ယူအေအီးကို သွားမယ်ဆိုရင်
ယူအေအီးမှာဖြစ်သွားတဲ့ လူသတ်မှုတစ်ခုနဲ့ပတ်သက်ပြီး ကျွန်တော်တို့မြန်မာနိုင်ငံသားတိုင်း စိတ်မကောင်းဖြစ်ကြရပါတယ်။ ဒီမှာရှိနေတဲ့ မြန်မာနိုင်ငံသားတွေအပြင် မြန်မာနိုင်ငံက ဒီသတင်းကိုကြားတဲ့သူတိုင်း အဖြေမှန်ပေါ်လာဖို့ ဆုတောင်းနေကြပါတယ်။ နားစွင့်နေမိကြပါတယ်။ နိုင်ငံခြားမှာအလုပ်သွားလုပ်မယ့် လူငယ်တော်တော်များများလည်း စိုးရိမ်စိတ်တွေ ပိုလာကြပါတယ်။
ကျွန်တော်တို့ဟာ ဒီယူအေအီးကို Visit Visa နဲ့လာခဲ့ကြတဲ့သူတွေပါ။ ကိုယ့်နို်င်ငံမှာလည်း လုပ်ငန်းကိုင်ငန်းတွေ ဖြစ်ဖြစ်မြောက်မြောက် တိုးတက်မှုမရှိတော့ သူများနိုင်ငံကိုပဲ အားကိုးပြီးမျှော်လင့်ချက်တွေနဲ့ ရောက်လာကြတာပါ။ ဒီကိုရောက်ပြီး အလုပ်အကိုင်တွေကို စုံစမ်းတယ်။ ကိုယ်နဲ့အပ်စပ်မဲ့ ကိုယ့်ပညာနဲ့ ကိုက်ညီမှုရှိတဲ့ အလုပ်တွေကို ရှာဖွေကြပါတယ်။ ဒီလိုနဲ့ ရက် (30) မပြည့်ခင်မှာ ကျွန်တော်တို့ ကိုယ်စီကိုယ်စီ အလုပ်ရခဲ့ကြပါတယ်။ ကိုယ့်ရဲ့ကျွမ်းကျင်မှုအလို်က် အမြင့်မားဆုံးလစာကို ရရှိကြပါတယ်။ အလုပ်ကိုလည်း အချိန်အကန့်အသတ်နဲ့ပဲ လုပ်ကိုင်ကြရပါတယ်။
ကျွန်တော်ဟာ ဒီနိုင်ငံကိုမရောက်ခင်တုန်းက နိုင်ငံ (6) နိုင်ငံလောက်ကို တခြားအလုပ်ကိစ္စနဲ့ သွားလာဖူးပါတယ်။ ရောက်တဲ့နိုင်ငံတိုင်းမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာတွေကို ရှာဖွေပြီး မိတ်ဖွဲ့ပါတယ်။ အလုပ်အကိုင်တွေကို လေ့လာပါတယ်။ မေးမြန်းစုံစမ်းပါတယ်။ (အဓိကကတော့ ကျွန်တော့်အလုပ်နဲ့ပတ်သက်ပြီး ဒီနိုင်ငံတွေမှာ အဆက်အသွယ် ရယူဖို့ပါ။) ဒီလိုကျွန်တော်စပ်စုတတ်လို့လည်း နိုင်ငံစုံက အလုပ်အကိုင်အကြောင်းတွေကို အမျိုးမျိုးသိလာရပါတယ်။ အချို့အချို့နိုင်ငံတွေမှာ…
နိုင်ငံသားခွဲခြားမှုတွေ ပြင်းထန်ပါတယ်။ နိုင်ငံခြားသား အလုပ်သမားတွေကို ဖိနှိပ်မှုတွေရှိပါတယ်။ ကျွန်တော်တို့ရဲ့ မြန်မာသံရုံးရှိနေတာတောင် ဒုက္ခရောက်ရတဲ့ မြန်မာနိုင်ငံသားအလုပ်သမားတွေရှိနေတဲ့ နိုင်ငံတွေ အများကြီးရှိပါတယ်။ ယူအေအီး (ဒူဘိုင်း) မှာ မြန်မာသံရုံးမရှိပါဘူး။ ဒါပေမယ့် အလုပ်သမားအခွင့်အရေးကိုတော့ တခြားနို်င်ငံတွေနဲ့ မတူပဲ ရရှိကြပါတယ်။
ကျွန်တော်တို့ကို ဒီနိုင်ငံမှာအလုပ်သက်တမ်း (2) နှစ်၊ (3) နှစ်စသည်ဖြင့် စာချုပ်ချုပ်ရပါတယ်။ အဲဒီစာချုပ်သက်တမ်းမပြည့်ခင် အလုပ်သမားကလဲ ထွက်လို့မရသလို၊ အလုပ်ရှင်ကလည်း ထုတ်ပိုင်ခွင့်မရှိပါဘူး။ တကယ်လို့ အလုပ်သမားက ထွက်ချင်ရင် လျော်ကြေးပေးရမှာဖြစ်သလို၊ အလုပ်ရှင်ကလည်း ထုတ်ချင်ရင် လျော်ကြေးပေးမှ ထုတ်ပိုင်ခွင့်ရှိပါတယ်။ တကယ်လို့ အဲဒီမူတွေကို မလိုက်နာဘူးဆိုရင် နစ်နာသူဘက်က တရားစွဲဆိုလို့ရပါတယ်။
ကျွန်တော်တို့ထဲက မိတ်ဆွေတစ်ယောက်ဆိုရင် သူရဲ့ပတ်စ်ပို့တ်ကို သူ့အလုပ်ရှင်က ဖျောက်ပစ်လိုက်ပါတယ်။ အဲဒါကိုကျွန်တော်တို့ရဲ့ မိတ်ဆွေက တာဝန်ယူပြန်လုပ်ပေးဖို့ပြောပါတယ်။ အဲဒါကို သူ့အလုပ်ရှင်က အနိုင်ကျင့်ပြီးမလုပ်ပေးနိုင်ကြောင်း၊ တာဝန်မယူကြောင်း မသိသလိုလျစ်လျူရှုပါတယ်။ ကျွန်တော်တို့ရဲ့မိတ်ဆွေခမျာလည်း စာချုပ်သက်တမ်းကလဲပြည့် ပတ်စ်ပို့တ်မရှိကလဲမရှိတော့ ပြန်လို့ကလဲမရနဲ့ အခက်ကြုံရပါတော့တယ်။ နောက်ဆုံးမှာသူလဲ သူငယ်ချင်းတွေရဲ့ တိုက်တွန်းချက်နဲ့ တရားရုံးမှာတရားသွားစွဲပါတယ်။ တရားရုံးကလဲ လိုအပ်တာတွေကို စုဆောင်းပြီး သူ့ရဲ့အလုပ်ရှင်ကို ဆင့်ခေါ်ပါတယ်။ ပထမတော့ အဲဒီလူမလာပါဘူး။ ဒါပေမယ့် တရားရုံးက မလာရင်သူ့လုပ်ငန်းကို ပိတ်ပစ်မယ်လို့ စာပို့လိုက်တော့မှ အဲဒီလူလာပြီးတရားရင်ဆို်င်ပါတယ်။ နောက်ဆုံးမှာ သူကျွန်တော့်မိတ်ဆွေကို ပတ်စ်ပို့တ်စာအုပ်ပြန်လုပ်ပေးလိုက်ရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံသား အနိုင်ရရှိသွားပါတယ်။ ကျွန်တော်ပြောချင်တာက ကိုယ့်ဟာကိုယ်ဆုံးဖြတ်ပါ။ နိုင်ငံတိုင်းမှာ ဥပဒေရှိပါတယ်။ ကိုယ့်နို်င်ငံမှာ အလုပ်အကိုင်မကောင်းလို့ တခြားနို်င်ငံမှာ စီးပွားလာရှာတယ်။ သူများလက်အောက်မှာ အလုပ်လာလုပ်တယ်။ ကိုယ့်နို်င်ငံနဲ့ လူမျိုးကိုဂုဏ်ရှိအောင်
မြှင့်တင်ပါ။ နိုင်ငံခြားလောကကို အသေအချာလေ့လာပါ။ ဆောင်ရန်၊ ရှောင်ရန်တွေကို အမြဲတမ်းသတိရနေပါ။ ဒါပါပဲ။
3 comments
susunosuki
May 1, 2010 at 2:20 pm
လူညီရင်တော့ရနိုင်တာပေါ့
လူမညီတာတို့ ပညာမတတ်တာတို့ဆိုရင်တော့
သူများအနိုင်ကျင့်ခံရမယ်
laypyay
May 2, 2010 at 5:58 pm
ဝမ်းသာတယ် အကိုရေ.. ဒီလို တခြားသူများ နိုင်ငံမှာ ကိုအချင်းချင်း ညီညွှတ်ကြတာကြားရလို့ အားတက်မိတယ် ဗျို့.။
wailynnoo
June 6, 2010 at 9:14 am
ကိုယ့်နိုင်ငံက အလုပ်အကိုင်ရှားပါလွန်းတော့ ဒီလိုဘဲ ဒုက္ခခံကြရတာပါဘဲလေ။