‘ကိုယ်ကျိုးမဖက်တဲ့ လူမှုရေး ပရဟိတသီးသန့် လုပ်ပြနိုင်ခဲ့တဲ့အတွက် အခုလိုအချိန်မှာ လူတွေရဲ့ အားကိုးယုံကြည်မှုကို ရရှိခဲ့တာပါ’၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ နှင့် တွေ့ဆုံမေးမြန်းခြင်း

ဦးကောက်April 26, 20111min1495

‘အနိမ့်ကျဆုံးသော ကုသိုလ်အလုပ်မျိုးကို မြင့်မြတ်သော စိတ်ထားရှိသူတို့သာလျှင် လုပ်ဆောင်နိုင်ကြသည်’ ဆိုသည့် ဆောင်ပုဒ်ကို လက်ကိုင်ပြုကာ အယူသည်းမှုများအား တစ်ဆင့်ပြီးတစ်ဆင့် ကြိုးစားပြီး ပပျောက်အောင်ပြုလုပ်ခဲ့ပြီး လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာ မရွေး၏ နာရေးကိစ္စအဝဝကို ကူညီဆောင်ရွက် ပေးလျက်ရှိသော နာရေးကူညီမှုအသင်းသည် ယခုအခါတွင် ၁ဝ နှစ်ပြည့် အကျော်ကာလသို့ ရောက်ရှိလာပြီဖြစ်သည်။ ခေတ်ကာလ အခြေအနေအရ နာရေးစရိတ်များ မြင့်တက်လာမှုကြောင့် အများပြည်သူ၏ ယုံကြည်အားထားမှု ပိုမိုလာကာ အကူအညီတောင်းခံလာသည့် နာရေး အရေအတွက်မှာလည်း ယခင်ထက် သိသာစွာ များပြားလာမှုကြောင့် ကူညီပေးခဲ့ရသည့် နာရေးအရေအတွက်မှာ ယခုဆိုလျှင် တစ်သိန်းကျော် သွားပြီဖြစ်သည်။ ယင်း ၁ဝ နှစ်တာကာလအတွင်း နာရေးကူညီမှုအသင်းသို့ အများပြည်သူ၏ ယုံကြည်အားကိုးမှုအား အခိုင်အမာ ရယူလာအောင် ပြုလုပ် ကြိုးစားနိုင်ခဲ့သည့်အပေါ် နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မေး – နာရေးကူညီမှုအသင်း (ရန်ကုန်) စတင် လုပ်ဆောင်ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး သိချင်ပါတယ်။

ဖြေ – မြန်မာနိုင်ငံရဲ့ပထမဦးဆုံးသော နာရေးကူညီမှုအသင်းက မန္တလေး ဗြဟ္မစိုရ် ဆရာတော်၊ လူထုဒေါ်အမာ၊ တောင်စလင်းကျောင်းတိုက် ဆရာတော်ဦးတိက္ခ လုပ်တဲ့ နာရေးကူညီမှု အသင်းကို အရင်က အန်တီတို့ဇနီး မောင်နှံက အရမ်းအားကျခဲ့တာ။ ဒါ ပေမယ့် အဲဒီအချိန်တုန်းက အသက်ငယ်သေးတော့ ဘယ်လိုစလုပ်ရမယ် မှန်းမသိ ဖြစ်ခဲ့တယ်။ တစ်နေ့မှာ ဦးသုခနဲ့ ဆရာအောင်သင်းတို့က နာရေးကူညီမှုအသင်း ဖွဲ့ဖို့ရှိတယ်လို့ ပြောတဲ့အခါ အန်တီတို့ပရဟိတ လုပ်ငန်းလုပ်ချင်တဲ့ဆန္ဒနဲ့ တစ်ထပ်တည်း ဖြစ်နေတော့ အသင်း စတင်တည်ထောင်တဲ့ ၂၀၀၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကတည်းက အခုအချိန်အထိ ပါဝင် လုပ်ဆောင်ဖြစ်ခဲ့ပါတယ်။

မေး – ပရဟိတလုပ်ငန်းတွေ လုပ်တယ်ဆိုတာ အပြောလွယ်သလောက် တကယ်လုပ်ပြနိုင်ဖို့ ခက်တယ်ဆိုပေ မယ့် နာရေးကူညီမှုအသင်းက လုပ်ပြ နိုင်ခဲ့တဲ့အတွက် လူတွေရဲ့ ယုံကြည်မှု ရခဲ့တဲ့အပေါ် အတွေ့အကြုံနဲ့အမြင် ကို ပြောပြပေးပါဦး။

ဖြေ – အသင်းမှာ စလုပ်တုန်းကတော့ ဘာအခက်အခဲတွေ ဘယ်လိုဖြစ်လာနိုင်တယ် ဆိုတာကို နားမလည်ခဲ့ဘူး။ ပရဟိတဆိုတဲ့ လူမှုရေးလုပ်ငန်းကို ဟန်ပြပြီး တခြား ကိုယ်ကျိုးစီးပွားရေးဘက် ကူးသွားတာ၊ အစိုးရ မကြိုက်တာ တွေလုပ်ကြတဲ့သာဓကတွေ ရှိနေတော့ အန်တီတို့အသင်းက စဖွဲ့ကတည်း က ပရဟိတစစ်စစ်ကိုပဲ လုပ်ခဲ့တယ်။ ဒုက္ခရောက်သူတွေကို ကယ်တယ်။ လူတိုင်းကို အကူအညီ ပေးတဲ့အခါမှာလည်း ကျောသားရင်သားမခွဲခြားဘဲ သာတူညီမျှ အခွင့်အရေးပေးတယ်။ ဒါကြောင့်အသင်းမှာ အကူအညီလာတောင်းတဲ့သူတွေ လာဘ်ထိုးပြီးမှ ရတာမျိုး မဖြစ်စေသလို ကိုယ့်ဘက် ကလည်း လာဘ်ယူပြီးမှ အကူအညီ ပေးတာမျိုး မလုပ်ရဘူးလို့ တင်းတင်းကြပ်ကြပ် စည်းကမ်းထုတ်ထား တာကြောင့် ကိုယ်ကျိုးမဖက်တဲ့ လူမှုရေးပရဟိတ သီးသန့်လုပ်ပြနိုင်ခဲ့တဲ့ အတွက် အခုလိုအချိန်မှာ လူတွေရဲ့အား ကိုးယုံကြည်မှုကို ရရှိခဲ့တာပါ။

လူတိုင်းကို အကူအညီပေးတဲ့အခါမှာလည်း ကျောသားရင်သား မခွဲခြားဘဲ သာတူညီမျှ အခွင့်အရေးပေးတယ်။ ဒါကြောင့် အသင်းမှာ အကူအညီ လာတောင်းတဲ့သူတွေ လာဘ်ထိုးပြီးမှ ရတာမျိုး မဖြစ်စေသလို ကိုယ့်ဘက်ကလည်း လာဘ်ယူပြီးမှ အကူအညီ ပေးတာမျိုး မလုပ်ရဘူး . . .

မေး – ပရဟိတဆိုတဲ့ စကားလုံးအပေါ် ဘယ်လိုလက်ခံ ယုံကြည်ထားပါသလဲ။

ဖြေ – ဒုစရိုက် ရှစ်ပါးနဲ့ ကိုယ့်အတ္တကို မစွဲဘဲ အများအပေါ် အနစ်နာခံပြီး ဖြူစင်တဲ့ စိတ်ဓာတ်ထားနိုင်ဖို့ အတွက် ‘မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား’ဆိုတဲ့ ဘုရားဟောကြားပြီးသားကို ထပ် ဖြည့်ပြီး ကိုယ့်အတ္တကို ရှေ့တန်းမတင်၊ သူများထက် ပိုအခွင့်အရေး မယူတတ်ဘဲ အများအကျိုး လိုလားကူညီ ဆောင်ရွက်တတ်တာမျိုးလို့ လက်ခံ ယုံကြည်ပါတယ်။

မေး – ၁ဝ နှစ်တာအတွင်းမှာ ဘယ်လိုအခက်အခဲမျိုးတွေကို ကျော်ဖြတ်ခဲ့ ရပါသလဲ။

ဖြေ – ရှေးအယူအဆ အစွဲတွေကြောင့် သုဘရာဇာဆိုတာကို အဆင့်အတန်း အနိမ့်ဆုံးလို့ လူတွေက ခံယူထားကြ တယ်။ ဒါကြောင့်အသင်းကို စတည် ထောင်တုန်းက လူတော်တော်များများ က လက်ခံမှုမရှိခဲ့ဘူး။ ဒီလိုနာရေးကူညီမှု ပြုလုပ်ပေးတာကိုပဲ ရှက်စရာ၊ ကြောက်စရာတစ်ခုလို့ ခံယူမှုတွေ ရှိ ကြတယ်။ အန်တီ့ခင်ပွန်းက အဲဒီအချိန်တုန်းက နာမည်ကြီး သရုပ်ဆောင် တစ်ယောက်ဖြစ်ခဲ့တော့ သူလိုလူတောင် ဒီလိုအလုပ်ကို လုပ်နိုင်ပါလား ဆိုတဲ့အတွေးနဲ့ စံပြတစ်ဦးအဖြစ် လူတွေက လက်ခံလာပြီးတဲ့ နောက်ပိုင်း မှာ သုဘရာဇာဆိုတာ နိမ့်ကျပါလား ဆိုတဲ့အစွဲကို ၁ဝ နှစ်တာကာလ အတွင်း လုံးဝပယ်ဖျက်နိုင်ခဲ့ပါတယ်။ ဒါကြောင့် အန်တီ့အမျိုးသားရဲ့ကျော်ကြားမှုကို အကြောင်းပြုပြီး ဒီအသင်းကိုလူတွေ လက်ခံယုံကြည်လာအောင် လုပ်နိုင်ခဲ့တယ်။ ပြီးတော့တစ်ယောက် နာမည်ကြီးလာရင် တခြားတစ်ယောက် က မုဒိတာမပွားနိုင်တဲ့ စိတ်တွေရှိခဲ့ကြ လို့ အသင်းထဲမှာတောင် ပြိုကွဲမှုတွေ ရှိခဲ့ပါတယ်။

မေး – မြန်မာ တစ်နိုင်ငံလုံးမှာ နာရေး ကူညီမှုအသင်း(ရန်ကုန်)ကိုယ်စားပြုပြီး လိုက်လံဖွင့်လှစ်ပေးထားတဲ့ နာရေးကူညီမှုအသင်း အခွဲပေါင်း ဘယ်လောက်ရှိနေပါပြီလဲ။

ဖြေ – ၂၀၀ရ ခုနှစ် စက်တင်ဘာလ မတိုင်ခင်အထိ လိုက်ဖွင့်ပေးထားတာ အသင်းခွဲပေါင်း ၅ဝ ကျော်သွားပါပြီ။ အဲဒီနောက်ပိုင်းမှာ ဖွင့်ချင်တဲ့သူ ရှိပေမယ့် ရပ်ရွာက လက်မခံလို့ ဆက်ပြီး မဖွင့်ဖြစ်ခဲ့ပါဘူး။

ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ် ဆိုတဲ့အကျိုးနဲ့ အကျင့်သီလ ကောင်းကောင်း၊ ဉာဏ်ပညာရှိရှိ၊ သတိရှိရှိနေတာ အရမ်းကို ကောင်းပါတယ်ဆိုတဲ့ အဆင့်ကို လူတွေ လုံးဝ လက်ခံလာအောင် အသင်းအနေနဲ့ လုပ်နိုင်ဖို့ စီစဉ်ထားပါတယ် . . .

မေး – လူတစ်ယောက်ဖြစ်လာပြီဆို ရင် နေဖို့အပြင် သေဖို့ကိုပါ ပူရတဲ့အတွက် နာရေးကူညီမှု အသင်းက ဖြစ်ပေါ်လာတဲ့ နာရေးကိစ္စတွေကို လိုက်လံကူညီပေးတဲ့အခါ အပူတစ်ခုက အနည်းနဲ့အများ လျော့သွားပြီဆိုတော့ အဲဒီအပေါ်ခံယူချက်ကို သိချင်ပါတယ်။

ဖြေ – လူတွေရဲ့ဒုက္ခတွေထဲမှာ သေဆုံးမှုဒုက္ခက အကြီးဆုံးပါ။ ဒါကြောင့် လူတစ်ယောက် သေဆုံးသွား ပြီဆိုတာနဲ့ အပူဆွေးဆုံးအချိန်မှာ ကျန်ရစ်ခဲ့တဲ့သူတွေကို နှစ်သိမ့်မှုလည်း ပေးနိုင်တယ်။ စိတ်သက်သာရာ လည်းပေးနိုင်တဲ့အတွက် အဲဒီအပေါ် အများကြီး ကျေနပ်မိပါတယ်။ ကျန်းမာခြင်းသည် လာဘ်တစ်ပါးဆိုတဲ့ စကားနဲ့အညီ အသက်ရှင်နေတဲ့သူ တွေကိုလည်း ကျန်းမာခြင်းဆိုတဲ့ လာဘ်တစ်ပါး မပျောက်သွားအောင် သုခကုသိုလ်ဖြစ်ဆေးခန်းကိုလည်း ၂၀၀ရ ခုနှစ် မတ်လ ၂ ရက်နေ့က စဖွင့်လှစ်ပြီး ကျန်းမာရေးစောင့် ရှောက်မှုကို ပြုလုပ်ပေးနေပါတယ်။

မေး – တခြားပြည်ပနိုင်ငံတွေမှာ ရှိကြတဲ့ မြန်မာလူမျိုးတွေကရော နာရေးကူညီမှုအသင်း(ရန်ကုန်)ကို ဆက် သွယ်ပြီး အကူအညီတောင်းခံတာမျိုး တွေ ရှိပါသလား။

ဖြေ – အကူအညီတောင်းခံတာမျိုးတော့ မရှိပေမယ့် ဒီအသင်းကို အားကျလို့မြန်မာလူမျိုး အချင်းချင်း အသင်းအဖွဲ့လေးတွေ ဖွဲ့ပြီး နာရေးကူညီမှု လုပ်ပေးမှုတွေ ရှိလာတယ်လို့ စင်ကာပူနဲ့ ထိုင်းနိုင်ငံ နယ်စပ်က အကြောင်းကြားတာမျိုးတော့ ရှိပါတယ်။

မေး – ၁ဝနှစ်တာကာလအတွင်းမှာ နာရေးကူညီမှုတွေအပြင် တခြားဘယ်လိုပရဟိတ လူမှုရေးလုပ်ငန်းတွေ ထပ် မံလုပ်ဆောင်နိုင်ခဲ့တယ် ဆိုတာ သိချင်ပါတယ်။

ဖြေ – ၂၀၀၃ ခုနှစ် ဧပြီလ ရ ရက် နေ့ကစပြီး မြောက်ဥက္ကလာပ၊ တောင် ဥက္ကလာပ၊ အင်းစိန်၊ ရန်ကုန်အရှေ့ ပိုင်း၊ အနောက်ပိုင်း စတဲ့ဆေးရုံကြီး တွေ၊ စံပြဆေးရုံ၊ ကလေးဆေးရုံ ကြီး၊ နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံကြီးတွေမှာ ဆေးကူညီမှု လုပ်ငန်းတွေဆောင်ရွက်ပြီး ၂၀၀ရ ခုနှစ် မတ်လ ၂ ရက်နေ့ကစပြီး သုခ ကုသိုလ်ဖြစ်ဆေးခန်းကို ဖွင့်လှစ်ခဲ့ပါ တယ်။ သွေးသွင်းဆေးကုသဖို့ လိုအပ်နေတဲ့ လူနာတွေကို သွေးလှူရှင် တွေနဲ့ ဆက်သွယ်ပေးမှုတွေ ပြုလုပ်ပေးပါတယ်။ အဲဒီအပြင် နာဂစ်ပြီး တုန်းကလည်း ဒုက္ခရောက်တဲ့သူ တွေကို ကူညီပေးနိုင်ခဲ့ပြီး ရေအရမ်းရှားခဲ့တဲ့ ၂၀၁ဝ ပြည့်နှစ်ကစပြီး ပဲခူး (ကဝ)မှာ အဝီစိတွင်း ၁၁ တွင်း၊ ဒလမှာ ၁၁ တွင်း၊ ပြည်မှာ ၁၂ တွင်း နဲ့ နတ်မောက်မှာ ခြောက်တွင်းတူး ပေးနိုင်ခဲ့တယ်။ ပြီးတော့ အသင်းမှာ လည်း လူငယ်တွေအတွက် အင်္ဂလိပ် စာသင်တန်း၊ ပန်းချီသင်တန်း၊ ဓာတ်ပုံသင်တန်းတွေ အခမဲ့ဖွင့်လှစ်သင် ကြားပေးပါတယ်။

မေး – နာရေးကူညီမှုအသင်းက အခုလို ပရဟိတလုပ်ငန်းတွေ အများအပြား လုပ်နေတယ်ဆိုတော့ အဲဒီအပေါ် တခြား အသင်းအဖွဲ့တွေကနေ ဘယ်လိုတုံ့ပြန်မှုမျိုးတွေ ရှိလာပါသလဲ။

ဖြေ – ဒီအသင်းရဲ့ လုပ်ဆောင်ချက်တွေကို အားကျတာ ဖြစ်နိုင်သလို ဘာသာရေးထဲမှာ ပါရှိတဲ့ အဆုံးအမ တွေကြောင့်လည်း အခုနောက်ပိုင်း လူငယ်၊ လူရွယ်တွေစုပေါင်းပြီး လူမှု ကူညီရေးလုပ်ငန်း လိုက်လုပ်လာကြ တယ်။ အရင်ရှိပြီးသား အသင်းအဖွဲ့ တွေကလည်း အရင်ထက်ပိုလုပ်လာ ကြတာကို တွေ့လာရတယ်။

မေး – အခု ၁ဝ နှစ်တာကာလကို ကျော်ဖြတ်ခဲ့လို့ အပြီးမှာ ဒီအသင်းနဲ့ ပတ်သက်ပြီး ဘာတွေ ရှေ့ဆက်လုပ် ဆောင်ဖို့ ရည်ရွယ်ထားလဲဆိုတာ သိချင်ပါတယ်။

ဖြေ – ဗုဒ္ဓဘာသာမှာ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။ အရိယာဖြစ်ပြီးရင် နိဗ္ဗာန်ကောင်း ကောင်းရောက်မှာဖြစ်တဲ့အတွက် လူတွေကောင်းကောင်းနေကြပါ။ ကောင်းတာလုပ်ရင် ကောင်းတာ ဖြစ်မယ်ဆိုတဲ့အကျိုးနဲ့ အကျင့်သီလ ကောင်းကောင်း၊ ဉာဏ်ပညာရှိရှိ၊ သတိရှိရှိနေတာ အရမ်းကိုကောင်းပါတယ် ဆိုတဲ့အဆင့်ကို လူတွေ လုံးဝ လက်ခံလာအောင် အသင်းအနေနဲ့ လုပ်နိုင်ဖို့ စီစဉ်ထားပါတယ်။

မေး – အခုလက်ရှိ အသင်းသားဦးရေ နဲ့ ဝန်ထမ်းအင်အား ဘယ်လောက် ရှိပြီး အသင်းဝင်ဖို့ ကန့်သတ်ချက်လုပ် ထားတာမျိုးတွေ ရှိပါသလား။

ဖြေ – ဝန်ထမ်းဦးရေ ၈ဝ ဝန်းကျင်နဲ့ အသင်းသား ၁၁၅ ဦးရှိပြီး အသက် ၃ဝ ဝန်းကျင်ရှိလူငယ်တွေ များကြ တယ်။ အသင်းဝင်တစ်ယောက်အ ဖြစ် သတ်မှတ်ဖို့အတွက် အသင်းဝင် ချင်တဲ့သူတွေကို ပရဟိတလုပ်ငန်းနဲ့ ပတ်သက်တဲ့သင်တန်း ငါးပတ် ပေးပါတယ်။ ပြီးတော့ အသင်းမှာ တစ်ပတ် တစ်ရက်အချိန်ပေးပြီး ခြောက် လ တိတိ လုပ်အားပေးခိုင်းပါတယ်။ အဲဒီလို Volunteer ပေးချင်တဲ့သူ တွေကို တစ်လလူဦးရေ ၃ဝ လောက် သင်တန်းပေးရပေမယ့် သတ်မှတ်ထားတဲ့ ခြောက်လပြည့်တဲ့အခါမှာတော့ တကယ့်တကယ် ကျန်တာ သုံး၊ လေးယောက်ပဲ ကျန်ပါတယ်။ ကျန်တဲ့သူတွေက ပရဟိတ အတွက် အချိန် သိပ်မပေးနိုင်တော့ အသင်းဝင် အဖြစ် သတ်မှတ်လို့ မရနိုင်ခဲ့ပါဘူး။

ကိုယ်ရေးအကျဉ်း

အမည် – ဒေါ်မြင့်မြင့်ခင်ဖေ

မွေးနေ့ – ၁-၁-၁၉၅၉

ပညာအရည်အချင်း – BSc(Physics)

အသင်းသို့ စတင်ဝင်ရောက်သည့်နေ့ – ၂၀၀ဝ ပြည့်နှစ် မေလကတည်းက နာရေးကူညီမှုအသင်း ဖြစ်မြောက်ရေးကော်မတီသို့ စတင်ဝင်ရောက်ခဲ့

အခြားပြင်ပလုပ်ငန်း အတွေ့အကြုံ – မရှိ

Eleven Media Group မှ ကူးယူဖော်ပြသည်။

5 comments

  • bigcat

    April 26, 2011 at 3:10 am

    ကြောင်ကြီးသေရင်လည်း ဦးကျော်သူနဲ့ဒေါ်မြင့်မြင့်ခင်ဖေ တို့လက်ထဲကိုသာ အပ်လိုက်ကြပါဗျာ…

    • nozomi

      April 28, 2011 at 10:00 am

      ဦးကြောင်ကြီး ရေ တရုတ်တွေက ဦးကျော်သူတို့ဆီကိုတော့ မပို့ပါနဲ့ သူတို့ဘာသာကြည့်ရှင်းပါမယ်တဲ့

  • kopauk mandalay

    April 27, 2011 at 3:58 pm

    ဒီစာကို တင်တဲ့ ဦးကောက်ဆိုသူက ကျွန်တော်ရေးတဲ့စာတွေကို ခပ်တည်တည်နဲ့ကော်ပီကူး
    နာမယ်ပြောင်းပြီး တင်ထားတဲ့သူဖြစ်ပါတယ်။

  • kopauk mandalay

    April 27, 2011 at 4:23 pm

    ဓမ္မပူဇာလို ဘာသာရေးဆို်က်တွေကို ဝင်ကြည့်ပါလို့ ဖိတ်ခေါ်ထားသူက
    သူများရေးထားမှန်း ကိုယ်ရေးတာ မဟုတ်မှန်းသိပါရဲ့နဲ့နာမယ်ပြောင်းပြီး
    ခပ်တည်တည်နဲ့တင်တယ်။
    ဒါခိုးမူ့ကျုးလွန်တာပါဘဲ။
    ခင်ဗျားအတွက် မေးခွန်းကတော့
    ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?

  • paukpauk

    April 28, 2011 at 2:51 pm

    ကိုပေါက်ရေ ကျွန်တော်ကတော့ တခါတခါမှတက်ဖြစ်လို့
    ရာဇဝင်မသိဘူး။
    ဘာပဲပြောပြော သူကူးတင်ပြတော့လဲ ဖတ်နိုင်တာပေါ့။
    ကော်ပီထက်မူရင်းက ပိုကောင်းတယ်ဆိုတာ သိကြမှာပါ။
    တော်တော်တော့မကျေနပ်နေပုံရတယ် 🙂

Leave a Reply