သတ်၍မသေ စောလုံမေ(သီလရှိသူကို သတ်၍မရ)
သာသနေ ကုလပုတ္တာနံ၊ ပတိဋ္ဌာ နတ္ထိ ယံ ဝိနာ- သာသနာတော်၌ လောကလူသားတို့အား သီလနှင့်ကင်း၍ထောက်တည်ရာမရှိဘူး။
န ဂင်္ဂါ ယမုနာစာ ပိ၊ သရဘူ ဝါ သရသွတီ- လောကလူသားတွေမှာ စွဲကပ်နေတဲ့ ရာဂစတဲ့အညစ်ကြေးကို ဘယ်မြစ်ရေချောင်းရေနှင့်မျှ ဆေးကြောလို့မစင်ကြယ်နိုင်ဘူး၊ သီလတည်းဟူသောရေနှင့်ဆေးကြောမှသာ စင်ကြယ်နိုင်ပါတယ်။
သမယန္တီဓ သတ္တာနံ၊ ပရိဠာဟံ သုရက္ခိတံ- လောကလူသားတို့ရဲ့ ပူပန်မူကိုရေ၊ လေ၊ စန္ဒကူး၊ လရောင်၊ ပန်းစံပယ်စသောအအေးဓာတ်တို့ဖြင့်ရစ်ပတ်လွှမ်းခြုံပေးသော်လည်း အေးချမ်းမူ့ကို မဖြစ်နိုင်ဘူး၊ သီလတည်းဟူသောအအေးဓာတ်ဖြင့်ရစ်ပတ်ပေးမှသာ အေးချမ်းမူကို ဖြစ်စေနိုင်ပါတယ်။
သဂ္ဂါရောဟဏ သောပါဏံ။ အညံ သီလသမံ ကုတော- ကောင်းသောသုဂတိဘုံကို တက်ဖို့သီလနှင့်တူတဲ့စောင်းတန်းလှေခါးဆိုတာမရှိဘူး၊ နိဗ္ဗာန်ရွှေပြည်ကြီးကိုဝင်ဖို့ရာလည်း သီလနှင့်တူတဲ့တံခါးပေါက်ဟာ ဘယ်မှာမျှမရှိဘူးလို့ဆိုလိုပါတယ်။ ပထမဦးစွာ ဘာကြောင့် သီလလို့ခေါ်သလဲဆိုတာလေးကိုလေးကို တည်တောဆရာတော်ဘုရားကြီးက အောက်ပါအတိုင်းရှင်းပြထားတာကိုတွေ့ရပါတယ်။
၁။ ဦးခေါင်းနှင့်တူသော မြတ်သော အနက်ကြောင့် သီလခေါ်တယ်၊
၂။ငြိမ်းချမ်းအေးမြသော အနက်ကြောင့် သီလခေါ်တယ်၊
၃။ကာယကံ၊ဝစီကံတို့ကို ကောင်းစွားထားခြင်း အနက်ကြောင့်သီလခေါ်တယ်၊
၄။ကုသိုလ်တရားတိုရဲ့တည်ရာ အနက်ကြောင့် သီလခေါ်တယ်၊
၅။အကုသိုလ်တရားတို့အိပ်စက်ခြင်းအနက်ကြောင့်သီလခေါ်တယ်၊
၆။သူတော်ကောင်းများ မှီဝဲအပ်သောအနက်ကြောင့်သီလခေါ်တယ်၊
၇။အကုသိုလ်တရားများကို တုန်လှုပ်စေတတ်တဲ့အနက်ကြောင့်သီလခေါ်တယ်၊
၈။အကုသိုလ်တရား မဖြစ်ပွားရအောင် စောင့်စည်းတတ်တဲ့အနက်ကြောင့်သီလခေါ်တယ်၊
၉။သူတော်ကောင်းတို့ သန္တာန်မှာ ဖြစ်တတ်သောကြောင့် သီလခေါ်တယ်၊
၁၀။ကုသိုလ်တရားတို့ ဝင်ရောက်နားခိုရာ အိမ် ဇရပ်နှင့်တူသောအနက်ကြောင့်သီလခေါ်တယ်၊
၁၁။ကုသိုလ်တရားများကို နှောင်ဖွဲ့တတ်တဲ့ အနက်ကြောင့် သီလခေါ်တယ်၊
၁၂။ကာယကံ၊ ဝစီကံတို့ကို ကောင်းစွာထားခြင်း ကုသိုလ်တရားတို့၏တည်ရာ၏အဖြစ်ဖြင့် ကုသိုလ်တရားများကို လွန်စွာဆောင်တတ်သော အနက်ကြောင့် သီလခေါ်တယ်၊ သီလနှင့်ပက်သက်လို့ကတော့အများကြီးရှိပါတယ်။ အဲဒီအထဲမှ စာရေးသူဖတ်ဖူးခဲ့တဲ့ဇာတ်လမ်းလေးတစ်ပုဒ်ရယ
်မြတ်ဗုဒ္ဓဒေသနာတော်ရယ်ဆိုပြီးတင်ပြလိုက်ရပါတယ်။
သတ်၍မသေ စောလုံမေ(သီလရှိသူကို သတ်၍မရ)
မဟာရာဇဝင်ကြီး မထမတွဲမှာတော့ သီလအကျိုးကြောင့် သတ်လို့မသေကြောင်းဖော်ပြထားပါတယ်။
ပုဂံပြည် နရသီဟပတေ့မှာ ဖိဖုရားကြီးတစ်ပါး ဖိဖုရားငယ်ငါးပါးရှိတယ်၊ မိဖုရားကြီးက မိဖုရားစောဖြစ်ပြီး မိဖုရားငယ်များကတော့ စောလုံ၊ စောနန်း၊ ရှင်ဖား၊ ရှင်မောက်၊ ရှင်ရွှေတို့ဖြစ်ကြပါတယ်၊ သည်မိဖုရားတွေထဲက စောလုံကို မင်းတရားကြီး အလွန်မြတ်နိုးတော်မူတယ်၊ တစ်ခုသောသင်္ကြန်အခါရေကစားကြတော့ စောလုံကို ရေနာနာပက်ကြလို့ မောင်းမငယ်များကို မင်းကြီးကျီစားလိုတဲ့သဘောနှင့် ခိုင်းတော်မူတယ်၊ စောလုံဟာရေအပက်ခံရတော့ မင်းကြီးအပေါ်အမျက်ထားပြီး မင်းကြီးရဲ့ စားတော်မှာအဆိပ်ခတ်လိုက်တယ်၊ သို့သော်စားတော်ခေါ်ခါနီး အောက်ကခွေးချေတဲ့အတွက် စားတော်မခေါ်ဘဲ ခွေးကိုကျွေးစေတော့ ခွေးဟာ အဆိပ်သင့်ပြီးသေရှာတယ်။
ဤအရေးနှင့်ပက်သတ်ပြီး စောလုံကို စစ်မေးတော့ အဆိပ်ခတ်ကြောင်းဖြောင့်ချက်ပေးတဲ့အတွက်သံကျပ်စင်ပေါ်တင်ပြီး မီးမြှိုက်သတ်စေလို့အမိန့်ချလိုက်တယ်၊ စောလုံဟာ သေရမှာကိုသိတော့ သီလဆောက်တည်ပြီးတရားတော်ကို နာယူခဲ့ပါတယ်၊ ရတနာသုံးပါးဂုဏ်တော်များကိုလည်း ဆင်ခြင်ပွားများပြီး ပုတီးစိပ်တယ်၊ ရဲရဲနီတဲ့ သံကျပ်စင်ထက်ကို တက်တဲ့အခါတောက်လောင်နေတဲ့မီးဟာသုံးကြိမ်တိုင်တိုင်ငြိမ်းရပါသတဲ့၊ သုံးကြိမ်စေ့တဲ့အခါမှ”ငါ့ခန္ဓာကိုယ်ဟာ ချက်ချင်း ကျွမ်းလောင်၍ ပျောက်စေသော၊ ငါတောင်းတဲ့ဆုလည်းပြည့်စုံစေသော”လို့အဓိဋ္ဌာန်ပြုတဲ့အခါမှ ချက်ချင်းပြာကျလို့သွားပါသတဲ့။ ဒီပုံပြင်လေးက သီလတရားဟာ သူတစ်ပါးသတ်လို့မသေနိုင်တဲ့အကျိုးကိုလည်းသာဓကအဖြစ်ဖြင့်သိသင့်ပါတယ်။
မြတ်ဗုဒ္ဓဒေသနာ
တစ်ခါတုန်းက ကာသိတိုင်းမှာ ရွာသူရွာသားအားလုံးက တရားစောင့်တဲ့အတွက် ဓမ္မပါလရွာ လို့ခေါ်တဲ့ ရွာတစ်ရွာရှိပါတယ်။ အမျိုးကိုလည်းပဲ ဓမ္မပါလအမျိုးဟုပင်ခေါ်ခဲ့ကြပါတယ်။ အဲဒီရွာမှာ တရားစောင့်ထိန်းကြတဲ့အတွက် တစ်ဦးတစ်ယောက်မျှငယ်ငယ်ရွယ်ရွယ်ဖြင့် သေဆုံးသောပုဂ္ဂိုလ်ရယ်လို့မရှိပါဘူး။ တစ်နေ့ ဓမ္မပါလ အမျိုးသားတစ်ဦးက တက္ကသိုလ်သို့ပညာတော်သင်သွားပါတယ်။ တက္ကသိုလ်မှာ ပညာတော်သင်ပြီး အတော်အတန်တတ်မြောက်တဲ့အချိန်မှာ တက္ကသိုလ်ဆရာဒိသာပါမောက္ခရဲ့သားကြီးဖြစ်သူ သေတာကိုကြုံခဲ့ရတယ်။ ဓမ္မပါလက ဆရာကိုမေးတယ် ဘာလို့ငယ်ငယ်ရွယ်ရွယ်နဲ့သေသွားတာလဲ ငယ်ငယ်ဖြင့်သေခြင်းဟာ မသင့်လျော်ဘူးမဟုတ်လာလို့မေးသတဲ့။ ဆရာက- ဟ သေပါတယ်ဆို သင့်လျော်သော မသင့်လျော်သော သေမင်းခေါ်လျှင်သေကြတာချည်းပါပဲ၊ မင်းတို့အရပ်မှာလည်း ဒီလိုပဲငယ်ငယ် ကြီးကြီး သေကြတာချည်းပဲမဟုတ်လားကွလို့ ပြောခဲ့ပါတယ်။ ဓမ္မပါလကလည်း သေတယ်ဆိုတာဟုတ်ပါတယ်ဆရာကြီး၊ ဒါပေမဲ့ ကျွန်တော်တို့အရပ်မှာ ငယ်ငယ်ရွယ်ရွယ်မသေတာတော့အမှန်ပဲလိုပြန်ပြောခဲ့ပါတယ်။ ဆရာကလည်း တပည့်ပြောစကားကို သံသယဖုံးကား အဟုတ်အမှန်ကိုသိလိုသဖြင့် ဓမ္မပါလကိုတက္ကသိုလ်မှာထားပြီး ဓမ္မပါလရွာသို့ ဆိတ်အရိုးများကိုယူဆောင်ကာ အသက်ရှည်တာဟုတ်မဟုတ်စုံစမ်းလိုစိတ်ဖြင့်ခရီးထွက်ခဲ့ပါတယ်။ ရွာရောက်တော့ ဓမ္မပါလရဲ့ဖခင်ကို သင့်သား သေတာဖြစ်တဲ့အတွက် မီးသင်္ဂြိုဟ်ပြီး ဒီအရိုးတွေကိုယူဆောင်ခဲ့တာဖြစ်ပါတယ်လို့ပြခဲ့ပါတယ်။ ဓမ္မပါလရဲ့ဖခင်ကလည်း အပြုံးများဖြင့် ..ဒီမှာ ဒီမှာ ဒီအရိုးဟာ ဓမ္မပါလရဲ့အရိုးတော့မဟုတ်လောက်ဘူး ခွေးရိုးလား ဆိတ်ရိုးလားတစ်ခုခုဖြစ်မယ်၊ ဘာလို့လဲဆိုတော့ ငါတို့အမျိုးဟာ ငယ်ငယ်ဖြင့်သေတယ်လို့ထုံစံမရှိလို့ပါပဲလို့ပြုံးပြပြီးတော့ပြောခဲ့ပါတယ်။ ဆရာကြီးကလည်း သေမျိုးပဲ ငယ်သော ကြီးသော ဘယ်ရွေးနေမလဲဗျ၊ သေချင်လျှင်သေတတ်တာဖြစ်ပါလျှက်နှင့် သင့်တို့အမျိုးကဘာကြောင့်ငယ်ငယ်ရွယ်ရွယ်မသေသလဲပြောစမ်းပါဦးဗျလို့မေးခဲ့ပါတယ်။ ဓမ္မပါလရဲ့ဖခင်က ခင်ဗျာသိချင်တယ်ဆိုမှတော့လည်း ပြောပြရတာပေါ့ဗျာ။ ကျုပ်တို့ အမျိုးက ဒါန၊ သီလစတဲ့ကုသိုလ်တရားကို အမြဲမပြတ်ကျင့်သုံးကြပါတယ်၊ မုသားမဆိုကြပါဘူး၊ မကောင်းမူကိုမပြုကြဘူး၊ လူငယ်တွေဟာ လူကြီးစကားကိုနားထောင်ပြီး ကောင်းတာကိုလုပ်ကြပါတယ်၊ ဒါကြောင့်ကျုပ်တို့အမျိုးက ငယ်ငယ်ဖြင့်မသေခြင်းဖြစ်ပါတယ်လို့ပြောခဲ့ပါတယ်။ အဲဒီအခါကျမှ ဆရာကြီးက ဓမ္မပါလရဲ့အဖေကို ကန်တော့ပြီး ခင်ဗျားပြောတာမှန်ပါတယ်၊ ခင်ဗျားသားမသေပါဘူး၊ ကျုပ်မယုံလို့လာရောက်စုံစမ်းခြင်းဖြစ်ပါတယ်လို့ပြောပြီး ကျုပ်တို့လည်း ယနေ့မှစလို့ သင့်တို့ကျင့်တဲ့အတိုင်း စောင့်ထိန်းပါမယ်လိုဂတိပေးပြီးပြန်သွားပါတယ်။ ကဲစာဖတ်သူရေ တဿ သီလဿ ကော ဝဒေ ဆိုတဲ့အတိုင်း သီလရဲ့အကျိုးပေးပုံတွေကတော့အများကြီးပါ၊ ဒါပေမဲ့ ဒီလောက်လေပဲတင်ပြလိုက်ရပါတယ်။ မြတ်ဗုဒ္ဓရဲ့ဒေသနာဖြင့်ဒါန၊ သီလစတဲ့ကုသိုလ်ကောင်းမူ့တွေကြောင့်အသက်ရှည်ရတဲ့အကြောင်းလေးပါ။ စောလုံဇာတ်လမ်းလေးကလည်း သီလရဲ့တန်းခိုးကြောင့်သတ်တာတောင်မသေခဲ့ရတာပါ။ အဲဒီတော့ သီလတန်းခိုးဟာဘယ်လောက်အထိစွမ်းတယ်ဆိုတာ စာဖတ်သူလက်ခံယုံကြည်လိမ့်မယ်လိုမျှော်လင့်ပါတယ်။ ယခုဘဝလက်တွေ့မှာ ခံစားနိုင်တဲ့သီလရဲ့အကျိုးတွေကတော့ လာဘ်ပေါများခြင်း၊ ကျာ်စောခြင်း၊ ပရိသတ်အလယ်၌ရဲရင့်ခြင်း၊ မကြောက်မရွံ့သေရခြင်း၊ မနေရလိုသေကြတဲ့တမလွန်ဘဝမှာလည်း နတ်ရွာသုဂတိဘုံဘဝကိုရောက်ရပါသေးတယ်။မိမိကိုယ်ကိုကို မိမိ ယုံကြည်လာတာနဲ့အမျှ သီလကိုပိုပြီးတော့ တန်းဖိုးထားသင့်ကြောင်းရယ်တကယ်လို့အန္တရာယ်တစ်ခုခုနှင့်ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်ရှိသော်မိမိရဲ့သီလကို
အစွမ်းထုတ်ပြီးတော့ထိုအန္တရာယ်ကိုကျော်ဖြတ်ကြည့်လိုက်ပါ။
အဲဒါဆိုရင် မိမိကသီလအပေါ်ပိုယုံကြည်သက်ဝင်လာပါလိမ့်မယ်။
လပြည့်ဝန်း
ကျမ်းကိုး
ဒသကနိပါတ်၊ဓမ္မပါလဇာတ်-၄၄၇
တည်တောဆရာတော်(သီလဟူသည်)