“Miss trouble ”ရွေးကြစို့။

who whoApril 21, 20111min1365

ပွဲကတော့ ပွဲကြီးပွဲကောင်းပါပဲ။ သူများလိုတော့ အလှမယ်ရွေးချယ်ပွဲ တို့ ၊ မယ်စင်္ကြာဝဠါ ရွေးပွဲတို့တော့ မထင်လိုက်ပါနဲ့။ ခုလုပ်မယ့် ပြိုင်ပွဲကတော့ မယ်ဒုက္ခစစ်ရွေးချယ်ပွဲလို့ပဲ ပြောရမယ်ထင်ပါတယ်။ ဒီမှာ လာပြိုင်ကြမယ့် ဒုက္ခ မယ်တွေကတော့ စာရင်းတွေပေးထားလိုက်ကြတာ အမျိုးမျိုးပါပဲ။ လုပ်မယ့် ရှိုးခန်းမကြီးကတော့ ကျနော့ ခန္ဓာအိမ်ဖြူတော် ခမ်းမကျယ်ထဲမှာပါပဲ။ ဒီထဲမှာ ဒုက္ခမယ်တွေက အလှည့်ကျ အစဉ်လိုက်ကိုပဲ ဝင်ရောက် ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။ အဲဒီ ယှဉ်ပြိုင်တဲ့ထဲကမှ ဒုက္ခစစ်ကို ရွေးချယ်လို့ သရဖူ ပေးအပ်မှာ ဖြစ်ပါတယ်။
“ဉာဏ်”ကို ဒိုင်လူကြီးနေရာမှာထားလို့ သူကပဲ အမှတ်ပေးလို့ ဆုံးဖြတ်ပေးသွားမှာဖြစ်ပါတယ်။ ပွဲစဉ်မှာ အလှည့်ကျတဲ့ ဒုက္ခမယ်တွေ တစ်ဦးစီက ဒီခန္ဓာကြီးအပေါ် ဘယ်လောက်ထိ ဒုက္ခတွေ ပေးနိုင်တယ် ဆိုတာကို သူ့လက်စွမ်းတွေနဲ့ လက်တွေ့ပြသွားရမှာ ဖြစ်ပါတယ်။ အကယ်လို့ သူတို့ပေးတဲ့ ဒုက္ခတွေသည် ကုသလို့ရတယ်။ တနည်း ပြုပြင်ကြည့်လို့ရတယ် ဆိုရင် အဲဒီဒုက္ခမယ်က ရှုံးပြီပဲ။ အဲလိုမဟုတ်ပဲ ဘယ်လိုမှ ကုသလို့ ပြုပြင်လို့ မရတော့တဲ့ ဒုက္ခမျိုးဆိုရင်တော့ အဲဒီဒုက္ခမယ်က အနိုင်ရသွားမှာပဲ ဖြစ်ပါ တယ်။
ကဲ ပွဲကတော့ စပါပြီ။ ပြိုင်ပွဲဝင်မယ့် အဖွဲ့ကို သုံးဖွဲ့ခွဲလိုက်ပါတယ်။
တစ်နေ့ကို တစ်ဖွဲ့နှုန်းနဲ့ ယှဉ်ပြိုင်သွားမှာမို့ ဒီပြိုင်ပွဲကို သုံးရက်ဆက်တိုက် ကျင်းပပေးမှာဖြစ်ပါတယ်။ နံပါတ်တစ်အဖွဲ့ဖြစ်တဲ့ “ဒုက္ခ ဒုက္ခ” ဆိုတဲ့ အဖွဲ့က အရင်ဆုံး ပြိုင်ရမှာဖြစ်ပါတယ်။ “ကဲ စတင်ယှဉ်ပြိုင်ဖို့ အလှည့်ကျတဲ့ ဒုက္ခ ဒုက္ခ အဖွဲ့ကို စင်မြင့်ပေါ်သို့ ဖိတ်ခေါ်ပါတယ်ရှင်။” “ ဖြောင်း..ဖြောင်း..ဖြောင်း… ဖြောင်း”။ အားလုံးရဲ့ လက်ခုပ်သံတွေ ဆူညံစွာ ထွက်ပေါ်လာပါတယ်။ အမယ် အပျံစားတွေပါလား။“ဒုက္ခ ဒုက္ခ” အဖွဲ့ဝင်တွေက။ တစ်ဖွဲ့လုံး အလန်း တွေချည်းပဲ။ ပရိတ်သတ် အားလုံး စိတ်ဝင်တစား ကြည့်ရှု့နေပါပြီ။
အဖွဲ့ဝင်တွေအားလုံး ပရိသတ်ကို အရိုအသေပေးပြီးနောက် လှပစွာ တန်းစီရပ်လိုက်ကြပါတယ်။ အရင်ဆုံး အလှည့်ကျသူက ရှေ့ကိုထွက်လာပြီး သူ့ပါးစပ်ကို ဟလို့ အပူခိုးတွေ မှုတ်ထုတ်လိုက်ပါတယ်။ အစွမ်းတွေစပြ နေပါပြီ။ အားပါး….ခန္ဓာအိမ်တစ်ခုလုံး မီးခိုးများ ထွက်လာတော့မလား ထင်ရ တယ်။ ပူကျက်လာလိုက်တာ။ တရှိန်ရှိန်နဲ့။ သူမ ဒုက္ခပေးပုံက လှလွန်းလို့ ထင်သည် ။ ခန္ဓာအိမ်ကြီး ယိုင်လဲသွားပါပြီ။ အားလုံးလည်း သူမ အစွမ်းကို သဘောတွေကျနေကြပါတယ်။ အော် ဒုက္ခပေးတတ်သားပဲပေါ့။ အဲဒီမှာပဲ ဉာဏ်က အချက်ပြလိုက်တယ်။ ဆေးကုမယ့် ဆရာဝန်ကိုပေါ့။ ဆရာဝန်က ဒီအပူများနေတဲ့ ခန္ဓာကြီးကို အပူချိန်တိုင်းကြည့်ပြီး လိုအပ်တာကုသလိုက် တယ်ဆိုရင်ပဲ ဒီခန္ဓာကြီးဟာ တဖြည်းဖြည်းနဲ့ကို် ပြန်လည် ကောင်းမွန်လာ ပါတော့တယ်။ ကဲ…ဘယ်မလဲ။ မယ်ဒုက္ခရေ။ နင်ပေးတဲ့ အပူလှိုင်းကလည်း ဆရာဝန်တော့ ကြောက်သားနော်။
ပရိသတ်အားလုံးရဲ့ “ဟာ!”ဆိုတဲ့ အာမေထိဋ်သံ နှင့်အတူ ဒီတစ်ယောက်တော့ လစ်ပေါ့ဆိုတာ သဘောပေါက်သွားပါပြီ။ အင်း ဒီဒုက္ခ မယ်လည်း သူရှုံးသွားပြီမို့ စင်ပေါ်ကပြေးပေါ့။ “ဖြောင်း…ဖြောင်း… ဖြောင်း… ဖြောင်း”။ ပရိသတ်တွေက သဘောတွေကျပြီး လက်ခုပ်လက်ဝါး တီးလိုက် ကြပါတယ်။ သူမပေးတဲ့ ဒုက္ခက ကုသလို့ ပြုပြင်လိုက်လို့ ပြန်ကောင်းသွားမယ့် ဒုက္ခဆိုတာ သိသွားလို့ပေါ့။
ကဲ နောက်တစ်ယောက်လာပါပြီ။ အမယ် တက်လာကတည်းက လေလေးချွန်လို့ပေါ့။ ဒီဇိုင်းကတော့ ဟုတ်နေပြီနော်။ အဲဒီသူချွန်လိုက်တဲ့ လေလုံးတွေဟာ ကန်တော့ချွန်ပုံစံ ဖြစ်သွားလိုက် ၊ လေပွေပုံ ပြောင်းသွား လိုက်နဲ့ ပြကွက်မျိုးစုံ အဆန်းတွေ ထွင်ပြ နေလိုက်တာ။ သူမက အဲလို ပုံစံလေးတွေ ပြောင်းသွားတဲ့ လေလုံးတွေကို မှုတ်ထုတ်လိုက်တယ်ဆိုရင်ပဲ လေလုံးလေးပေါင်းများစွာဟာ ခန္ဓာအိမ်နံရံကို အင်နဲ့အားနဲ့ ပြေးဝင် ဆောင့် တွန်း နေပါပြီ။ ဒီလေလုံးတွေ ဟိုနားတိုး၊ ဒီနားတိုက်နဲ့ ဒီခန္ဓာအိမ်ကြီးလည်း ဘာခံနိုင်လိမ့်မလဲ။ လေထိုး လေအောင့်ဒဏ်ကို အလူးအလဲခံနေရပါပြီ။ ဒါကိုကြည့်ပြီး သူမက အောင်နိုင်သူပမာ ခေါင်းကိုမော့ ရင်ကိုကော့လို့ လက်ပိုက် ရယ်မောပြလိုက်ပါသေးရဲ့။ ကဲ ဘယ်နှယ့်ရှိစပေါ့လေ။ ခုတော့ ဘာတတ်နိုင်သေးလဲ ဆိုတဲ့ သဘောနဲ့ ….။
“ဉာဏ်”ကလည်း ဘယ်ရမလဲ။ လေထိုးလေအောင့်တာလေးများ အဲဒါကို ဒုက္ခလို့ မထင်လိုက်နဲ့တဲ့။ အဲဒီ ဒုက္ခက ကုသလို့ ရပါတယ်ဆိုပြီး ဆေးတိုက် လိုက်တာ ဟောဗျာ တဖြည်းဖြည်းနဲ့ ပုံမှန်အနေအထားပြန်ရောက် သွားပါတယ်နော်။ ဒါဆိုရင်တော့ သွားပြန်ပေါ့ တစ်ယောက်တော့ ။ အင်း …ဒီပထမ အဖွဲ့မှာကိုပဲ နှစ်ယောက်လစ်သွားပြီနော်။
နောက်တစ်ယောက်ထွက်ပါဆိုတော့ ထွက်လာပါပြီ။ လာကတည်းက ခန္ဓာအိမ်အပြည့်ကို ပတ်ပြေးနေလိုက်တာ။ တချို့နေရာကျရင် ခုန်လိုက် ၊ ပြေးလိုက်၊ ခုန်လိုက်၊ ပြေးလိုက်နဲ့ မကြာပါဘူး။ ခန္ဓာအိမ်ကြီးက ညောင်းတယ်။ ကိုက်တယ်။ နာတယ်။ ဆိုပြီးဖြစ်လာပါရော။ အင်း..ဒီတစ်ယောက်တော့ နိုင်လောက်မယ်ထင်ပါရဲ့လို့ ပရိသတ်က ခန့်မှန်းရင်း ဒိုင်လူကြီးကို လှမ်းကြည့် လိုက်ကြပါတယ်။ အမယ် ဒိုင်လူကြီးက အနှိပ်သည်တောင် ခေါ်ပြီးပေါ့။ ညောင်းသလား။ ကိုက်ခဲနေသလား။ အပူတွေထုတ်ပေးလိုက်ပါလိမ့်မယ်။ ဆိုပြီး အနှိပ်ဆရာက လက်စွမ်းပြလိုက်တာ ချက်ခြင်းအကောင်းပြန်ဖြစ်သွား တယ်နော်။ ဒါဆိုရင်တော့ ပရိသတ်က အဖြေကို သိလိုက်ပါပြီ။ ဒါလည်း ဒုက္ခ အစစ်မဟုတ်သေးဘူးဆိုတာကိုလေ။ ကုလို့ရနေသမျှကတော့ ဒီဒုက္ခမယ်တွေ လည်း ဘယ်လိုပဲ အစွမ်းတွေပြပြ အပိုပဲ ဖြစ်ရပြီပေါ့။
ဒါနဲ့ပဲ နောက်ထပ် ဆက်လာမယ့် ဒုက္ခမယ်တွေလည်း ခေါင်းတွေ ခါရမ်းပြီး စင်မြင့်ပေါ်က ဆင်းသွားကြပါတယ်။ အဖြေကတော့ ဒီတစ်ဖွဲ့ရဲ့ ဒုက္ခ လက်စွမ်းက ကုသလို့ရနေတာကြောင့် ဒုက္ခစစ်စစ် မဟုတ်သေးပါလို့ အဖြေ ထွက်နေပါပြီ။ အင်း…အချိန်လည်း ပြည့်သွားပြီမို့ ဒီနေ့ပွဲစဉ်လေးကို ဒီမှာပဲ တစ်ခန်းရပ်ရပါစို့။
ဒီနေ့ပြလိုက်တဲ့ ရှိုးပွဲကို လာရောက်အားပေး ကြည့်ရှု့ကြတဲ့ ပရိသတ်များအနေနဲ့ ဗိုက်နာတာ၊ ခေါင်းကိုက်တာ၊ ညောင်းညာတာ၊ ဓားရှတာ၊ ဆူးစူးတာကစပေါ့ ၊ ကိုက်ခဲ နာကျင် ဇက်ထိုးတာအပါအဝင် ယားနာ ၊ဝဲနာ၊ ခူနာ….စတာတွေအားလုံးဟာ နဂိုရှိပြီးသား ဒုက္ခခန္ဓာပေါ်ကို ထပ်တိုးလာတဲ့ အပိုဒုက္ခတွေမို့ သူတို့အားလုံးကို “ဒုက္ခ ဒုက္ခ” အဖွဲ့လို့ မှတ်လိုက်ရပါမယ်။ ဒီအုပ်စုသည် ဆေးကုသလို့ရသော ပြုပြင်လို့ရသော အုပ်စုထဲမှာပါလို့ ဒုက္ခအစစ်လို့မခေါ်နိုင်ပါဘူး။ ဒါကြောင့်ပဲ ဒီနေ့ကျင်းပသော “ဒုက္ခအစစ် ရွေးချယ်ပွဲကြီး” တနည်း “Miss trouble” ရွေးပွဲကြီးမှာ ဒီ“ဒုက္ခ ဒုက္ခ” အဖွဲ့ကတော့ဖြင့် အရှုံးနဲ့ ရင်ဆိုင်သွားရပါပြီ။
နောက်ထပ် နှစ်ရက် ကျန်သေးတာကြောင့် နောက်ထပ်ပြိုင်ပွဲဝင် ကြမယ့်အဖွဲ့များရဲ့ လက်စွမ်းကိုလည်း ကြည့်ရင်း ဒုက္ခအကြောင်းလေးကို လည်း လေ့လာကြရင်း နက်ဖြန်ရှိုးပွဲလေးကို လာရောက် အားပေးကြပါဦးလို့ ဖိတ်ခေါ်ရင်းနဲ့ ဒီနေ့ပွဲလေးကို ဒီမှာပဲ နိဂုံးချုပ် လိုက်ပါတယ်။

5 comments

  • wunnakoko

    April 21, 2011 at 6:01 am

    တရားသဘောတွေများလား..တရားမှတ်ရင်ပိုသိသာတယ်နော်

    • whowho

      April 22, 2011 at 2:42 am

      တရားသဘောမပါသေးပါဘူး။ သာမန်အသိလေးနဲ့ analysis လုပ်ကြည့်နေတာပါ။

  • ဆူး

    April 21, 2011 at 6:36 am

    ၃ရက်လောက်ကျော် သွားပြီး ၃လလောက် ဆက်တိုက် အားထုတ်လိုက်ရင်တော့.. တော်တော် တိုးတက်ပြီး အိမ်တောင် ပြန်ချင်မှာ မဟုတ်တော့ဘူး။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 21, 2011 at 8:28 am

    ဒီအပူများနေတဲ့ ခန္ဓာကြီးကို အပူချိန်တိုင်းကြည့်ပြီး လိုအပ်တာကုသလိုက် တယ်ဆိုရင်ပဲ ဒီခန္ဓာကြီးဟာ တဖြည်းဖြည်းနဲ့ကို် ပြန်လည် ကောင်းမွန်လာ ပါတော့တယ်။
    “ဉာဏ်”ကလည်း ဘယ်ရမလဲ။ လေထိုးလေအောင့်တာလေးများ အဲဒါကို ဒုက္ခလို့ မထင်လိုက်နဲ့တဲ့။ အဲဒီ ဒုက္ခက ကုသလို့ ရပါတယ်ဆိုပြီး ဆေးတိုက် လိုက်တာ ဟောဗျာ တဖြည်းဖြည်းနဲ့ ပုံမှန်အနေအထားပြန်ရောက် သွားပါတယ်နော်။
    ညောင်းသလား။ ကိုက်ခဲနေသလား။ အပူတွေထုတ်ပေးလိုက်ပါလိမ့်မယ်။ ဆိုပြီး အနှိပ်ဆရာက လက်စွမ်းပြလိုက်တာ ချက်ခြင်းအကောင်းပြန်ဖြစ်သွား တယ်နော်။
    ဆိုလိုတာက ခန္ဓာရဲ ့သာမန်ဖြစ်ခြင်းဖြစ်တဲ့ ပူခြင်းအေးခြင်း နာကျင်ေဝေဒနာကို ကုသလို ့ ရတယ်ကိုဆိုလိုသလားမသိဘူးနော်

  • whowho

    April 22, 2011 at 2:39 am

    ဟုတ်ကဲ့။ အဓိက ကတော့ ဆေးကုလို့ ရတဲ့ ပြုပြင်လို့ ရတဲ့ ဒုက္ခနဲ့ ပြုပြင်လို့မရတဲ့ ဒုက္ခကို ခွဲပြချင်တာပါပဲ။ ဒီနေ့တင်တဲ့ ဒုက္ခမယ်တွေက ဒုက္ခတော့ ဒုက္ခပါပဲ။ ဒါပေမယ့် ပြုပြင်လိုက်ရင် ကောင်းသွားနိုင်တဲ့ ဒုက္ခအစုပေါ့။

Leave a Reply