“အဝေးကွင်းကမြက်တွေ မစိမ်းတော့တဲ့နေ့………………. “
“အဝေးကွင်းကမြက်တွေ မစိမ်းတော့တဲ့နေ့………………. “
ပြီးခဲ့တဲ့ဥပုဒ်နေ့ကညနေပိုင်းအိမ်မှာဘောလုံးပွဲထိုင်ကြည့်နေတုန်း ကိုအောင်မောင်း အိမ်ကိုရောက်လာပါတယ်။
”ကိုပေါက် ဘာပွဲလာနေလို့တုန်း” လို့သူကမေးတော့၊
“တိုက်ရိုက်လာတဲ့ပွဲမဟုတ်ပါဘူးဗျာ ထူးထူးခြားခြား သွင်းသွားတဲ့ဂိုးလေးတွေကိုစုထားတဲ့ခွေဖွင့်ကြည့်နေတာပါ”
ကိုအောင်မောင်းလဲ ကျွန်တော်နဲ့အတူ ဘောလုံးပွဲကိုကြည့်နေရင်း သူ့ဘာတွေများတွေးမိတယ်မသိပါဘူး
သူ့မျက်နှာကပြုံးဖြီးဖြီးကြီးဖြစ်လာပြီး “အဝေးကွင်းကမြက်တွေကမစိမ်းတော့ဘူးဗျ”
လို့အဆက်အစပ်မရှိဘဲပြောလိုက်တော့ကျွန်တော်တောင် ကြောင်သွားပါတယ်။
အဲဒါနဲ့သူကို ဘာလဲလို့ မေးဆတ်ပြီး အသံတိတ်မေးလိုက်တော့
“နောက်နေ့ ဖိတ်စာတွေရောက်လာရင် ကိုပေါက် သဘောပေါက်သွားမယ်”လို့ပြောပြီး
ထပြန်သွားပါတယ်။
လှေခါးရင်းနားရောက် မှ “တောင်ကြီးဘက်က ပြန်လာလို့ ထင်းရူးဆီတွေလာပို့တာ”
လို့လှမ်းပြောရင်း အောက်ကိုဆင်းသွားပါတယ်။
နောက်လေးငါးရက်လောက်ကြာတော့ အလုပ်ကနေအိမ်ပြန်ရောက်တဲ့အချိန်
မဒမ်ပေါက် မေးငေါ့ပြတဲ့ မင်္ဂလာဆောင်ဖိတ်စာလေးနှစ်စောင်ကို စာပွဲပေါ်မှာ တွေ့ရပါတယ်။
အဲဒါနဲ့ဖွင့်ဖတ်ကြည့်လိုက်တော့ ကိုအောင်မောင်းတို့ရုံးက ကလေးတွေရဲ့မင်္ဂလာဆောင်ဖြစ်နေပါတယ်။
နာမယ်တွေအလုပ်အကိုင်တွေကို သေချာပြန်ဖတ်ကြည့်လိုက်တော့ ပို့ထားတဲ့ဖိတ်စာနှစ်စောင်လုံးက ကုမ္ပဏီတစ်ခုထဲကဝန်ထမ်းအခြင်းခြင်း ဖူးစာဆုံကြတာဖြစ်နေပါတယ်။
အဲဒီတော့မှ ဟိုနေ့က ကိုအောင်မောင်းပြောသွားတဲ့ စကားကိုသဘောပေါက်ပါတော့တယ်။
သူတို့လေးတွေက ကျွန်တော်တို့လုပ်ငန်းနဲ့ကိုအောင်မောင်းတု့ိလုပ်ငန်းအတူ ပူးပေါင်းဆောင်ရွက်ကြတုန်းကသိခဲ့
တဲ့ကလေးတွေပါဘဲ။
သူတို့နဲ့လုပ်ငန်းခြင်းမတွဲတာတော့ လေးနှစ်လောက်ရှိပေမယ့် ကိုအောင်မောင်းအပါအဝင် ဝန်ထမ်းတွေနဲ့ကျွန်တော်ကတော့ အဆက်အသွယ်မပြတ်ခဲ့ကြပါဘူး။
ဒါကြောင့်လဲ သူတို့က သတိတရနဲ့ မင်္ဂလာဆောင်ကိုဖိတ်ကြတာပါ။
သူတို့ ဖိတ်စာလေးတွေကို ဖတ်မိတော့မှ “ရွာနားကမြက်ရွာနွားမစားဘူး”ဆိုတာလေးကိုသွားသတိရမိပါတယ်။
ကျွန်တော်ငယ်ငယ်တုံးက နေခဲ့တဲ့ ဝင်းထဲမှာဆိုရင် တဝင်းထဲသားခြင်းတစ်ရပ်ထဲသားခြင်းအိမ်ထောင်ကျတယ်
ဆိုတာ လုံးဝကို မရှိခဲ့တာပါ။
ကျွန်တော်တို့ငယ်ငယ်တုံးကလဲ အရပ်ထဲမှာအတူကြီးခဲ့တဲ့ရွယ်တူမိန်းကလေးတွေရှိခဲ့ကြပါတယ်။
ဒါပေမယ့်ငယ်စဉ်ကထဲက နေ့နေ့ညည လိုက်တမ်းပြေးတမ်းကစားကြ ရွှေစွန်ညိုဝဲကြ
တူတူပုန်းတမ်းကစားကြ ထုပ်ဆီးတိုးကြနဲ့ ကစားနည်းပေါင်းစုံကိုအတူဆော့ခဲ့ကြ
စိတ်မထင်ရင် နပန်းတွေလုံးကြ ရန်တွေဖြစ်ကြ ရိုက်လိုက်ပုတ်လိုက်နဲ့ နေခဲ့ကြတော့
အပျိုပေါက်လူပျိုပေါက်ဖြစ်လာတော့ လဲ ဘယ်လိုမှ ရင်မခုန်ပါဘူး။
အပျိုပေါက် လူပျိုပေါက်ဖြစ်လာတော့ လဲ စက်ဘီးအတူစီးလို့ ဘုရားသွားကြလည်ကြပါတ်ကြ
ရုပ်ရှင်တွေ ကြည့်ကြပေမယ့် လည်း သမီးရီးစား ဖြစ်သွားကြတယ်ဆိုတာမရှိပါဘူး။
မစားကောင်းတဲ့အသီးလို့သတ်မှတ်ထားသလိုပါဘဲ။
ဒီပြင်အရပ်က သူငယ်ချင်းတွေက ကိုယ့်အရပ်ထဲ ကောင်မလေးကိုလာ အီရင် အောင်သွယ်တောင်လုပ်ပေးလိုက်ပါသေးတယ်။
ကျွန်တော်တို့လက်သုံးစကားကတော့ “ရွာနွားကမြက် ရွာနွားမစားဘူး”ပေါ့။
ကောင်မလေးတွေဘက်က လည်း တစ်ဝင်းထဲသားခြင်းဆိုတော့ မကောင်းတဲ့အကျင့်တွေကို သိနေတော့
စိတ်မဝင်စားဘူးပေါ့။
ဖြစ်ချင်တော့ကျွန်တော်တို့ထက် နည်းနည်းကြီးတဲ့ ကိုစံနဲ့ မတူးတို့က ဆယ်တန်းအောင်တော့
ရန်ကုန်ကိုကျောင်းသွားတက်ကြပါတယ်။
ကိုစံကတော့ အာအိုင်တီဆိုတဲ့ စက်မူ့တက္ကသိုလ် မတူးကတော့ အီကို ဆိုတဲ့ စီးပွားရေးတက္ကသိုလ်ပေါ့။
တစ်ရပ်ကွက်ထဲသားလဲဖြစ် မိဝေးဘဝေးနဲ့ သူများမြို့ရွာမှာနေရတာလဲဖြစ်ပြန်၊ကျောင်းပိတ်လို့ပြန်ချိန်ဆိုရင်
လဲ အတူသွားအတူလာ ဆိုတော့ အိုးခြင်းထားအိုးခြင်းထိ သလို သံယောဇဉ်ကြိုးတွေလဲညှိကုန်ပါတော့တယ်။
တိုတိုပြောရရင် ကျောင်းမပြီးခင်လက်ထပ်လိုက်ကြပါတယ်။
ကျွန်တော့အဖွားကတော့ “အခုမှ ရွာထဲကမြက်နုမှန်းသိတယ်”လို့ ဆေးပေါ့လိပ်ကြီးဖွာရင်းပြောတာကို
အခုတောင်နားထဲကြားယောင်လာသလိုပါဘဲ။
ဒီလိုနဲ့အသက်အရွယ်ရလို့ အလုပ်ထဲရောက်တော့လဲကိုယ်ရုံးကကောင်မလေးတွေနဲ့နေ့စဉ်ထမင်းအတူစားကြ
လက်ဖက်ရည်ဆိုင်အတူထိုင်ကြ ပိတ်ရက်ဆို စက်ဘီးပေါ်တင်နင်းပြီးအတူလျှောက်လည်ကြပေမယ့် မရိုးသားတဲ့စိတ်တွေမပေါ်ဘဲ မောင်နှမတွေလိုဖြစ်နေခဲ့ကြပါတယ်။
မြင်နေကျမို့ ထူးပြီး မခံစားမိတာလား တွေ့နေကျမို့ ရိုးနေလို့လား ကိုယ်ကဘဲသူတို့လှတာကို မမြင်မိသတိမထားမိလို့လား
နေ့စဉ်နဲ့အမျှ အတူသွားကြလာကြဆိုတော့ သူတို့ကောင်းတာ မကောင်းတာ ကိုလဲ ကိုယ်ကသိ
ကိုယ့်ရဲ့မကောင်းတာကိုလဲ သူတို့လဲသိနေတာကြောင့်လား ဆိုတာကို မဝေခွဲနိုင်ပေမယ့် သူတို့ နဲ့ တစိမ်းယောက်ျားလေးတွဲတာမြင်ရင်တော့စိတ်ထဲမှာ သိပ်မကြည်တာမျုးိတော့လဲ ဖြစ်တတ်ပါတယ်။
ဒါနဲ့ပါတ်သက်လို့ပြောမိတော့ ကိုအေးဆိုတဲ့ ဒီပြင့်ရုံးက သူငယ်ချင်းကတော့
“ဖူးစာ မပါလို့ပါကွာ ဖူးစာပါရင် အလိုလိုကို ဘာသာပူးသွားမှာ”လို့ပြောရင်းတဟားဟားနဲ့ရီတတ်ပါသေးတယ်။
နောက် ကိုစိုင်းဆိုတဲ့အိမ်ထောင်သည်အကိုကြီးတစ်ယောက်ပြောတာကို နားယောင်မိလို့လဲ ဖြစ်နိုင်ပါတယ်။
“ငပေါက် က ရီးစားများထားမယ် ကြံရင် ကိုယ့်အရပ်ထဲကဟာကို လဲသွားမကြံနဲ့၊
တစ်ရုံးထဲက လုပ်ဖော်ကိုင်ဘက်ကိုလဲ မစဉ်းစားနဲ့။
သမီးရီးစား ဘဝသာ ချစ်တဲ့သူအနားကပ်နေချင်တာ။
ထမင်းအတူစားရတာ မျက်နှာလေးကြည့်ပြီးစကားပြောရတာတကယ့် ဖီ်းလ်ဘဲ။
အေး…….အိမ်ထောင်လဲကျရော တပူးပူးကပ်နေရင် ပြဿနာသိပ်များတာ”လို့ပြောဘူးတာကိုးဗျ။
ဟုတ်လဲဟုတ်သလိုလိုပါ။
သူမိန်းမ မမွန်နဲ့သူနဲ့က ဌာနခြင်းမတူပေမယ့် လုပ်ငန်းစုတစ်ခုထဲ။
ကိုုစိုင်းကလဲ နာမယ်နဲ့လိုက်အောင် ထင်ရာစိုင်း မမွန်က အူတို၊
အဲတော့ ခဏခဏစကားတွေများ စိတ်တွေကောက် ရန်တွေဖြစ်ဆိုတော့
ကိုစိုင်းမှာ မလွတ်လပ်တာကလဲအမှန်ပါဘဲ။
သူတို့နဲ့အနီးကပ်နေရတဲ့သူတွေမှာလဲ စေ့စပ်ညှိနိုင်းရေးတွေလုပ်ပေးရတာလဲ ခဏခဏ ပေါ့။
အဲတော့ ကိုစိုင်းပြောတာ မှန်တယ်လို့ စိတ်ထဲမှာ ထင်မိပြန်တော့ ကိုယ့် အထဲကလူကို စိတ်နဲ့တောင်မပြစ်မှားဘူးဆိုတဲ့အသိက ဝင်နေပါတယ်။
အဲလိုနဲ့ဘဲအသက်တွေကြီး အလုပ်တွေလဲ တစ်ခုပြီးတစ်ခုပြောင်းနဲ့ အခုလက်ရှိအလုပ်ကိုရောက်လာပါတယ်။
အခုလက်ရှိအလုပ်က စစခြင်း လုပ်ငန်းက သေးသေးလေး။
မိသားစုပုံစံနဲ့တည်ဆောက်ထားတဲ့လုပ်ငန်းလိုဖြစ်နေတော့ဝန်ထမ်းကလဲ လေးငါးခြောက်ယောက်ဘဲရှိပါတယ်။
ရုံးခန်းသေးသေးလေးထဲမှာနေ့စဉ်နဲ့အမျှ ဒီလူနဲ့ဒီလူ ဘဲတွေ့နေ တစ်ယောက်အကြောင်းတစ်ယောက်ကလဲ မသိတာ မရှိသလောက်ဖြစ်နေတော့ အိုးချင်းထားပေးမယ်လဲ မထိ ကြိုးခြင်းထားပေမယ့်လဲ မညိပေါ့။
တစ်ခါတော့ အလုပ်ထဲက ပရုပ်အေးကအပြင်က ကောင်တစ်ယောက်နဲ့ကျောင်းတက်ရင်းညိလာပါတယ်။
(နာမယ်ရင်းကတော့ မင်းမင်းသော် ပါ ဒါပေမယ့် ချစ်စနိုးကျွန်တော်တို့တရုံးလုံးခေါ်တာကတော့ ပရုပ်အေး(မင်သော်)ပါဘဲ)။
ပရုပ်အေးတို့အိမ်က စည်းကမ်းနည်းနည်းတင်းကျပ်ပေမယ့်ကျွန်တော်တို့နဲ့ဆိုရင် စိတ်ချပါတယ်။
အဲတော့ သူကောင်လေးနဲ့တွေ့ချင်ရင် ကျွန်တော်တို့ကို စားသောက်စရိတ်ခံပါမယ်ဆိုတဲ့ ဝန်ခံကတိနဲ့
သူ့ကိုလာခေါ်ခိုင်းပါတယ်။
သူတို့နှစ်ယောက်က ရုပ်ရှင်ကြည့် ဘုရားသွား ကျွန်တော်တို့က သူပေးတဲ့ စရိတ်နဲ့စားသောက်
ပြန်ခါနီးမှချိန်းထားတဲ့ အချိန် ချိန်းထားတဲ့နေရာမှာပြန်ဆုံ၊ ပရုပ်အေးကို ပြန်ပို့ပေး ။
အဆင်တွေကိုပြေလို့ပါ။
နောက်သူုနဲ့သူ့ကောင်လေး ကိုထွေး လက်ထပ်မယ်လဲပြောရော သူ့အမေ က မျက်စေ့တွေတောင်လည်သွားပါသတဲ့။
ပရုပ်အေးတို့အမေထင်တာက ကျွန်တော်တို့ က တတွဲတွဲသွားနေတော့ကျွန်တော်တို့ထဲက တယောက်ယောက်နဲ့သေချာပြီထင်နေပါသတဲ့။
ကျွန်တော်တို့ကလဲ “ အမေအေးရေ ရွာနားက မြက်တွေက မစိမ်းဘူး”လို့ပြောတော့
“ခွေးကောင်လေးတွေ ငါက အဟုတ်မှတ်လို့”ဆိုပြီးရီနေပါတယ်။
ဒီလိုနဲ့ဘဲ မင်္ဂလာဆောင်ရက်ရောက်တော့ ကလေးတွေနဲ့စကားပြောဖြစ်ကြပါတယ်။
ကျွန်တော်က” မင်းတို့အဖွဲ့က ဘယ်လိုဖြစ်ကုန်တာလဲ”လို့မေးတော့အမြဲတမ်းဟာသတွေနဲ့ပြောတတ်တဲ့
မော်ကြီး က “လေးပေါက်ရေ ဒီလိုဖြစ်တာ လေးအောင်ကြောင့်၊သူက ကျွန်တော်တို့အဖွဲ့ကိုညမိုးချုပ်ထိခိုင်း၊
အဲတော့ ကောင်မလေးတွေကို နေ့တိုင်းအိမ်ပြန်ပို့ရ၊ပြီးတော့အပြင်လဲမထွက်ရ မနက်က ညထိ ဒီအခန်းထဲမှာဘဲ
နေကြရတာလေ။နောက်ဆုံးတော့ အဝေးကွင်းက မြက်စိမ်းလား မစိမ်းလား မစဉ်းစားနိုင်တော့ပါဘူး။
အိမ်ကွင်းကမြက်ကိုဘဲ ဇွတ်စိမ်းလိုက်ရတော့ တာဘဲ”လို့ပြောရင်းပြုံးနေပါတယ်။
တစ်ရက်တော့ ရုံးမှာအလုပ်တွေလုပ်နေတုံး ဟိုဘက်အခန်းက ဖုန်းပြောနေတဲ့အသံက နားထဲကိုဝင်လာပါတယ်။
မစန်းကြီး ပြောနေတဲ့အသံပါ။
“မောင်လေးရေ ဒီလတော့နင့်ဘဲအားကိုးရတော့မှာ။
ကိုကိုကြီး လခထုတ်ပြီးပြန်လာတဲ့နေ့က လမ်းမှာ ပိုက်ဆံတွေအလုခံရလို့တဲ့”
ဆိုတဲ့အသံကိုသာ ကြားလိုက်ပြီးကျွန်တော်လဲ ဖုန်းဝင်လာတော့ဆက်ပြောနေမိပါတယ်။
ခဏနေတော့ မစန်းကြီး ကျွန်တော့် စာပွဲနားက ဖြတ်သွားတဲ့အချိန်
“မယ်စန်း ငွေမရောက်သေးလို့ လား”
လို့မေးတော့ “ဟုတ်တယ်လေးပေါက်ရေ ဒီလအတွက်ကိုကိုကြီးဆီက မျှော်လို့မရတော့ ဘူး အငယ်ကောင်ဘဲအားကိုးရတော့မှာ”လို့လမ်းလျှောက်ရင်းပြန်ဖြေသွားပါတယ်။
မစန်းကြီး အကိုက မလေးမှာ မောင်လေးက စင်္ကာပူ မှာအလုပ်လုပ်နေကြတာပါ။
သူ့အကိုရဲ့ မိန်းမနဲ့ကလေးနှစ်ယောက်ကို မစန်းကြီးတို့ က ခေါ်ထားရတာပါ။
မစန်းကြီးတို့ အိမ်ကယောက်ျားလေးနှစ်ယောက်လုံးက
“တစ်ရွာမပြောင်းသူကောင်းမဖြစ်”ဆိုတဲ့စကားအတိုင်းအပြင်ကိုထွက်အလုပ်လုပ်ခြင်ကြပါသတဲ့။
အဖေနဲ့အမေကတော့ မိဘလက်ငုတ်လက်ရင်းဈေးထဲကဆိုင်လေးကို ဆက်လုပ်စေချင်ပါသတဲ့။
ဒါပေမယ့် ကလေးတွေက အရင်းအနှီးနည်းတော့ မလုပ်ခြင်ကြပါဘူးတဲ့။
အဲတော့ ဒီဆိုင်လေးကိုရောင်း နိုင်ငံခြားကို ညီအကိုနှစ်ယောက်ထွက် ငါးနှစ်လောက်လုပ်
ပိုက်ဆံစု အရင်းအနှီးရလို့ပြန်လာရင် ဒီထက်ကောင်းတဲ့ဆိုင်ခန်းကိုပြန်ဝယ်နိုင်မယ်လို့ပြောပြီး
သူတို့ဆိုင်လေးကို သိန်းတစ်ရာစွန်းစွန်းလေးနဲ့ရောင်းပြီး နိုင်ငံခြားထွက်သွားကြပါသတဲ့။
ဒါပေမယ့်လည်း သူတို့ကဆိုင်ရောင်းလိုက်တော့ အိမ်ဝင်ငွေက မစိုးကြီးလစာဘဲရှိပါတော့တယ်။
လူကြီး လေး ကလေးသုံး အဖွားအိုတစ် ပေါင်း (8)ယောက်ရှိတဲ့မိသားစုကြီးကို မစိုးကြီးဝင်ငွေနဲ့
ဘယ်လိုမှထိန်းထားလို့မရနိုင်ပါဘူး။
အဲတော့လဲ သူတို့ တစ်လ တစ်လ ပို့လိုက်တဲ့ ငွေနှစ်သိန်းလောက်က စားတဲ့အထဲပါ ပါသွားပါတယ်။
သူတို့သွားတာ သုံးနှစ်လောက်ရှိပေမယ့် ဘာမှ မစုဖြစ်ပါဘူးတဲ့။
မစိုးကြီးအကြောင်းတွေးရင်းကနေ ဟိုတစ်လောက ချောက်ကနေ လာပြီးကျွန်တော်တို့ရုံးမှာအလုပ် လာလုပ်နေတဲ့ နိုင်ငံခြားထွက်ခြင်လို့အိမ်ကို ဂျီတိုက်နေတဲ့ကောင်လေးကိုလဲသတိရမိပါတယ်။
ကောင်လေးက ကျွန်တော်တို့ ရုံးကိုရောက်လာတာ သိပ်မကြာသေးပါဘူး။
သူတို့ရွာဘက်က လူတော်တော်များများ က မလေးတို့ ထို်င်းတို့မှာအလုပ်လုပ်နေကြပါသတဲ့။
သူ့တို့အိမ်က ပီစီအိုလိုဖုန်းဆိုင်ဖွင့်ထားတော့ တနင်္ဂနွေနေု့ဆိုရင် ဟိုမှာအလုပ်လုပ်နေတဲ့လူတွေ
ဆီက ဖုန်းလာတဲ့အခါ မစားရ ဝခမန်းပြောတာကို ကြားနေရတော့ သူက ရွာမှာမနေချင်တော့ပါဘူးတဲ့။
အိမ်ကနွားတွေကိုရောင်း ပြီး သူ့ကို နိုင်ငံခြားပို့ပေးဘို့ နားပူလွန်းတော့ သူ့ဦးလေးရှိတဲ့ကျွန်တော်တို့ အလုပ်ကို
ပို့ထားလိုက်ပေမယ့် သူကတော့ “ထွက်မယ် ထွက်မယ်”ဆိုတဲ့ ဂါထာကိုနေ့တိုင်းရွတ်နေပါတယ်။
ကျွန်တော်သူတို့လေးတွေကို တွေးမိတာကတော့ နိုင်ငံခြားငွေနဲ့ မြန်မာငွေ ငွေလဲနှုန်းခြားနားတာကြောင့်
အပြင်ထွက်အလုပ် လုပ်ခြင်ကြတယ်ဆိုတာကိုပါ။
သူတို့က ဟိုမှာရတဲ့ငွေကို မြန်မာငွေနဲ့တွက်ကြည့်ပြီး အများကြီးထင်ကြတာကိုး။
သူတို့ဟိုမှာနေတဲ့အချိန်သုံးရတဲ့ငွေကိုတော့ ထည့်မတွက်ကြတော့တာများပါတယ်။
အများအားဖြင့်ဒီကနေသွားအလုပ်လုပ်ကြတဲ့ ကလေးတွေ မှာ သူတို့နိုင်ငံကလူမလုပ်ခြင်တဲ့
အလုပ်ကြမ်းတွေကို သွားလုပ်ကြရရှာတာပါ။
နိုင်ငံခြားထွက်ဘို့ကုန်သွားတဲ့ ငွေနဲ့ဆိုရင် ကိုယ့်နိုင်ငံမှာကိုယ် ဆိုင်လေးတစ်ဆိုင်ဖွင့်မယ်ဆိုရင်
ဖွင့်လို့ရနိုင်ပါတယ်။
ဒါပေမယ့်လည်း လူငယ်တော်တော်များများက နိုင်ငံခြားထွက်အလုပ်လုပ်မယ်ဆိုရင် ခဏလေးနဲ့
အိမ်ကိုငွေပြန်ပို့နိုင်မယ် အရင်းကျေမယ်ထင်ရှာကြတာများပါတယ်။
တစ်ချို့ကလည်းရှိတာလေးရောင်း မရှိတဲ့သူကလဲအတိုးနဲ့ငွေချေးလို့ထွက်ကြပါတယ်။
ဟိုမှာနေလို့ ထိုင်လို့ အဆင်မပြေပေမယ့်လဲ အရင်းမကျေတော့ ပြန်လာလို့မရ သနားစရာလဲကောင်း
ရင်နာစရာလဲကောင်းပါတယ်။
အဲဒီအထဲက ပိုကံဆိုးတဲ့ကလေးများကတော့ လူလိမ်နဲု့တိုးတော့ ဖွတ်လဲမရ ဓါးမလဲဆုံးလို့
မိသားစုတစ်စုလုံး ဒုုက္ခရောက်တာကိုလဲ စိတ်မချမ်းသာစရာ တွေ့ရပါသေးတယ်။
ကျွန်တော်ကတော့ လူငယ်တွေကို နိုင်ငံခြားကိုရောက်စေချင်သွားစေချင်ပါတယ်။
ဒီလိုနိမ့်ကျတဲ့အလုပ်တွေနဲ့မဟုတ်ဘဲ ပညာတော်သင်လိုမျုးိ အတတ်ပညာတစ်ခုခုနဲ့
ခန့်ခန့်ထည်ထည်လုပ်ရတဲ့ဘဝမျုုးိလေတွေနဲ့ သွားစေချင်ရောက်စေချင်တာပါ။
ငယ်ငယ်ကဖတ်ဘူးတဲ့ ကဗျာလေးကို ပြန်သတိရမိပါတယ်။
ဆရာမင်းသုဝဏ်ရေးတဲ့ကဗျာလေးထင်ပါတယ် ဆယ်တန်းကဗျာသင်ရိုးညွန်းတန်းစာအုပ်ထဲမှာပါခဲ့တာပါ။
သူများခြံမှာ အပွင့်တွေ အသီးတွေနဲ့ဝေဆာတာကို အားကျနေမယ့်အစား ကိုယ့်ခြံလေးကို အဲဒီလိုဖြစ်အောင်
ကြိုးစားစေချင်တယ်လို့ သဘောကိုဆောင်တဲ့ကဗျာလေးပါ။
အလွတ်မရတာရယ် စာအုပ်ကလဲ ကိုယ့်အနားမှာမရှိတာရယ်ကြောင့် သဘောလောက်ဘဲပြန်ပြောပြနိုင်ပါတော့တယ်။
တနေ့နေ့တချိန်ချိန်မှာ ကိုအောင်မောင်းပြောသလို
အဝေးကွင်းက မြက်ခင်းတွေ မစိမ်းတော့တဲ့ နေ့ကိုများရောက်လာမယ်ဆိုရင် ……………………………………………………..
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
ကိုပေါက်(မန္တလေး)
7-5-2011
14 comments
weiwei
May 7, 2011 at 4:27 pm
အိုးချင်းထား အိုးချင်းထိ … ကြိုးချင်းထား ကြိုးချင်းညိ ..
တညင်သား
May 7, 2011 at 5:01 pm
ကိုပေါက်ရေ မြက်ခင်းအတုတွေ ပေါ်နေတော့ တဖြေးဖြေးနဲ့ အဝေးကွင်းက မြက်တွေ စိမ်းမှာမဟုတ်တော့ပါဘူး………
shweminthar
May 8, 2011 at 3:46 am
ရွာထဲ ကမြက်ခင်းကြီးရော စိမ်းပါသလား။
မိုက်ကယ်ဂျော်နီအောင်ပု
May 8, 2011 at 4:36 am
လေးပေါက်
လေးပေါက်ရော
ဘယ်ရွာကမြက်ကိုစားခဲ့သလဲဗျ ( ကန်တော့နော်လေးပေါက် )
🙂 🙂 🙂
eros
May 8, 2011 at 5:05 am
လေးလေးပေါက် က တကျောင်းထဲတက်ခဲ့တဲ့ ပြင်ဦးလွင်သူကို ဆိုတော့ ဘာပြောလို့ပြောရမယ်မသိပါဘူး အဘပုရယ်။
ဆူး
May 8, 2011 at 7:48 am
မြက် စိမ်းစေချင်ရင် မျက်မှန် စိမ်းကြီး တပ်ထားလိုက်.. အဟိ..
hmee
May 8, 2011 at 8:38 am
အစက သူငယ်ချင်း နောက်တော့တမျိုးတိုး ဆိုတော့ ကိုယ်လည်း ခြံထဲက မြက်စိမ်းခဲ့တာပေါ့ ဟားဟား…။
mihninlay
May 8, 2011 at 9:50 am
အိမ်နားကမြက်စိမ်းလို ့ကတော့…ဟင်းဟင်းဟင်း…..
လေးပေါက်ကစာအရေးကောင်းသလိုအောင်သွယ်လဲကောင်းခဲ့တာကိုး……
naywoonni
May 8, 2011 at 11:30 am
ကိုပေါက်ရေ……… ကျွန်တော်က တော့ အဝေးကွင်းလည်းမစိမ်းဘူး အနီးကွင်းလဲမစိမ်းဘူးဗျ …. ဘာဖြစ်လို့လဲ လုပ်ကြစမ်းပါဦး
bigbird
May 8, 2011 at 12:05 pm
အဝေးကွင်းလဲမဟုတ် အနီးကွင်းလဲမဟုတ်တဲ့ အလယ်ကွင်းဆိုတာရှိသေးတယ်။
အဲ့ဒီကွင်းမျိုးကို ဗိုလ်လုပွဲကျမှ သုံးတာ ..ဦးနီက အလယ်ကွင်းမြက်မှစိမ်းတော့မယ်ထင်တယ်။
kopauk mandalay
May 8, 2011 at 12:10 pm
ကိုပေါက်က အဝေးကွင်းမှာကန်ခဲ့တာပါ။
ကိုမိုက်ကယ် ကိုဂျော်နီကိုအောင်ပုရေ………………………….
အဝေးကွင်းလဲ မကောင်း အိမ်ကွင်းက မနိပ်ရင်
ကိုနေရေ ကြားကွင်းဝင်ကန်ဗျာ။
bigcat
May 9, 2011 at 3:27 am
ကြောင်ကြီးလည်း အနားကမြက်ကို စိမ်းတယ်ဆိုပြီး ခုန်အုပ်လိုက်တာ လှံသွားအချွန်ဖြစ်နေတယ်… နာလိုက်တာ အီးဟီးဟီး… ကယ်ကြပါအုံး….
ဆူး
May 9, 2011 at 12:53 pm
ဦးကြောင်ကြီး က မျက်မှန်စိမ်းကြီး တပ်ထားပြီး စိမ်းတယ် ထင်သွားတာ ဖြစ်မယ်
MaMa
May 9, 2011 at 2:28 pm
ဘဝကံအကျိုးပေးဆိုတာတွေက ကွာတော့ အချို့က အဝေးကွင်းမြက်မှစိမ်းတင်ထင်၊ အချို့ကျတော့လည်း အိုးချင်းထား အိုးချင်းထိ၊ အချို့ကျတော့လည်း Chemistry မှာ သင်ရသလို Inert material ပေ့ါ။ ဘာနဲ့မှ ဓာတ်မပြုဘူးလေ။