“မမှားစကောင်း မှားစကောင်း”
“မမှားစကောင်း မှားစကောင်း”
သင်္ကြန်မတိုင်ခင်ရက်က မန်းလေးကန်တော်ကြီး(တက်သိ်မ်းအင်း)မှာရေအတော်လေးနည်းတာကိုတွေ့ရပါတယ်။
ရေနည်းနေလို့လည်း ဒီနှစ်သင်္ကြန် ကန်တော်ကြီးထဲမှာ ရေပက်မဏ္ဍပ်တွေမဆောက်ရပါဘူး။
မနှစ်တုံးကဒီလိုနွေရာသီမှာရေနည်းပေမယ့်အခုလိုအောက်ခံမြေသားပေါ်လောက်အောင်တော့လည်းမနည်းပါဘူး။ ဒီလိုရေနည်းသွားတော့ အခုမှအသစ်ဆောက်ထားတဲ့ သိန်းသုံးရာကျော်တန်ဖိုင်ဘာအပျော်စီးလှေကြီးခင်ဗျာလည်း
တစ်ခါမှာတောင် မတစ်ခါရသေး အသုံးမပြုရသေးဘဲ ရေများတဲ့နေရာမှာဟိုနားရပ်လိုက် ဒီနားရပ်လိုက်နေဖြစ်နေပါတယ်။
နှစ်ယောက်စီးခြေနင်းလှေ ဘဲရုပ်လေးတွေကလည်း ကုန်းပေါ်ကိုတက်ပြီးအနားယူနေရပြန်ပါတယ်။
ဒီကန်တော်ကြီးက ဇောက်တိမ်တဲ့အတွက်ရေများများသွင်းလို့ရအောင် ကန်ကြမ်းပြင်ကိုနက်အောင်ပြန်တူးမယ်
လို့တော့ သတင်းကြားရပါတယ်။
(ဒါကြောင့်လဲ ကန်တော်ကြီးထဲက မြေတွေကို လိုချင်ရင်လာသယ်နိုင်တယ်လို့ သတင်းပါလာတာပါ)
ကန်ရေနည်းသွားတော့ ရေစပ်စပ်မှာဗျိုင်းလေးတွေ အစာကောက်နေတာကိုမြင်ရပြန်တော့ ဟိုအရင်
ကန်ထဲမှာရေပြည့်နေစဉ်အချိန်တွေမှာ မနက်မိုးလင်းစောစော ငါးအကောက်ထွက်တဲ့လူတွေကို သတိရမိ
ပြန်ပါတယ်။
အရင်ကဆိုရင် ကျွန်တော်လမ်းလျှောက်ထွက်တဲ့ မနက်(5း30)လောက်ဆိုရင် ငါးအရှာထွက်သူတွေကို
တွေ့ရပါတယ်။ ကန်ထဲမှာမူးပြီးမကူးနိုင်တော့တဲ့ငါးတွေကို ရေထဲဆင်းအသာလေးဖမ်းလိုက်ရုံပါဘဲ။
တစ်ခါတစ်လေတော့ လဲ ကမ်းစပ်က ဗေဒါပင်အုပ်ကြီးဘေးက ရေပြင်ကို ဗြန်းခနဲ့ရိုက်လိုက်ရင်
ဗေဒါပင်အောက်မှာ ပုန်းနေတဲ့ ငါးတွေက ခုန်တက်လာပါတယ်။
အဲတော့ အသာလေးဖမ်းလိုက်ရုံပါဘဲ။
အမြဲတမ်းငါးတွေလိုက်ကောက်နေသူတွေကတော့ ကမ်းပေါ်ကနေလှမ်းကြည့်လိုက်ရုံနဲ့
ငါးအမျုးိအစားကိုခွဲနိုင်ကြပါတယ်။
သေနေပြီလား မသေသေးဘူးလား မူးနေတာလားဆိုတာကို ငါးကောက်တဲ့သူအချင်းချင်းကသာကန်ရေပြင်ကို လက်ညိုှးတွေထိုးလို့ ဟိုလိုဒီလိုပြနေ ပြောနေကြတာကျွန်တော်ကတော့မြင်ကိုမမြင်တာပါ။
ဒါပေမယ့် သူတို့ ရေထဲဆင်းသွားပြီးပြန်တက်လာရင်လက်ထဲမတေ့ာငါးတစ်ကောင်မက ပါလာစမြဲပါ။
သူတို့ကငါးတွေကောက်ပြီး ကျွတ်ကျွတ်အိပ်တွေထဲ ထည့်ထား။
လမ်းသွားလမ်းလာထဲကရော၊အကြောင်းသိသူတွေကပါ သူတို့ကောက်ထားတဲ့ငါးကို လာဝယ်လေ့ရှိပါတယ်။
သူတို့ဆီကဝယ်ရင်ဈေးသက်သက်သာသာနဲ့ရနိုင်ပါတယ်။
တစ်ခါတစ်လေ သူတို့ငါးအရများတဲ့နေမျုးိမှာဆိုရင် မျက်မှန်းတန်းမိနေတဲ့ကျွန်တော့်ကို
“လေးလေးစား ဘို့ယူသွားပါလား”ဆိုပြီးစေတနာအပြည့်နဲ့လက်ဆောင်တွေပေးတတ်ပါတယ်။
ဒါပေမယ့် ပင်ကိုယ်က ငါးမကြိုက်တတ်တာရယ် လမ်းလျှောက်အပြန်လက်ထဲမှာ ဘာမှကိုင်မသွားချင်တာရယ်
သူတို့လေးတွေဝင်ငွေလျော့သွားမှာစိုးတာရယ်ကြောင့် သူတို့ရဲ့စေတနာကိုလေးစားပေမယ့် မယူဖြစ်ပါဘူး။
အခုရက်မှာတော့ ကန်ထဲကိုရေမသွင်းဘူးဆိုတော့ ကန်ထဲမှာမွေးထားတဲ့ငါးတွေကို ကွန်ပစ်ပြီးအကုန်ဆယ်လိုက်တာကြောင့်
ငါးတွေကအရင်လိုမ ရှိတော့ တဲ့အတွက် ငါးကောက်သူလည်း နည်းပါးသွားပါတယ်။
သူတို့လေးတွေကို အရင်လိုနေ့စဉ်မမြင်ရတော့ မှ တစ်ခါတုံးက ဒီလိုငါးကောက်တဲ့ကောင်လေးတစ်ယောက်
ပြဿနာတက်လို့ဖြေရှင်းပေးခဲ့ရတာကိုပြန်သတိရမိပါတယ်။
မနက်စောစောမှာဆိုရင် ဟို တာရိုးကြီးရဲ့အနောက်ဘက်ခြမ်းမှာနေသူတွေက သူတို့ စိုက်တဲ့ ယာထွက်အသီးအနှံတွေ
ကိုဆိုင်ကယ်တွေနဲ့ဈေးကိုလာပို့ကြပါတယ်။(မနက်လေးနာရီလောက်ပေါ့)
အပြန်ကျရင် သူတို့ပြန်ရောင်းမယ့်ကုန်ပစ္စည်းတွေကိုသူတို့ပို့တဲ့ဈေးကနေပြန်ဝယ်လာကြပါတယ်။
အများအားဖြင့်အဲလိုသွားကြတာ ကောင်မလေးတွေပါ။
သူတို့က တစ်ခါတစ်လေ အုပ်စုလိုက် တစ်ခါတစ်လေကျတော့လည်းတစ်ယောက်ခြင်းစီ အမှန်မရှိကြပါဘူး။
သူတို့လေးတွေဈေးကအပြန် ကျနော်ကလဲ လမ်းလျှောက်လို့အိမ်ဘက်အပြန်နေ့စဉ်တွေ့နေကြဆိုတော့သူတို့နဲ့လဲ
မျက်မှန်းတန်းမိ တစ်ခါတစ်လေတော့လည်းတစ်ယောက်နဲ့တစ်ယောက်ပြုံးပြကြ နုတ်ဆက်တတ်ကြပါတယ်။
အဲဒီနေ့ကတော့ ငါးကောက်တဲ့ကောင်လေးရယ် ဈေးကပြန်လာတဲ့ကောင်မလေးရယ်ကို
ကျွန်တော်ခပ်ဝေးဝေးမှကတည်း က လှမ်းမြင်နေရပါတယ်။
ကောင်မလေးက ကောင်လေးကို လက်ညိုှးတထိုးထိုးနဲ့ဒေါသတကြီးပြောနေတာကို အသံမကြားပေမဲ့မြင်နေရပါတယ်။
ပြဿနာတစ်ခုခုတက်နေပုံပါဘဲ။
ကျွန်တော်သူတို့နားမရောက်ခင်မှာ ကောင်မလေးရဲ့ဘော်ဒါဆိုင်ကယ်သုံးလေးစီးရပ်တာတွေ့လိုက်ရသလို အရင်ရောက်နေတဲ့
ကောင်မလေးက နောက်ရောက်လာတဲ့အဖော်တွေကို တစ်ခုခုလှည့်ပြောလိုက်တာကိုလည်းတွေ့လိုက်ရပါတယ်။
နောက်ရောက်လာတဲ့ကောင်မလေးတွေကလဲဆိုင်ကယ်ပေါ်ကဆင်းပြီး ကောင်လေးကို ရန်တွေ့နေတာကိုမြင်နေရပါတယ်။
ကျွန်တော်သူတို့နားမရောက်ခင် ကောင်လေးနဲ့အတူငါးကောက်တဲ့ နောက်ထပ်ကောင်လေးတစ်ယောက်ရောက်လာပြီး
ကောင်မလေးအုပ်စုနဲ့ အချီအချပြောနေကြတာကို မြင်လိုက်ရပါတယ်။
ပထမစ ပြဿနာတက်တဲ့ကောင်လေးကတော့ လက်ထဲက ကိုင်ထားတဲ့ ငါးတွေပါတဲ့ကျွတ်ကျွတ်အိပ်ကိုသာကျစ်ကျစ်ပါအောင်
ဆုပ်ထားရင်း ဘာမှပြန်ပြောပုံမရသလို သူ့ကြည့်ရတာ စိတ်ရှုပ်သလို ရှက်သလိုလို ပုံစံလေးဖြစ်နေတာတွေ့နေရပါတယ်။
ကျွန်တော် သူတို့ အနားရောက်တော့ အရှိန်ကမြင့်နေကြပါပြီ။
“ခင်ဗျားတု့ ိ အဲဒီလို မတရားမပြောနဲ့ ကျနော့်သူငယ်ချင်းက အဲလို သူများကို မစတတ်ဘူး”
“ငါတု့ိက မသိချင်ယောင်ဆောင်နေတာ ကြာပြီ အခုမှ သုံးလေးခါရှိနေလို့ပြောတာ”
“မိန်းကလေး လူပြတ်တယ်ဆို စော်ကားမယ်မကြံနဲ့ ပါးကွဲသွားမယ်”
“အောင်မာ မဟုတ်ဘဲလုပ်ကြည့်ပါ့လား…………………”
ကျနော်သူတို့နားရောက်တော့ ဘာဖြစ်နေကြသလဲဆိုတာမေးကြည့်ပါတော့တယ်။
အဲတော့မှကောင်မလေးက
“လေးလေးကြီး အဲဒီကောင်လေးက သမီးကိုလှမ်းလှမ်းစတာ သုံးလေးခါရှိပြီ”
“မဟုတ်ဘူး ဦး ကျနော့်သူငယ်ချင်းက စကားတောင်လေးလုံးကွဲအောင်ပြော တာမဟုတ်ဘူး သူ့ဘာသာသူနေတာ”
“ငါတို့က မိန်းကလေးတန်မယ့် မဟုတ်ဘဲပြောပါ့မလား”
လို့ အပြန်အလှန်ကျွန်တော့်ကိုတိုင်ကြပါတယ်။ဒါနဲ့ဘဲ ကျွန်တော်က
“ကဲ သမီးကို သူက ဘယ်လို စ လိုက်သလဲ” လို့မေးတော့
“ငါ့ ယူမလားလို့ မေးတာ သုံးလေးခါ ရှိပြီ လေးလေးကြီးရ”လို့ပြောလဲပြောရော
အစွတ်စွဲခံရတဲ့ကောင်းလေးရဲ့သူငယ်ချင်းက ခွက်ထိုးခွက်လန်ရီလိုက်တော့ ကျွန်တော်တောင်ကြောင်သွားပါတယ်။
နောက်မှ အဲဒီကောင်လေးက သူ့ သူငယ်ချင်းကိုလက်ညှိုးထိုးပြရင်း ပြောပါတယ်။
“ဦး ဒီကောင်က စကားမပီဘူးရယ် ကျနော်က ငါးလိုက်ကောက်နေတုန်း သူ့ကိုငါးရောင်းခိုင်းထားတာ
အဲဒါ သူက ဟိုအမလေးတွေကို ငါးယူမလားမေးတာ စကားမပီတော့ ငါ့ယူမလားလို့ ပြောသလိုဖြစ်နေတာနေမှာ”
ဆိုမှဇာတ်ရည်လည်သွားပါတော့တယ်။
အဲတော့ မှ အစက စိတ်တွေတိုလို့ရိုက်မယ်နှက်မယ်လုပ်နေတဲ့ ကောင်မလေးတွေလဲ စပ်ဖြီးဖြီးဖြစ်ကုန်သလိုကျွန်တော်
ကိုယ်တိုင်တောင်မှ အတော်လေးကို သဘောကျလို့ ရီမိပြီး အေးအေးဆေးဆေးဖြစ်သွားပါတယ်။
လမ်းခွဲခါနီးမှာကောင်မလေးတွေကလဲအဲဒီကောင်လေးဆီက ငါးတွေဝယ်ပြီးပြန်သွားကြပါတယ်။
အဲဒီကလေးတွေနဲ့လမ်းခွဲပြီးပြန်လာတော့ ဆက်စဉ်းစားမိတာကတော့ လောကကြီးမှာ ကိုယ့်ဇောနဲ့ကိုသွားလာနေကြရင်းက
တစ်ခါတရံမှာ ဖျပ်ကနဲ့ပေါ်လာတဲ့အတွေးနဲ့ ရုက်တရက် ဆုံးဖြတ်မိကြတဲ့အခါ တစ်ဦးနဲ့တစ်ဦးကြား အခုလိုအထင်လွဲစရာလေးတွေဖြစ်လာတတ်သလို တစ်ခါတစ်ရံ ကိုယ်စိတ်အထင်နဲ့ရမ်းသမ်းပြောမိတဲ့အခါ
ကိုယ်ထင်တာနဲ့တလွဲစီဖြစ်သွားတာမျိုးလဲကြုံရဘူးပါတယ်။
အဲဒီအဖြစ်အပျက်လေးတွေက စိတ်ထဲမှာ အစီအရီပြန်ပေါ်လု့ိလာပါတယ်။
ဟိုလွန်ခဲ့သောနှစ်ပေါင်းများစွာကလို့ပြောရင်ရပါတယ်။
ကျွန်တော် စက်ရုံတစ်ရုံမှာ အောက်တန်းစာရေးလေးအဖြစ်နဲ့ အစိုးရဝန်ထမ်းလုပ်စဉ်ကပေါ့။
တနှစ်တော့ သူ့အချိန်အခါမဟုတ်ဘဲမိုးတွေ နေ့တိုင်းဆက်တိုက် ရွာတာ တစ်ပါတ်လောက်ကြာပါတယ်။
မန်းလေးမြို့အရှေ့ဘက် ရန်ကင်းတောင်နားမှာရှိတဲ့ “ပုသိမ်ကြီး “လို့ခေါ်တဲ့မြို့လေးမှာ လျှံကျလာတဲ့
ချောင်းရေတွေကြောင့် တမြို့လုံးရေတွေလွှမ်းပါတော့တယ်။
အဲဒီမှာရှိတဲ့ကုန်သွယ်ရေးဌာနက ပိုင်တဲ့ဆန်ဂိုဒေါင်တွေလဲ ရေမြုပ်တဲ့အထဲပါသပေါ့။
(အဲဒီဂိုဒေါင်ကဆန်တွေကို ဝန်ထမ်းတွေကို ပြန်ဖြန့်ချိပေးတာပါ)
အဲဒီခေတ်က ထုံးစံအတိုင်းဌာနဆိုင်ရာတွေကို လုပ်အားပေးခေါ်တော့ ကျွန်တော်တို့လည်းသွားရတာပေါ့။
စာရေးရော စက်ထဲက အလုပ်သမားတွေရော အားလုံးလူသုံးဆယ်ကျော်ကျော်လောက်သွားရပါတယ်။
အဲဒါနဲ့ဟိုရောက်တော့ ဂိုဒေါင်ထဲက ဆန်အိတ်တွေကိုထမ်း၊ကားပေါ်တင်၊ရေလွတ်တဲ့နေရာကိုပြောင်းပေါ့။
မနက်ရှစ်နာရီလောက်ကနေထမ်းလိုက်ရတာ ဆယ်နာရီလောက်ရောက်တော့ ကျွန်တော်တို့အဖွဲ့လက်ဖက်ရည်သောက်ခဏ
နားခွင့်ရပါတယ်။
အဲတော့ အနီးအနားမှာရှိတဲ့လက်ဖက်ရည်ဆိုင်ကို ချီတက်ကြတဲ့ ကျွန်တော်တို့ စာရေးငါးယောက်အဖွဲ့ထဲကို
အေဝမ်း လို့ခေါ်တဲ့ စက်ထဲကအလုပ်သမားလေးတစ်ယောက်ကလဲကျွန်တော်တို့နဲ့အတူလိုက် လာပါတယ်။
အဲဒီကောင်လေးက တီရှပ်နဲ့ ဘောင်းဘီတိုလေးနဲ့ပါ။
အဲဒီနားက သက်သာလက်ဖက်ရည်ဆိုင်မှာထိုင်ကြတော့ လက်ဖက်ရည်တို့ မုန့်တို့မှာကြတာပေါ့။
အေဝမ်းက လဲ လက်ဖက်ရည်နဲ့ထတ္တရာမှာပါတယ်။
ကျနော့်စိတ်ထဲမှာ အဲဒီကောင်လေးက ပိုက်ဆံလဲမပါဘဲ ကျွန်တော်တို့ဆီက ကပ်စားချင်လို့လိုက်လာတယ်လို့ စိတ်ထဲမှာထင်လာတာနဲ့
ကျွန်တော်က “အမေရိကန်စစ္စတမ်နော်”လို့ပြောလိုက်ပါတယ်။
သဘောကတော့ကိုယ်စားတာကိုယ်ရှင်းပေါ့။
အပွင့်လင်းဆုံးပြောရရင်တော့ ကပ်ပါလာတဲ့ အေဝမ်းကို ရည်ရွယ်လိုက်တာပါ။
ဒါနဲ့ဘဲစားရင်းသောက်ရင်းစကားတွေပြောနေကြတုန်း အေဝမ်းက ကွမ်းဝယ်မယ်ဆိုပြီးထထွက်သွားတာ
ပေါ်မလာတော့ပါဘူး။
ပါးစပ်က သာထုတ်မပြောပေမယ့် အေဝမ်းဆိုတဲ့ကောင်က ပိုက်ဆံမရှင်းဘဲ လစ်ပြေးတယ်ပေါ့။
ရအောင်ပြန်တောင်းမယ်ဆိုပြီးတေးထားပါတယ်။
ခဏနေတော့ ကျွန်တော်တို့အဆိုင်း ပြန်ပြီးအလုပ်လုပ်ကြဘို့ ခရာတုတ်သံ ခေါ်သံတွေကြားတော့
ပိုက်ဆံရှင်းဘို့ စားပွဲထုးိကိုလှမ်းခေါ်လိုက်ပါတယ်။
စားပွဲထိုးလေးရောက်လာလို့ ဘယ်လောက်ကျလဲမေးရော
“ဟိုဘောင်းဘီတိုနဲ့အကိုလေးက အားလုံးရှင်းသွားပြီ”
စားပွဲထိုးလေးက ပြောရင်း ကျွန်တော်တို့စားသောက်သွားတဲ့ပုဂံတွေကို သိမ်းသွားပါတယ်။
အားလုံးဘယ်လောက်ကျလဲမေးတော့ ငါးကျပ်ခွဲလို့ပြောသွားပါတယ်။
အဲဒီခေတ်က သက်သာလက်ဖက်ရည်တစ်ခွက်ပြားလေးဆယ်မုန့်တစ်ခုပြားငါးဆယ်ဆိုတဲ့အချိန်ကပါ။
အဲဒါနဲ့ဘဲ အလုပ်တွေဆက်လုပ်လို့ အလုပ်တွေပြီးတဲ့အချိန် “အေဝမ်း”ကိုရှာပြီး သူစိုက်ထားတဲ့လက်ဖက်ရည်
ဘိုး သူ့ကိုပြန်ပေးတဲ့အခါ
“ဟာ အကိုပေါက်ကလဲ နေပါစေ ကျွန်တော်ကအစကတည်းက အကိုတို့ကိုလက်ဖက်ရည်တိုက်ချင်လို့
အကိုတို့အဖွဲ့နဲ့ကပ်လိုက်လာတာ မနေ့က ကျွန်တော် အချိန်ပိုကြေးထုတ်ထားတာလေ”
လို့ပြောရင်း ကျွန်တော်ပြန်ပေးတဲ့ပိုက်ဆံကို လုံးဝမယူပါဘူး။
လူတစ်ဖက်သားကို ရမ်းသမ်းအထင်သေးမိတဲ့ မစဉ်းစားဘဲ ကိုယ်နစ်နာမှာတစ်ခုထည်းကိုသာ
တွေးလို့ မဆင်ခြင်ဘဲပြောခဲ့မိတာကို ပြန် တွေးမိတဲ့အခုအချိန်ထိနောင်တရမိပါတယ်။
ဒီလိုမျိုး မဆင်မခြင်စကားပြောမိလို့ ကိုယ့်စကားနဲ့ကို ပြန်အချည်အနှောင်ခံရတာလဲ တစ်ခါကြုံခဲ့ပါသေးတယ်။
ဒီအဖြစ်အပျက်လေးကို ပြန်သတိရမိတော့ အတော်လေးကို ရီချင်ပါတယ်။
အဲဒီတုံးက ကျွန်တော်အသက် 25နှစ်လောက်အရွယ်ကပါဘဲ။
ကုမ္ပဏီတစ်ခုမှာ အရောင်းမြင့်တင်ရေး ဝန်ထမ်းအဖြစ်အလုပ် လုပ်နေတုံးကပါ
ကျွန်တော်တို့ အလုပ်က အဖွဲ့ထဲမှာ ပြောရဲဆိုရဲတယ်ဆိုပြီး သူ့ကိုယ်သူဂုဏ်ယူတတ်တဲ့ မအေးမွန်ဆိုသူတစ်ယောက်
ရှိပါတယ်။ သူ့ကြွေးကြော်သံကတော့ “ မဟုတ်ဘူးထင်ရင် ပြောစရာရှိတယ်ဆိုရင် ပြောရဲတယ် အားနာစရာမလိုဘူး” ပါဘဲ။
တစ်ခါတော့ ဈေးထဲက ဖောက်သည်တစ်ယောက်ရဲ့သား မင်္ဂလာဆောင် ညစာစားပွဲမှာ ကြုံခဲ့တာလေးပါဘဲ။
အဲဒီမင်္ဂလာဆောင်နေ့က အလုပ်ပိတ်ရက်မဟုတ်တော့ ကျွန်တော်တို့ အဖွဲ့ကလည်း
မင်္ဂလာဆောင်ကိုရောက်တာနောက်ကျပါတယ်။
အဲတော့ ခါတိုင်းလို ကိုယ့် မိတ်ဆွေနဲ့ကိုယ် မထိုင်နိုင်ဘဲ လွတ်တဲ့နေရာမှာဝိုင်းထိုင်ရပါတယ်။
ကျွန်တော်တို့ထိုင်တဲ့ဝိုင်းမှာ အရင်ရောက်နှင့်နေတာက အသက်နည်းနည်းကြီးတဲ့လင်မယားစုံတွဲနဲ့ အသက်ခတ်လတ်လတ်
လင်မယားစုံတွဲ ပါဘဲ။
ကျွန်တော်တို့အဖွဲ့ ခြောက်ယောက်ဆိုတော့ လူဆယ်ယောက်ထိုင်ဘို့အတွက်ကွက်တိပါဘဲ။
တရုပ်ထမင်းစားပွဲထုံးစံအတိုင်း စစခြင်း သီဟိုဠ်စေ့ကြော်၊ကောက်ညှင်းပြားကြော် ၊ဂဏန်းလက်မကြော်၊နံကင်တွေလာချပါတယ်။
အလုပ်ကတန်းလာလို့ ဆာနေတဲ့ကျွန်တော်တို့ရော ကျန်တဲ့ကျွန်တော်တို့ မသိတဲ့စုံတွဲနှစ်တွဲကရော စားနိုင်ကြပါတယ်။
နောက်တော့ အော်စွန်းနဲ့ကြက်ခြေထောက်သုတ်လာချတော့လဲ တစ်ယောက်တစ်ဇွန်းတီးလိုက်တော့ အပြောင်ပါဘဲ။
နောက်နှစ်တစ်ရာသီးလို့လဲခေါ်တဲ့ (သူတို့ကတော့ပိကော့လို့ခေါ်ပါသတဲ့)ပဲလုံးစိမ်းဝါဝါလေးတွေလာချလဲ ခဏနဲ့ကုန်၊
ကြက်သားကိုပေါင်းထားတာကိုအကောက်လိုက်လာချတော့ လဲ တစ်ယောက်တစ်ဖဲ့နဲ့ကုန်။
ကိုက်လံအဖူးလေးတွေကို အရှည်လိုက်ပေါင်းထားတာချတော့လဲ တစ်ယောက်တစ်ပင်ဆွဲတာနဲ့ကုန်။
အဲတော့ ဟင်းပွဲ တစ်ပွဲချလိုက်တာနဲ့ ကုန်အောင်စားနိုင်တော့ ပုဂံဘဲကျန်ပါတယ်။
ဟင်းလေးငါးပွဲဆက်တိုက်ချတာကို တက်ညီလက်ညီအပြိုင်ဆွဲကြတော့ လက်နှေးတဲ့သူကတော့နည်းနည်းဘဲစားရတာပေါ့။
စားအားကောင်းတယ်လို့ဆိုနိုင်သပေါ့။
အဲဒီအချိန်မှာစားပွဲထိုးလေးက ပုဇွန်ကင်ထားတာကိုလာချပါတယ်။
လူဆယ်ယောက်ဆိုတော့ ပုဇွန်ဆယ်ကောင်ပေါ့။
အဲဒီအခါမှာ မအေးမွန်က “ပုဇွန်က တစ်ယောက်ကို တစ်ကောင်နူန်းနော်”လို့ ခပ်တည်တည်နဲ့
ပြောပါတော့တယ်။
ဒါနဲ့ဘဲကျွန်တော်တို့ တစ်ယောက်တစ်ကောင် နုှန်းနဲ့နိုက်စားကြတော့တာပေါ့။
ဒါပေမယ့် ပုဂံထဲမှာ ပုဇွန်သုံးကောင်ကျန်နေပါတယ်။
အသက်ကြီးကြီးလင်မယားရယ် နောက်တတွဲက ယောက်ျားလေးရယ်က ပုဇွန်ဟင်းကိုမနိုှက်လို့ပါ။
ဒါနဲ့ဘဲနောက်ထပ်ဘဲကင်တို့ တုံယမ်းဟင်းရည်တို့ ငါးသံပုရာတို့ သာဆက်တိုက်လာချလိုက်
နိုက်စားလိုက် လုပ်နေကြပေမယ့် မျက်လုံးပြူးပြူး နှုပ်ခမ်းမွှေးရှည်ရှည်နဲ့ပုဇွန်သုံးကောင်ကတော့
ကျန်မြဲပါဘဲ။
နောက်ဆုံးဟင်းပွဲတွေကုန်လို့ ထမင်းကြော်ရယ်ခေါက်ဆွဲကြော်ရယ်လာချတဲ့အချိန်အထိပုဇွန်သုံးကောင်က
နေမြဲပါဘဲ။
အဲတော့ မှစားတာကို လက်စသတ်နေတဲ့ အသက်ကြီးကြီး စုံတွဲက ဦးလေးကြီးက ကျွန်တော်တို့ကိုကြည့်ရင်းစကားပြော
ပါတယ်။
“လေးလေး တို့က မုံရွာကနေလာကြတာ။ အိမ်ကနေ ထွက်လာတုန်းကဆယ်နာရီလောက်ဘဲရှိသေးတယ်။
လမ်းကျမှနေ့လည်စာ စားမယ်ဆိုပြီးထွက်လာကြတာ။
လမ်းလဲရောက်ရော ကားက ဖောက်ရော။
ဖြစ်တာကလဲ ဘာနဲ့မှ မနီးတဲ့လမ်းခုလတ်မှာ။
အဲဒါနဲ့ကားကြုံနဲ့ပြန်လိုက် ဝပ်ရှော့ဆရာခေါ်လာပြီးပြင်မှ ကားကပြန်ကောင်းတော့တယ်။
အဲဒီထဲ တောင်မြို့ ကို လူကြုံပါးလိုက်တဲ့ ပစ္စည်းကလဲဝင်ပေးရသေးတယ်။
မန်းလေးရောက်တော့ မင်္ဂလာဆောင်လှည့်တာတောင်မှီရုံလေးရယ်ဆိုတော့ နေ့လည် စာမ စားလိုက်ရဘူး။
မမှီမှာစိုးတာနဲ့စိတ်တွေမောနေတာဘဲ။
အခုဒီကျမှ နှစ်နပ်ပေါင်းစားရတာပေါ့။
ခါတိုင်းဒီလောက်မစားနိုင်ပါဘူး။
ပုဇွန်ကတော့ သွေးတိုးရှိလို့ နှစ်ယောက်လုံးမစားတာကြာပြီ”လို့ပြုံးပြုံးရွှင်ရွှင်နဲ့ပြောပါတယ်။
အသက်ငယ်တဲ့ လင်မယားစုံတွဲထဲက မိန်းမက လဲ
“ဟုတ်တယ် သူက ပုဇွန်နဲ့မတဲ့ဘူး အလပ်ဂျစ်ရှိတယ်လေ”လို့ခပ်ပြုံးပြု့းလေးနဲ့ဝင်ပြောပါတယ်။
ဒါပေမယ့် သူရဲ့အပြုံးနောက်ကွယ်မှာ ကတစ်ခုခု ပုန်းအောင်းနေသလိုခံစားရပါတယ်။
ပုဂံထဲက ပုဇွန်သုံးကောင်ကတော့ အဲဒီအချိန်ထိ သူ့ကိုဘယ်သူယူမလဲလို့ မော့ ကြည့်နေတုန်းပါဘဲ။
မုံရွာကလာတယ်ဆိုတဲ့ အဒေါ်ကြီးကတော့
“သားတို့ ပုဇွန်တွေယူစားကြလေ ကြီးကြီးတို့ က မစားတော့ဘူး” လို့ပြောပါတယ်။
ဒါပေမယ့် ခါတိုင်းဆိုရင် ဘယ်သူစားစား မစားစား လက်သွက်ခြေသွက် တီးတတ်တဲ့
ကျွန်တော်တို့အဖွဲ့က ဒီတစ်ခါတော့ ပိုင်ရှင်မဲ့နေတဲ့ ပုဇွန်သုံးကောင်ကို မထိရဲသလိုပါဘဲ။
ခါတိုင်းလိုသာဆိုရင် ခပ်တည်တည်ယူစားမှာဖြစ်ပေမယ့် ပုဇွန်ကိုနိုက်စားမယ်လို့ စိတ်ကတွေးမိရင်
အေးမွန်ရဲ့ “တစ်ယောက်တစ်ကောင်နော်”ဆိုတဲ့အသံကိုနားထဲပြန်ကြားမိတော့ မနှိုက်ရဲ့တော့ပါဘူး။
အချုပ်ပြောရရင် အစာပိတ် အသီးအနှံတွေစားပြီး ပြန်လာကြတဲ့အချိန်ထိနုပ်ခမ်းမွှေးကားကားနဲ့
ပုဇွန်သုံးကောင်က ပုဂံထဲကနေ မျက်လုံးအသားကုန်ပြူးကြည့်ပြီး ကျွန်တော်တို့ကို လှောင်နေသလိုပါဘဲ။
ခါတိုင်းဆိုရင် စားပြီးလို့ပြန်တာနဲ့ ဘယ်ဟင်းက ဘယ်လို ဘာဟင်းက ညာလိုဆိုပြီး ဝေဖန်ချက်တွေပေးလို့ဗျောက်ဖောက်တတ်တဲ့ မအေးမွန်တစ်ယောက် အပြန်လမ်းတစ်လျှောက်လုံးမှာ
တေမိမင်းသမီးလုပ်လို့လာပါတယ်။
အဲဒီနေ့ကစပြီး မအေးမွန်လဲ “ပုဇွန်တစ်ကောင်” ဆိုတဲ့နာမယ်ပြောင်ရသွားပါတယ်။
ကိုယ်နစ်နာမှာစိုးတာ၊ကို်ယ့်ကိုစော်ကားတယ်ထင်တာတို့ကြောင့် ဘာမှ ရှည်ရှည်ဝေးဝေး သိပ်မစဉ်းဘဲ
တုန့်ပြန်လိုက်မိ လက်လွတ်စံပယ်ပြောလိုက်မိလို့နောင်တရစရာ အဖြစ်လေးတွေကို သတိရလို့ပြန်ပြော
ပြတာပါ။
ဒီလိုပြောပြလို့ ကိုပေါက်တစ်ယောက်စင်းလုံးချောပြီ အမှားတွေကင်းပြီလို့ များ မထင်ပါနဲ့။
မကြာခဏဆိုသလို စိတ်လို်က်မာန်ပါလုပ်မိပြောမိလို့ စကားလွန်သွားတာ မှားတာတွေကလဲ အခုချိန်ထိရှိနေဆဲပါဘဲ။
အဲ နည်းနည်းလေး အသိတရားထားမိတော့ အကြိမ်ရေတော့ ရော့ပါးသွားနိုင်တယ်လို့ပြောရင်တော့ ရပါတယ်။
“သိပါရဲ့နဲ့ ဘာလို့မှားနေသေးလဲ”လို့ မေးရင်
အသိတရား နဲ့မစဉ်းစားနိုင်သေးခင် ခံစားမှု့ဆိုတဲ့ ဟာကြီးက အရင်ရောက်ရောက်လာတဲ့အတိုင်းဆုံးဖြတ်မိတတ်တဲ့
သာမန် ပုထုဇဉ်လူသားတစ်ဦးဖြစ်နေလို့ပါဘဲ။
မှားတယ်ဆိုတာ မကောင်းမှန်းသိပေမယ့်လဲ မှားတော့ လဲ မှားနေပြန်တာကလဲ အမှန်ပါဘဲနော်။
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
(29-4-2011)
မန္တလေးမြို့ပါတ်ဝန်းကျင်မှာ ဓါတ်ပုံများကို www.kopaukmdy.info မှာဝင်ကြည့်နိုင်ပါတယ်နော်။
7 comments
weiwei
April 29, 2011 at 3:39 pm
မမှန်စကောင်း မှန်စကောင်း လဲ ဆက်ပါအုန်း …
kopauk mandalay
April 29, 2011 at 3:48 pm
အဲဒီနာမယ်နဲ့တင်ပြီးသား ရှိမရှိပြန်စစ်နေတာ
မရေးရသေးဘူး အဲဒီခေါင်းစဉ်က အများကြီးကျယ်ပြန့်မယ်နော်
ရေးမယ်
bigcat
April 30, 2011 at 3:04 am
ှုှုဦးပေါက် စာကိုဖတ်ပြီး လိုင်းကားပေါ်ကို ခြင်းတွေနဲ့အတူ တက်လာတဲ့ ခရီးသည်ကို စပယ်ယာက ခြင်းတွေကားပေါ်မတင်ဘူးလို့ ပြောသံကြားလို့ ကားပေါ်ပါလာတဲ့ ချင်းတိုင်းရင်းသားက ဒေါပွပြီး ချင်းလည်းလူပဲကွ၊ မင်းဘာလူပါးဝတာလည်းလို့ ရန်တွေ့တဲ့ ဟာသလေးတပုဒ် သွားအမှတ်ရမိတယ်…ဒါထက် ဦးလေး နေကောင်းရဲ့လာ၊ တူလေးမေတ္တာပို့သပါတယ်..
nozomi
April 30, 2011 at 3:32 am
ဦးပေါက်ကြီး မြန်မာနှစ်ကူးတုန်းက ဘေးကကောင်မလေးကို မွှေးမွှေးပေးဖြစ်သေးလား
kopauk mandalay
April 30, 2011 at 10:56 am
အစကတော့ စိတ်ကူးသေးတယ် ။
ဒါပေမယ့် တုံမမပြောတဲ့ ပါးချခံရမယ်ဆိုတာကို နားထဲသွားကြားမိတော့……………………..
eros
May 3, 2011 at 2:35 pm
မဒမ်ပေါက်ကို ကြောက်လို့ လို့ပြောပါ လေးပေါက်ရဲ့။ ကျီစားတာနော်
kopauk mandalay
May 3, 2011 at 3:02 pm
ဒါကတော့ စိတ်ပါလာရင် မဒမ်ပေါက်အလစ်လုပ်ရမှာလေ။
သူများ လိုက် ကြည့်နေတုံး မဒမ်ပေါက်ကို သူများက အာဘွားလုပ်သွားမှာလဲစိုးရသေးသဗျာ။