ကက်ကင်းကုသိုလ်
ကက်ကင်းကုသိုလ်

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် သင်္ကြန်အကြိုနေ့၊ အကျနေ့၊ အကြတ်နေ့၊ အတက်နေ့ စသည့် သင်္ကြန်တွင်းကာလတွင် နာရေးကူညီမှုပေါင်း (၁၇၅) ဦးတို့အားအခမဲ့ ကူညီဖေးမသင်္ဂြိုလ်ပေးခဲ့ သည်။ သင်္ကြန်အတက်နေ့ည (၁၂းဝ၀) နာရီအချိန်ထိကူညီမှုများကို ပြုလုပ်ပေးခဲ့သည်။ သင်္ကြန်တွင်းကာလတွင် နာရေးကူညီမှုများထမ်းဆောင်ပေးဆပ်ရာ၌ နာရေးလမ်းကြောင်းကားလမ်းမပေါ်တွင် သင်္ကြန်ရေကစားမဏ္ဍပ်များဆောက်လုပ်ထားမှုကြောင့် နိဗ္ဗာန်ယာဉ် ဝင်/ထွက် သွားလာရာ၌ အခက် အခဲရှိခြင်း၊ စင်တင်တေးဂီတဖျော်ဖြေပွဲများကြောင့် လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်စေသောကြောင့် ကူညီမှုအချိန် နှောင့်နှေးကြန့်ကြာခြင်းများ ရှိခဲ့သည်။ သို့သော် မြန်မာပြည်သူလူထုတို့၏ လူသားချင်းစာနာစိတ်ဓါတ်ကြောင့် ဝိုင်းဝန်းကူညီကာ လမ်းရှင်းပေးခြင်း၊ ပိတ်ဆို့မှုများအားဖယ်ရှားပေးခြင်းတို့ကြောင့် အခက်အခဲများချောမွေ့စေခဲ့သည်။
သင်္ကြန်တွင်းကာလအတွင်းအများပြည်သူတို့ ပျော်ပါး၊ ရေကစား၊ ကခုန်နေချိန်၌ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများ၊ ဝန်ထမ်းများသည် အများပြည်သူအတွက် မိမိတို့၏ ပျော်ရွှင်မှုများကိုစွန့်လွှတ်ကာအများအကျိုးအတွက် ထမ်းဆောင်ပေးဆပ်လျှက်ရှိကြသည်။သင်္ကြန်ရက်အတွင်းတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အသင်းသား/သူတစ်ဦးချင်း (သို့) အဖွဲ့ လိုက် စုပေါင်း၍ စတုဒီသာအကျွေးအမွေးအဖြစ် နံနက်စာ၊ နေ့လည်စာ၊ အချိုပွဲ၊ ညနေစာစသည်တို့ ကို ဝန်ထမ်းများ၊ အသင်းသူ/သားများ၊ အလှူရှင်များအားကုသိုလ်ဖြစ် ကျွေးမွေးဒါနပြုခဲ့ကြသည်။

နှစ်ဆန်းတစ်ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ မိသားစုလိုက်၊ တစ်ဦးချင်း၊ မိတ်ဆွေသူငယ်ချင်းများအဖွဲ့လိုက် လာရောက်၍ အလှူငွေလှူဒါန်းခြင်းများမထင်မှတ်လောက် အောင်များပြားလှသည်။ ထိုနေ့ ည (ရးဝ၀) နာရီအချိန်တွင် ဝဋ်ကြွေးတော်ပြေဆရာတော်ကြီးဦးဆောင်၍ သံဃာတော် (၅) ပါးတို့အားနာရေးကူညီမှုအသင်း(ရန်ကုန်)ရှိရာသို့ ပင့်ဆောင်ကာဆရာတော်ကြီးမှ ပရိတ်တရားတော်ချီးမြှင့်ပြီးသည့်နောက် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ထမ်းဆောင်ပေးဆပ်ခဲ့သောကုသိုလ်ကောင်းမှုများအားအမိအဖဆွေမျိုးသားချင်းညီအစ်ကိုမောင်နှမ စသဖြင့် (၃၁) ဘုံကျင်လည်ကြကုန်သော မြင်အပ် မမြင်အပ်သောပုဂ္ဂိုလ်အပေါင်းတို့အားအမျှပေးဝေငှခဲ့သည်။
သင်္ကြန်အကြိုနေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရုံးချုပ် အဆောက်အဦးအသစ်ရှိ ဥက္ကဋ္ဌ ဦးကျော်သူ၏ အခန်းရှေ့သို့ ပျံသန်းနေသောငှက်တစ်ကောင် ပြုတ်ကျလာခဲ့သည်။ ယင်းငှက်ငယ်အား နွေးထွေးစွာယူငင်ကြည့်သောအခါ သိမ်းငှက်ပေါက်တစ်ကောင်ဖြစ်နေကြောင်းသိခဲ့ရသည်။ ၎င်း သိမ်းငှက်ငယ်လေးအားကျွေးမွေးပြုစုခဲ့ပြီးနောက် နှစ်ဆန်းတစ်ရက်နေ့တွင် ဘေးလွတ်ရာသို့ အချုပ် အနှောင်လွတ်ငြိမ်းရာသို့ ပြန်လည်၍ လွတ်ပေးခဲ့သည်။

ဘဘဦးသုခပြောကြားခဲ့သောစကားအား ပြန်လည်အမှတ်ရစေခဲ့တော့သည်။ “မောင်ကျော်သူမင်းနဲ့ ဘဘကကက်ကင်း”တဲ့။
ဟုတ်ပါသည်။ ကျော်သူ – သုခ၊ ကျော်သူ – သချႋုင်း၊ ကျော်သူ – သင်္ကြန်၊ ကျော်သူ – သိမ်းငှက် အားလုံးတို့သည် ကက်ကင်းများဖြစ်ကြသည်။ထို့ကြောင့် ယခုနှစ်သင်္ကြန်ကာလအတွင်းလုပ်ဆောင် ပေးခဲ့သောကုသိုလ်ကောင်းမှုများအားကက်ကင်းကုသိုလ်ကောင်းမှုဟုဆိုလိုက်ပါတော့သည်။






















3 comments
bigcat
April 19, 2011 at 4:47 am
သဂျီးနဲ့ဂြိုလ်သားလည်း ကတ်ကင်းပဲ။ ဒါကြောင့် ပန်းကန်ပြားပျံတွေ့ရင် သဂျီးဆီလွှတ်လိုက်ပါဗျို့…
bigbird
April 19, 2011 at 2:48 pm
အခုလိုဖော်ပြပေးတဲ့ဦးကောက်ကို ကျေးဇူးတင်ပါတယ်…
nature
April 22, 2011 at 3:24 pm
ဒီအလုပ်ကိုစလုပ်ဖို့အကြံပေးတဲ့ဘဘဦးသုခနဲ့ စအကောင်အထည်ဖော်ရဲတဲ့ ကိုကျော်သူကို ချီးကျုးလေးစားပါတယ်။