ဆြာကမူးထူး ရဲ့ ရ ရက်သားသမီး ဟောစာတမ်း

Yin Nyine NwayApril 12, 20111min820

ဆြာကမူးထူး ရဲ့ ရ ရက်သားသမီး ဟောစာတမ်း

ဧပြီလသည် ၁၂ လ ရာသီထဲတွင် အပျော်တို့ဖြင့် ထုံမွှမ်းနေသော လတလ ဖြစ်ပါသည်။

ထို့ပြင် မြန်မာတို့၏ မိရိုးဖာလာ ယုံကြည်မှုများအရ သိကြားမင်းသည် အဆိုပါ လတွင် ကျွဲ၊ နွား တကောင်ကောင်ကို စီးကာ လူ့ပြည်သို့ ဆင်းလာသည် ဟုသိရသည်။ သို့သော် …

သင်္ကြန်စာ အဆိုအရ သိကြားမင်းတြားကြီးသည် သူ၏ စီးတော် ကျွဲ နွားများကို ဂီရိဒဏ်ခံ လယ်သမားများအား လှူဒါန်းလိုက်သောကြောင့် လည်းကောင်း၊ တိုးတက်လာနေသော ခေတ်ကို အမီလိုက်ချင်သောကြောင့် လည်းကောင်း၊ ယူကရိန်းနှင့်ရုရှားလုပ် လေယာဉ်ကို စီးလျက် ဆင်းသက်လာရာ၊ လမ်းခုလတ်တွင် လေယာဉ် အတောင်ပံကျိုးသောကြောင့် လေထီးကြီးစီးပြီး မြေပြင်သို့ ရုတ်တရက် ခုန်ဆင်းလာမည်ဟုဆိုသည်။ ထို့ပြင် မကောင်းမှု ပြုသူများကို ဖမ်းဆီးနိုင်ရန် အတွက် ပေါ်တင်ကြီးမလာဘဲ သန်းခေါင်ယံ အချိန်ကျမှ ခွေးတိုးပေါက်က တိုးဝင်လာမည် ဟုလည်း ဆိုထားသည်။

သို့အတွက်ကြောင့် အဆိုပါ ဧပြီလအတွင်း ရ ရက် သားသမီးများ အတွက် ဆောင်ရန် ရှောင်ရန် လိုအပ်ချက် များကို ပို့စ် မော်ဒန် နည်းဖြင့် တွက်ချက် ဟောပြောပေးလိုက်သည်။
အားလုံး Happy Burmese New Year

တနင်္ဂနွေသားသမီး။ ။ တွက်ချက်မှုများအရ အသင်တို့၏ နာမည်များသည် သိကြားမင်း၏ ခွေးသားရေ ပုရပိုဒ်တွင် မဆံ့လောက်အောင် များပြား နေသောကြောင့် အထူး သတိထား နေထိုင်သင့်သည်။ သို့မဟုတ်ပါက သိကြားမင်း ပြန်အတက်တွင် တခါတည်းလိုက်ပါသွားရကိန်း ရှိသည်။
အချစ်ရေးမှာ မြားနတ်မောင်က ဆရာ ခေါ်ရလောက်အောင် စန်းထနေသော ကာလဖြစ်သည်။ တခါမှ ပြန်မကြည့်ဖူးသော ခယ်မလေးကပင် အထာတွေလာ ပေးနေတတ်သည်။ မှတ်ချက်- လိုက်ပွဲဆိုပြီး ဆွဲမစားလိုက်ပါနှင့်။ ဝမ်းချောနိုင်သည်။ ဘာလုပ်လုပ် အဆင်မပြေသော ကာလဖြစ်သည်။ အလိုလိုနေရင်း ခွေးကဲ့သို့အူချင်နေလိမ့်မည်။ သင်္ကြန်ကာလအတွင်း ရေပက် ခံမထွက်ပဲ
ရေဝေးအနီးတွင် ခဏတာ အနားယူနေခြင်းက သင့်အတွက် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ ဖြစ်နိုင်လျှင် ကျန်းမာရေးအနေဖြင့် ပက်လက်လှန်ပြီး ဘယ်တော့မှမအိပ်လေနှင့်။ မကြာမီ လွှတ်တင်တော့မယ့် နအဖ၏ ဂြိုဟ်တု တလုံး ဖြစ်သွားနိုင်သည်။

ယတြာ- X2O မဏ္ဍပ်လိုမျိုး မဏ္ဍပ်ရှေ ့တွင် ချီးထုပ်တထုပ်ကိုင်ပြီး ငါအကြမ်းဖက်သမား ဟု ၃ကြိမ်တိုင်တိုင်အားလုံးကြားအောင် အော်လိုက်ပါ… သင်ကံကောင်းခွင့်ကြုံ ပါပြီ။

တနင်္လာ။   ။ ဘာလုပ်လုပ် ရွှေထီးဆောင်းရသည့် ကာလဖြစ်သည်။ လုပ်သမျှ အရာအားလုံး အိုကေနေမည်။ သို့သော် ဆင်ကိုတော့ တက်မစီး မိရန် ဂရုပြုပါ။ အပျိုလူပျိုများ လုံးဝ အိမ်ထောင်ကျကိန်းရှိသည်။ အိမ်ထောင်မကျပါက ထောင်ကျနိုင်သည်ကို သတိပြုပါ။ ထို့ကြောင့် သင်္ကြန်ကာလအတွင်း ခြင်ထောင်ထဲက လုံးဝမထွက်ပါနှင့်။ ရွှေငွေမဝင်ဘဲ ခြသေ့င်္ကြီးတကောင် လေးဖက်ထောက်ပြီး
ဝင်လာတတ်သည်။ ကြောက်စရာမလိုပါ။ စောင်ခြုံပြီး ကျောကုန်းကို တင်းပုတ်နဲ့ ထုပေးလိုက်ပါ။ စီးပွားရေး အဆင်မပြေသူများ- ယောက်ျားဆို ပါက လူကုန်ကူးပြီး မိန်းမဆိုလျှင်မျောက်မွေးပါ။ သင်္ကြန်ကာလအတွင်းအပျော်မလွန်ကဲပါနှင့်။ အပျော်၏ သားကောင်ဖြစ်သွားနိုင်သည်။ ကံစမ်းမဲနှိုက်ရင် ဖွတ်ကြီး ၂ ကောင် လက်ဆောင် ရလာတတ်သည်။ ကျန်းမာရေးအနေဖြင့် ခွေးစီးလေ့ကျင့်ပါ။

ယတြာ- ဘိန်းဖြူရောင်းရန်ရှိသည်စာတန်းကို အများမြင်သာအောင် အိမ်ရှေ ့ မှာ ချိတ်ဆွဲထားလိုက်ပါ …

အင်္ဂါ။   ။ ကိုယ့်သေတွင်း ကိုယ်တူး ချင်နေသောကာလ ဖြစ်သဖြင့် လစ်ဗျားသို့ ခရီးသွားချင်နေစိတ် ထိန်းမရအောင် ပြင်းပြ နေပေလိမ့်မည်။ ဘယ်မှမသွားပါနှင့်။ ဖြစ်နိုင်လျှင် ခြေထောက်ကို ကြိုးတုတ်ထားပါ။ မသွားမဖြစ်ဆိုပါက သရဏဂုံကြိုတင်ထားပါ။ စီးပွားရေး လုပ်လိုသူများ တောက်တဲ့မွေးပါ။ ပညာရေးလိုက်စားသူဖြစ် ပါက ရန်ကုန်တက္ကသိုလ်ထဲကို ဖြတ်လျှောက်ရုံဖြင့် Ph.D တလုံး ရလာနိုင်သည်။ ဝန်ထမ်းများ နိုင်ငံတော်ဆီမှ ၄’-၆’ ရှိသော မြေကွက်များ ရရှိတတ်သည်။ သွားလာရင်း မာစတာကီး တချောင်း ကောက်ရတတ်သည်။ လူဝံကြီး ၂ကောင် ညအိပ် တည်းခိုရန် ရောက်လာလျှင် သင်၏အကြံအစည်ကို ချက်ချင်း အကောင်ထည်ဖော် ဆောင်ရွက်ပါ။ စာနယ်ဇင်းသမားများ ဘန်ကီမွန်း၏ ဖိတ်ကြားချက်အရ လစ်ဗျားနှင့် ဖူကူရှီးမားအနီး သို့ အလည်တခေါက် သွားရလိမ့်မည်။ ကျန်းမာရေးအနေဖြင့်မူ လွှတ်တော်အနီးစောင်းတီးခြင်းကို ရှောင်ကြည်ပါ။

ယတြာ- သမ္မတအပါအဝင် ဝန်ကြီးအားလုံးကို ဖိတ်၍ စတုဒီသာ ထမင်းရည်တိုက်ကျွေးလိုက်ပါ…

ဗုဒ္ဓဟူး။    ။ ကံကြမ္မာ အလွန်ညံ့သော လဖြစ်သည်။ စိတ်ညစ်စရာများ တခုပြီးတခု ကြုံရလိမ့်မည်။ ကာလနဂါးက ဆရာ ခေါ်ရလောက်အောင် ကုလားသေ ကုလားမော အိပ်တတ်သူကို လုံခြုံရေးခန့်မိသဖြင့် ရှိသမျှ စည်းစိမ် တက်တက်ပြောင် ရလိမ့်မည်။ အိုင်တွေ့တိုင်း ခြေဆေးချင်နေလိမ့်မည်။ သတိထားပါ။ ငယ်ရွယ်သူများ တဦးနှင့် တဦးရင်ဖွင့်ရင်း ရင်ပွင့်သွားတတ်သည်။ ဆီသွားထုတ်ရင် အိမ်ထောင်ကျလာကိန်း ရှိသည်။ တလအတွင်း မင်္ဂလာ ရကြိမ် ဆောင်ရမည်…( မှတ်ချက် လူ ရ ယောက်နှင့်ဖြစ်သည်) မျက်နှာတွင် အိုးမဲသုတ်ပြီး ဘဏ်ရှေ ့လမ်းလျှောက်ခြင်း ကို ရှောင်ကြည်ပါ။ ကျန်းမာရေး ကောင်းစေရန် လိပ်ကို ပက်လက်လှန် ထားသကဲ့သို့လမ်းလျှောက်ပါ။ ညအိပ်ရာဝင်ခါနီးတိုင်း မိန်းမကို ပခုံးပေါ် တင်ထမ်းပြီး ခြင်ထောင်ကို အပတ်တထောင် ပတ်ပါ။

ယတြာ- မိတ်ဖက်ဖြစ်သော ခြသေ့င်္နဲ့အတူ မနက်တိုင်းလမ်းထလျှောက်ပါ…

ကြသပတေး။   ။ စိုင်ကော်လို့ ချုံပေါ်ရောက်ပြီးမှ ခါးဝတ်ပုဆိုးပါမလာသဖြင့် ဆင်းအကောက်တွင် ဆင်နင်း ခံရကိန်းရှိသည်။ သို့ကြောင့် ဤလအတွင်း ပုဆိုးလုံးဝမဝတ်ပါနှင့်။ ဝင်လာ မစဲတသဲသဲ ဆိုရလောက်အောင် ခေါင်းညိတ်တတ်ရုံဖြင့် နေစရိတ် စားစရိတ် တရက် တသောင်းနှုန်းဖြင့် တလလျှင် ငွေ ၃ သိန်း ရနိင်သည်..(မှတ်ချက်-ငွေအလွယ်ရသည်ဆိုပြီး လွှတ်တော်အတွင်း ပေါက်ကရ ရှစ်ဆယ် လျှောက်မေး ခြင်းကိုရှောင်ကြည်ပါ။ သင့်ဇနီး၊ မိဘ၊ သားသမီးများက သင်ဘေးရန် ကင်းကင်းဖြင့် အိမ်ပြန်လာချိန်စောင့်မျှော်နေသည်ကို အထူးသတိပြုပါ).. အလိုလိုနေရင်း မြွေပွေးကို ခါးပိုက်ပိုက်ချင်နေလိမ့်မည်။ မနက်မိုးလင်းတိုင်း ကြက်ဖလို တွန်ချင်နေလိမ့်မည်။ သင်္ကြန်တွင်း ရေပက်ခံထွက်ရင်း အရူးတယောက်မှ အဖေဟု လိုက်ခေါ်ခြင်းခံရတတ်သည်။ ထီထိုးပါ…အကြီးအကျယ်ပွပေါက်တိုးမည်။ ဦးပေါင်းကျားကို ပေါင်းထားသော အလောင်းစည်သူမင်းကြီး သင့်အိမ်ကို လမ်းမှားပြီးရောက်လာတတ်သည်။ ရှောက်သီးသုပ်နဲ့ ရေခဲမုန့်ကျွေးလိုက်ပါ။ သင်သည် လွှတ်တော်အမတ် ဖြစ်ပါက ထူးဆန်းသော ပြောင်းလဲမှု အဖြစ် နဖူးမှ ချိုတချောင်း ထွက်လာတတ်သည်။ ရာဟုသက်ရောက် အားအလွန် ကောင်းနေမည်ဖြစ်သဖြင့် နွားနို့ ဆိတ်နို့ စသော နို့အပေါင်း သောက်သုံးခြင်းမှ ရှောင်ကြည်ပါ။

ယတြာ- ကြောင်မုဆိုးမ၏ နှုတ်ခမ်းမွှေးနှင့် လိပ်မွှေးကို မတွေ့တွေ့အောင်ရှာပြီး ကိုယ်နှင့် မကွာ ဆောင်ထားလိုက်ပါ…

သောကြာ။   ။ ဤနေ့ မွေးဖွားသော သားသမီးများသည် သောကြာဆိုသည့်အတိုင်း သောက်တိုင်း မမူး လုပ်တိုင်းမပြီးပဲ ကြာနေသဖြင့် သူတပါး မျက်စောင်းထိုးခြင်း စိတ်ကောက်ခြင်း ခံရတတ်သည်။ သင်၏ ရည်မှန်းချက် အားလုံး ဧရာဝတီမြစ်ကို အလျားလိုက် ဖြတ်ကူးနေကဲ့သို့ မရေမရာဖြစ်နေလိမ့်မည်။ အလုပ်မရှိ ကတုံးကို သန်းရှာချင်နေလိမ့်မည်။ မိမိကိုယ်မိမိ နိုင်ငံဥသျှောင် ဆိုသူတယောက်မှ သင့်အားမိတ်ဆွေ ဖွဲ့လာနိုင်သည်။ လင်မယားကွဲကိန်းရှိသဖြင့် လက်မခံပါနှင့်။ သူ၏ သျှောင်ထုံးကိုသာ ဆွဲပြီး တံတောင်ဖြင့် ၃ ချက်လောက် ခပ်ပြင်းပြင်း တွတ်ထည့်လိုက်ပါ။ ပါရမီ ဖြည့်ဖက် လိုက်ရှာနေသူများ ရုံးတက်ရုံးဆင်း ပါရမီစီးပါ။

ယတြာ- ကျား ၂ ကောင်ကို ကွမ်းယာ ဆေးလိပ် လောင်းလှူလိုက်ပါ…

စနေ။    ။ နဂါးတို့ မျက်စောင်း အရွယ်မရွေးဆိုသကဲ့သို့ တွေ့သမျှ အရွယ် သုံးပါးကို တဦးချင်း မျက်စောင်း ထိုးရုံမျှမကပဲ ရောသမမွှေချင် နေလိမ့်မည်။ အားလုံးထဲတွင် ဒေါသ အကြီးဆုံးလူဖြစ်သည့်အတွက် တခုခုကို အမြဲတမ်း ထုထောင်းချင်နေလိမ့်မည်။ နောက်ဆုံးထောင်းစရာမရှိ ကိုယ့်ပေါင်ကိုယ်လှန် ထောင်းတတ် သည်။ စိန်ဂေဟာမဟုတ်ပဲ ဂေဟာတခုခုတွင် တူနှစ်ကိုယ် ဂဟေဆက်ရကိန်းရှိသည်။ အရပ်ပုလွန်းသဖြင့် ဗို်လ်ကြီး ဟု သင်က ပြောသော်လည်း သင်၏ချစ် သူကမူ သင့်အား ကလေးစစ်သား ဟုသာထင်နေလိမ့်မည်။ နေဝင်းမြင့်၏ ကျွဲပွဲစာအုပ်ကိုဖတ်ရင်း ကျွဲကဲ့သို့ အော်ချင်နေလိမ့်မည်။ ကျွဲကြီးဆိုသော လူတယောက်နှင့်လည်း နပန်းလုံးရတတ်သည်။ လက်ညှိုးညွှန်ရာ ရေဖြစ်နေသော အချိန်ဖြစ်သည်။ ကင်းကောင် ကြီး တကောင်
ဝင်လာပါက အလွန်ကံကောင်းပြီဖြစ်သည်။

ယတြာ- မိမိ၏မွေးနံဖြစ်သော နဂါး ဆိုသော အမည်ကို နံကားသွားအောင် အော်ဟစ်လိုက်ပါ……