ကံကို ယုံရမှာလား၊ အမှန် သိရမှာလား၊
ကမ္မဿကတာသမ္မာဒိဋ္ဌိဆိုတာ ကံ၏ အကြောင်းအကျိုးကို အမှန်အတိုင်း သိမြင်ဖို့ ဆိုလိုတာပါ။ ဒါကို ကံကို ယုံရမယ်ဆိုပြီး စိစစ်ဝေဖန်မှု မပါပဲ ယုံခိုင်းတော့ သမ္မာဒိဋ္ဌိဆိုတဲ့ အမှန်မြင်တာ မဟုတ်တော့ဘူးပေါ့။
ဒီကံနဲ့ပတ်သက်တဲ့ အယူအဆကို ဗုဒ္ဓဘုရားမပွင့်ခင်ကတည်းက ဟိန္ဒူတို့၊ ဂျိန်းတို့ စတဲ့ဘာသာဝင်တွေက လက်ခံကျင့်သုံးကြတာပါ။ ဂျိန်းဘာသာမှာတော့ အရင်မမွေးခင်က ဖြစ်ခဲ့တဲ့ဘဝတွေမှာ လုပ်ခဲ့တဲ့ကံတွေဟာ အခုဘဝမှာ လိုက်အကျိုးပေးနေတယ်လို့ ယုံကြည်ကြတယ်။ ဒါ တက္ကလို့ဆိုတဲ့ကြံဆပြီး ယုံကြည်ကြတာမို့ ဒဿနလို့ဆိုရတဲ့ ကိုယ်တိုင်သိမြင်မှု မဟုတ်ပါ။
ဒါကြောင့် အရင်ဘဝတွေက လုပ်ခဲ့တဲ့ကံတွေဟာ အခု ဘဝမှာ လိုက်အကျိုး ပေးနေတယ်လို့ ယုံကြည်မှုဟာ ကံရဲ့ အကြောင်းအကျိုးအမှန်ကို သိတဲ့ ကမ္မဿကတာသမ္မာဒိဋ္ဌိလို့ ဆိုလို့မရပါ။ ဟိန္ဒူဘာသာဝင်၊ ဂျိန်းဘာသာဝင် တို့ရဲ့ ကြံဆယုံကြည်မှုသာဖြစ်ပါတယ်။
ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့တဲ့ ကမ္မဿကတာသမ္မာဒိဋ္ဌိ အသိဉာဏ်ဆိုတာက ကံ၏အကြောင်းအကျိုးတွေကို ကြံဆပြီးမှ ယုံခိုင်းတာ မဟုတ်ပါဘူး။
ကိုယ်တိုင်အမှန်အတိုင်းသိမြင်အောင် ပြုလုပ်ဖို့ဖြစ်ပါတယ်။
ဒါ့ကြောင့် ရှေ့ဘဝ၊ နောက်ဘဝကံတွေကို ကြံဆပြီး ယုံကြည်နေရင် ဂျိန်း ဘာသာရဲ့အယူဖြစ်နေမှာပါ။
ဗုဒ္ဓဟောကြားခဲ့တဲ့ ကမ္မဿကတာသမ္မာဒိဋ္ဌိဉာဏ်အမြင်ကတော့ ယခု ပစ္စုပ္ပန် ကိုယ်လုပ်နေတဲ့ ကံတွေရဲ့တန်ဘိုးအမှန်ကို ကိုယ်တိုင်သိမြင်ဖို့်ပါ။ ကံအပေါ် ဂျိန်းအမြင်နဲ့ ဗုဒ္ဓရဲ့အမြင်ကွဲပြားဖို့လိုပါတယ်။
ဂျိန်းဘာသာဝင်တွေရဲ့အမြင်က လူ မသေခင်က အခြေအနေတွေနဲ့ သေပြီးမှ ဖြစ်မယ်ထင်တဲ့ အခြေအနေတွေပေါ်မှာ ကံရဲ့အကြောင်းအကျိုးတွေကို ကြံဆပြီး ယုံကြည်နေကြတာဖြစ်ပါတယ်။
ဗုဒ္ဓမြတ်စွာရဲ့ဟောကြားမှုကတော့ လူမသိနိုင်တဲ့ကိစ္စတွေကို စိတ်ကူးနဲ့ ကြံဆပြီးပြောဆိုတဲ့ တက္ကာဝစရတရားတွေမဟုတ်ပါ။ ကြံဆပြီးပြောဆိုတာ မဟုတ်တဲ့ အတက္ကာဝစရတရားတော်တွေပါ။ သန္ဒိဋ္ဌိကဂုဏ်ထိုက်တဲ့ အသိဉာဏ်ရှိတဲ့ မည်သူမဆို ကိုယ်တိုင် လက်တွေ့သိမြင်နိုင်သော ဒဿနလို့ ဆိုရတဲ့ အသိအမြင်ကို ရှင်းပေးနိုင်တဲ့တရားတော်တွေပါ။
ဗုဒ္ဓက လူတွေကြံဆပြီးမှ ယုံရမယ့် မမွေးခင်ကအကြောင်းတွေနဲ့ သေပြီးမှ ဖြစ်ရမယ့် အကြောင်းတွေကို မဟောကြား ခဲ့ပါဘူး။ လူတွေ မမွေးခင်က အကြောင်းတွေနဲ့ သေပြီးမှဖြစ်ရမယ့် အကြောင်းတွေကို ကြံဆပြီးဟောခဲ့တာ ဂျိန်းဘုရားပါပဲ။ ဒါကို နားလည်မှ ဗုဒ္ဓရဲ့ကံနဲ့ ဂျိန်းကံကို ကွဲကွဲပြားပြား သိမှာပါ။
ဒီကံကို သဘောပေါက်ဖို့အတွက် လူသေရင် ဖြစ်သေးသလား၊ မဖြစ်တော့ဘူးလားဆိုတဲ့ မေးခွန်းတွေကို န ခေါ အဟံ ဆိုပြီး ငါ ဒီအယူတွေ မယူဘူး၊ ဒါတွေက အကျိုးစီးပွားနဲ့မစပ်လို့ ငါစိတ်မဝင်စားဘူးဆိုပြီး အဗျာကတတရားတော်တွေမှာ ဗုဒ္ဓအကြိမ်ကြိမ် ဟောကြားတော်မူခဲ့တာပေါ့။
ဒါ့ကြောင့် ကံရဲ့အကျိုးပေးတွေပေါ်မှာ လူမမွေးခင်နဲ့ လူသေပြီးမှ စတဲ့ အကြောင်းတွေနဲ့ ကြံဆပြီးတွေးခေါ်နေမိပြီဆိုရင် ဗုဒ္ဓဘုရားဟောကြားခဲ့တဲ့ ကံနဲ့ ကံရဲ့အကြောင်းအကျိုးအမှန်ကို သိမှာမဟုတ်တော့ပါဘူး။
ဗုဒ္ဓဟောကြားခဲ့တဲ့ ကံကို နားလည်ဖို့မှာ လူမမွေးခင်နဲ့ လူသေပြီးမှ ဖြစ်မယ့် အကြောင်းတွေနဲ့ မစဉ်းစားမိဖို့ လိုပါတယ်။
အတိတ်၊ ပစ္စုပ္ပန်၊ အနာဂါတ်စတဲ့ ကာလတွေကိုလည်း ကြံဆပြီးမှသိရမယ့် ကာလတွေနဲ့ မစဉ်းစားပဲ လူသိနိုင်တဲ့ ကာလဘောင်အတွင်းကဖြစ်တဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂါတ်သဘောကို ဝေဖန်စဉ်းစားမှသာ ဗုဒ္ဓရဲ့ ကံဟော ကြားမှုသဘောအမှန်ကို သဘောပေါက်နားလည်မှာပါ။
ဒါနဲ့ပတ်သတ်လို့ ဗုဒ္ဓကို သုဘလို့ဆိုတဲ့လူငယ်လေးတစ်ယောက်က လူတွေ မှာ အသက်တိုတာ၊ အသက်ရှည်တာ၊ ကျန်းမာရေးညံ့တာ၊ ကျန်းမာရေး ကောင်းတာ၊ အဆင်းကျက်သရေရှိတာ၊ အဆင်းကျက်သရေမဲ့တာ၊ အပေါင်း အသင်းပေါများတာ၊ အပေါင်းအသင်းနည်းတာ၊ ငွေကြေးချမ်းသာတာ၊ ဆင်းရဲတာစတဲ့ အဆင့်အတန်းတွေ အမျိုးမျိုးအပြားပြားကွဲပြားနေတာ ဘယ်လိုအကြောင်းတွေကြောင့်ပါလဲလို့ မေးခဲ့ဘူးပါတယ်။
ဗုဒ္ဓက လူတွေ လုပ်ခဲ့တဲ့ ကံ (အလုပ်)တွေ မတူခဲ့လို့ အခုလို အဆင့်အတန်း အနိမ့်အမြင့်တွေ အမျိုးမျိုးကွဲပြားနေတာလို့ ပြန်လည်ဟောကြားတော်မူခဲ့ပါ တယ်။
ဒီနေရာမှာ လုပ်ခဲ့တဲ့ ကံ (အလုပ်)တွေဆိုတာ မမွေးခင်က လုပ်ခဲ့တာတွေကို သွားစဉ်းစားမိနေရင် ဂျိန်းအယူဖြစ်သွားပါ လိမ့်မယ်။
ဗုဒ္ဓဟောကြားတော်မူခဲ့တဲ့ လုပ်ခဲ့တဲ့ ကံ (အလုပ်)တွေဆိုတာ လွန်ခဲ့တဲ့ အတိတ်ကာလက လုပ်ခဲ့တဲ့ အလုပ်တွေပါ။ လွန်ခဲ့တဲ့ အတိတ်ကာလဆိုတာ ကြံဆပြီးမှ သိရမယ့် မမွေးခင်ကာလကို ပြောတာမဟုတ်ပါဘူး။
လူသိနိုင်တဲ့ကာလဖြစ်တဲ့ အတိတ်ကာလဘောင်အတွင်းက စဉ်းစားဝေဖန်မှသာ အဗျာကတတရားတော်တွေနဲ့ ကိုက်ညီမှာပါ။
ဥပမာအနေနဲ့ပြရရင် . . . . . . .
လူတစ်ယောက်ဆရာဝန်ဖြစ်တယ်ဆိုတာ မူလတန်းက စပြီး ဆယ်တန်းအောင် ဘွဲ့ရတဲ့အထိ ဆရာဝန်ဖြစ်လောက်အောင် စာကြိုးစားတဲ့အလုပ်ကို လုပ်ခဲ့လို့ သူလုပ်ခဲ့တဲ့ကံအတိုင်း ဆရာဝန်ဘဝအဖြစ် အကျိုးပေးနေတယ်လို့ သဘောပေါက်ပေးရ မှာပါ။
ဒါ လူသိနိုင်တဲ့ ပမာဏထဲက စဉ်းစားဝေဖန်တဲ့ အသိဉာဏ်ပါ။
ဒါ့ကြောင့် ဗုဒ္ဓဟောကြားတဲ့ကံသဘောကို နားလည်ဖို့မှာ လူသိနိုင်တဲ့ ပမာဏထဲက စဉ်းစားဝေဖန်တတ်ဖို့ လိုပါတယ်။
အသက်တိုအောင်၊ ကျန်းမာရေးထိခိုက်အောင် ပေါ့ပေါ့ဆဆ နေထိုင်ခဲ့မယ် ဆိုရင် အသက်တိုမယ်၊ ကျန်းမာရေး ထိခိုက်မယ်။
အသက်ရှည်အောင်၊ ကျန်းမာရေးကောင်းအောင် ဂရုစိုက်ခဲ့မယ်ဆိုရင် အသက်ရှည်မယ်၊ ကျန်းမာရေးကောင်းမယ်။
အဆင်းကျက်သရေမဲ့အောင်၊ လူမုန်းအောင် နေထိုင်၊ ပြောဆို၊ လုပ်ကိုင် မယ်ဆိုရင် ကိုယ့်ကို မြင်တဲ့သူတိုင်းဟာ မြင်ရတာ ကျက်သရေမရှိဘူးလို့ မြင်ကြမှာပါ။ ဒါကို အဆင်း မလှဘူး၊ ရုပ်ဆိုးတယ်လိုု့့ ပြောရပေါ့။ ရုပ်ဆိုးတယ်၊ ကျက်သရေ မရှိဘူးဆိုတာ လုပ်ခဲ့တဲ့ ကံ (အလုပ်)တွေ ဆိုးခဲ့လို့ပါ။
ကျက်သရေရှိအောင် နေထိုင်၊ ပြောဆို၊ လုပ်ကိုင်မယ်ဆိုရင် ကိုယ့်ကို မြင်တဲ့သူတိုင်းဟာ မြင်ရတာ ကျက်သရေရှိတယ်လို့ ထင်မယ်။ ဒါကိုပဲ အဆင်းလှလာတယ်လို့ ပြောရတာပါ။
အပေါင်းအသင်း ခြွေရံသင်းပင်းနည်းတာဟာလည်း ကိုယ်က တစ်ကိုယ် ကောင်းဆန်ဆန်နေခဲ့လို့ပါ။
ပေးသင့်ပေးထိုက်တာ ပေးကမ်းမယ်၊ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ကိုင်ပေးမယ်ဆိုရင် အပေါင်းအသင်း ခြွေရံသင်းပင်း ပေါများလာမှာပေါ့။ ဒါလည်း ကိုယ်လုပ်ခဲ့တဲ့အတိုင်းပဲ အကျိုးပေးနေတာလို့ နားလည်ပေးဖို့လို ပါတယ်။
အလုပ်ကို မကြိုးစားတဲ့ ဝိရီယမရှိတဲ့သူတွေ၊ အသုံးအဖြုန်းကြီးတဲ့သူတွေနဲ့ ကိုယ်လုပ်နေတဲ့အလုပ်ပေါ်မှာ အလေးမထားတဲ့သူတွေကတော့ ငွေကြေး ဥစ္စာ ဆင်းရဲမှာပေါ့။
ဒါလည်း သူတို့လုပ်ခဲ့၊ နေခဲ့တဲ့အတိုင်း ဖြစ်ရတာပါ။
ငွေကြေး ဥစ္စာကြွယ်ဝချမ်းသာအောင် လုပ်ကိုင် ရှာဖွေခဲ့မယ်ဆိုရင် ကြွယ်ဝ ချမ်းသာလာမှာပေါ့။
ဒါ့ကြောင့် ဗုဒ္ဓက သုဘလုလင်ကို လူတွေဟာ သူတို့ လုပ်ခဲ့တဲ့ အလုပ် (ကံ)တွေအတိုင်း အကျိုးပေးတွေ ကွဲပြားနေရတာလို့ ဟောကြားတော် မူခဲ့တာပါ။
ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့တဲ့ ကံကို ဂျိန်းကံနဲ့ ကွဲကွဲပြားပြားသိဖို့ရာမှာ
မမွေးခင်ကကိစ္စတွေ၊ သေပြီးမှ ကိစ္စတွေစတဲ့ ကြံဆပြီးမှ ယုံရမယ့် အတွေး တွေနဲ့ မစဉ်းစားမိဖို့နဲ့ လူတစ်ယောက် သိနိုင်တဲ့ပမာဏကို လွန်ပြီး မစဉ်းစား မိဖို့က အဓိကပါပဲ။ တစ်နည်းအားဖြင့် စိတ်ကူးယဉ် လူလွန် အတွေးအခေါ် များနဲ့ မစဉ်းစားမိဖို့ပါပဲ။
ဒါ့ကြောင့် ဗုဒ္ဓရဲ့ ကမ္မဿကတာသမ္မာဒိဋ္ဌိအသိဉာဏ်ဆိုတာ သမ္မာဒိဋ္ဌိလို့ ဆိုတဲ့အတိုင်း အမှန်အတိုင်းသိဖို့ပါ။ ကိုယ်မသိနိုင်တဲ့ မမွေးခင်က ကိစ္စတွေနဲ့ သေပြီးမှ ကိစ္စတွေကို ကြံဆပြီးမှ ယုံကြည်နေရတာ မဟုတ်ပါဘူး။ ဇီးကွက် ဇီးကွက် ဆိုမှတော့ ဘာငှက်လဲလို့ မေးနေဖို့ မလိုသလို ကမ္မဿကတာ သမ္မာဒိဋ္ဌိဆိုတာ ကံ၏အကျိုးကို ကိုယ်တိုင်အမှန် ပိုင်းခြား သိရမယ့် အသိဉာဏ်သာလျှင် ဖြစ်ပါကြောင်း စဉ်းစားတတ်သူများ စိစစ်နိုင်ရန် တင်ပြလိုက်ပါတယ်။
အမှန်မြင်နိုင်ကြပါစေ . . . . .။
9 comments
မိုက်ကယ်ဂျော်နီအောင်ပု
April 21, 2011 at 8:19 am
ဒါဆိုဒီလိုလေးလုပ်ကြည့်ရအောင်
ယ္ခု ပို ့စ်ကိုတင်ထားတဲ့ kosicca နဲ ့ ashinariya ဆိုတာက တစ်ယောက်တည်းလား
ရဟန်းလား လူဝတ်ကြောင်လား
ဥုဇူစ = ဖြောင့်မတ်ရမည် ( ကိုယ့်ကိုယ်ကိုယ်မလိမ်ခြင်းထိ )
ဘာဖြစ်လို ့လဲဆိုတော့ အာဘော်ခြင်းက တူတဲ့သဘောကိုစောင်နေတော့
ကဲထားပါတော့
ယ္ခု ကျွန်ုပ်က ငါ့ရှင်ပြောတဲ့အတိမ်အနက်တွေကို သိပ်ဦးစားပေးမပြောတော့ဘူး
ယ္ခု ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု သည် လူဝတ်ကြောင်တစ်ယောက်ဖြစ်ပါသည်
သတ်ဖြတ်ခဲ့ဘူးသည်။ ပြစ်မှားခဲ့ဘူးသည်။
ကောင်း၏ဟု ဆိုကုန်သော အကြောင်းကိုလည်း လုပ်ခဲ့ဘူးပြီ။(ကံသုံးပါး၏ ပြည့်စုံခြင်းဖြင့်)
ဆိုး၏ဟု ဆိုကုန်သော အကြောင်းကိုလည်း လုပ်ခဲ့ဘူးပြီ။( ကံသုံးပါး၏ ပြည့်စုံခြင်းဖြင့်)
ထိုသော အကြောင်းနှစ်ပါးကို သုံးပါးသောစိတ်ထား၏ ပြည့်စုံခြင်းဖြင့် ပြုခဲ့ဘူးပြီ။
ယ္ခုမူ ကျွန်ုပ်၏ ရုပ်နာမ်သည် မငြိမ်းသေး အသက်ရှင်လျှက်ပင်ရှိပါ၏ဟု ဆိုပါမည်။
ထိုသော ကျွန်ုပ်သည် ကျန်ရှိသာ အချိန်တွင် မည်သို ့ပြုကျင့်နေထိုင်ရပါမည်နည်း။
မှတ်ချက်။ ။ မည်သည့်ကျမ်းကိုမျှ မကိုးကားစေလိုပါ။
သင်ယုံကြည်နားလည်သော သဘောအတိဖြစ်ရပါမည်။
ဆိုလိုသည်မှာ သင်၏ပြောဆိုခြင်းသည် သင်ယုံကြည်ရာဘုရား၏ဝါဒသဘောတရားဟု
အကြမ်းဖျင်းသတ်မှတ်ပါမည်။
lionking
April 22, 2011 at 2:38 am
ရဟန်းလား လူဝတ်ကြောင်လားဆိုတဲ့ ပုဂ္ဂိုလ်ကို မကြည့်နဲ့ ကိုယ့်လူရ။ ပြောတဲ့ အကြောင်းကို ကြည့်တတ်ရတယ်။ ပြောတဲ့အကြောင်းက ဥုဇူစ = ရိုးဖြောင့်ရင် လက်ခံရတယ်။ မနေနိုင်လို့ ဝင်ပြောတာပါ မိတ်ဆွေကြီးရာ။
nature
April 21, 2011 at 4:09 pm
သင်သည်လည်းအမှန်အတိုင်းမြင်နိုင်ကြပါစေ၊ သာသနာတော် ၂၅၀ဝ ကျော်ပြီ၊ ဒီ post လိုသာသနာတော်ကြီးအမည်ခံပြီး သာသနာတော်ကြီးအားခြစားမှုများတိုးပွားလာစေသော၊ ကိုယ်၏တွေးအခေါ်များကို မြတ်စွာဘုရားဟောလေဟန်နှင့်မပြောသင့်ပါ၊ ဗုဒ္ဓမြတ်စွာဘုရား ကိုယ်တိုင်ကလည်း သာသနာနှောင်းပိုင်းတွင် ဗုဒ္ဓဘာသာအမည်ခံပြီး မိမိတို့၏ အယူဝါဒများကို ဖြန့်ဖြူးသူများ ယခုကဲ့သို့ ပေးပေါက်လာဦးမည်ဟု သတိပေးခဲ့ပါသည်။
kosicca
June 26, 2011 at 5:16 pm
ဒါဆိုရင် ဘယ်လိုအတွေးအခေါ်များကို ဘုရားဟောနဲ့ ထပ်တူလို့ဆိုချင်တာလဲ။ မြန်မာထေရဝါဒတွေက ကိုယ့်ဆီက ပိဋကတ်တွေမှ ဘုရားဟောလို့ထင်သလို၊ ယိုးဒယားတွေကလည်း သူတို့ဟာကမှ ဘုရားဟောအမှန်လို့ ပြောကြမှာပဲ။ တရုတ်ဗုဒ္ဓဘာသာဝင်တွေ၊ ဂျပန်ဗုဒ္ဓဘာသာဝင်တွေ ကိုရီးယာတွေကလည်း သူတို့ဆီကမှ ဘုရားဟောအစစ်လို့ ပြောကြတာပဲ။ ကိုယ့်ဟာကို ဘုရားဟောအစစ်ထင်ပြီး ကိုးကွယ်နေကြတာပေါ့။ နှစ်ပေါင်းက (၂၅၀၀)တောင်ကြာပြီဆိုတော့ ကိုယ့်ဟာမှ မှန်တယ်ဆိုပြီး ကိုယ့်သမီး ကိုယ်ချော လုပ်မနေပါနဲ့။ ကိုယ့်စာအုပ်တွေမှာ ကိုယ်လမ်းဆုံးမနေပါနဲ့တော့။ ကိုယ်ပိုင်ဉာဏ်နဲ့ နှိုင်ယှဉ်လေ့လာဖို့ အသိဉာဏ်တွေ ဖွင့်ထားဖို့လိုပါတယ်။
eros
April 22, 2011 at 3:13 am
ဟေဟေ့ သုဘလုလင်ရဲ့ အဖေဘာဖြစ်သွားလည်း ဘုရားက သုဘလုလင်ရဲ့ အိမ်ကခွေးလေးကို ဘာပြောခဲ့လဲ။ အဲဒီခွေးလေးက ဘာလုပ်ခဲ့လဲ သုဘလုလင် မြတ်စွာဘုရားကို ဘယ်လို ပြုမူခဲ့တယ် ဆိုတာ စိတ်ဝင်စားစရာပဲ။ သုမေဓာရှင်ရသေ့က ဘာလဲ ဆိုတာလဲ စိတ်ဝင်စားစရာပဲ။ ဃောသက သူဌေး အကြောင်းလဲ ဖတ်ဖူးပါရဲ့။
kosicca
April 22, 2011 at 3:42 am
သေတဲ့လူတွေ ဘာဖြစ်သွားတယ်၊ ညာဖြစ်သွားတယ်ဆိုတဲ့ ဇာတ်လမ်းတွေဟာ ဘုရား ပရိနိဗ္ဗာန်စံပြီး နောက်မှ ဘုရားဟောတယ်ဆိုပြီး ဝင်လာတဲ့ ဇာတ်လမ်းတွေပါ။ အဲဒါတွေကို အဋ္ဌကထာတွေလို့ ခေါ်ပါတယ်။ ဘုရားဟောမူရင်းနဲ့ အဋ္ဌကထာဆရာ တွေက မိမိတို့ နဂိုအယူအဆ အတွေးတွေနဲ့ ပြန်ချဲ့ကားတာတွေကို ကွဲပြားဖို့လိုပါတယ်။
ဘုရားက သူဟောလိုတဲ့ တရားသဘောပေါ်လွင်အောင် အဲဒီခေတ်က လူနားလည်လွယ်မယ့် ဇာတ်လမ်း၊ ပုံပြင်လေးတွေနဲ့ တန်ဆာဆင်ဟောခဲ့တာပါ။
ဇာတ်လမ်း၊ ပုံပြင်ဆိုတာ တကယ့်အဖြစ်မှ မဟုတ်တာ။ တင်စားပြောထားတာပဲ။
အဲဒါတွေကို ဘုရားမရှိတော့မှ စိတ်ကူးယဉ်သမားတွေက ဘုရားပဲ ဖြစ်ခဲ့သလိုနဲ့
ဖန်တီးလိုက်တော့ ဇာတ်တော်ဆိုပြီးဖြစ်သွာတာကို သိစေချင်ပါတယ်။
နို့မဟုတ်ရင် မင်းသိင်္ခရဲ့ ဆားပုလင်းနှင်းမောင်ကို အပြင်မှာ လိုက်ရှာသလို ဖြစ်နေမှာဆိုးလို့။
kosicca
April 22, 2011 at 3:24 am
kosiccaဆိုတာ သစ္စာတရားကို မြတ်နိုးတဲ့သူပါ။ ဘယ်သူနဲ့ပဲဖြစ်ဖြစ် အမြင်ခြင်းတူရင် အတွေးခြင်းလည်း တူမှာပေါ့။ အရိယသစ္စာကို ဦးတည်တာမို့ အာဘော်ခြင်းလည်း တူသွားနိုင်ပါတယ်။ အမတ်ကြီး ဦးပေါ်ဦးပြောသလို ဉာဏ်ရည်တူသွားတာလည်း ဖြစ်နိုင်ပါတယ်။
shwethitsa
May 5, 2011 at 10:25 am
အမှန်လိုချင်ရင် အမှားသိရမယ်တဲ့။ နိဗာန်ဆိုတာ ရောက်ရှိလာမယ့်တရားတဲ့။ တွေ့အောင်ရှာရမှာမဟုတ်ဘူးတဲ့။ ဒါဆိုရင် ဒီခေါင်းစဉ်အောက်က ဆရာတို့အားလုံးရဲ့
ပြောဆိုဆွေးနွေးချက်တွေထဲက အမှားတွေကိုသိအောင် အရင်ကြိုးစားရမှာပေါ့နော်။
ဒါ့ကြောင့် ဆရာတို့ပြောနေကြတဲ့ တရားတွေထက်၊ ကျွန်တော်တို့ရဲ့မိရိုးဖလာလက်ခံမိ ထားတဲ့ တရားထဲက ဘာတွေများမှားနေတာလဲဆိုတာ ဆရာတို့ပြောပြပေးပါနော်။
(အမှားကိုသာသိချင်တာပါ)။ ဒါပေမယ့် အထောက်အထားလေးနဲ့တော့ ကျေးဇူးပြုပေး
ကြပါလို့း။
akswe
June 27, 2011 at 12:24 am
ဘာမှ မရေးတော.ဘူး ဘယ်သူလည်း ဘာတွေလည်းဆိုတာ သိသွားလို.
ကိုအောင်ပုနှယ် ရော သောက်တတ်လို. ငိုက်နေတတ်မယ်ထင်တာ တော်တော် အလတ်တ် ဖြစ်တဲ.လူဗျာ..အံ့ရော။
ကဲ ရွာသားကျော်တွေ ရဲ. လက်သံကို နားဆင်မယ် ဗျား…