အမ္ဗပါလီ (၁)
ဗုဒ္ဓဘာသာဝင်အတော်များများ ဗုဒ္ဓဘာသာအကြောင်း စေ့စေ့ငုငုမသိပေမဲ့
ဗုဒ္ဓဘာသာစာပေထဲမှာပါတဲ့ နာမည်အတော်များများနဲ့ ရင်းနှီးကြတယ်။
ကျောင်းထဲမှာဆို
ဇေတဝန်ကျောင်း၊ ဝေဠုဝန်ကျောင်း
ဘုန်းကြီးထဲမှာဆို
ရှင်အာနန္ဒာ၊ ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်
လူထဲမှာဆို
အနာထပိဏ်၊ ဝိသာခါ
ရှင်ဘုရင်ထဲမှာဆို
ကောသလ၊ ဗိမ္ဗိသာရ
အကြောင်းစုံ အကုန်မသိပေမဲ့ ဒီနာမည်တွေနဲ့ ရင်းနှီးပြီးသား။
ဒီ့အပြင် ဗုဒ္ဓဘာသာဝင်အတော်များများ သိတဲ့သူ တစ်ယောက်ရှိသေးတယ်။
သူက အမ္ဗပါလီ
အမ္ဗပါလီကို ပြည့်တန်ဆာတစ်ယောက်လို့ အကြမ်းဖျင်း သိထားကြတယ်။
ပြည့်တန်ဆာဆိုတဲ့ဝေါဟာရကို အင်္ဂလိပ်လိုတော့
prostitute, courtesan လို့ဆိုတယ်။
အငယ်တုန်းက ဒီ prostitute ကို
အင်္ဂလိပ်ဗန်းစကား (Slang) လို
44 လို့ခေါ်ကြောင်း စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတယ်။
ဘာ့ကြောင့် ဒီလိုခေါ်ကြောင်း အကြောင်းတရားကို မသိရဘူး။
(ဒီ 44 နဲ့စပ်လို့ ငယ်ငယ်တုန်းက အားကစားဂျာနယ်တစ်ဆောင်မှာ ဖတ်ဖူးတာလေးပြောရအုံးမယ်)
တစ်နေ့ ဘောလုံးအကျော်အမော် ဒေးဗစ်ဘက်ခမ်းဆိုသူ
တစ်နေရာသွားဘို့ ဘတ်စ်ကားစောင့်နေတယ်တဲ့။
သူသွားရမဲ့ခရီးကို ဘတ်စ်ကားအမှတ် (44) စီးပြီး သွားရမှာတဲ့။
နာရီဝက်လောက်ကြာအောင် ဘတ်စ်ကားမှတ်တိုင်မှာ စောင့်နေပေမဲ့
သူစောင့်တဲ့ အမှတ် (44) ဘတ်စ်ကားက ရောက်မလာဘူးတဲ့။
ခဏနေတော့ အမှတ် (22) ဘတ်စ်ကား ရောက်လာတယ်တဲ့။
စောင့်ရတာ စိတ်မရှည်တော့တဲ့ ဘက်ခမ်း
မထူးတော့ပါဘူးဆိုပြီး အမှတ် (22) ဘတ်စ်ကားကို နှစ်ခါပြန်စီးပစ်တယ်တဲ့။
22 နှစ်ခါပြန်စီးတော့ 44 ဖြစ်သွားတာကိုး။
(44) နဲ့ပတ်သက်လို့ ဒါလေးမှတ်မိလို့ ပြောပြတာပါ။
ပြည့်တန်ဆာဆိုတာကို ခန္ဓာကိုယ်ကို အရင်းအနှီးပြုပြီး
မိမိခန္ဓာကိုယ်ကို ကာမဂုဏ်ပျော်ပါးလိုသူတို့ကို တစ်ခဏတာ ရောင်းချတတ်သူလို့
အဓိပ်ပါယ်ဖွင့်ဆိုရမယ်ထင်ပါတယ်။
နောက်ပိုင်းတော့ ဒီမြန်မာစကားလုံးအတွက်
ဗန်းစကားတွေ ထွက်ပေါ်လာပါတယ်။
ကြက်
ကြက်ဆိုတာ တိရစ္ဆာန်သတ္တဝါ။
ကြက်ဆိုတဲ့သတ္တဝါမှာ အထီးရော အမရောရှိပေမဲ့
ဗမာ ဗန်းစကားမှာ အမ (လူမ) ကိုသာ ရည်ညွှန်းပါတယ်။
လူမဆိုတာတောင် ရိုးရိုး လူမ မဟုတ်တော့ဘူး။
ပြည့်တန်ဆာမ ဖြစ်သွားပါတယ်။
ဒီအမျိုးသမီးက ကြက်ဖြစ်တယ်လို့ ပြောလိုက်ရင်
ဒီအမျိုးသမီးက ပြည့်တန်ဆာမ ဖြစ်တယ်လို့ နားလည်ရပါတယ်။
ဘဲ ဆိုတဲ့ ဗမာ ဗန်းစကား ရှိတယ်။
ဘဲဆိုတာလည်း တိရိစ္ဆာန်သတ္တဝါပါဘဲ။
ဘဲဆိုတဲ့သတ္တဝါမှာလည်း အထီးရော အမရော ရှိပေမဲ့
ဗမာဗန်းစကားမှာ အထီး (လူထီး) ကိုသာ ရည်ညွှန်းပါတယ်။
ဒီနေရာမှာတော့ လူထီးဆိုတာ ရိုးရိုး လူထီးပါ။
ပြည့်တန်ဆာထီး မဟုတ်ပါဘူး။
ဒီဘဲကြီးနဲ့ အဆင်မပြေဘူးလို့ ပြောရင်
ဒီလူကြီးနဲ့ အဆင်မပြေဘူးလို့ နားလည်ရပါတယ်။
ရှိစေတော့။
အမ္ဗပါလီနဲ့ပတ်သက်ပြီး ဗမာစကား ပြည့်တန်ဆာဆိုတာကို
နားလည်ခံစားမိသလောက်ပြောပြတာပါ။
ပြည့်တန်ဆာဆိုတာ ပြည်ရဲ့ တန်ဆာ၊ တိုင်းပြည်ရဲ့ တန်ဆာ၊ တိုင်းပြည်ရဲ့ အသုံးအဆောင်။
တိုင်းပြည်တစ်ပြည်မှာ ရှိသင့်ရှိထိုက်တဲ့ အင်္ဂါရပ်တွေထဲက အင်္ဂါရပ်တစ်ခု၊
တိုင်းပြည်တစ်ပြည်ရဲ့ လိုအပ်ချက်တစ်ခု။
ဆိုတော့
ပြည့်တန်ဆာလို့ နာမည်လှလှလေးကို သုံးနှုန်းခြင်းဖြင့်
ဒီလုပ်ငန်းလုပ်တဲ့သူကို
ပြည့်တန်ဆာလို့ မြန်မာစကားတီထွင်ပေးခဲ့တဲ့သူကို ကျေးဇူးတင်ရမယ်။
အင်မတန် အစပ်အဟတ်တည့်တဲ့ နာမည်ပဲ။
ဒါ့ကြောင့် ဒီပြည့်တန်ဆာဆိုတဲ့ဝေါဟာရကို
အခြားအကျည်းတန်တဲ့စကားလုံးတွေ မသုံးပဲ
ပြည့်တန်ဆာလို့ ခေါ်တာ အကောင်းဆုံးပဲလို့ ယူဆတယ်။
ပြည့်တန်ဆာဆိုတဲ့ လှပတဲ့ ဗမာစကားလိုပဲ
ပါဠိစာပေမှာလည်း (ပြည့်တန်ဆာအတွက်) လှပတဲ့ ပါဠိစကားလုံးတွေ ရှိတယ်။
ပါဠိလို ပြည့်တန်ဆာကို
နဂရသောဘိနီ (မြို့ကို သာယာစေတတ်သူ)
ရူပူပဇီဝိနီ (ရုပ်အဆင်နှင့် အသက်မွေးဝမ်းကြောင်းပြုသူ) တဲ့။
အတော်အသက်ဝင်တဲ့ စကားလုံးတွေပဲ။
One comment
ashinindaka
April 21, 2011 at 11:59 am
ဒီနေ့တင်ရတာ သိပ်အဆင်မပြေဘူး