ကျွန်တော်၊ သူမနှင့် ဧပရယ်လ်မိုးတိမ်များ
ကျွန်တော်၊ သူမနှင့် ဧပရယ်လ် မိုးတိမ်များ
“အခိုက်အတန့်”
“ချစ်တယ် ချစ်တယ်” ဟု ကျွန်တော် မကြားအောင် သူမ ပြောသည်။
သို့သော် … ကျွန်တော် ကြားလိုက်ပါသည်။
အသံမထွက်စေဘဲ နှုတ်ခမ်းလှုပ်ရုံမျှ ပြောခြင်းဖြစ်သဖြင့် “နားနှင့်ဆတ်ဆတ်ကြားသည်” ဟု မပြောနိုင် သော်လည်း “ရင်နှင့်ဆတ်ဆတ်” ကြားပါသည်။
ကျွန်တော့် ချစ်ရသူလေးသည် မည်မျှ ရယ်စရာကောင်းလိုက်ပါသလဲ …
ကျွန်တော့်အနားကပ်၍ ကျွန်တော် မကြားအောင် “ချစ်တယ်” ဟု ပြောသည်တဲ့။
နောက်ပြီး … ထိုသို့ ပြောသောနေရာကလည်း တော်တော်ကို ကဗျာမဆန်လှသော နေရာတစ်ခု ဖြစ်နေပြန်သည်။
ထားပါ … အရေးမကြီးလှသော ကိစ္စဖြစ်ပါသည်။
အရေးကြီးသည်က ကျွန်တော့် စိတ်ကိစ္စဖြစ်သည်။
သူမ၏ ဝန်ခံစကားကို ကြားကြားချင်း ကျွန်တော့် စိတ်ခံစားမှုမှာ ရောင်စုံဖြစ်နေသည်။
ပထမ ဇဝေဇဝါ …. ထို့နောက် ကျွန်တော် ပျော်ရွှင်သွားသည်။ ပြီးတော့ ကျွန်တော့်ကို သူမ နောက်ပြောင်မှု တစ်ခုလားဟု တွေးမိသည်။
ကျွန်တော် စိတ်ညစ်သွားပြန်သည်။
ကျွန်တော့်ကို အတည်ပြောနေခြင်းဖြစ်ကြောင်း သေချာသွားတော့ ပျော်လာပြန်သည်။
သို့သော် … ကျွန်တော့်ကို ပြောဖူးသော သူမ၏ စကားအချို့ကို ပြန်တွေးမိတော့ “တကယ်ဟုတ်ပါ့မလား” ဟု တွေးမိကာ ထိတ်လန့်လာပါသည်။
“စကားကြိုးကွင်းများ”
ကျွန်တော့်ကို သူမ တည်တည်ကြည်ကြည် မျက်ဝန်းအစုံဖြင့် စိုက်ကြည့်ကာ ပြောခဲ့ဖူးပါသည်။
“သူမသည် တော်ရုံတန်ရုံဖြင့် ယောင်္ကျားလေး တစ်ဦးကို သတိရမနေတတ်သော စိတ်မာသူဖြစ်သည်”
“သူမ ရွေးချယ်သူသည် သူမ၏ ဘဝလက်တွဲဖော် အဖြစ်ပါ တည်ရှိနိုင်သည့် အရည်အချင်းမျိုး ရှိရမည်”
“သူမ ချစ်မိသောသူသည် သူမ အရှုံးပေးဖို့ ထိုက်တန်သောသူ ဖြစ်ရမည်”
ကျွန်တော့်ကို ထိုသို့ ပြောခဲ့ဖူး၏။ သိပ်မကြာသေးသော အချိန်အတောအတွင်းကပင် ဖြစ်ပါသည်။
ထိုစကားများနှင့် ထိုအချိန်အကွာအဝေးများကို ပြန်စဉ်းစားမိသောအခါ တကယ်ပင် ကျွန်တော် တုန်လှုပ် ထိတ်လန့်ရပါသည်။
မနေ့တစ်နေ့ကအထိ ကျွန်တော့်ကို မတွေ့ရလျှင် တမ်းတသတိရနေခြင်း မရှိသေးပါဟူသော သူမသည် ကျွန်တော့်ကို တကယ်ပင် … လိုအပ်နေတတ်ပြီလား ….
ကျွန်တော်သည် သူမ၏ ဘဝလက်တွဲဖော် ဖြစ်နိုင်သည့် အရည်အချင်းမျိုး ရှိ၊ မရှိ သူမ အကဲခတ်နိုင်ခဲ့ပြီလား …
ကျွန်တော်က သူမကို အရာရာအတွက် အရှုံးပေးရန် အဆင်သင့်ဖြစ်နေခဲ့သော်လည်း သူမ တကယ်ချစ်၍ အရှုံးပေးရန် ထိုက်တန်သူသည် ကျွန်တော်ပင်ဖြစ်သည်ဟု သူမ သတ်မှတ်လိုက်ပြီလား …
သူမအား ဘာကိုမှ မစဉ်းစားဘဲ ကျွန်တော် ချစ်မြတ်နိုးခဲ့မိပါသည်။
ထို့ကြောင့်ပင် … ကျွန်တော် ခိုင်လုံစွာ သက်သေမပြနိုင်သော အရာကိစ္စများအကြောင်း တွေး၍ ရင်မောစွာ ထိတ်လန့်ရပါသည်။
“ရှုံးနိမ့်မှုထက်ပိုမို”
“ချစ်တဲ့သူက အရှုံးပဲ ….”
အစဉ်အဆက် လူသားတို့ ပြောခဲ့သလို သူမကလည်း ထိုသို့ခံယူထားသည်။
မှန်ပါသည် … သို့သော် ကျွန်တော့် အတွက်တော့ ထိုစကားက မပြည့်စုံပါ …. ချစ်သောသူသည် ရှုံးပါသည်။
ထို့အပြင် မမြင်ရသော ထူးခြားဆန်းကြယ် ဖြစ်ရပ်များကို ကြောက်သလို တွေး၍ … တွေး၍လည်း ကြောက်ပါသည်။
ထိုကြောက်ရွံ့မှုကို ကျွန်တော်က “အာကာသကြောက်စိတ်” ဟု နာမည်တပ်ပါသည်။
ရှင်းပြပါမည် … အဆုံးစွန်အထိ မမြင်နိုင်စွမ်းသော ဂြိုလ်များ၊ ကြယ်စင်စုများ၊ နက္ခတ်တာရာများ၊ စကြဝဠာများ အကြောင်း လိုအပ်သည်ထက် ပိုမိုတွေးတော စဉ်းစားမိသည့်အခါ အမည်မဖော်တတ်သော လှိုက်ဖိုထူးဆန်းစိတ်မျိုးဖြင့် ကျွန်တော် ကြောက်ရွံ့တတ်ပါသည်။ ကျွန်တော်တို့ ကြည့်ခဲ့ဖူးသည့် ပုဂံပြားပျံနှင့် ဂြိုဟ်သားများ အကြောင်း ရိုက်ကူး ထားသော ဇာတ်လမ်းများသည်လည်း “အာကာသကြောက်စိတ်” ကို မသိစိတ်က ပြန်လည်တွန်းကန် အခြေခံခြင်း ဖြစ်သည်ဟု ကျွန်တော်ယူဆပါသည်။
ကျွန်တော် သူမနှင့် ပတ်သက်သော အကြောင်းအရာအချို့ကို ထိုကြောက်ရွံ့စိတ်မျိုးနှင့် ကြောက်ရွံ့ပါသည်။
သူမကို ချစ်သွားမိချိန်တွင် ကျွန်တော့်ကို ပြန်မချစ်မှာ ကြောက်သည်။
ကျွန်တော် မဟုတ်သော အခြားတစ်ယောက်နှင့် တွဲ၍မြင်ရမှာ ကြောက်သည်။
ကျွန်တော် သူမကို ဘယ်လောက်အထိ တန်ဖိုးထား၍ ချစ်သလဲဆိုတာကို သူမ မသိမှာ ကြောက်သည်။
ကျွန်တော့်ကို ငြင်းပယ်လိုက်မှာ ကြောက်သည်။
သူမ ကျွန်တော့်ကို ပြန်ချစ်လာချိန် … ကျွန်တော့်အချစ်ကို လက်ခံလိုက်ချိန်တွင်ရော ကျွန်တော့် အကြောက်တရားများ သေဆုံးသွားခဲ့ပါသလား ….
ဟင့်အင်း … မဟုတ်ပါ … ကျွန်တော် ငြင်းဆိုပါမည်။
ပထမကြောက်စိတ်ထက် ပို၍များပြားသော ထုထည်ပမာဏဖြင့်ပင် ကြောက်ပါသည်။
ကျွန်တော့်ကိုပြောသည့် “ချစ်တယ်” ဟူသော စကားသည် သူမ၏ စိတ်ကစားမှုတစ်ခုဖြစ်မှာ ကြောက်သည်။
ကျွန်တော့်အပေါ် သူမ တဖြည်းဖြည်း ငြီးငွေ့သွားမှာကြောက်သည်။
သူမ ကျွန်တော့်ကို ဘယ်လောက်အထိ ချစ်သလဲဆိုတာကို ကျွန်တော်မသိရမှာ ကြောက်သည်။
အနည်းဆုံးတော့ …. ကျွန်တော့်ကို သူမ သဝန်မတိုမှာကို ကျွန်တော် ကြောက်ပါသည်။
ထိုသို့ဖြင့်ပင် … ကျွန်တော် သူမကို ချစ်ပါသည်။
ထို့အတူ သူမနှင့်ပတ်သက်၍ ဖြစ်ပေါ်လာသော စိတ်ခံစားမှု အတော်များများကိုလည်း ကြောက်ပါသည်။
“ကြောက်ရွံ့သူဟာ အကြိမ်ကြိမ်သေတယ်”
ထိုစကားအရဆိုလျှင် ကျွန်တော်သည် ခဏခဏ သေဆုံးပစ်လိုက်ရန် ထိုက်တန်သူတစ်ဦးပင် ဖြစ်နေပြီ ထင်၏။
ထိုသို့ဖြင့်ပင် … ကျွန်တော်သည် ချစ်ခြင်း၊ ကြောက်ခြင်း၊ ရှုံးခြင်း၊ သေဆုံးမှုနှင့် သူမတို့ အကြားတွင် သွားလာ လှည့်ပတ်နေသူတစ်ဦး ဖြစ်ပါသည်။
“ခြွင်းချက်အနေဖြင့်”
တစ်ဦးနှင့်တစ်ဦး ချစ်ကြခြင်း ဆိုသည်မှာ ထိုသူနှစ်ဦး၏ အရေပြားချင်း ထိတွေ့ကိုင်တွယ်ကြရုံသက်သက် ကိစ္စဟု တွေးတော ပြောဆိုသူများကို ကျွန်တော် ရွံရှာပါသည်။
သို့သော် …. သူမ၏ ပြောင်ချော်ချော် အမူအယာကို မြင်ရချိန်များတွင် … ၊ သူမကို အသည်းယားမိသော အချိန်များတွင် …. ၊ သူမကို ငေးမောကြည့်ရင်း ချစ်မြတ်နိုးမှုများ ပေါ်လာချိန်တွင် … ထိုအခါတွင်တော့ သူမ၏ ဦးခေါင်းမှ ဆံပင်စလေးမျးကို ကျွန်တော် ပွတ်သပ်မိတတ်ပါသည်။
ဒါက ကျွန်တော့် စိတ်ကိစ္စဖြစ်သလို ခြွင်းချက်လည်း ဖြစ်ပါသည်။
“သူမသည် ….”
သူမသည် ကျွန်တော့် စိတ်ခံစားမှုနှင့် ခံယူချက်တို့ကိုပါ ဇောက်ထိုးမိုးမျှော် ဖြစ်သွားအောင် လုပ်ပစ်နိုင်စွမ်း ရှိသူဖြစ်၏။
ကိုယ့်ကိုယ်ကိုတောင် ဂရုစိုက်ရမှာ ပျင်းသော ကျွန်တော်သည် သူမကိုတော့ အရိပ်တကြည့်ကြည့်နှင့် ဂရုတစိုက် ရှိနေတတ်ခဲ့သည်။
မိမိကိုယ်ကို ပွင့်လင်းသူဟု သတ်မှတ်ထားသော ကျွန်တော်သည် သူမ မသိအောင် ကြိမ်ဖန်များစွာ သူမ ရှိရာသို့ သွား၍ ခိုးကြောင်ခိုးဝှက် ကြည့်ဖူးပါသည်။
သူမ စိတ်ညစ်နေသည့်အခါ ကျွန်တော်ပါ ရောယောင်၍ တိတ်ဆိတ်သွားမိတတ်သလို သူမ ပျော်ရွှင်သည့်အခါ ကျွန်တော်ပါ အလိုလို ပြုံးရယ်နေမိလျက်သားဖြစ်သည်။
ယုတ်စွအဆုံး … ကျွန်တော် လေးလေးနက်နက် ရေးထားသော ကဗျာ၊ စာစုများကိုဖတ်၍ သူမ လှောင်ပြောင် ရယ်မောနေလျှင်တောင် ကျွန်တော် နာကျင်ရခြင်းမျိုး မရှိပါ။ သူမ ကျေနပ်မည်ဆိုလျှင် ကျွန်တော့် အနုပညာကို သူမ၏ ရယ်မောပျော်ရွှင်မှုနှင့် လဲလှယ်ပေးလိုက်ပါမည်။
ကျွန်တော် အလွန်ချစ်သော အနုပညာထက်ပင် ပို၍ သူမကို ကျွန်တော် ချစ်ပါသည်။
“ကျွန်တော်သည် ….”
ကျွန်တော်က အနည်းငယ်တော့ အတ္တကြီးသူတစ်ဦး ဖြစ်ပါသည်။
“နင့်ကို ငါ့ထက်ပျော်အောင် ထားနိုင်မယ့်သူကို နင်ရွေးချယ်သွားမယ် ဆိုရင်လည်း ငါကျေနပ်ပါတယ်” ဟု ပြောတတ်သူ အချို့ကို ကျွန်တော် အထင်သေးသည်။
အဲဒါ တကယ့် စွန့်လွှတ် အနစ်နာခံစိတ် မဟုတ်ဟု ကျွန်တော်ထင်သည်။
အဲဒါ ရသေ့စိတ်ဖြေအတွေးဖြစ်သည် … ခပ်သိုးသိုး အတွေးအခေါ်သာ ဖြစ်သည်။
ကျွန်တော်သာဆိုလျှင် … “နင့်ကို သူတို့ ပျော်အောင် ထားနိုင်တာထက် ငါက ပိုပျော်အောင် ထားနိုင်ပါတယ်” ဟုပင် ပြောမည်မှာ သေချာသည်။
သူမဝတ်ဆင်ထားသော အဝတ်များကိုကြည့်၍ ရင်ခုန်ရှုမောနေရခြင်းထက် ကျွန်တော်ကတော့ သူမဝတ်ဆင်မည့် အဝတ်တန်ဆာသာ ဖြစ်လိုက်ချင်ပါသည်။
ကျွန်တော်က တဆိတ်တော့ အတ္တကြီးပါသည်။
“ကျွန်တော်နှင့် သူမသည်”
ကျွန်တော့် ခံယူမျက်အရ၊ ကျွန်တော့် အသက်အရွယ်အရ တခြားဘာကိုမှ ထည့်မစဉ်းစားဘဲ အချစ်အကြောင်းကို ရူးရူးမိုက်မိုက် တွေးတောနေရန် မသင့်ကြောင့် ကျွန်တော်သိပါသည်။
သို့သော် သူမကို မလွန်ဆန်နိုင်စွာ … ကျွန်တော့်ကိုယ်ကျွန်တော် မလွန်ဆန်နိုင်စွာပင် သူမကို မျက်လုံးစုံမှိတ်၍ ချစ်ခဲ့ပါသည်။
အချိန်ကြာလာသည်နှင့်အမျှ သူမအပေါ် ကျွန်တော် မငြီးငွေ့သွားစေရန် သူမ ဆန္ဒရှိသကဲ့သို့ ထပ်တူညီမျှစွာပင် ကျွန်တော်လည်း ဆန္ဒရှိပါသည်။
တကယ်တော့ အထက်မှာ ကျွန်တော် ရှည်ရှည်လျားလျား ရေးသားခဲ့မှုများသည် ကျွန်တော့်တွင် ထိုသို့ရေးခွင့် ရှိပြီဟု မဏ္ဍပ်တိုင် တက်ပြလို၍သာ ဖြစ်ပါသည်။
နောင်တွင် မည်သို့ဖြစ်ဖြစ် …. ယခုလောလောဆယ်တွင်တော့ ကျွန်တော် သူမကို “ချစ်တယ်” ဟု ပြောခဲ့သလို သူမလည်း ကျွန်တော့်ကို “ချစ်တယ်” ဟု ပြောခဲ့ပြီး ဖြစ်ပါသည်။
ကျွန်တော်နှင့် သူမသည် ချစ်သူရည်းစားဖြစ်သည်။
ကျွန်တော်နှင့် သူမသည် ချစ်သူများ ဖြစ်ကြသည်။
မည်သူမှ ထပ်မပေးသော်လည်း နောက်ဆုံးတစ်ခေါက်တော့ ထပ်ပြောချင်ပါသေးသည်။
ကျွန်တော်တို့နှစ်ဦးသည် ချစ်သူများ ဖြစ်ပါသည်။
သူရဿဝါ
ဧပရယ်လ် ၃ဝ ရက် ၊ ၂၀၁ဝ ခုနှစ
5 comments
chitkay
April 30, 2010 at 9:57 am
ပျော်ရွှင်အေးချမ်းတဲ့ အချစ်တစ်ခုကို ပိုင်ဆိုင်နိုင်ပါစေ……..
kopauk mandalay
April 30, 2010 at 11:58 am
ဖတ်ရတာ စကားလုံးဆပ်ကပ်ပြသလိုပါဘဲ။
ရင်ထဲမှာမောသွားတယ်။
ချစ်တယ်ဆိုတာ စကားလုံးလေး နှစ်ခုထဲပါပေမယ်.
ကျယ်ပြန်.သောကောင်းကင်ကိုမော.ကြည်.ရသလိုပါဘဲ။
susunosuki
May 1, 2010 at 11:39 am
ရဲရဲတောက်စာလုံးတွေကိုသေချာကိုသုံးသွားတယ်
ဖတ်လို့ကောင်းပါတယ်
TO BE UPDATE
December 22, 2010 at 7:14 pm
ဒီလို ချစ်သူမျိုးရတဲ့မိန်းကလေးက အရမ်းကံကောင်းတဲ့သူပဲဆိုတာ ပြောစရာတောင်မလိုတော့ပါဘူး……….
nyimalay
December 23, 2010 at 5:50 am
“တစ်ဦးနှင့်တစ်ဦး ချစ်ကြခြင်း ဆိုသည်မှာ ထိုသူနှစ်ဦး၏ အရေပြားချင်း ထိတွေ့ကိုင်တွယ်ကြရုံသက်သက် ကိစ္စဟု တွေးတော ပြောဆိုသူများကို ကျွန်တော် ရွံရှာပါသည်။
သို့သော် …. သူမ၏ ပြောင်ချော်ချော် အမူအယာကို မြင်ရချိန်များတွင် … ၊ သူမကို အသည်းယားမိသော အချိန်များတွင် …. ၊ သူမကို ငေးမောကြည့်ရင်း ချစ်မြတ်နိုးမှုများ ပေါ်လာချိန်တွင် … ထိုအခါတွင်တော့ သူမ၏ ဦးခေါင်းမှ ဆံပင်စလေးမျးကို ကျွန်တော် ပွတ်သပ်မိတတ်ပါသည်။
“နင့်ကို သူတို့ ပျော်အောင် ထားနိုင်တာထက် ငါက ပိုပျော်အောင် ထားနိုင်ပါတယ်” ”
ဒီလို ချစ်သူမျိုးရတဲ့မိန်းကလေးက အရမ်းကံကောင်းတဲ့သူပဲဆိုတာ ပြောစရာတောင်မလိုတော့ပါဘူး……….
ထာဝရပျော်ရွှင်နိုင်ကြပါစေ……..