင်အားလုးံကလူတွေက ကျေးဇူးတင်တဲ့ကြည့်တဲ့အကြည့် နဲ့ ဝိုင်းကြည့်လို့နေပါတယ်။

ခဏနေတော့ ကျွန်တော်တို့ ကပါလာတဲ့ မိန်းမတွေကိုပြန်ပို့ပြီးနောက်တစ်ခေါက်ပြန်လာမယ်ဆိုပြောတော့
မီးမီးက “မောင်ဝင်းကိုဘဲ အစောင့်ထားခဲ့ပြီးလေးလေးတို့က ပြန်လိုက်တော့ ပြန်မလာနဲ့တော့ လိုအပ်ရင်ဖုန်းဆက်လိုက်မယ်”လို့ပြောတာနဲ့ ကျွန်တော်တို့လဲပြန်လာခဲ့ကြပါတယ်။
အိမ်ပြန်ရောက်တော့ 11း30ပါ။
ဒါနဲ့ဘဲအိမ်ပြန်ရောက်တော့ အိပ်ချင်စိတ်လဲမရှိသေးလူကလဲနည်းနည်းပန်းတာနဲ့ခဏနားရင်း
စာဖတ်နေလိုက်ပါတယ်။
စာဖတ်ရင်းခုံပေါ်မှာ မှေးကနဲ အိပ်ပျော်နေတုန်းဖွင့်ထားတဲ့ပြူတင်းပေါက်ကနေ
“အကို”ဆိုပြီးခေါ်လိုက်သံကြားလို့ ကြည့်လို်က်တော့ “ကိုမင်းဆွေ”ဖြစ်နေပါတယ်။
“ဆုံးသွားပြီတဲ့ မောင်ဝင်း ဖုန်းဆက်လာတယ် ကျွန်တော်တို့ဆေးရုံလိုက်သွားရအောင်”ဆိုပြီးတော့ ပြောတာနဲ့တံခါးဖွင့်ဆိုင်ကယ်ထုတ်ပြီးဆေးရုံကို ကိုမင်းဆွေတူလေးနဲ့ပါဆိုရင်အားလုံ သုံးယောက်သွားကြပါတယ်။
အဲဒီအချိန်ကတော့ ည12း30 ရှိပါပြီ။
ဆေးရုံရောက်တော့ လူနာကတော့ ကုတင်ပေါ်မှာပါဘဲ။
သူ့ခန္ဓာကိုယ်ပေါ်မှာ ကြိုးတွေဆင်လို့ ကုတင်ဘေးက စက်တစ်လုံးနဲ့ဆက်ထားပါတယ်။
အသက်ကတော့ မရှိတော့ဘူးလို့ပြောပါတယ်။
အဲဒီတပ်ထားတဲ့ စက်ကလေးရဲ့မျက်နှာပြင်ပေါ်မှာတော့ ဂဏန်းတွေလဲပေါ်နေတယ်။
လှိုင်းလို့ အတွန့်တွန့်လေးတွေပြတဲ့ ဂရပ်ဖ်တစ်ခုပုံလဲရှိတယ်။
ဒါပေမယ့် အဲဒီစက်က ဘာဆိုတာ မေးဘို့ သတိမရပါဘူး။
ကိုဦးမျက်နှာကိုကြည့်လိုက်တော့ နုပ်ခမ်းနေရာတွေက ယောင်ကိုင်းလို့နေပါတယ်။
နားထဲကမှာလဲ သွေးအခဲလိုက်နဲ့ပါ။
အခုသေချာကြည့်လိုက်မှ ခေါင်းရဲ့ညာဘက်ခြမ်းမှာ အညိုအမဲစွဲနေတဲ့ ဒဏ်ရာတစ်ခုကိုတွေ့ရပါတယ်။
ခေါင်းတုံး တုံးထားမှမြင်ရတာပါ။
ကွဲတော့မကွဲဘူးဆိုတော့ အတွင်းကြေသွားတဲ့ဒဏ်ရာဘဲဖြစ်မယ်ထင်ပါတယ်။
သူတို့တပ်ထားတဲ့စက်ကလေးက တစ်ခါတစ်ခါ တဒီးဒီးနဲ့ထ ထမြည်ပါတယ်။
အဲဒီအခါမှ မီးမီးခဗျာ မှာ သူ့အဖေများအသက်ပြန်ဝင်လားသလားဆိုပြီး လှမ်းလှမ်းကြည့်ရတာအမောပါ။
တော်တော်လေးကြာတော့ ဆရာဝန်လေးနှစ်ယောက်ရောက်လာပါတယ်။
လက်တွန်းလှည်းလေးနဲ့စက်တစ်လုံးသယ်လာပါတယ်။
ပြီးတော့ ပထမတပ်ထားတဲ့ ကြိုးတွေဖြုတ်နောက်ထပ်ကြိုးအသစ်တွေတပ်။
ယူလာတဲ့စက်နဲ့ထပ်ပြီးလူနာကို ဆက်ပြန်ပါတယ်။
ပြီးတော့ ခလုတ်တစ်ခုကိုနှိပ်တော့ တတစ်တစ်မြည်ပြီးစာရွက်လေးတစ်ခုထွက်လာပြီးရပ်သွားပါတယ်။
အဲဒီအခါမှာသူနဲ့အတူရှိနေတဲ့ ဆရာဝန်လေးနောက်တစ်ယောက်က ဟိုခလုပ်နှိပ်ဒီခလုပ်နှိပ်နဲ့လုပ်တော့ တတစ်တစ်မြည်
ပြီးစာရွက်လေးက ထွက်လာပြီးရပ်သွားပြန်တော့ အဖုံးဖွင့် ပြီးစာရွက်လေးကို ဆွဲဆုတ်။
နောက်နည်းနည်းလေးပိုကြီးတဲ့ ဆရာတစ်ယောက်ယောက်လာပြန်ရော။
နောက်ရောက်လာသူက ဟိုလိုလုပ်ဒီလိုလုပ်ဆိုပြီးညွန်ကြား။
သူတို့အချင်းချင်း စကားတွေပြော ခလုပ်တွေထပ်နှိပ်။
ဒါပေမယ့်လဲ ပထမထွက်လာသလောက်စာရွက်လေးပဲထွက်လာပြီးရပ်သွား။
ဒါနဲ့ဘဲစိတ်မရှည်တာလား မလုပ်တတ်တော့လို့လားမသိဘူး စာရွက်ကလေးကို လက်နဲ့ဘဲဆွဲဆုတ်လိုက်ပါတယ်။
အဲဒီစာရွက်လေးပေါ်မှာတော့ လှိုင်းတွန်လိုပုံစံလေးပေါ်နေတဲ ့ ဂရပ်လေးပုံလေးမြင်လိုက်ရပါတယ်။
သူတို့ကတော့ ဘယ်အတွက်ဘာကြောင့်လုပ်တယ်ဆိုတာ မသိပေမယ့် လူနာရှင် မီးမီးမှာတော့ ဆရာဝန်တစ်ယောက်
ကသူ့အဖေအနားလာရပ်တိုင်း သူ့အဖေအသက်ပြန်ရှင်လာအောင်လုပ်ပေးဘို့ လာနေတဲ့ ကယ်တင်ရှင်ရောက်လာသလို
မျှော်လင့်နေတဲ့မျက်ဝန်းတွေနဲ့ ကြည့်ကြည့်နေတာကို သနားစဖွယ်တွေ့ရပါတယ်။
အပြင်ဘက်က ဝရန်တာမှာတော့ မီးမီးတို့အမေက မျက်ရည်တွေစီးကြနေပြီး ရှေ့ကရပ်နေတဲ့လူတွေကို ကြည့်နေပေမယ့် ဘာကို မှ မမြင်တော့သလိုမျက်ဝန်းတွေကအဝေးရောက်နေပါတယ်။
သိပ်မကြာခင်မှာဘဲ အကူလူက ရောက်လာပြီး ရင်ခွဲရုံကို ပို့ရမယ်လို့လာပြောပါတယ်။
အဲဒီအချိန်ရောက်တော့ မီးမီးနဲ့ကျွန်တော်တို့တိုင်ပင်ရပါတယ်။
ကိုဦးအလောင်းကို အိမ်ပြန်သယ်မယ် မသယ်ဘူးဆိုတာကိုပါ။
ပြန်သယ်ရင်လဲ တိုက်ခန်းမှာထားလို့မရတော့ပါဘူး။
ရပ်ကွက်ဓလေ့ထုံးစံအရ သေလူက ပြန်ဝင်လာရိုးမရှိရပါဘူး။
သယ်မယ်ဆိုရင်လဲ အခုသယ်လို့မရသေးဘူး မှု့ခင်းနဲ့ဆိုင်တဲ့အတွက် မှု့ခင်းဆရာဝန်ကြီးက ရင်ခွဲစစ်ဆေးပြီးမှာသာ
သယ်လို့ရမယ်ဆိုတာကို အကူလူက ရှင်းပြပါတယ်။
တကယ်လို့သယ်ခဲ့ရင်လဲ အနောက်ဘက် လမ်းဘေးက သစ်ပင်အောက်မှာဘဲထားလို့ရမယ်ဆိုတာသိရတော့
မီးမီးကို ရန်ကုန်မှာနေတဲ့ သူ့အကို နဲ့လှမ်းပြီးတိုင်ပင်တော့ မသယ်တော့ ဘူး ဆေးရုံကဘဲ တိုက်ရိုက်ချမယ်ဆိုပါတယ်။
သူ့အကိုကလဲ မနက် မှထွက်လာခဲ့ဘို့ မှာပါတယ်။
ဒါနဲ့ဘဲ လူနာကိုတွန်းလှည်းပေါ်ပြောင်းလို့တင်။
ပစ္စည်းတွေသိမ်းလို့ အောက်ကိုဆင်းကြပါတယ်။
မီးမီးအမေကိုတော့ မီးမီးရဲ့အလုပ်ရှင်မိသားစုက ခေါ်သွား။
သူတို့ကားနားမှာပစ္စည်းတွေထား ။
ကျွန်တော်တို့ မီးမီးတို့က ရင်ခွဲရုံကိုသွား။
ဟိုရောက်တော့ အခန်းထဲ့ကျောက်ခုံပေါ်ကို တင်ပြီးရော အစောင့်ကတံခါးကို ပိတ်ချလိုက်ပါတော့တယ်။
အဲဒီမှာ မေးတော့မှာ မှု့ခင်းဆရာဝန်က ခွဲတာ နေလည့် 11နာရီဆိုပြီးမယ်။
နောက်တစ်နေ့မှ နာရေးချမယ်ဆိုရင် ဆေးထိုးဘို့လိုမယ်။
မထိုးချင်ရင်လဲရတယ် မပုတ်မသိုးဘူးဆိုတာကတော့ အာမခံလို့မရဘူး။
ရာသီဥတုကပူလာပြီလို့ပြောလာတယ် ဆိုပြန်တော့လဲ ကောင်းအောင်ဘဲကြည့်စီစဉ်ပါလို့ မှာရတော့ပါတယ်။
နောက် ကိုဦးကို တင်မယ့်ကားရယ် သရဏဂုံတင်ဘို့အတွက်ရယ် ကိုတော့ ရင်ခွဲရုံကဘဲစီစဉ်ပေးပါလို့မှာရပါတယ်။
နောက်ဘယ်အချိန်မှာ အသုဘချမယ်ဆိုတာကို လဲနက်ဖြန်မှ ဆွေမျိုးတွေနဲ့တိုင်ပင်ပြီးမှလာပြောပါမယ်ဆိုတာကိုမှာပြီး
ကျွန်တော်တို့ပြန်ခဲ့ကြပါတယ်။
အဲဒီအပြန်လမ်းရောက်တော့မှ တစ်ချိန်လုံးယောက်ျားလေးတစ်ယောက်လို အားတင်းပြီးလုပ်ကိုင်ဆောင်ရွက်နေတဲ့
မီးမီးဆီက မသဲမကွဲရှိုက်ငိုသံကြားပေမယ့် မသိချင်ယောင်ဆောင်ပြီးနေလိုက်ရပါတယ်။
ဒါနဲ့ဘဲ မီးမီးနဲ့သူ့အမေကို မီးမီးတို့ အလုပ်ရှင်ရဲ့ကားနဲ့အိမ်ပြန်လိုက်ခိုင်း။
ကျွန်တော်တို့က ဆိုင်ကယ်တွေနဲ့အိမ်ပြန်ကြ၊
လမ်းရောက်တော့ မောင်ဝင်းက “လေးလေးရာ ချက်ခြင်း အခုလိုဖြစ်မယ်လို့ ထင်တောင်မထင်ဘူး။
၊ကျွန်တော်သတိတစ်ချက်လစ်သွားတာနဲ့နှလုံးခုန်တာရပ်သွားတာ။
ကျွန်တော့်သူငယ်ချင်းတုံးကလဲ ဒီလိုဘဲ ဖြစ်တာ။
ဆရာဝန်က နှုလုံးခုန်တာ မရပ်အောင် မကြာမကြာ ထုထုပေးလို့ မှာထားတာ။
ဆရာမလေးက ဆီးအိတ်ပြည့်နေတာ လဲခိုင်းတာနဲ့လဲနေတုန်း သတိလွတ်သွားတာ”လို့
မချိတင်ကဲနဲ့ပြောရှာပါတယ်။

အိမ်ရောက်တို့မီးမီးတို့အခန်းပေါ်တက်။
ညစောင့်အိပ်ပေးရမလားမေးတော့ မီးမီးတို့ကမစောင့်ပါနဲ့တော့ နေရဲပါတယ်တံခါးကို စေ့ထားလိုက်မယ်ဆိုပြီးပြောပါတယ်။
ကျွန်တော်တို့ကလဲ လိုရင်ဖုန်းဆက်ခေါ်လိုက် နော်လို့ဘဲမှာလိုက်ရပါတယ်။
မီးမီးတို့မှာက အဖေရယ်အမေရယ် မီးမီးရယ်ဘဲ ဒီတိုက်ခန်းမှာနေကြတာပါ။
အကိုဖြစ်သူက ရန်ကုန်မှာဘဲ အိမ်ထောင်ကျ တော့ အဲဒီမှာဘဲနေပါတယ်။
လူမှု့ရေးလုပ်ငန်းတွေကို ဝါသနာလဲပါ ကျွမ်းလဲကျွမ်းကျင်တဲ့ မောင်ဝင်းကဘဲ
နောက်နေ့ ကနားဖျဉ်းထိုးဘို့ တို့ နာရေးကားစီစဉ်ဘို့တို့ သေစာရင်းလုပ်ဘို့တို့ ကိုသူအကုန်လုပ်ပေးမယ်ဆိုတာရယ်
ဘာမှစိတ်အားမငယ်နဲ့အကုန်ဝိုင်းဝန်းလုပ်ပေးကြမယ်လို့ပြောပေးပါတယ်။
မီးမီးတို့သားအမိကတော့ “ကောင်းသလိုသာစီစဉ်ပေးပါတော့ ကျမတို့ကတော့ဘာမှ မလုပ်တတ်ဘူးလုပ်လဲမလုပ်နိုင်တော့ပါဘူး”လို့ပြောရင်းမျက်ရည်တွေကျလာပါတယ်။
ဒါနဲ့ဘဲ ကျွန်တော်တို့လဲ ကိုယ့်အခန်းကိုယ် ပြန်လာခဲ့ကြပါတယ်။

အခန်းရောက်လို့ နာရီကြည့်မိတော့ ည2း30ရှိနေပါပြီ။
ဒါနဲ့ဘဲမီးပိတ် အိပ်ယာထဲကိုဝင်လာပေမယ့် လူကမျက်စေ့တွေကြောင်ပြီးအိပ်မပျော်တော့ထုံးစံအတိုင်း
အတွေးတွေက ဟိုရောက်ဒီရောက်။

ကိုဦး ဆိုင်ကယ်တိုက်ခဲ့တယ်ဆိုတဲ့နေရာက (34နဲ့35)လမ်းကြား 85လမ်းမပေါ်မှာပါ။
လမ်းအရှေ့ဘက်က ကောက်ပဲသီးနှံပွဲရုံရယ် သံဂဟေဆော်တဲ့ဆိုင်ရယ် ရှိပါတယ်။
အဲဒီနှစ်အိမ်ကလဲ ညဆို တံခါးပိတ်ထားပြီး အိမ်အတွင်းထဲမှာသာနေကြတာများပါတယ်။
အနောက်ဘက်ခြမ်းကတော့သံဃာတော်တွေသာ သီတင်းသုံးတဲ့ မြတောင်ကျောင်းဖြစ်တော့ လူသွားလူလာအတော်လေးနည်းတယ်လို့ပြောလို့ရပါတယ်။
သစ်ပင်ကြီးတွေကလည်းလမ်းဘေးမှာရှိနေတော့ မီးမပျက်တဲ့တောင်ညမှာတောင် အတော်လေးမှောင်တဲ့လမ်းကြားလေးဖြစ်ပါတယ်။
မီးပျက်တယ်ဆိုရင်တော့ ထည့်ပြောစရာမလိုအောင်မှောင်မဲနေတတ်ပါတယ်။
နောက်လမ်းလေးက ကျဉ်းလဲတော်တော်လေးကိုကျဉ်းပါတယ်။
ကိုဦး ဆိုင်ကယ်နဲ့လဲနေတာကို သတင်းရလို့ ရပ်ကွက်ရုံးကလူလိုက်သွားပြီး အနီးအနားကို
မေးမြန်းကြည့်ပေမယ့်လည်းဘာနဲ့တိုက်မိပြီး ဘယ်လိုဖြစ်တယ်ဆိုတာပြောနိုင်တဲ့သူမရှိပါဘူး။
အကယ်၍သာ……………………
(၁)လမ်းကလေးကလဲကျယ်ကျယ်လွင့်လွင့်ရှိ မီးကလေးကလဲ လင်းလင်းထင်းထင်းရှိမယ်ဆိုရင်……………………..
မန္တလေးမှာ လမ်းမကြီးတွေကလွဲရင် လမ်းကြိုလမ်းကြားတွေကလမ်းမကောင်းတာများပါတယ်။
လမ်းတွေက ချိုင့်တွေခွက်တွေ မညီမညာနဲ့။
လမ်းပြင်တယ်ဆိုပေမယ့်လဲသေချာပြင်တာမဟုတ်ဘဲ ပေါက်နေတဲ့နေရာလေးကို အပေါ်က ကတ္တရာစေးနဲ့ကျောက်စရစ်ခဲ
နည်းနည်းရောပြီး ပြီးစလွယ်ဖာသွားတော့ ခဏလေးနဲ့ ပြန်ပျက်သွားတာများပါတယ်။
လမ်းတွေကကျဥ်းတဲ့အပြင် တိုးတက်လာတဲ့လူဦးရေနဲ့အတူကား ဆိုင်ကယ်ဦးရေကလဲ များသထက်များထက်လာပါတယ်။
နေရာတိုင်းလမ်းမတိုင်းမှာ လမ်းအပြည့် ဆိုင်ကယ်စက်ဘီးကားအပြည့် နဲ့ပြွတ်သိပ်ကျပ်ခဲနေတာကတော့ နေစဉ်ကြုံတွေ့နေရတဲ့ပြဿနာပါ။
ပိုဆိုးတာက မန်းလေးမြို့မှာက မနက်အလုပ်သွားချိန်ကျောင်းသွားချိန်တွေမှာ အလှူမင်္ဂလာဆောင်များလှည့်လာတာနဲ့
များကြုံရင် နဂိုရ်ကမှ မကျယ်တဲ့လမ်းက ပိုကျဥ်းပြီး ပိတ်သွားပါတော့တယ်။
ယာဉ်တန်းရှေ့က နေပြီး မှတ်တမ်းတင် ဗွီဒီယိုရိုက်တဲ့အဖွဲ့ကတစ်ခါပိတ်။
ရှေ့ပြေးဆိုင်ကယ်တွေက တစ်ခါလမ်းပိတ်။
ကားတန်းကြီးကဖြည်းဖြည်းမောင်း ၊
တဖက်ယဉ်ကြောကို ကျော်ပြိး ဝင်ရပ်တဲ့ဆိုင်ကယ်တွေကားတွေကရပ်လိုရပ်၊
ဟိုဘက်ကလမ်းကူးမယ့်ယာဉ်တွေကလဲ လမ်းတစ်ဝက်မှာလာပြီးပိတ်ရပ်ထားကြတယ်ဆိုတော့
လမ်းတွေပိတ်လို့ ဟိုဘက်ကူးမရ ဒီဘက်ကူးမရဖြစ်ကုန်ပါတော့တယ်။
အဆင်မသင့်တဲ့အခါ ရန်တွေဘာတွေဖြစ် ဆဲကြဆိုကြ အားလုံးစိတ်ညစ်ကြရပါတယ်။
တကယ်တော့ တိုးတက်လာတဲ့ယာဉ်အစီးရေနဲ့လမ်းအကျယ်မမျှတော့တဲ့အပြင်စည်းမဲ့ကမ်းမဲ့ဆိုတော့ ပိုဆိုးကုန်တာပေါ့နော်။

ကိုဦးကလဲ ညနေဆိုရင် ယမကာလေးမှီဝဲတတ်ပါတယ်။
ဆေးရုံကစစ်ဆေးကြည့်တဲ့အခါမှာ အရက်သေစာသောက်စားထားတယ်ဆိုတဲ့လက္ခဏာကိုတွေ့ရတယ်ဆိုတာကိုလဲသိရပါတယ်။
နောက်ကိုဦးက ဆိုင်ကယ်ဦးထုပ်ဆောင်းမထားပါဘူး။
နောက်စီးလာတဲ့အရှိန်ကလဲပြင်းပုံရပါတယ်။
ကိုဦးသောက်ထားတဲ့အရှိန်ရယ် စီးလာတဲ့ဆိုင်ကယ်အမြန်နူံးရယ်နောက်ပြီးတော့ သူ့လိုဘဲ အရှိန်ပြင်းပြင်းနဲ့မောင်းလာတဲ့ ယာဉ်တ တခုခုနဲ့တိုက်မိတဲ့အခါမှာအရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ်လဲသွားတာဖြစ်နိုင်ပါတယ်။
ဆိုင်ကယ်ဦးထုပ်ဆောင်းမထားတော့ ဆိုင်ကယ်လဲပြီး ကျောက်လမ်းမပေါ်ကျသွားတဲ့အချိန်အကာအကွယ်မဲ့နေတဲ့ဦးခေါင်းနဲ့ ကျောက်လမ်းမရိုက်မိတဲ့အခါမှာ ခေါင်းက ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားတာပါ။
အကယ်၍သာ…………………………………………………………..
(၂) ယာဉ်မောင်းလာကြသူတိုင်းသာ အရှိန်မှန်မှန်လေးဘဲ မောင်းကြမယ်ဆိုရင်…………………..
သတ်မှတ်ထားတဲ့အတိုင်းဆိုင်ကယ်ဦးထုပ်ကိုဆောင်းထားမယ်ဆိုရင်……………………………….
အရက်သေစာသောက်စားထားပြီး ယာဉ်မမောင်းဘူးဆိုရင်…………………………..
ယာဉ်မောင်းတာနဲ့ပါတ်သက်ရင် မန်းလေးက အတော်လေးကို စည်းကမ်းမဲ့တယ်ပြောလို့ရပါတယ်။
အရင်က ယာဉ်စည်းကမ်းဖောက်ဖျက်ရင် ဒဏ်ငွေ တစ်သောင်းကျော်ဆောင်ရပါတယ်။
ဒါလဲ စည်းမဲ့ကမ်းမဲ့နဲ့ မောင်းကြတာပါဘဲ။
အခုအခါမှာဦးထုပ်မဆောင်းတာ လမ်းပြောင်းပြန်ဝင်တာ အစရှိတဲ့စည်းကမ်းအတွက်
သတ်မှတ်ဒဏ်ကြေးက ထောင်ဂဏန်းပြန်ဖြစ်သွားတော့ ပိုစည်းကမ်းမဲ့ကြပါတော့တယ်။
အထူးသဖြင့် မန်းလေး မှာတစ်လမ်းမောင်းသတ်မှတ်ထားတဲ့နေရာတွေရှိပါတယ်။
အဆိုးဆုံးကတော့ အရှေ့ဘက် ကနေ အနောက်ဘက်ကိုဘဲသွားခွင့်ရှိတဲ့ 42လမ်း( 81လမ်းနဲ့84လမ်းကြား)
အနောက်ဘက်ကနေအရှေ့ဘက်ကိုဘဲသွားခွင့်ရှိတဲ့ ဘုရားကြီး 45တာ(စာတိုက်ကွေ့)(81လမ်းနဲ့84လမ်းကြား)
မှန်သမျှမှာ စီးသမျှဆိုင်ကယ်တော်တော်များများ က နေ့နေ့ညည ပြောင်းပြန်ဝင်ကြတာပါ။
ခက်တာက ဝင်ခွင့်ပြုထားတဲ့ အဝင်ဘက်မှာသာ တစ်လမ်းမောင်းလို့ ထင်ထင်ရှားရှားပြထားပေမယ့်
ဝင်လို့မရတဲ့ဘက်မှာတော့ မဝင်ရဆိုတဲ့လမ်းညွှန်ဆိုင်းဘုတ်က ထင်ထင်ရှားရှားမရှိပြန်ပါဘူး။
တစ်ချို့ကတော့ သိရက်နဲ့လမ်းပြောင်းပြန်ဝင်တယ် တစ်ချို့ကတော့ မသိလို့ ဝင်တယ်။
သိပါရဲ့နဲ့လမ်းပြောင်းပြန်စီးသူတွေက လမ်းအမှားကိုစီးလာပေမယ့်လဲ ဘေးကပ်မစီးပါဘူး။
မှားမှား မှန်မှန်မရှောင်ရင် တိုက်လိုက်မယ်ဆိုတဲ့ပုံစံနဲ့ မိုက်မိုက်ကန်းကန်းစီးပြကြတော့
အနာမခံချင်သူက အသာလေးဘေးဖယ်ပေးရပါတယ်။
ဒါက ဘုရားကြီးပါတ်ပါတ်လည်က တစ်လမ်းမောင်းတွေမှာ အမြဲကြုံရတဲ့ ကိစ္စတစ်ခုပါ။
ဆိုင်ကယ်ဦးထုပ်ဆောင်းတယ်ဆိုတာကလဲ တကယ်တမ်းတွက်ကြည့်ရင် ကိုယ့် အသက်ကို
ကာကွယ်ဘို့ ဆောင်းကြရတာပါ။
ဒါပေမယ့်လည်း မန်းလေးမှာက စည်းနဲ့ကမ်းနဲ့ဆိုင်ကယ်ဦးထုပ်ဆောင်းသူက ငပေါကြီးလိုတောင်ဖြစ်နေပါတယ်။
အသက်ငယ်ရွယ်သူကလဲမဆောင်းဘူး ကလေးတွေကို သွန်သင်ဆုံးမရမယ့် လူကြီးတွေကလဲမဆောင်းဘူး။
ကျောင်းသားကလဲ မဆောင်း ဘူ း ဆရာမကလဲမဆောင်းဘူး။
အရပ်သားကလဲမဆောင်းဘူး ဝန်ထမ်းကလဲမဆောင်းဘူး။
အများနဲ့ဆိုင်တဲ့ ကိစ္စလေးအတွက် ရှေ့ပြေးစီးရတော့မယ်ဆိုရင် ဆိုင်ကယ်ဦးထုပ်ဆောင်းရမယ်ဆိုတဲ့စည်းကမ်းကို
လွယ်လွယ်လေးနဲ့ချိုးဖောက်လိုက်ပါတော့တယ်။
အခွင့်အရေးယူလိုက်ပါတယ်။
ဆိုင်ကယ်သမားတော်တော်များများကလဲ ဦးထုပ်မဆောင်းပါဘူး။
ရှောင်တခင်စစ်ဆေးတဲ့အချိန်မှသာ မြင်တာနဲ့ထွက်ပြေးတယ်။
စီးလာသူက မမြင်ရင်လဲ ထွက်ပြေးလို့ရအောင် အချက်တွေပေးကြပါတယ်။
ဖမ်းမိသွားတော့ အကြောင်းတွေပြ မရတော့ ဒဏ်ငွေဆောင်ပါတယ်။
ဒါပေမယ့် ရှောင်တခင်စစ်ဆေးတဲ့အဖွဲ့ပြန်သွားတာနဲ့ တစ်ပြုင်နက်ထဲ အဲဒီနားမှာ ယာဉ်ထိန်းရဲရှိနေလဲ
ခပ်တည်တည်နဲ့ဦးထုပ်မဆောင်းသလို တာဝန်ကျယာဉ်ထိန်းကလဲ သူ့တာဝန်မဟုတ်သလို မဖမ်းတော့ပါဘူး။
နောက် လမ်းမပေါ်မှာစီးတဲ့ဆိုင်ကယ်တော်တော်များများက မိုင်နူန်းအမြင့်ကြီးတွေနဲ့စီးတယ်။
ကိုယ့်လမ်းဘက်တင်မကဘူး သူများရဲ့ယာဉ်ကြောထဲကို ဝင်စီးတယ်။
အဲဒါက တော့ကားရောဆိုင်ကယ်ရော အတူတူပါဘဲ။
လမ်းအကွေ့တွေမှာဆိုရင် အရှိန်လျော့ရမယ် ယာဉ်ကြောမရှင်းရင် ရပ်ပေးရမယ်ဆိုတာနားမလည်ဘူး။
အရှိန်မလျော့ဘဲ ဇွတ်ကွေ့ဝင်လာပါတယ်။
ကြောက်တတ်သူက ရှောင်ပေးစတမ်းပါဘဲ။
ညည ဆိုရင်လဲ အရက်သေစာသောက်စားထားသူများကလည်း ဟိုဘက်တိုးလိုက်ဒီဘက်တိုးလိုက်နဲ့ လမ်းအပြည့်ယိုင်ထိုး ယိုင်ထိုးနဲ့စီးတတ်ကြပါတယ်။
ဟိုဘက်ဒီဘက်လမ်းကူးပြီဆိုပြန်ရင်လဲ တစ်ဖက်က ယဉ်လာလာ မလာလာဇွတ်အတင်းတိုးဝင်ပြီးကူး။
ကူးလို့မရရင် လမ်းမအလည်ခေါင်မှာ ပိတ်ရပ်ထားတော့ ယဉ်ကြောတွေက ပိတ်ကုန်ပြန်ပါတော့တယ်။
ဒီအထဲမှာ လိုင်းကားများကလဲ ရှေ့ကသွားနေတဲ့ ဆိုင်ကယ် ကားတွေကို ဟွန်းသံတွေဇွတ်ပေးပြီးဇွတ်ကျော်တက်
လမ်းဘေးက လက်ပြတဲ့သူရင် လမ်းမအလယ်ကောင်မှာရုတ်တစ်ရက် ဘရိတ်အုပ်လို့ရပ်ပြီးလူတင်ပါတယ်။
ခက်တာက မန်းလေးသူ မန်းလေးသားများရဲ့အသိစိတ်ထဲမှာ ဘတ်စကားတို့ လိုင်းကားတို့ အငှားယဉ်ဆိုတာ မှတ်တိုင်ကနေ စနစ်တကျ စောင့်ပြီးစီးရတယ်ဆိုတာ နားမလည် မသိတော့ တာပါ။
ဒါကြောင့်လဲ ရောက်တဲ့နေရာမှာရပ် ကားမြင်တာနဲ့လက်ပြပြီးတက်စီး ကားများကလဲ လက်ပြတာနဲ့ရပ်လို့ လူတင်
သူဟာနဲ့သူတော ့အဆင်တွေပြေနေသလိုပါဘဲ။
သူတို့ လိုင်းကားအခြင်းခြင်းများပြိုင်မောင်းပြီဆိုရင် ကားဟွန်းတွေ ဆူညံနေအောင်ပေးပြီး လမ်းဖယ်ခိုင်းတတ်ပါတယ်။
ပိုဆိုးတာက လက်ျာကပ်မောင်းစနစ်နဲ့ ကျင့်သုံးတဲ့နိုင်ငံမှာ နုူိင်ငံခြားကသွင်းလာတဲ့ကားတွေရဲ့ လူအတက်အဆင်းလုပ်ရတဲ့
အပေါက်က လမ်းမဘက်မှာဖြစ်နေပြန်ပါတယ်။
ကားများကလဲ လမ်းဘေးကပ်မရပ် လမ်းမလယ်ကောင်မှာ လူပစ္စည်းအတင်အချလုပ်တော့ လမ်းတွေကျပ်။
ပြဿနာပေါင်းစုံတွေတက်။
ပြောပြရုံနဲ့တင်စိတ်ရော လူရောမောပါတယ်။
နေ့စဉ်နဲ့အမျှလမ်းပေါ်မှာဆိုင်ကယ်တစ်စီးနဲ့သွားနေရတဲ့ကျွန်တော့် အဘို့ကတော့
အသက်ကိုဖက်နဲ့ထုပ်ထားရမယ်ဆိုတဲ့စကားလေး အတိုင်း
ဖြစ်များဖြစ်နိုင်ရင် အသက်ကို ဖက်နဲ့ထုပ်ထားချင်မိပါတယ်။

အကယ်၍သာ………………………………………
(၃) ကျွန်တော်တို့ဆီမှာက ယာဉ်တိုက်မှု့တစ်ခုခုဖြစ်တယ်ဆိုရင် နီးစပ်ရာအပြင်ဆေးခန်းတွေမှာကုသလို့ မရပါဘူး။
ဒီတော့ ဆေးရုံကြီးကိုဘဲ သွားရပါတယ်။
ဆေးရုံကြီးအရေးပေါ်ဌာနမှာကလဲ လူနာတွေက အမြဲတမ်းပြည့်လျံ။
ဒီတော့လဲကုသခွင့်ရဘို့စောင့်ရ။
စည်းကမ်းနည်းလမ်းနဲ့ဘောင်ဝင်အောင်လုပ်ရဆိုပြန်တော့လည်း တစ်ခါတစ်လေ ကြာမြင့်သွားတဲ့အခါ
လူနာတွေမှာ အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှံးရတာမျုးိ ရှိလာတတ်ပါတယ်။
အခုကိုဦးလို အဖြစ်မျိုးမှာဆိုရင် ဓါတ်မှန်ဌာနမှာ သာ ဝန်ထမ်းအပြည့်ထား 24နာရီ ဘယ်အချိန်လာလာ ဝန်ဆောင်ပေးဘို့
အဆင်သင့်ဖြစ်နေမယ်ဆိုရင် အလွန် ကောင်းမယ်လို့ ယူဆပါတယ်
ကိုဦးသာ ဓါတ်မှန်ရိုက်ဘို့ အတွက် အခုလိုအချိန်ကာလတစ်ခုထိ စောင့်စရာမလိုဘဲချက်ခြင်းဆောင်ရွက်ပေးနိုင်ခဲ့မယ်ဆိုရင်
အဖြေက တစ်မျုးိပြောင်းရင်ပြောင်းသွားနိုင်ပါတယ်။
လူ့အသက်တစ်ချောင်းအလဟသ မဖြစ်သလို မဆုံးရှုံးသင့်ဘဲဆုံးရှုံးရတဲ့ အဖြစ်မျိုးက လွတ်ကင်းနိုင်ကြမယ်လို့ထင်ပါတယ်။
(သေမယ့်လူကတော့ သေမှာဘဲ သူ့ကံကုန်တာတော့ မတတ်နိုင်ဘူး လို့ ဇွတ်ပြောရင်လဲပြောလို့ရပါတယ်။)
ဒီတော့ အခုလိုအရေးပေါ်ဖြစ်သွားတဲ့ ကိစ္စမျိုးမှာ နီးစပ်ရာဆေးကုခန်းမှာ လူနာသက်သာအောင် ကုသခွင့်ပြုပေးပြီးမှ
သက်ဆိုင်ရာဆေးရုံကြီးကို လွဲအပ်ပေးခွင့်ရှိမယ်ဆိုခဲ့ရင်……………………………………………………
အကယ်၍သာ………………………………………
(4) အခုချိန်မှာ မန်းလေးမြို့မှာအပေါများဆုံးဆိုင်ကို ပြပါဆိုရင် လက်ဖက်ရည်ဆိုင် ကွမ်းယာဆိုင်နဲ့အပြိုင်ရှိနေမှာကတော့
ဘီယာစတေရှင်းတွေပါဘဲ။
လက်ဖက်ရည်ဆိုင်သာ ထိုင်တဲ့လူနည်းရင်နည်းမယ် ဘီယာဆိုင်ကတော့ ဘယ်နေရာမှာဖွင့်ဖွင့် လူမဝင်ဘူး မရောင်းရဘူး
ဆိုတာ မရှိသလောက်ပါဘဲ။
ဘောလုံးပွဲရှိတဲ့ညများမှာဆိုရင် ပိုပြီးလူစည်ပါတယ်။
ဆိုင်ပေါတော့ သောက်တဲ့သူအဖို့ လွယ်ပါတယ်။
အလွယ်သောက်လို့ရတော့လဲ အရွယ်မရွေးသောက်ကြပါတယ်။
ဝယ်ဘို့ လွယ်တော့လဲ ပိုသောက်ဖြစ်ပါတယ်။
သောက်ပြီး ကောင်းလာရင်တော့ စိတ်တွေကလဲ အရမ်းကို တက်ကြွ
ကြောက်ရကောင်းမှန်းမသိ ဆင်ခြင်မှု့တွေပျောက်။
အရမ်းတွေမောင်း အရှိန်တွေမထိန်းနိုင်တော့ တိုက်။
တိုက်တော့ ဒုက္ခတွေများကြရပါတယ်။
(7-4-2011)နေ့မှာတော့ ကိုဦးကို သဂြျိုလ်ပြီးပါပြီ။
ကိုဦးတစ်ယောက်နောင်လူဖြစ်လေရာဘဝမှာ ကျွန်တော်တွေးမိသလို
နောင်တ တွေတစ်ပွေ့တပိုက်တွေနဲ့ နေရတဲ့
အကယ်၍သာ…………………………….တွေနဲ့ကင်းလွတ်တဲ့ကောင်းရာသုဂတိကို ရောက်ပါစေလို့ ဆုတောင်းပေးရုံကလွဲလို့ ဘာမှ မတတ်နိုင်တော့တာအမှန်ပါဘဲ။
ကျွန်တော်အပါအဝင်လူတိုင်းအတွက်ကတော့
ဒီ အကယ်၍သာ……………………………….များအတွက်ကတော့ ဘယ်သူ့ကိုမှသွားအပြစ်တင်လို့ မရနိုင်ပါဘူး။
ကျွန်တော်တို့ အားလုံးကဘဲ ဒီအကယ်၍သာတွေကို ပပျောက်အောင် ဝိုင်းဝန်းကြိုးပမ်းကြရမယ်လို့ဘဲထင်မိပါတယ်။
အားလုံးအတွက် အကယ်၍သာ………………………………..တွေနည်းနိုင်သမျှနည်းလေလေ
မိသားစုတွေ ဝမ်းနည်းပူဆွေးရတဲ့ အဖြစ်အပျက်တွေကလဲ နည်းလေလေဖြစ်မယ်လို့ ယုံကြည်ပါတယ်။
ကဲ……………………….အခုကစလို့ ………………………………………………………………………………………

ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး
(8-4-2011)

19 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 8, 2011 at 11:40 am

    နှစ်ခါထပ်နေတယ်ဗျို ့
    ဖြစ်တာလဲဖြစ်ပေါ့နော
    အထူးသဖြင့် ဆေးရုံဝန်ထမ်းတွေပေါ့ရော့တယ်လို ့မြင်တယ်
    နောက်ပြီး အချို ့အရမ်းအရေးကြီးတဲ့လူနာတွေကို
    မသေချာတဲ့ဆရာဝန်ပေါက်စလေးတွေနဲ ့လုံးဝမလွှဲထားသင့်ဘူး

  • kopauk mandalay

    April 8, 2011 at 11:54 am

    စတစ်ထဲမှာအရင်ရေးပြီးကော်ပီကူးတင်တာ နှစ်ခါဖြစ်သွားတာပါ။
    ပြင်လိုက်ပါပြီ ကိုကိုပုရေ

  • nozomi

    April 8, 2011 at 12:58 pm

    ဖတ်ရင်းနဲ့ မောလာမိတယ် ကိုပေါက်ရေ မသေသင့်ဘဲသေရတာတွေ အများကြီး ရန်ကုန်မှာ ကိုပေါက်တို့ထက်သာနိုင်တာက ယာဉ်တိုက်မှုဖြစ်ရင် စနစ်တကျရှေးဦးသူနာပြုမလုပ်နိုင်ရင် အသက်ဘေးနဲ့နီးတဲ့အတွက် ယာဉ်ထိန်းဌာနကနေ သူနာပြုယာဉ်နဲ့ အသင့်စောင့်နေတယ် ဖုံးဆက်ပါလို့တော့ ဂျာနယ်တွေမှာ(တကယ်ဟုတ်မဟုတ်ကတော့ မကြုံဘူးသေးတော့ မသိဘူး) တွေ့တယ ် ၅ ဂဏန်းတွေအများကြီးပါတဲ့ နံပါတ်ပဲ သူကြီးတို့ဆီမှာ ဆိုရင်တော့ ဘယ်လောက်တောင် တရားဆွဲခံရမလဲ မသိဘူး ဒီမှာတော့ မီဒီယာတွေမှာ များများပါအောင်လုပ်ရမယ် အဲဒီတော့မှ တာဝန်ရှိသူတွေ အိပ်ယာကနိုးလာမှာ နောက်ကျတဲ့ဆရာဝန်ကို အရေးယူလိုက်ကွာ ဆိုတာမျိုး အပေါ်ယံ ဖြေရှင်းရုံလောက်နဲ့ ဒီပြသနာတွေပြေလည်သွားမှာ မဟုတ်ဘူး ပြသနာရဲ့အရင်းအမြစ်ကို ရှင်းနိုင်မှရမှာ

  • manawphyulay

    April 8, 2011 at 1:50 pm

    ဟုတ်တယ် လေးပေါက်ရ။ ရန်ကုန်မှာလည်း ဒီလို သေတာတွေ အများကြီးဖြစ်နေမှာ ကိုယ်တွေသာ မသိတာလေ ဆေးရုံကလည်း မထူးဆန်းတော့တဲ့ပုံစံတွေဖြစ်နေလားမပြောတတ်ဘူး။ လူတွေကို ပိုက်ဆံမပေးရင်ကို ပစ်ထားတော့တာပဲ။ စိတ်မကောင်းစရာပဲနော်။ လူနာရဲ့အသက်က ကိုယ့်လက်ထဲမှာဆိုတာကော သတိရကြသေးရဲ့လားမသိဘူး။

  • ဆူး

    April 8, 2011 at 2:31 pm

    (7-11-2011)နေ့မှာတော့ ကိုဦးကို သဂြျိုလ်ပြီးပါပြီ။
    ၂၀၁၁ ၁၁ လပိုင်း မရောက်သေးဘူး. ပြင်လိုက်ပါအုန်း။

  • ငှက်ကြီး

    April 8, 2011 at 2:42 pm

    အေးဗျာ….ကြားရတာစိတ်မကောင်းလိုက်တာ…
    အကယ်၍သာ………..တွေများနေတဲ့ကျွန်တော်တို့မြန်မာနိုင်ငံတော်ကြီး
    အကယ်၍သာ………..တွေ မရှိတော့လောက်အောင် ဖွံ့ဖြိုးတိုးတက်ခဲ့မယ်ဆိုရင်
    အကယ်၍သာ………..အဖြစ်တွေကို နောက်ထပ်လူတွေ မတွေ့ကြုံကြရတော့ဘူးဆိုရင်—-
    အကယ်၍သာ………..ဆေးရုံတက်ရဖို့အတွက် လူတွေစိတ်မပျက်ကြတော့ဘူးဆိုရင်————–ဟူး…မောလိုက်တာ။
    နောက်ထပ်နှစ်ပေါင်းဘယ်လောက်စောင့်ရဦးမှာလဲ။
    အမြန်ဆုံးဖြစ်လာအောင် ကျွန်တော်တို့တွေကိုယ်စီကိုယ်စီ ဘာတွေလုပ်ကြရမှာလဲ? အားလုံးမှာတာဝန်ရှိနေပြီးလား?

  • kopauk mandalay

    April 8, 2011 at 3:06 pm

    (7-11-2011) ဒါလေးက ကျွန်တော်စာရိုက်တာမှားသွားပါတယ်။
    အမှန်က 7-4-2011 ပါ။
    ပြင်ဖတ်ပေးကြပါနော်။

  • unclegyi1974

    April 8, 2011 at 4:27 pm

    ဆိုင်ကယ်ဦးထုပ်ကဆောင်းကိုဆောင်းသင့်ပါတယ်
    ဆိုင်ကယ်တိုက်တာနောက်ထား
    မန်းလေးနေကိုအတော်ကာကွယ်ပေးပါတယ်
    ဆရာဝန်လေးတွေလည်းသိပ်ပြောချင်ပါဖူး
    သူတို့လည်းဂျူတီဝင်ကတည်းကနားရတယ်
    မှမရှိတာဖြစ်တော့ကိုယ်တယောက်တည်း
    သူတို့ကလူနာတိုင်းကြည့်နေရတာဆိုတော့
    လူနာတိုင်းပျာယာခတ်ကြည့်နေရရင်
    နှလုံးရောဂါနဲ့အကုန်သေကုန်ပါအုန်းမယ်လေ

  • kopauk mandalay

    April 8, 2011 at 4:30 pm

    ကျွန်တော်ဒီပိုစ်ကိုတင်ရတဲ့ရည်ရွယ်ချက်ကတော့ ဘယ်သူ့ကြောင့်ဆိုတာထက်
    ဘယ်လိုပြင်ကြရင်ကောင်းမလဲ ဆိုတဲ့ ရည်ရွယ်ချက်နဲ့တင်ပေးတာပါ။

  • Shwemannmay

    April 9, 2011 at 2:25 am

    အစိုးရဆေးရုံတွေရဲ ့လစ်ပာင်းချက်တွေပါ။ အထူးသဖြင့် အဲဒီလို မတော်တဆမှုတွေဖြစ်လာရင် ဌာနတစ်ခုကနေတစ်ခုကိုလွှဲပေးရာမှာတာဝန်ရှိတဲ့သူတွေက အမြဲတန်းအဆင်သင့်ရှိမနေတတ်ပါဘူး။ တာဝန်ကျတဲ့ဆရာဝန်ငယ်တွေမှာလည်း လုပ်ပိုင်ခွင့်နဲ ့တာဝန်ယူရဲမှုတွေမှာအားနည်းပါတယ်။ဒါတောင်ဆေးရုံမှာတစ်ရက်နှစ်ရက်တက်ပီးဆုံးသွားလို ့.
    နှစ်ပါတ်သုံးပါတ်လောက်များတက်ပီးဆုံးသွားခဲ့ရင် လူနာအတွက်ဝမ်းနည်းနေတဲ့အချိန်မှာ ဆေးရုံကလစ်ပြေးမှာစိုးလို ့ကျသင့်ငွေကိုရှင်းပေးဖို ့ရပ်စောင့်တောင်းနေတတ်တာလည်းကြုံဖူးပါတယ်။

  • နီလေး

    April 9, 2011 at 4:18 am

    ဆိုင်ကယ်ဦးထုပ်ဆောင်းတာ အန္တရာယ်ကင်းပါတယ်

  • fatty

    April 9, 2011 at 5:48 am

    လေးပေါက်ရေ ……
    အဲယောင်လို့ ကိုပေါက်ရေ .. ( သင်္ကြန်နားနီးတော့ အသက်ကပြောင်းသွားချင်တယ် )
    အထူးပြောစရာ မလိုတဲ့ အရေးအသား တင်ပြမှုပါ။ ဆရာဝန်ရယ် လှည်းပေါ်က သတိမေ့နေတဲ့လူနာရယ်ကတော့
    ခပ်အေးအေးဘဲ … ဆိုတဲ့အရေးအသား အတွေးမျိုးလေးတွေက ကွန့်မြူးမှုပါရမီလေးတွေပေါ့ …။
    တခုရှိတာက ကိုပေါက်ကစာရေးအားကောင်းတော့ စာအရှည်ကြီးရေးနိုင်ပါတယ် .. စာအုပ် ဝတ္ထုစာအုပ်ကို ကိုင်ဖတ်ရတာမျိုးမဟုတ်တော့ ဖန်သားပြင်မှာ သိပ်အရှည်ကြီး ရေးရင် ဖတ်တဲ့သူက အာရုံ အတော်စိုက်ရပါတယ် ..။
    ဘေးထွက်ဆိုးကျိုးတွေရှိနိုင်ပါတယ် ..။ ရုပ်ရှင်သရုပ်ဆောင်တွေဟာ screen ပေါ်မှာပြဖို့ သရုပ်ဆောင်တာနဲ့
    ပြဖာတ်ခုံပေါ်မှာပြဖို့သရုပ်ဆောင်ရတာမတူပါဘူး ..။ screen ပေါ်မှာက သရုပ်ဆောင်ကိုရွေးကြည့်ဖို့ ကင်မရာကရွေးရိုက်ပြီး သူ့ကိုဘဲပြသပေးပါတယ် ..။ ဇာတ်ခုံပေါ်မှာကတော့ အားလုံးတပြိုင်နက် သရုပ်ဆောင်နေကြတာကို မြင်သာအောင် သရုပ်ဆောင်မှုကို ပိုကဲပြီးအမူအယာလုပ်ကြရပါတယ် ..။
    အဲဒါကြောင့် ဒီမှာ နှစ်ပိုင်းခွဲသင့်ရင်ခွဲ ..။ ဒါမှမဟုတ် ချုံ့သ်င့ရင်ချုံရပါမယ် …။
    …………… ဆေးကျောင်းကိုနှစ်ပေါင်းများစွာ တက်ပြီး ဟောက်ဆင်းတော့သူတို့လစာ တလကို ၁၂၀ဝ ကျပ်
    ရပါတယ် ..။ ဒေါင့်ပေါင်းစုံကသာ စဉ်းစားကြပါတော့ ….။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 9, 2011 at 6:03 am

    သားသားကတော့
    ဒီပို ့စ်ကို
    ရုပ်မြင်သံကြား ပညာပေးဇာတ်လမ်းတိုရိုက်လို ့ရတယ်လို ့တောင် မှတ်ချက်ချမိတယ်
    ဒါကတော့ လေးပေါက်ရယ်
    နိုင်ငံတော်အကြီးအကဲတွေရယ်
    လမ်းတံတားတာဝန်ခံတွေရယ်
    ပြည်သူ ့ဆေးရုံကြီးရယ်က
    ဘောတူမတူတော့
    တားတားလဲတိဝူးနော်

  • kopauk mandalay

    April 9, 2011 at 11:41 am

    အရှည်ကြီးရေးတော့ ဖတ်သူကိုအားနာတယ်။
    အပိုင်းခွဲတင်တော့ ဆတ်တငံ့ငံ့ဖြစ်မှာစိုးရတယ်။
    နောက် 80နှစ်ခါယူတယ်လို့အပြောခံရမှာလဲစိုးတယ်။
    ဒါပေမယ့် ဒီပိုစ့်က တစ်ခါထဲဖတ်မှ ပိုထိရောက်မယ်ထင်လို့ပါ။
    နောက်တစ်ခါခွဲတင်ပေးပါမယ်။
    အားပေးကြတာ ကျေးဇူးပါ

  • eros

    April 9, 2011 at 12:33 pm

    မန္တလေးက လူတွေ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အရမ်းမဲ့တာပဲ။ ဒီလိုပြောရင် မန္တလေးမှ မဟုတ် နယ်ကလူများ က ခနဲ့တဲ့တဲ့ ပြန်ပြောတာက မင်းတို့ ရန်ကုန်ကရော ဘယ်လောက်တောင် စည်းကမ်းရှိလို့လဲပေါ့။ မှန်ပါသည် ရန်ကုန်လည်း စည်းကမ်းမရှိပါ။ သို့သော် နယ်မြို့ များထက်ပိုပါသည် စည်းကမ်းအနည်းငယ်ပိုရှိပါသည်။ ဖြစ်နိုင်လျှင် မတော်တဆမှု နှုန်း ရန်ကုန် နှင့် မန္တလေး ယှဉ်ကြည့်ချင်ပါသည်။ အမှန်တကယ်တော့ လူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာပါက အဆိုပါ အဖြစ်မျိုး အတိုင်းအတာ တခုထိ လျှော့ချနိုင်ပါလိမ့်မည်။ အသက် ဉာဏ်စောင့်ပါသည်။မမိုက်ကြပါနှင့်သာပြောလိုပါသည်။ မန္တလေးမှ ဆိုင်ကယ်များကား ရှေ့နောက်ဝဲယာ မကြည့်ပေ။ မလုပ်သင့် ရန်ကုန်မှာ ထိုသို့ မောင်းပါက ရန်ကုန် ဖော်မြူလာဝမ်းကားမျာဖြစ်သော အထူးကားများအောက် ပြားသွားမည်ဖြစ်သည်။ တိုက်ရဲတိုက်ကြည့် ဂရုမစိုက်ဘူးဆိုက တနေ့နေ့ တွင် ထိသွားပါမည်။ဂရုမစိုက်ဘူးဆိုက တနေ့နေ့ တွင် ထိသွားပါမည်။ မူးလျှင် မမောင်းပါနဲ့။ ဆိုင်ကယ်စီးဦးထုတ်ဆောင်းစီးပါ။ မိမိ အတွက်သာဖြစ်သည်။

    ဆရာဝန်၊ဆေးရုံ အမှုထမ်းများသည်လည်း လူ့ အသက်ကယ်သောသူမှ လူသတ်သမားများမလုပ်ကြပါနှင့် ဆေးရုံသည်လည်း လူသတ်ဌာနကြီးမဖြစ်ပါစေနှင့်။

  • manawphyulay

    April 9, 2011 at 1:09 pm

    ခွဲတော့ မတင်ပါနဲ့ လေးပေါက်ရယ် ကိုရီးယားကားတောင် အပိုင်းနဲ့ပြလို့ မကြည့်ဖြစ်တာ အတော်ကြာပြီ။ ကျန်တာပါ အပိုင်းနဲ့ဆိုရင်တော့ မလွယ်ဘူး။ 😛

  • padonmar

    April 9, 2011 at 2:25 pm

    လူနာရှင်ဖြစ်တဲ့အချိန်မှာ အားလုံးကို အားမလိုအားမရဖြစ်မိကြတာ ထုံးစံပါ။
    ဆေးရုံက ဝန်ထမ်းတွေကလည်း လူ့အသက်နဲ့ဆိုင်တဲ့ အလုပ်လုပ်နေရတယ်ဆိုတာ သတိရှိပြီး မလိုအပ်ပဲ အချိန်ဆွဲတဲ့ အကျင့်ပျောက်သွားရင် လူနာအသက်ဆုံးရတောင် မကျေနပ်မှုတွေ လျော့သွားမှာပါ၊
    ဒီလိုဖြစ်အောင်လည်း ပညာပေးကြဖို့လိုလာပါပြီ၊
    (patient right ဥပဒေလည်းရှိသင့်ပါပြီ၊)

  • mihninlay

    April 11, 2011 at 2:09 am

    ကြားရကြားရနားဝမှာမသက်သာပါလားနော်…..ဒီအကြောင်းတွေပြောလို ့ကတော့ပြောမဆုံးပေါင်တောသုံးတောင်လိုဖြစ်တော့မယ်….ခုဆိုမန်းလေးပြန်ရင်ဆိုင်ကပ်မစီးရဲတော့ဘူးသူများနောက်ကနေထိုင်လိုက်တာတောင်ဘုရားတလိုက်ရတယ်စည်းကမ်းမရှိချက်ကတော့….ဘီယာဆိုင်တွေဆိုတာကလဲများမှများ..တစ်ပြကိုဘယ်နှစ်ဆိုင်လောက်ရှိလဲမသိတော့ဘူး….ဆေးရုံကတော့….ဟင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးး

  • darkoosky

    April 11, 2011 at 9:00 am

    လူတိုင်းအားလုံးကိုယ်ဘဝကို ဆင်ဆင်ခြင်ခြင်နဲ့နေထိုင်ကြတာကောင်းပါတယ်.. တစ်ခုခုဖြစ်ရင် ကယ်တင်ပေးနိုင်မယ်သူမရှိပါဘူး။။ လမ်းစည်းကမ်းတွေ ယဉ်စည်းကမ်းတွေကိုလည်း သေသေချာချာလိုက်နိုင်အောင် မလုပ်နိုင်ဘူး.. လုပ်ချင်တာနေရာလုပ်ပြတယ်.. လူတွေအားလုံးအတွက် အစိုးရကလုပ်မပေးနိုင်ဘူး.. မလုပ်တတ်ဘူး.. ဆေးရုံတွေမှာ လည်း ဆရာဝန် တွေ အရမ်းကျွှမ်းကျင်တယ်..တလွဲလုပ်တဲ့နေရာမှာပေါ.. ကြည့်လိုက်ရင်တော့ ဆရာကြီးတွေလိုလို ဘာလိုလို .. ဘာမှခံယူချက်မရှိ …. လေ့လာမှုမရှိ.. ပိုက်ဆံရဖို့သာ အာရုံစိုက်… ဘာမှလည်းမတတ်.. လူတွေ ကအစမ်းသပ်ခံတွေ ဖြစ်နေ… စေတနာတွေမပါ..
    အားလုံးဆင်ဆင်ခြင်ခြင်နဲ့ကိူယ်ဘဝကို ဂရုစိုက်နေကြပါဗျာ.. ကျနော်တို့လူမျိုးအတွက် စိတ်မကောင်းလို့ပါ။။

Leave a Reply