လွှင့်ပါးသွားတဲ့အချစ်

SnowyJune 3, 20111min1492

“ဘာဖြစ်လို့ ကျွန်တော့်ကို စွန့်လွှတ်လိုက်တာလဲ!”

 

အေးစက်စက်မြေပြင်ပေါ် လဲကျရင်း အချစ်ကမေးတယ်။

 

ဝါသနာနဲ့ မျှော်မှန်းချက်ကိုပဲ ကိုယ်လိုချင်ခဲ့တာပါ”

 

“ကျွန်တော့်ကို ကောက်ယူပါ။ ကျွန်တော်ဘယ်လောက် တန်ဖိုးရှိတယ်ဆိုတာ နောက်တော့ ခင်ဗျားသိမှာပါ” အချစ်က ခခယယတောင်းဆိုတယ်။

 

“ဟို….”

 

အချစ်ရဲ့ခယတောင်းဆိုမှုမှာ ကိုယ်တွေဝေနေမိတယ်။ ပြောစရာ စကားလုံး ကိုယ်ရှာမတွေ့ခဲ့ဘူး။ ကိုယ့်အတွေးထဲမှာ အချစ်ကဒြပ်မဲ့ပစ္စည်း…. မမြင်နိုင်ဘူး၊ ဆုပ်ကိုင်လို့မရဘူး။ ဒါကြောင့် အချစ်နဲ့မျှော်မှန်းချက်ကြားမှာ မျှော်မှန်းချက်ကိုရွေးဖို့ ကိုယ်ဆုံးဖြတ်လိုက်တယ်။

 

ဒါပေမယ့် မျက်ရည်တွေနဲ့ ပြည့်နှက်နေတဲ့အချစ်ကို မကြည့်ရက်ခဲ့လို့ ခါးချိုးဦးညွှတ်ပြီး အချစ်ကို ကိုယ်ကောက်ယူလိုက်မိပြန်တယ်။ ဒီတစ်ကြိမ်မှာတော့ အချစ်က ကိုယ့်လက်ဖဝါးထဲမှာ တလက်လက်တောက်ပပြီး နွေးထွေးတဲ့ရောင်ခြည်တွေ ယှက်ဖြာနေတဲ့ ပုလဲတစ်လုံးလို့ ကိုယ်ခံစားမိတယ်။

 

ဒါပေမယ့်….

 

“ကိုယ့်ရွေးချယ်မှုကို နားလည်ပေးပါ။ အခုအချိန်မှာ အချစ်က မျှော်မှန်းချက်လောက် အရေးမကြီးဘူးလို့ ကိုယ်ထင်တယ်”

 

နောက်ဆုံး အချစ်ကို ကိုယ်တီးတိုးတောင်းပန်ရင်း လွှတ်ချဖို့ပြင်တယ်။

 

“မလုပ်ပါနဲ့… ကျွန်တော့်ကို လွှတ်မချပါနဲ့ … ကျွန်တော့်ကိုပေါင်နှံပြီး အလိုရှိတဲ့ ပစ္စည်းနဲ့လဲယူပါ။ တစ်နေ့ ကျွန်တော့်ကို သတိရတဲ့အချိန် ကျွန်တော်ကို ပြန်လာဝယ်ပါ”

 

အချစ်ကို လက်ဖဝါးထဲထည့်ပြီး အချစ်အပေါင်ဆိုင်ဆီ ကိုယ်ရောက်ခဲ့တယ်။ အပေါင်ဆိုင်ပိုင်ရှင်က ခေါင်းမဖော်ဘဲ မေးတယ်။

 

“ဘာနဲ့ လဲမလဲ?”

 

မျှော်မှန်းချက်နဲ့ လွတ်လပ်မှု” စိတ်ထင့်ထင့်နဲ့ ကိုယ်ဖြေတယ်။

 

“အချစ်ကိုထားပြီး သွားနိုင်ပါပြီ”

 

ကိုယ့်အချစ်ကို အိတ်တစ်အိတ်ထဲထည့်ပြီး အိတ်ပေါ်အမှတ်တစ်ခုကပ်လိုက်တာကို ကိုယ်လှမ်းမြင်လိုက်တယ်။ အမှတ်ပေါ်မှာက “၁၉၉၈ ခုနှစ် ဇွန်လအချစ်” တဲ့….

 

“မျှော်မှန်းချက်နဲ့ လွတ်လပ်မှု” ကို ပိုက်ပြီး အပေါင်ဆိုင်က ကိုယ်အပြေးထွက်ခဲ့တယ်။

 

နောက်ဆုံး အချစ်ရဲ့ ချုပ်နှောင်မှုတွေကင်းခဲ့လို့ ကိုယ်လွတ်လပ်ခဲ့တယ်။ မျှော်မှန်းချက် ကောင်းကင်အောက်မှာ ကိုယ်လွတ်လွတ်လပ်လပ် ဝဲပျံနိုင်ခဲ့တယ်။ ဒါပေမယ့် ကာလတစ်ခုအရောက်မှာ “အထီးကျန်ခြင်း” ဆိုသူတစ်ဦးက ကိုယ်သတိမထားမိချိန် ကိုယ့်အနားရောက်ရောက်လာခဲ့တယ်။ သူ့ကို ကိုယ်ဘယ်လိုမှ ငြင်းပယ်၊ မောင်းထုတ်လို့ မရခဲ့ဘူး။ ဒီလိုအချိန်ခါမျိုးမှာ အချစ်ကို ကိုယ်ပြန်သတိရမိတယ်။ လှပတဲ့ရောင်ခြည်တွေ ယှက်သန်းထားတဲ့ အချစ်ကို ကိုယ်ပြန်လွမ်းဆွတ်မိတယ်။

 

အချစ်အပေါင်ဆိုင်ထဲ ကိုယ်တစ်ခေါက်ရောက်ခဲ့ပြန်တယ်။ အပေါင်ဆိုင်ထဲမှာ အိတ်ကြီးအိတ်သေးတွေ အပြည့်ချိတ်လို့.. အပေါင်ဆိုင်ပိုင်ရှင်ကြီး ခေါင်းမဖော်နိုင်အောင် အလုပ်တွေရှုပ်နေခဲ့တယ်။

 

“၁၉၉၈ခုနှစ် ဇွန်လကအချစ်ကို ပြန်ဝယ်ချင်လို့ပါ”

 

“ဘာနဲ့ ဝယ်မလဲ?”

 

ရင့်ရော်နေတဲ့အသံနဲ့ အပေါင်ဆိုင်ပိုင်ရှင်က ကိုယ့်ကို အေးစက်စက်မေးတယ်။

 

“ကိုယ်ရဲ့အခုလက်ရှိနဲ့ အနာဂတ် အရာအားလုံး… ပြီးတော့ အသဲနှလုံးတစ်စုံနဲ့ ပြန်ဝယ်မှာပါ” တွေဝေမှုကင်းတဲ့အသံနဲ့ ကိုယ်ပြန်ဖြေတယ်။

 

တုန်ရီနေတဲ့လက်နဲ့ အိတ်ကို ကိုယ်ဖွင့်ကြည့်လိုက်တယ်။ အိတ်ထဲအချစ်က အရင်အတိုင်း လှပကြွရွနေတာကို တွေ့လိုက်တယ်။ အချစ်ကို တယုတယ ကိုင်တွယ်ရင်း အပေါင်ဆိုင်က ကိုယ်လှည့်ထွက်လာခဲ့တယ်။

 

အရင်က တန်ဖိုးထားရကောင်းမှန်း ကိုယ်မသိခဲ့လို့ဖြစ်လိမ့်မယ်။ ဒီတစ်ကြိမ်မှာတော့ လက်ထဲကအချစ် လွတ်မကျအောင် ကိုယ်ဂရုတစိုက်ရှိခဲ့တယ်။ အချစ်ကို ဂရုစိုက်နေခဲ့လို့ ရှေ့ကလမ်းကို ကိုယ်သေချာမကြည့်ခဲ့မိဘူး။ လေပြင်းတိုက်နေတဲ့ ရာသီဥတု အခြေအနေကိုလည်း သတိမရခဲ့ဘူး။ ကိုယ်သတိတစ်ချက်အလွတ်မှာ ဒီနှစ်ရာသီရဲ့ နံပါတ်(၃)ခုမြောက် “အမှန်တရား“ဆိုတဲ့ လေပြင်းက ကိုယ့်လက်ထဲက အချစ်ကို လွတ်ကျအောင် တိုက်ခိုက်သွားခဲ့တယ်။

 

ကိုယ့်လက်ထဲကအချစ် ပြုတ်ကျပြီး သဲတွေဖြစ်သွားတာကို ကိုယ်မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရတယ်။

 

“ဟင့်အင်း.. ဒါ ငါ့အချစ်မဟုတ်ဘူး။ ငါ့အချစ်က ပုလဲတွေ”

 

အရူးတစ်ယောက်လို ကိုယ်အော်ဟစ်မိတယ်။ အချစ်က ဘာဖြစ်လို့ အမှန်တရားဆိုတဲ့ လေပြင်းဒဏ်ကို မခံနိုင်မှန်း ကိုယ်နားမလည်ခဲ့ဘူး။

 

“အချစ်ဆိုတာ ပင်လယ်ထဲက သဲတွေပါပဲ။ ကိုယ့်စိတ်နဲ့ တယုတယ ဂရုစိုက်မယ်။ လွမ်းဆွတ်ခြင်း၊ မျက်ရည်တွေနဲ့ စွတ်စိုစေမှ သူဟာ ကိုယ့်နှလုံးသားထဲ အနယ်ထိုင်ပြီး ပုလဲဖြစ်သွားတာ”

 

အချိန်” လို့ ခေါ်တဲ့အဘိုးအိုက မလှမ်းမကမ်းကနေ ကိုယ့်ကိုလှမ်းပြောတယ်။

 

“အချစ်ကို ခင်ဗျားခွဲထားတာ ကြာခဲ့လို့ ခင်ဗျားရဲ့အချစ်က အရင်လို ပုလဲမဟုတ်တော့ဘူး။ ဒါကြောင့် လေပြင်းရဲ့ဒဏ်ကို သူမခံနိုင်တော့ဘဲ သဲအဖြစ် လွှင့်ပါးသွားခဲ့ရပြီ”

 

လက်ထဲက သဲတွေကို တင်းတင်းဆုပ်ကိုင်ထားရင်း ကိုယ့်ရင်တွေ တဆစ်ဆစ်နာကျင်နေမိတယ်။ အရင်က တန်ဖိုးထားရကောင်းမှန်း မသိခဲ့ဘဲ ခုမှအဖိုးတန်မှန်းသိတဲ့အချစ်ကို ကိုယ်တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားချင်ခဲ့မိတယ်။ ဒါပေမယ့် သဲတွေက ကိုယ်လက်ညှိုးကြားထဲကနေ စီးကျသွားကုန်တယ်။ အချစ်က သဲမှုန်အဖြစ် ကိုယ့်အနား လွတ်ကျပျောက်ကွယ်သွားခဲ့ပြန်တယ်။

 

ချစ်နေချိန်မှာ အချစ်ကစိတ်ကူးယဉ်ဆန်တယ်။ ဖမ်းဆုပ်လို့ မရဘူး။

ရယူပြီးချိန်မှာ အချစ်က လှပချိုမြိန်တယ်။

လွမ်းဆွေးချိန်မှာ အချစ်က ခါးသက်တယ်။

အသဲကွဲချိန်မှာ အချစ်က ခိုကိုးရာမဲ့ လဲပြိုလို့…

 

မနိုင်းနိုင်း@စနေရဲ့ ဘာသာပြန်များထဲမှ ကူးယူဖော်ပြခြင်းဖြစ်ပါတယ် …

လူတိုင်းလူတိုင်းချစ်ခြင်းများဖြစ် ဘဝမှာသာယာလှပနိုင်ကျပါစေ ….

<3 $nOwY 🙂

2 comments

  • yyin123

    June 3, 2011 at 12:07 pm

    ဖတ်ပြီးသားပါ။ ဒါပေမယ့် အရမ်းကြိုက်လို့ ပြန်ဖတ်ဖြစ်ပါတယ်။

Leave a Reply