“မစားစကောင်း………….. စားစကောင်း……….”
“မစားစကောင်း ………….စားစကောင်း”
တစ်မနက်အလုပ်သွားနေတုန်းလမ်းမှာမဆုံတာလေးငါးလလောက်ကြာနေတဲ့”အီးကယ်ဂျန်”ကိုတွေ့တော့ ခဏရပ်ပြီး မာကြောင်းသာကြောင်းနှုတ်ဆက်ပါတယ်။
စကားပြောနေရင်းမှ သတိထားမိတာ သူအတော်လေးပိန်သွားတာကိုပါ။
သူလဲမအားကိုယ်လဲ မအားဆိုတော့ ခဏလေးနဲ့စကားဖြတ် ဆက်သွားမယ်လုပ်တော့
“ကိုပေါက် တော်တော်လေးဝနေပြီနော် အစားလျှော့စားအုံး ကျုပ်ကတော့ ညစာထမင်းမစားတာ
သုံးလလောက်ရှိပြီ”လို့ပြောသွားတော့မှ ကိုယ့်ကိုကိုယ်ပြန်ကြည့်မိပါတယ်။
စိတ်ထဲမှာ သိပ်ဝတယ်တော့မထင်မိပါဘူး။
ဒါပေမယ့် အရင်ကအင်္ကျီတော်တော်များများကတော့ မတော် တော့တာလဲ အမှန်ပါဘဲ။
အဲလိုသူပြောလိုက်တော့ မှ အလုပ်ထဲရောက်တဲ့အခါ ကိုယ့်ဘေးနားပါတ်ဝန်းကျင်ကို သတိထားကြည့်မိပါတော့တယ်။
အင်္ဂျင်နီယာဌာနက “ဝမေမေ”ဆို ညစာ ထမင်းမစားတော့တာ အတော်ကြာပြီပြောပါတယ်။
ခေါက်ဆွဲပြုတ်နည်းနည်းနဲ့ အသီးအရွက်ဘဲစားတာပါတဲ့။
ဝသထက် ဝလာမှာစိုးလို့တဲ့ ။
(သူ့အရပ်က 5ပေ6လက်မလောက်ရှိပါတယ် အလေးချိန်ကတော့ ပေါင်တရာလျော့လျော့ ပိန်ပိန်ပါးပါး
စကားပြောရင် “မေကလေ………. မေကလေ………” သူ့ကို ဝမေမေ လို့ နာမယ်ပြောင်ပေးထားကြတာပါ)
ဟို အပေါ်ဆုံးထပ်က အက်ဒမင်က “ဆမူးမူး”ဆိုတဲ့ ခပ်ပိန်ပိန်ကောင်မလေးကလဲ”ချမ်းချမ်း”ကိုအားကျလို့
မနက်နည်းနည်းနေ့လည်နည်းနည်း ညစာဆို လုံးဝမစားတာ အတော်ကြာဆိုဘဲ။
အာလူးမစားဘူး ကန်စွန်းဥမစားဘူး ကြက်ဥမစားဘူး။
ထောပတ်မစားဘူး ၊အဆီများတာမစားဘူး။အချိုမစားဘူး…………
ဆိုတဲ့……………..မစားဘူး စာရင်းက အတော်ကိုရှည်လျားပါတယ်။
စီမံရေးဌာနက “တုံမမ”ကလဲ အစားလျှော့တာဘဲတဲ့။
အရင်က သူကလဲနာမယ်နဲ့လိုက်အောင် ဝသူပါဘဲ။
အစားမက်တာကြောင့် ငယ်ငယ်က ပိန်သွယ်လျှလေးဘဝကနေ နာမယ်ရင်း “ခင်သူဇာဝင်း”ဆိုတာပျောက်လို့
“တုံမမ”ဆိုတဲ့ဘွဲ့တံဆိပ် ကိုအများကခပ်နှိပ်လိုက်ကြတာပါ။
ဒါပေမယ့် သူချစ်တဲ့သူနဲ့လက်တွဲမယ်လို့ရည်ရွယ်တဲ့အချိန်ကစလို့ လိုက်ဖက်ညီအောင် “ဒိုင်းယက်”လုပ်မယ်လိုု့ဆုံးဖြတ်ပါသတဲ့။
သူအားကျတဲ့သူကတော့ “ဗစ်တိုးရီးယားဘက်ခမ်း”ပါတဲ့။
အခုလောလောဆယ်ကတော့ သူအစားတွေရှောင်တာ သိသိသာသာကိုဝိတ်တွေကျပါသတဲ့။
သူ့ရဲ့ ပိန်နည်းကတော့ ထမင်းလုံးဝမစားတော့ပါဘူးတဲ့။
မနက်အိပ်ယာထရင် ရေတစ်ခွက်သောက်။
ပြီးရင် ဆန်ပြုတ်တစ်ပန်းကန်သောက်ပါသတဲ့။
နောက်တော့ နေ့လည်စာမစားတော့ဘဲ ဆာလာရင်အသီးအနှံစားပါသတဲ့။
ညနေရုံးဆင်းရင်တော့ ဆန်ပြုတ်အရည်ကျဲကျဲနည်းနည်းလောက်ဘဲ စတိသောက်ပါသတဲ့။
ညစာကတော့ လုံးဝမစားတော့ ပါဘူးတဲ့။သိပ်ဆာလွန်းမှဘဲ ပန်းသီးလေးတစ်စိတ်လောက်စားပါသတဲ့။
အဲလို့သူနေနိုင်လို့လဲ ပွင့်လောက်နီးနီးကနေ အခု ဂွမ်းပုံကြီးလောက်တော့ ရောက်သွားပြီလို့ ဂုဏ်ယူတဲ့မျက်နှာပေးလေး
နဲ့ပြောတတ်ပါသေးတယ်။
လူပျိုကြီး ကိုသူတော်ကတော့ တစ်မျိုး။
(သူက ခပ်ကြောင်ကြောင်တွေလုပ်တတ်တော့ ကွယ်ရာမှာ သူ့ကို “သူတော်ကြောင်”လို့ခေါ်ပါတယ်၊
လူကောင်ကြီးလို့ လူပျိုကြီးလို့ သာခေါ်ကြတာ အသက်ကတော့ 25နှစ်ဘဲရှိပါသေးတယ်။)
သူကလဲ ခပ်ဖိုင့်ဖိုင့်ထဲမှာ ပါ ပါတယ်။
အရင်က သူက ဒီလို ဝဝဖြိုးဖြုးိဆိုတာကိုသိပ်ဂုဏ်ယူပါတယ်။
“၀ဝလှလှ ဘဲရှိတယ် ပိန်ပိန်လှလှဆိုတာ မရှိဘူး”ဆိုတာသူ့လက်သုံးစကားပါ။
အစားအသောက်ကလဲ စားနိုင်သလား မမေးနဲ့ ထမင်းအဝစားဆိုင်က သူလာရင် ထမင်းအိုးကိုဖွက်ထားပါတယ်။
ဖြစ်ချင်တော့ သူက အဝေးသင်တက်ရင်းကောင်မလေးတစ်ယောက်နဲ့အီစီကလီဇာတ်လမ်းတွေခင်းပါသတဲ့။
သူ့ဆိုင်ကယ်နောက်ကများကောင်မလေးထိုင်လိုက်သွားရင် တည့်တည့်ကြည့်လို့ကတော့ သူတစ်ယောက်ထဲစီးလာသလိုထင်ရပါသတဲ့။
သူနဲ့အဲဒီကောင်မလေး တွဲတာလေးငါးလကြာတော့ ကောင်မလေးအိမ်က သူ့ကိုတွေ့ချင်တယ်ဆိုတာနဲ့
အလုပ်အားတဲ့တစ်ရက်ကောင်မလေးအိမ်ကို သွားပါတယ်။
အိမ်ရောက်တော့ ဆက်တီပေါ်အားရပါးရထိုင်ချလိုက်တဲ့အခါ အောက်အခင်းကြိမ်က ဆွေးနေတော့
“ဗျစ်ကနဲ”အသံထွက်လာပြီး ဖင်ကျွံသွားပါသတဲ့။
ဒါပေမယ့် သူ့ခဗျာ လူသိမှာစိုးတော့ ဖင်လေးကို အသာကြွ အတွင်းအားနဲ့ မပြီးထိုင်နေရပါသတဲ့။
ပထမဆုံးမတော်ရသေးတဲ့ ယောက္ခမလောင်း အမကြီးက အရင်ရောက်လာပြီး
“ ဘယ်မှာနေတာလဲ ဘာတွေလုပ်သလဲ တစ်လဘယ်လောက်ဝင်သလဲ ညီအကိုမောင်နှမများလား
အခုနေတဲ့အိမ်ကရော အပိုင်လား အငှားလား အရင်ကဇာတ်လမ်းလေးတွေရှိခဲ့သလား
ဟိုဟာဒီဟာရောကင်းသလား “အစရှိတဲ့မေးခွန်းတွေကိုမေးရင်းလိမ္မာပါးနပ်စွာနဲ့ တိုက်စစ်ဆင်ပါသတဲ့။
ခဏနေတော့ သူ့ယောက်ခထီးလောင်းကြီးရောက်လာပါသတဲ့။
ဖြစ်ချင်တော့ အဖိုးကြီးက သူ့လက်ထဲက မီးခြစ်လွတ်ကျသွားတာကို ငုံ့ကောက်ရင်း “သူတော်ကြောင်”
ဖင်ကျွံနေတာကို မြင်သွားတော့ မျက်စေ့မျက်နှာအတော်လေးပျက်သွားပါသတဲ့။
စကားဘာညာသာရကာတွေပြောပြိး ပြန်လာခဲ့ပါတယ်။
နောက်နေ့ ကောင်မလေးဆီက ဖုန်းဆက်လာပါတယ်။
“မဖြစ်နိုင်တော့ပါဘူး နောင်တွေ့ဘို့လဲမကြိုးစားပါနဲ့ ပါပါးရော မားမား ကပါ သဘောမတူဘူး“တဲ့။
အဲဒီမှာ သူတော်ကြောင်လဲပြာတောက်သွားပြီး အောင်သွယ်တော်တွေနဲ့ ဆက်သားတွေလွှတ်လို့
စုံစမ်းစပ်စုတွေလုပ်တဲ့အခါ ပြန်ရတဲ့အဖြေကြားတော့ သေတောင်သေချင်သွားပါသတဲ့။
“၀ဝနဲ့ပိန်ပိန် ဘယ်လိုမှ မဖြစ်နိုင်ပါဘူးတဲ့။
လက်ဝှေ့စကားနဲ့ပြောရရင်ဝိတ်တန်းက အရမ်းကွာနေပါတယ်တဲ့။
တော်ကြာ ကျော်မကောင်းကြားမကောင်းတွေဖြစ်ကုန်မှာစို့းလို့ပါတဲ့။
အဲဒီကစလို့ သူတော်ကြောင်တစ်ယောက် ကျန်းမာရေးလိုက်စားတော့တာပါဘဲ။
မနက်မန်းလေးတောင်တက်တယ်။
ပြန်ဆင်းလာရင် ထပ်တစ်ရာနှစ်ချပ်စားတယ်။
နေ့လည်ထမင်းနည်းနည်းဘဲစားတယ်။
ညနေစာကို ညနေခြောက်နာရီလောက်မှာ ခေါက်ဆွဲပြုတ်တစ်ပန်းကန်ကို အသားနည်းနည်းနဲ့စားတယ်။
အဲလိုကြိုးစားတော့ အခုဆို အရင်ကထက်စာရင် တော်တော်လေးပိန်သွားပါတယ်။
ခုနေအခါမှာ ခပ်လှမ်းလှမ်းကသာ”သူတော်ကြောင် “ ကိုလှမ်းမြင်ရမယ်ဆိုရင် “ဦးမိုးဒီ”လို့ထင်ရပါတယ်။
အဲလိုသူများတွေဝိတ်ချတာတွေကို သတိထားကြည့်မိတော့ ကိုယ့်ပါတ်ဝန်းကျင်က လူတော်တော်များ
ပြားချပ်ချပ်ဖြစ်အောင် အနေအထိုင်တွေဆင်ခြင်နေကြတာကို သွားတွေ့ရပါတော့တယ်။
ဟိုလူက လဲ ညစာမစားဘူး ဝိတ်ချနေတယ် ဒီကောင်မလေးကလဲ ဒိုင်းယက်လုပ်နေတယ်ဆိုတာတွေကြားနေ
ဝမှာစိုးလို့ ဟိုဟာမစားဘူး ဒီဟာမစားဘူးနဲ့ဆင်ခြင်တော်မူကြတာတွေ တွေ့နေရတာမြင်ပြန်တော့
ကိုပေါက် တစ်ယောက်လဲ အဝမလွန်အောင် အစားရှောင်ရင်ကောင်းမလားလို့ တွေးမိပြန်ပါတယ်။
ဒါပေမယ့် သေချာပြန်စဉ်းစားမိပြန်တော့ အစားအသောက်ကိုကောင်းကောင်းစားနိုင်တာကလဲ လာဘ်တစ်ပါးလို့
စိတ်ထဲမှာ ထင်မိပြန်တော့ အစားရှောင်မယ့်အစီအစဉ်ကို နောက်ဆုတ်လိုက်ပါတယ်။
“အစားဆိုတာ လူနဲ့ တဲ့ပါသတဲ့ စားမရတော့ မှ စားချင်လို့မရဘူး ဒါကြောင့် စားနိုင်တုန်းစားထားရတာ” ဆိုတဲ့ အကိုကြီးတစ်ယောက်ပြောဘူးတာကို နားထဲပြန်ကြားမိတာလဲ ပါ ပါတယ်။
ဘာလို့လဲဆိုတော့ ကိုပေါက် စားချင်ပါရဲ့နဲ့ ထမင်းငတ်ဘူးတာတွေကို ပြန်သတိရမိလို့ပါ။
အတိတ်ကိုပြန်တွေးကြည့်မယ်ဆို ရင် တစ်ခါကပေါ့နော်။
ကျွန်တော်ခပ်ငယ်ငယ်ခြောက်တန်းကျောင်းသားဘဝမှာပေါ့။
ကျောင်းက အိမ်ပြန်လာတဲ့တစ်ရက် မိုးတွေမိပြီး ဖျားပါတော့တယ်။
ထုံးစံအတိုင်းအိမ်က အဖွားတိုက်တဲ့ ငန်းနီကျော်ဆေးမူံ့သောက်လဲမပျောက်။
ဒါနဲ့ လေးငါးရက်ကြာတော့ ဆေးခန်းပြေးရပါတော့တယ်။
ဆေးခန်းလဲရောက် ဆရာဝန်ကြီး အဖျားတိုင်း မျက်စေ့တွေဖြဲ ပါးစပ်ဟလျှာထုတ်အကုန်လဲလုပ်ခိုင်းပြီးရော
အဖတ်မစားရဘူး တိုက်ဖွိုက်လို့ပြောပါတယ်။
အဲတော့မှလူကြီးတွေလဲ မျက်ကလဲဆန်ပြာဖြစ်ကုန်ပါတယ်။
အဲဒီအချိန်တုံးက ဆေးပညာ သိပ်မတိုးတက်သေးတဲ့အချိန်ပေါ့။
ကျနော်မှာ မနက်ဆို “နွားနို့ဟင်း”ကိုပိတ်ပါးနဲ့စစ်လို့
အဖတ်မပါအောင်သတိထားလို့ တစ်လကျော်ကျော်လောက် သောက်ရပါတယ်။
နေ့လည်နေ့ခင်းဆိုရင် သံပုရာရည် လိုမျုးိအရည်သောက်
အဖတ်ဆိုတာ ဆေးကလွဲရင်ဝေလာဝေး။
ထိုးလိုက်ရတဲ့ဆေးကလဲ တင်ပါးကို ဂျပ်ပြားဖြစ်လို့။
တစ်လကျော်ကျော်လောက်နေတော့ ထမင်းရည်ကျဲကျဲ၊
နောက်တော့ ဆန်ပြုတ်ခပ်ကျဲကျဲ ။
တော်တော်လေးကြာတော့ ထမင်းခပ်ပျော့ပျော့နဲ့ကြက်ဥအနှစ် နည်းနည်းချင်းတိုးလို့စားရပါတယ်။
အဲလိုစားနေရင်းတစ်ရက်မှာ ကြောင်အိမ်ထဲက ငါးဖယ်ကြော်တစ်တုံးကိုယူစားမိလိုက်ပါတယ်။
ညနေလဲရောက်ရော ကိုယ်တွေပူလို့ ဖျားပါတော့တယ်။
အပြေးအလွားဆေးခန်းသွားတော့ ဆရာဝန်မှတ်ချက်က အဖတ်စားလို့လဲဆိုရော
ဝို်င်းဆူလိုက်ကြတာ ပွက်ပွက်ညံပေါ့။
အဲဒီကမှဆင်ခြင်နေလို်က်တာနောက်တစ်လကျော်လောက်မှ ပုံမှန်အတိုင်းထမင်းပြန်စားရပါတယ်။
နောက်တကြိမ်ကတော့ တက္ကသို်လ်တတိယနှစ်မှာထပ်ဖြစ်တာပါ။
အဲဒီတစ်ခါမှလဲတိုက်ဖွိုက်ပါတဲ့။
တစ်လခွဲလောက် အဖတ်မစားဘဲနေလိုက်ရတာ ပေါင် 150ကျော်လောက်ကနေ ပေါင်100လောက်ကို ပိန်ဆေးသောက်စရာမလိုဘဲရောက်သွားပြန်ပါတယ်။
နောက် ဆယ်နှစ်လောက်နေတော့ တစ်ခါ နမိုးနီးယားတဲ့ထပ်ဖြစ်ပြန်ရော။
ဆရာဝန်များကလဲ ဖျားတယ်ဆို အဖတ်မစားနဲ့ဘဲ။
အဲတော့ ထမင်းငတ်တာ 15ရက်လောက်ဆိုပြန်တော့ ဝတတ ကိုယ်လုံးလေးက ပြန်ပိန်သွားပြန်လေရော။
ဒီလိုနဲ့နေလာရင် း 2009ခုနှစ်ရောက်တော့ အအေးမိပြီး ဖျားပြန်ရော။
အဖျားပျောက်ပြီး ချောင်းဆိုးတာမပျောက်တော့ ဆေးခန်းပြေး ။
ဆရာလေးက အဆုပ်မှာပိုးတွေ့တယ်ပြောလို့ ပိုးသတ်ဆေးပါတဲ့ဆေးတွေကြွေး။
ပါးစပ်ထဲမှာခါးသက်။
အစားစားမယ်ကြံရင် မျိုလို့ မရနဲ့ ရက်20လောက် အစားကောင်းကောင်းမစားရပါဘူး။
အဲဒီအချိန်တစ်ခါထပ်ဖျားတဲ့အချိန်ဆေးခန်းတစ်ခုကိုအသွား အပြင်းစားရိုက်ချက်နဲ့မိပြီး
ဆေးရုံပေါ်ကိုရောက်သွားပါတယ်။
အမည်တတ်လိုက်တာကတော့ “ ပိုတက်စီယမ်ခန်းခြောက်ခြင်း “ပါတဲ့။
ခက်တာက ဆေးရုံပေါ်ရောက်တဲ့အခါ ဆရာဝန်ကြီးက စားချင်တာစားလို့ခွင့်ပြုပေမယ့်
ပါးစပ်က ဘာအစားမှလက်မခံတော့တာပါ။
ဘိုက်က ဆာတယ် စားချင်စိတ်ပေါ်လာတယ် စားလဲစားလိုက်ရော
ပါးစပ်ထဲမှာခါးသက်လို့ အံချင်စိတ်ပေါက်လာပါတယ်။
(ဆေးရုံက သန့်ရှင်းအောင် ပိုးသတ်ဆေးပါတဲ့ အရည်တွေနဲ့ ကြမ်းတိုက်ထားတဲ့အနံ့ကြောင့်လဲဖြစ်နိုင်ပါတယ်။)
အရင်က အလွန်ကြိုက်ခဲ့တဲ့ အစားအသောက်ဖြစ်ဖြစ် ကိုယ်ကြိုက်တဲ့ဆိုင်က မုန့်ဘဲဖြစ်ဖြစ်
ပါးစပ်ထဲရောက်တာနဲ့အံချင်စိတ်ပေါက်သွားလို့ ထွေးထုတ်လိုက်ရပါတယ်။
သူငယ်ချင်းများကတော့ အားပေးပါတယ်။
(ပြိတ္တာဘဝကို အရှင်လတ်လတ်ရောက်သွားတာပါတဲ့)
အဲဒါနဲ့အဟာရမပြတ်အောင်အရည်ရွှမ်းတဲ့ အသီးအနှံလေးတွေကို ကြိုးစားလို့စားရပါတယ်။
ဒါနဲ့ဘဲ တစ်ပါတ်လောက်ဆေးရုံမှာနေပြီး အိမ်ရောက်တော့မှ အစားပြန်စ စားလို့ရပါတယ်။
ဆေးရုံမတက်ခင် ပေါင် 170ကျော်လောက်ကနေ ပိန်သွားလိုက်တာ ပေါင် 120လောက် ထိကျသွားပါတယ်။
တကယ့်ကို ပိန်ပိန်လေးဖြစ်သွားပါတယ်။
အဲဒါနဲ့ဘဲ အားဆေးတွေသောက် လမ်းတွေလျှောက် အစာကို မှန်မှန်ပြန်စားရင်းနဲ့ 2နှစ်ကျော်ကျော်လောက်မှာ
အရင်ဘဝကို ပြန်ရောက်ပါတယ်။
ပေါင် 170ပေါ့။
အဲလို ခဏခဏ စားချင်ပါရဲ့နဲ့ မစားရတဲ့ အစာငတ်တဲ့အခါခံရတဲ့ဒုက္ခကို ကိုယ်တိုင်ခံဘူးတော့
ကိုယ့်ကို ကိုယ် အစာဖြတ်တဲ့အလုပ်ကိုတော့ ရက်ရက်စက်စက် မလုပ်ရက်ဘူးဖြစ်သွားပါတယ်။
ဒါပေမယ့်အသက်အရွယ်ရလာ တော့ ဟိုရောဂါ ဒီရောဂါကလည် းခဏခဏအလည်လာတတ်တော့
အစားအစာကိုရွေးစားရပါတယ်။
မစားသင့်တဲ့အစားအစာဆိုရှောင်ရပါတော့တယ်။
ဒါမှ အသက်ရှည်မှာကိုးဗျ။
ကျွန်တော်တို့ငယ်သူငယ်ချင်း “ပုရစ်” ဆိုတဲ့အကောင်ကတော့ သေတစ်နေ့မွေးတစ်နေ့သတ်မှတ်လို့ဘာမှ မရှောင်ဘဲ အုပ်ပါတယ်။
သူ့အပြောက “စားချင်တာစား ပြီးရင်ဆေးသောက် ပုံမှန်ရောက်သွားမှာဘဲ”တဲ့။
(ပုရစ်အမည်တွင်တာကို က ပုရစ်အကောင်သုံးရာကို တထို်င်တည်းစားနိုင်လို့ ရတဲ့နာမယ်ပေါ့)
ဒါကြောင့်လဲ တစ်ရက်သူကြိုက်တဲ့ကောင်းတာတွေစားပြီး တမလွန်ကိုရောက်သွားတော့
ကျွန်တော်လဲသူ့လို မဖြစ်အောင်အစားရှောင်ပါတော့တယ်။
ဒါပေမယ့်လဲ လုံးဝမစားဘူးတော့လဲ မဟုတ်ပြန်ပါဘူး။
မတည့်ဘူးဆိုနည်းနည်းလောက်တော့စားပြီးရင်ဆေးကြိုသောက်
ကိုယ့်စိတ်ကူးနဲ့ကိုယ်က တော့ အိုကေနေတာပါဘဲ။
ဒီလို ဆင်ခြင်နေလို့လဲအခုလိုပေါင်180နီးပါး ပြန်ဝလာနိုင်တာဘဲ
ရွေးချယ်မူ့မှန်ကန်တယ်လို့ ကိုယ့်ကိုကိုယ်ပြန်အားပေးနေတုန်း………………..
“ဘိုးတော် လမ်းပိတ်ရပ်မနေနဲ့ ရှေ့တိုး နောက်မှာလူတွေတပုံကြီးရှိသေးတယ်”ဆိုတဲ့အော်သံကြားမှ
အလုပ်ကိစ္စအတွက် အခွန်ဆောင်ဘို့ တန်းစီနေတာကို ပြန်သတိရမိပြီး အတွေးတွေရပ်လို့ ရှေ့ကို တိုးလို့ တန်းစီလိုက်ရပါတယ်။
ခုဏကလှမ်းအော်တဲ့စာရေးမကို ကြည့်လိုက်တော့
ဆွဲကြိိုးကလဲ ရှည်ရှည်တုတ်ကြီး လက်မှာလဲလက်ကောက်တွေက အများကြီး လက်စွပ်ကလဲသုံးလေးကွင်း
ရွှေတွေနဲ့ဝင်းအိနေတာကိုတွေ့မိပါတယ်။
အဲဒါနဲ့ကျွနော်လဲရှေ့ကိုနည်းနည်းတိုးပေးပြီး ရောက်တတ်ရာရာ ဆက်တွေးမိနေပါတယ်။
စားချင်ပေမယ့်လဲ့ စားခွင့်မရတဲ့အခါမျုးိ၊
စားခွင့်ရပေမယ့်လည်း ကိုယ်က စားလို့မရတဲ့အခြေအနေမျိုးနဲ့လဲ့ ကြုံချင်ကြုံနိုင်ပါတယ်။
ဒါပေမယ့်လဲ စားချင်တိုင်းဇွတ်တွန်းစားလို့တော့ မရပြန်ဘူး။
အဲလိုတွေးမိတော့ စကားတွေကို သွားသတိရမိပြန်ရော။
အစားမတော်တလုပ် တို့ စူဇကာပုဏ္ဏားလှူတာတွေအကုန်စားပြီး စားပို့နင့်သေတာတို့
မစားကောင်းတဲ့ အသီးကို မဆင်မခြင်စားမိလို့ အဆိပ်သင့်တဲ့အကြောင်းတို့၊
အောက်မှာကြွေကျတဲ့အသီးကိုကောက်မစားဘဲ အပင်ပေါ်ကအသီးကို တုတ်နဲ့ထိုးချလို့ ခါချဉ်အုံပြုတ်ကျလာတဲ့အကြောင်းတို့၊
အသီးကိုမှည့်အောင်မစောင့်နိုင်ဘဲ အစိမ်းကြီးကိုဇွတ်စား ဖန်တွတ်တွတ်နဲ့အရသာမရှိမှ ထွေးထုတ်ရတဲ့အကြောင်းတို့ကို ပေါ့။
အဲလိုအစားမတော်တဲ့အကြောင်းတွေတွေနေရင်း
“ဘိုးတော်စာရွက်ပေး”လို့ ခပ်ဆတ်ဆတ်လေးအော်သံကြားတော့မှ လက်ထဲက စာရွက်တွေကို
ရွှေတွေနဲ့ပဒေသာပင်ဆင်ထားတဲ့ အဲဒီစာရေးမလေးကို ထိုးပေးလိုက်ပါတော့၊
အမယ် အနားကပ်တော့ မှ သူစာရေးလိုက်တိုင်း လက်ကောက်တစ်ကွင်းနဲ့တကွင်းတိုက်တဲ့အသံလေးက
တချွင်ချွင်ထွက်နေတာ နားထောင်လို့တောင်ကောင်းသလိုလိုပါဘဲ။
အင်း……………………….. ဒီရာထူးလောက်နဲ့
ဒီလောက်ဝတ်နိုင်မှတော့ ထီပေါက်သလား ? အမွေရထားသလား?
သူ့ရဲ့အိမ်သားက ဘဲ အရှာအဖွေကောင်းသလား?
? ? ? ? ? ? ? ?
ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး
(17-5-2011)
ကဆုန်လပြည့်နေ့
14 comments
တညင်သား
May 18, 2011 at 4:15 pm
စာရေးမလေးလဲ စားနိင်တုန်း စားထားေနေမှပေါ့ ..စားရေးမလေးက သိပ်မဝ ဘူးထင်တယ်..လက်ကောက်ရဲ့ အသံက ကြေး သံ နဲနဲပါနေသလိုပဲနော်……
MaMa
May 18, 2011 at 4:45 pm
မစားကောင်းလား စားကောင်းလားတော့ မသိဘူး။ ဝတ်လို့တော့ ကောင်းတယ်။ ကိုပေါက်တောင် အသံချွင်ချွင်လေး သတိထားမိသေးတာပဲ။ မိန်းကလေးချင်းဆို ပိုလို့တောင်……………
mihninlay
May 18, 2011 at 4:56 pm
စာရေးမကလဲဝဝလင်လင်လေးစားချင်မှာပေါ့ဒါမှာနောက်အလျင်မှီမှာလေ
padonmar
May 18, 2011 at 4:59 pm
အခုထိတော့စားကောင်းတုံးပါပဲ၊သမတကြီးရဲ့ သန့်ရှင်းသော အစိုးရဖြစ်ရင်တော့…………………………….
eros
May 19, 2011 at 2:07 am
ရွာဦးကျောင်း က ကြေးစည်တီးသလို မထင်ဟင်ဟင်
pyisoe
May 19, 2011 at 1:41 am
စားကြဟေ့ စားကြ
weiwei
May 19, 2011 at 2:40 am
ရှေးလူကြီးတွေကတော့ တန်ဆေး လွန်ဘေး လို့ ပြောကြတာပဲ …
nagargyi
May 19, 2011 at 4:25 am
ရန်ကုန်အစိုးရတော့ စားတဲ့သူတွေ သတိထားတဲ့။
ဆူး
May 19, 2011 at 5:39 am
စားမှာပဲ စားမှာပဲ ငါ့ကိုတော့ မတားနဲ့..
ဒါဖြဲ ဒါဗြဲ.. ဟင့်
hmee
May 19, 2011 at 7:43 am
မှန်တယ် ဦးပေါက်ရေ မှီလည်း တိုက်ဖွိုက်ဖြစ်တော့ စားချင်လျှက်မစားရတာ အတော်ခံရခက်တယ်။ ထမင်းပူပူနဲ့ ဆတ်သားခြောက်မီးဖုတ်စားတာ ဗိုက်တွေအောင့်လာလို့ ဆရာဝန်က သေချင်လို့လား ဆိုပြီး ဆူလိုက်တာ။ စားလို့ရတုန်း စားရတာ စားမယ်ဟဲ့ ဆိုပြီးစားတာ အခုတော့ မှန်ထဲမှာ ကိုယ့်ဘာသာ မကြည့်ချင်တော့ဘူး။ 🙂
unclegyi1974
May 19, 2011 at 3:12 pm
ကိုပေါက်ရေးထားတာနားလည်သလောက်က
စားလို့ရတုန်းစားထား
စားကောင်းကောင်းနဲ့တွန်းမစားနဲ့ကြည့်စား
ဝအောင်လည်းစား
ဘယ်သူတွေကိုများရည်ညွှန်းနေပါလိမ့်
kopauk mandalay
May 19, 2011 at 4:36 pm
ွှအီးကယ်ဂျန်ရေ
ကြိုက်သလိုတွေး ကြိုက်သလိုယူ ဒီပို့စ်လေးက ဖွင့်ပေးထားတာပါ။
pooch
May 20, 2011 at 4:12 am
ဦးနှောက်ဖိအားများပြီး ခေါင်းတွေမူး လို့ ခေါင်းမထူနိုင်ရင် လည်း ဘာမှစားလို့မဝင်ဘူး စားသမျှ အန်ထွက်တာ ပဲ ဘာပဲစားစား တန်ဆေးလွန်ဘေး တဲ့
etone
May 20, 2011 at 7:50 am
ဘယ်တုန်းကမှ မဝဖူးပါဘူး ကိုပေါက်ပို့ထဲရောက်မှ ဝသွားတော့တယ် 🙁