“ဗျိုင်းနား၍ကိုင်းသောပေါက်ပင်နှင့် အစရှာမရသောစက်ဝိုင်း”(အပိုင်းနှစ်) (ကြီးကြီးလာ သေးသေးလာ သေးသေးလေးလဲလာ )
“ဗျိုင်းနား၍ကိုင်းသောပေါက်ပင်နှင့် အစရှာမရသောစက်ဝိုင်း”(အပိုင်းနှစ်)
(ကြီးကြီးလာ သေးသေးလာ သေးသေးလေးလဲလာ )
တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်အပေးအယူလုပ်ကြတာကနေစလို့ လာဘ်စားတယ်ဆိုတဲ့ စရိုက်ဆိုးကြီးပေါ်လာတယ်လို့ကျွန်တော်ကတော့ထင်ပါတယ်။
ပေးသူရှိလို့ ယူသူရှိသလို ယူသူရှိလို့လဲပေးသူရှိလာတာကြောင့် “ဘယ်သူ့ကြောင့်လဲကွယ်”လို့အဖြေရှာလို့တော့
ရနိုင်မယ်မထင်ပါဘူး။
ဒီလိုကိစ္စမျုးိက ချမ်းသာတဲ့နိုင်ငံများမှာတော့ စီးပွားရေးအရ အသာစီးယူချင်တာအကျုးိအမြတ်ရချင်တာတွေအတွက်
အာဏာရှိသူ၊ဆောင်ရွက်ပေးနိုင်သူ၊အဆုံးအဖြတ်ပေးနိုင်သူတွေကို တစ်လုံးတစ်ခဲထဲပေးကြတာများပါတယ်။
ကိုယ်ပေးလိုက်ရတာထက် အများကြီးပိုသော အကျိုးအမြတ်ရနိုင်ဘို့အတွက် ကြိုုတင်လို့ ရင်းလိုက်တာပါဘဲ။
မြန်မာစကားပုံတွေထက လိုပြောရရင်တော့ “ထောင်မြင်လို့ရာစွန့် ၊အကျိုးလိုလို့ညောင်ရေလောင်း”
ဆိုတာနဲ့တစ်ထပ်ထည်းပါဘဲ။
ဖွံ့ဖြိုးတိုးတက်မှု့နည်းတဲ့နိုင်ငံ၊ဆင်းရဲတဲ့နိုင်ငံ၊စည်းကမ်းဥပဒေသတွေများတဲ့နိုင်ငံ အထိန်းအချုပ်တွေများတဲ့
နိုင်ငံတွေမှာတော့ ဒီလိုလာဘ်စားတယ်ဆိုတာကတော့ နေရာအနှံ့ ပွစာကျဲလို့ နေတတ်ပါတယ်။
ဆင်းရဲတော့ ရှားပါး၊စည်းကမ်းတင်းကျပ်တော့ ခက်ခဲ အဲဒါတွေကိုပြေလည်ဘို့ အတွက် “ဖန်စီရင်”နိုင်သူကို
အပူကပ်ရပါတော့ တယ်။
ဖန်စီရင်သူကို အပူကပ်နိုင်ဘို့ကလဲ အဆက်အသွယ ်သို့မဟုတ်ပွဲစားဆိုတာက အလိုလိုပါဝင်လာပါတော့တယ်။
မပြည့်စုံသောနိုင်ငံက နိုင်ငံသူနိုင်ငံသားများမှာ လိုအပ်ချက်ကလည်းများပြားလှပါတယ်။
အထူးသဖြင့် ခွဲတမ်းစနစ်ကျင့်သုံးတဲ့နိုင်ငံများမှာနေရာတကာမှာ အကန့်အသတ်ရှိတဲ့အတွက်
လူတစ်ယောက်၊မိသားတစ်စုအတွက်လိုအပ်ချက်မပြည့်စုံကြတာ ပို ပိုလို့များတတ်ပါတယ်။
အဲဒီအချိန်မျိုးမှာမိမိလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်သူထံအကူအညီတောင်းဘို့ကြိုးစားရပါတယ်။
ဥပမာပေးရရင် ကားလက်မှတ် ရထားလက်မှတ် ရုပ်ရှင်လက်မှတ်ဆိုတာမျိုးပေါ့။
အကူအညီပေးသူနဲ့ကိုယ်နဲ့က သိကျွမ်းရင်းနှီးတယ်ဆိုရင် တန်းမစီအချိန်ကုန်မခံဘဲ
လွယ်လွယ်ကူကူဝယ်လို့ရပါတယ်။
လိုချင်တဲ့အချိန်မှာလဲ အဆင်ပြေပြေရနိုင်ပါတယ်။
ဖန်စီရင်နိုင်သူနဲ့ လိုအပ်သူ မသိကျွမ်းတဲ့အခါ ကြားခံမိတ်ဆွေကို အပူကပ်ရပါတယ်။
ကူညီပေးသူကလည်းသူ့ ကိစ္စမဟုတ်တော့တဲ့အတွက်
“အသားလွတ်အကူအညီတောင်း
တာထက်စာရင် သိတတ်တဲ့အနေနဲ့လက်ဆောင်ပစ္စည်းလေးပါမှာ တင့်တယ်မယ်”လို့
ပြောတဲ့အခါမှာ လိုအပ်သူက လက်ဆောင်ပစ္စည်းတွေနဲ့တကွ “ဂါ” ဘို့ စီစဉ်ရပါတော့တယ်။
လိုအပ်သူတွေကတော့ ကြားခံဆောင်ရွက်သူပြောသမျှလို်က်လုပ်ပေးရတာအမှန်ပါဘဲ။
သူက လိုချင်သူ လိုအပ်သူ ဆိုတာတော့လဲ မလိုက်ရောလို့ လဲမရပြန်ပါဘူး။
တကယ်ကူညီဆောင်ရွက်ပေးရသူ (ဖန်စီရင်သူ)ကတော့ တကယ်အဖြစ်မှန်ကို သိလား
မသိဘူးလားဆိုတာကတော့ကာယကံရှင်တွေမှ သိနိုင်မှာဖြစ်ပါတယ်။
တစ်ချို့သောကိစ္စရပ်တွေမှာ လုပ်ငန်းဆောင်ရွက်စရာ အဆင့်ဆင့်ရှိနေပြန်ပါတော့ ခက်ခဲတတ်ပါတယ်။
အဲလို ကိစ္စတွေမှာတကယ်လိုအပ်လို့ အဆင့်များတာရှိသလို ၊
အောက်လူတွေက နေ မလိုအပ်ဘဲနဲ့ တမင်မခက် ခက်အောင် လုပ်ထားတာမျိူးလဲ ရှိနိုင်ပြန်ပါတယ်။
လူအတော်များများက ရုံးပြင်ကန္နားသွားလို့ဆောင်ရွက်ရမယ်ဆိုရင် အင်မတန်စိုးရိမ်တတ်ကြ
ကြောက်တတ်ကြပါတယ်။အဓိကတရားခံကတော့ မသိနားမလည်ခြင်းပါဘဲ။
(ဒီလိုကြောက်တာကို အခွင့်အရေးယူပြီး လာဘ်စားချင်သူက စားပေါက်ထွင်ပါတော့တယ်။)
ဒီလိုခက်ခဲတာတွေကိုကြုံလာတဲ့အခါ လက်ဆောင်ပဏ္ဏာနဲ့တင်မပြီးတော့ဘဲ ငွေကြေးသတ်မှတ်ချက်တစ်ခု
နဲ့ တိုင်းတာထားတဲ့ လာဘ်စားမူ့ဆိုတာ အလိုလို ဖြစ်လာပါတော့တယ်။
လုပ်ငန်းတိုင်းလုပ်ငန်းတိုင်းမှာ လိုအပ်ချက်အရ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း
ဆိုတာရှိစမြဲပါ။
စည်းကမ်းသတ်မှတ်ချက် ဆိုတာ တကယ်လဲရှိသင့်တဲ့ အရာတစ်ခုလဲဖြစ်ပါတယ်။
တစ်ခါတစ်ရံမှာ လိုအပ်သူဘက်က စာရွက်စာတမ်းမရှိတာ မပြည့်စုံတာ စည်းကမ်းနဲ့ဘောင်မဝင်တာတွေရှိလာတတ်ပါတယ်။
မဖြစ်နိုင်တာကိုမှလိုချင်တာတွေကလဲအများကြီးပါ။
ဒီအချိန်မှာ လိုအပ်တဲ့စာရွက်စာတမ်း လိုအပ်တဲ့သက်သေအထောက်အထား မပြည့်စုံဘဲလိုချင်သူက
နားလည်တတ်ကျွမ်းတဲ့ ဝန်ထမ်းကို အကူအညီတောင်းရာကနေ လက်တလုံးခြားလုပ်နိုင်တဲ့နည်းလမ်းတွေ
ရလာတတ်သလို အချို့သော စာတတ်ပေတတ်လူလည်များက နည်းပေးလမ်းပြလုပ်လို့
ဆောင်ရွက်ရာကနေ လာဘ်စားမူ့တွေဖြစ်လာတယ်ဆိုတာကလဲ အမှန်တရားတစ်ခုပါဘဲ။
နောက်အမူ့ကိစ္စတစ်ခုရယ်လို့ မလွှဲမရှောင်သာလို့ဖြစ်ခဲ့ရင်လဲ နည်းမှန်လမ်းမှန်မဖြေရှင်းဘဲ
ကိုယ့်ဘက်က မှားနေတာတောင်မှ အသာစီးရချင်တာတို့
နည်းမှန်လမ်းမှန်နဲ့ အမူ့ကိုရင်မဆိုင်ချင်တာ တွေကြောင့်လဲ လာဘ်စားမူ့တွေပေါ်လာတယ်လဲဆိုနိုင်ပါတယ်။
ကိစ္စတစ်စုံတရာပေါ်လို့များ ဖြေရှင်းရမယ်ဆိုရင် အပြင်မှာညှိဘို့ကြိုးစားတဲ့အပြင်မတရားသောနည်းလမ်းနဲ့
အနိုင်ရဘို့အတွက် ဟိုလူ့ကပ် ဒီလူ့ကပ် လုပ်တော့လဲ စားကျက်ထွင်ပေးသလိုဖြစ်သွားပြန်ပါတယ်။
ဒီလိုကိစ္စမျိုးပေါ်ပေါက်တဲ့အခါမှာ မှန်မှန်ကန်ကန်ဆောင်ရွက်ချင်စိတ်ရှိတဲ့ဝန်ထမ်းများလဲ
အများကြီးရှိပါတယ်။
ဘယ်အမူ့ကိစ္စမဆို စည်းကမ်းအတိုင်းဘဲလုပ်မယ် မှန်တဲ့ဘက်ကဘဲနေမယ်ဆိုတဲ့ဝန်ထမ်းများလည်း
ရှိတယ်ဆိုတာ အသေအချာပါဘဲ။
အဲဒီအခါမှာ လာဘ်ပေးချင်သူနဲ့လာဘ်မယူချင်သူတဲ့ဝန်ထမ်း အကြားမှာ ပြဿနာတက်ပါတော့တယ်။
ဝန်ထမ်းက ရစ်တယ် ခွေတယ် ပညာပြတယ် ကိုယ်ချင်းစာတရားမရှိဘူးလို့ လူတွေက ပြစ်ချက်တွေ
တင်ပါတော့တယ်။
လူအတော်တော်များများက လာဘ်စားတာကိုမနှစ်သက်ဘူး ဆန့်ကျင်တယ်လို့ပြောကြပေမယ့်
ကို်ယ်တိုင် အမူ့အခင်းကြုံတဲ့အချိန်မှာ ဝန်ထမ်းက လာဘ်မစားဘဲအမှန်အတိုင်းဆောင်ရွက်မယ်
ဆိုရင်တော့လဲ လက်မခံနိုင်ကြပြန်ပါဘူး။
ကိစ္စတစ်ခုအတွက်ညှိနိုင်းတာလက်မခံဘူး အမှန်အတိုင်းဘဲလုပ်တယ်ဆိုတဲ့လူများကိုတော့
“ပါးစပ် မပါဘူးလား” လို့မေးခွန်းထုတ်ကြပြန်ပါတယ်။
တကယ်တမ်းတော့လာဘ်စားမူ့လျှော့နည်းပပျောက်ဘို့ဆိုတာ ဝန်ထမ်းတွေကို
စားဝတ်နေရေးပြည့်စုံလုံလောက်အောင်လုပ်ပေးနေရုံလေးနဲ့ တင်ပြီးသွားမယ်မထင်ပါဘူး။
လူဆိုတာ လောဘနဲ့တည်ဆောက်ဖွဲ့စည်းတည်ဆောက်ထားသူဖြစ်လို့ပါဘဲ။
လစာနည်းလို့ လာဘ်ယူရပါတယ်ဆိုတာလဲ မှန်ကန်တဲ့အဖြေမဟုတ်ပါဘူး။
ကျနော်အမြင်အရပြောမယ်ဆိုရင်တော့လာဘ်ပေးလာဘ်ယူလျော့နည်းဘို့ ပပျောက်ဘို့ဆိုတာ
အားလုံးက ပူးပေါင်းဆောင်ရွက်မှ အောင်မြင်နိုင်မယ်လို့ ယူဆပါတယ်။
လုပ်ငန်းဆောင်တာတစ်ခုပေါ်ပေါက်လာခဲ့ရင် ဝန်ထမ်းတွေကလဲ လုပ်သင့်လုပ်ထိုက်တာကို
လုပ်မပေးဘဲ ဘောင်အတွင်းကနေလွယ်ကူချောမောအောင်လုပ်မပေးဘဲ ရစ်မနေသင့်သလို
တတ်နိုင်သမျှမြန်မြန်ဆန်ဆန်ပြီးအောင်ကိုယ်ချင်းစာတရားထားလို့ ဆောင်ရွက်ပေးသင့်ပါတယ်။
လိုအပ်သူဘက်ကလဲ အမှန်တကယ်လိုအပ်တဲ့စာရွက်စာတမ်းအထောက်အထားကို ပြည့်စုံအောင်ဆောင်ရွက်သင့်သလို အချိန်ကာလတစ်ခုထိလုပ်ငန်းဆောင်ရွက်ချိန်ပြီးစီးအောင်စောင့်သင့်ပါတယ်။
အများနည်းတူမစောင့်ဘဲ လက်ဆောင်ဒါမှမဟုတ်ငွေပေးလို့ အမြန်ရချင်တာမျိုးကိုရှောင်ကြဉ်ရမယ်လို့ထင်ပါတယ်။
အားလုံးက လုပ်ထုံးလုပ်နည်းအတိုင်း စောင့်နေချိန်မှာ လုပ်ပိုင်ခွင့်ရှိသူကလဲ အခွင့်အရေးမယူသင့်ပါဘူး။
ဥပမာပေးရရင် လူတိုင်းက နေပူထဲမှာ ဓါတ်ဆီလေးတစ်ဂါလံရဘို့စောင့်နေချိန်မှာအများနည်းတူတန်းမစီဘဲ
ကြားဖြတ်ဝင်တာမျုးိ။
ဘဏ်မှာငွေသွင်းငွေထုတ်လုပ်ဘို့ အားလုံးကတန်းစီနေချိန်မှာ ကောင်တာရှေ့သွားပြီးကြားဖြတ်လုပ်လိုက်တာမျိုးပေါ့။
အသိအကျွမ်းရှိသူလုပ်ပိုင်ခွင့်ရှိသူက ဒီလိုအခွင့်အရေးယူလိုက်တော့ ငွေတတ်နိုင်သူကလဲ ဝန်ထမ်းကိုငွေပေးပြီး
မြန်အောင်လုပ်မှာကတော့အသေအချာပါဘဲ။
ဒါမျုးိတွေရှိနေသေးသမျှတော့ အရင်အတိုင်းဘဲရှိနေအုံးမယ်ထင်ပါတယ်။
အခုအချိန်မှာတော့ လာဘ်စားတဲ့ကိစ္စဆိုတာ နေရာမရွေး ရှိနေတဲ့ ဗိုင်းရပ်လိုပါဘဲ။
မြန်မြန်ပြီးမြောက်ချင်လို့လာဘ်ထိုးတယ်၊
အလုပ်ရချင်လို့လာဘ်ထိုးတယ်၊
အလုပ်မှာနေရာကောင်းရချင်လို့……………………..
ကောင်းသောမြို့ကိုပြောင်းချင်လို့…………………………..
ပစ္စည်းဝယ်ယူခွင့်ရချင်လို့……………………………
စာမေးပွဲအောင်ချင်လို့…့……………………………
အမှတ်ကောင်းကောင်းရချင်လို့……………………………
ဆိုတဲ့ချင်လို့ ပေါင်းများစွာကနေလာဘ်ပေးလာဘ်ယူကိစ္စတွေရှိနေအုံးမှာပါဘဲ။
အားလုံးကသာ တကိုယ်ကောင်းစိတ်ဓါတ်တွေ အတ္တကြီးတာတွေ အခွင့်အရေးယူချင်တာတွေ
လျော့အောင်လုပ်မှသာ ဒီလာဘ်လာဘ်ယူကိစ္စကလည်းလျော့နည်းလာမယ်လို့ယုံကြည်ပါတယ်။
ဒါေတွေကိုသာမရှောင်နိုင်သေးရင်တော့ ကလေးတွေဆိုနေကြတဲ့ သီချင်းလေးလို
ကြီးကြီးလာ သေးသေးလာ ကြီးကြီးသေးသေးလာ…………………………ဆိုတဲ့သီချင်းလေးကိုဆိုပြီး
စောင့်နေကြအုံးမယ်လို့ထင်ပါတယ်။
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
(11-6-2011)
15 comments
padonmar
June 11, 2011 at 4:28 pm
အစိုးရရုံးတို့ ဘဏ်တို့ အကောက်ခွန်တို့မှာ ပေးရတဲ့ နှုန်းတွေတောင် တရားမဝင် သတ်မှတ်ထားပါတယ်။
၁၀၀ဝ ပေးရမယ့်နေရာ ၅၀ဝ ပေးမိရင် ကိုယ့်ကိစ္စကို ခေါက်ထားပါတယ်။
kai
June 11, 2011 at 6:05 pm
မီဒီယာ-စာနယ်ဇင်းလောကဖွံ ့ဖြိုးလာတာနဲ့အမျှ… လာဘ်ပေးယူတာတွေ.. နည်းသွားမယ်ထင်တာပါပဲ..။
ဆိုတော့…
ငွေတောင်းတယ်…အသံသွင်းပြီး..မီဒီယာပေါ်တင်..။
ငွေပေးတယ်.. ဓါတ်ပုံရိုက်ပြီး… ဂျာနယ်ထဲထည့်..။
အဲဒါမျိုးတွေ… များများလုပ်ကြဖို့လိုလိမ့်မယ်…။
ဥပဒေပြုသူ-လွှတ်တော်အမတ်တွေကလည်း.. မီဒီယာ-စာနယ်ဇင်းလောကကို အထောက်အကူပြုပြီး… အစိုးရကိုရော.. ဝန်ထမ်းတွေရော.. စစ်ဆေးရေးဝင်တာတွေ.. ကော်မရှင်ဖွဲ ့စစ်ဆေးတာတွေ… ထောက်ပြပြောတာတွေလုပ်ပေးကြဖို့တော့လိုလိမ့်မယ်..။
shweminthar
June 12, 2011 at 2:45 pm
အခုတောင် ဒီမှာ ဆရာဝန် ကိစ္စနဲ့ ပါတ်သတ်ပြီး သတင်းကြီးနေတယ်။
မီဒီယာက လဲ ရေး ဆရာဝန်က လဲ ကြေငြာချက်ထုတ်…. နဲ့
nozomi
June 11, 2011 at 8:40 pm
စီးပွားရေး သမားတွေ ဝင်ထွက်နေရတဲ့ ရုံးတစ်ခုမှာ ဝန်ထမ်းတွေကို ပေးကမ်းရတာများတယ် ဆိုတဲ့အသံတွေထွက်လာတော့ ဝန်ကြီးက စီစီတီဗီ တပ်ပြီးကြည့်တယ် အစတော့ ဝန်ထမ်းတွေ မလှုပ်ရဲဘူး နဲနဲကြာတော့ သူတို့ဆီတင်ရတဲ့စာတွေကြားထဲ စာအိတ်လေးတွေ ညပ်ပါလာရတယ် စာအိတ်မပါလာရင်တော့…………
အဖြေမှန် ရအောင် ဘက်စုံထောင့်စုံကစဉ်းစာအဖြေရှာမှ ရမှာ မဟုတ်လို့ကတော့ ဦးနင်းပဲ့ထောင် ဖြစ်နေမှာပဲ
bigcat
June 11, 2011 at 10:49 pm
လာဘ်စားတာနဲ့ မျက်နှာသာပေးတာ နှစ်ခုစလုံး မူမမှန်ပေမယ့် အလေးအပေါ့ ကွာပါတယ်။ လာဘ်စားတာက ရာဇဝတ်မှုမြောက်ပြီး မျက်နှာသာပေးတာကတော့ ကျင့်ဝတ်စည်းကမ်းနဲ့ ပိုဆိုင်မယ်ထင်တယ်။ တိုင်းပြည်ချမ်းသာကြွယ်ဝပြီး စည်းစနစ်ကျလာရင် အထက်ကပြောတဲ့ အကျင့်ပျက်ချစားမှုတွေဟာ နဲပါးသွားပါမယ်။ လူတိုင်းကို လုံလောက်ဝင်ငွေရှိအောင် လုပ်ပေးထားနိုင်တဲ့အခါ၊ ရှိသင့်တဲ့ လူမှုဖူလုံစရိတ် အထောက်အပံ့တွေ ထားပေးနိုင်တဲ့အခါ၊ အရည်အချင်းနဲ့အလုပ်အကိုင် တွဲဖက်မိအောင် ဖေါ်ဆောင်ပေးနိုင်တဲ့အခါတွေမှာ လာဘ်ပေးလာဘ်ယူဆိုတာ အတော်ရှားသွားမှာပါ။ လူတိုင်းမှာရှိတဲ့အတ္တကို အရည်အချင်း၊ အဆင့်အတန်း စတာတွေနဲ့ တွဲဖက်ပေးလိုက်ရင် ငါဆိုတဲ့ မာန်မာန၊ သိက္ခာဖြစ်သွားပါတယ်။ တော်ရုံတန်ရုံနဲ့ ပိုက်ဆံမတောင်းတော့ပါဘူး။ ရှက်ရ၊ ကြောက်ရ၊ နာရကောင်းမှန်း သိလာပါတယ်။ ဥပမာ ယူအက်စ်မှာ ရဲတယောက် တနှစ်ကို ငါးသောင်းကျော် ခြောက်သောင်းနီးပါး ရပါတယ်။ (စဝင်ဝင်ချင်း ၂ နှစ်လောက်တော့ သုံးသောင်းကျော်လေးသောင်း)။ အဆင့်ဆင့်တက်သွားလိုက်တာ ပင်စင်ယူတဲ့အခါ တသိန်းကျော်သွားပါပြီ။ ပင်စင်လခကလည်း သူရတဲ့ နောက်ဆုံးလစာရဲ့ တဝက်ခံစားခွင့် ရှိပါတယ်။ ပေးစကေးကောင်းသလို ဝင်ခွင့်လည်း ခက်ပါတယ်။ ကောလိပ်ပညာရေးရှိရမယ်၊ သင်တန်းမှာ ဥပဒေပညာရပ်တွေပါ သင်ရမယ်၊ အများနဲ့ဝင်ခွင့်အတွက်လည် ပြိုင်လျောက်ရပါတယ်။ ဒီတော့ သူတို့မှာ မာန်အပြည့်ရှိပါတယ်။ အစိုးရဝန်ထမ်းများလည်း အလားတူပါပဲ၊ သူ့အဆင့်နဲ့သူ ထိုက်တန်သလောက်ပေးထားတော့ လူတွေကို ငိုအောင်ရယ်အောင်လုပ်ပြီး စားဖို့ စိတ်မဝင်စားပါဘူး။ စိတ်ဝင်စားမဲစား အချောင်ခိုဖို့၊ အလုပ်မများဖို့ဘဲ ဖြစ်ပါမယ်။ မျက်နှာသာပေးမှုကတော့ လုပ်ပိုင်ခွင့်ဘောင်ထဲက ပေးတာဖြစ်လို့ ထိန်းရအတော်ခက်ပါတယ်။ ရဲလစာ ဘယ်လောက်ကောင်းကောင်း သူငယ်ချင်းကား စည်းကမ်းဖောက်တာ ဖမ်းချင်မှဖမ်းမှာပေါ့။ ဒါပေမယ့် အလုပ်အကိုင်၊ အခွင့်အလမ်း စတာတွေမှာ ပေါပေါများများ ဖန်တီးပေးထားရင် တော်ရုံတန်ရုံလူက သူများထံ အောက်ကျို့ခယမှာ မဟုတ်ပါဘူး။ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက် စတာတွေကိုလည်း နှလုံးသားခံစားမှုရှိတဲ့လူထက် ဥနှောက်တွက်ချက်မှုသာရှိတဲ့ကွန်ပြူတာကို ပို၍ အားပြုခြင်းဖြင့်လည်း အခြေအနေကို ထိန်းကြပါတယ်။
ဒီတော့ မချမ်းသာသ၍၊ ချမ်းသာလည်း စည်းကမ်းမရှိသ၍ ကတော့ ဘယ်သူတွေ ဘာပဲပြောပြော ပိုးသာကုန် မောင်ပုံစောင်းမတတ် ဖြစ်ပါလိမ့်မည် ဦးလေးပေါက် ခင်ဗျား။
antimoe
June 12, 2011 at 7:39 am
ပြည်ထောင်စုသစ်မှာ…..သမ္မတကြီးရဲ့….လမ်းညွှန်မှုကြောင့်
………
လာဘ်ပေး…..လာဘ်ယူ…ဆိုတာ…မရှိတော့ပါဘူး။
……..
လာဘ်ထိုး……လာဘ်ပေါ…..ဆိုတာပဲ….ရှိတော့တာပါ။
char too lan
June 12, 2011 at 7:55 am
မမှန်တဲ့သူအချင်းချင်းက စတဲ့ဟာပဲနေမှာ နောက်တော့
အကုန်လုံးက မမှန်တဲ့သူတွေဖြစ်ကုန်ရော………
fatty
June 12, 2011 at 8:08 am
ဟိုတန့က ကိုယ့်စာရွက် ညွှန်မှုးအခန်းထဲရောက်သွားပြိဆိုလို့ ရချိန်နီးပြီဘဲ ဆိုပြီး ထိုင်စောင့်မလို့လုပ်တုန်း
ညွှန်မှုး အရေးပေါ် အစည်းအဝေးခန်းထဲဝင်သွားလို့တဲ့ .. အစည်းအဝေးက ဘယ်အချိန်ပြီးမလဲမပြောနိုင်
ပါဘူးတဲ့ဗျာ ..။ ထုံးစ့အတိုင်းပေါ့ PSO ကို ၃ ရွက်လောက်ပေးလိုက်ရတယ်။ ကျနော့စာရွက်ကိုယူပြီး
အစီးအဝေးခန်းထဲထိ လိုက်ပြီး လက်မှတ်ထိုးပေးတယ် ..။ အဲဒိလက်မှတ်ရမှ စာရွက်ကို နေပြည်တော်
ထွက်မဲ့ကားနဲ့အချိန်မီထည့်ပေး ရမှာကိုး ..။ အဲဒီနေ့ ကသာမရရင် နေပြည်တော်က အစီးအဝေးမှာ
အချိန်မီမတင်နိုင်ရင် နောက်တစ်ပတ် နောက်ကျတော့မယ် …။
တညင်သား
June 12, 2011 at 10:36 am
” လူအတော်တော်များများက လာဘ်စားတာကိုမနှစ်သက်ဘူး ဆန့်ကျင်တယ်လို့ပြောကြပေမယ့်
ကို်ယ်တိုင် အမူ့အခင်းကြုံတဲ့အချိန်မှာ ဝန်ထမ်းက လာဘ်မစားဘဲအမှန်အတိုင်းဆောင်ရွက်မယ်
ဆိုရင်တော့လဲ လက်မခံနိုင်ကြပြန်ပါဘူး။…”
ဒီစာသားလေး ကို ကြိုက်တယ်……………
manawphyulay
June 12, 2011 at 1:21 pm
ကိုအောင်မောင်းထုတ်တဲ့စာအုပ်တွေတော့ ဖတ်ရတယ်သိလား လေးပေါက်ရဲ့ကိုအောင်မောင်းလားဟင်…
ကိုပေါက်(မန္တလေး)
June 12, 2011 at 3:28 pm
စာအုပ်ထုတ်တဲ့သူက ကျွန်နော်မဟုတ်ပါဘူး။
အောင်မောင်းဆိုတာက ကျနော့် စာထဲက ဇာတ်ကောင်တစ်ကောင်ပါ။
ကျွန်တော် ကိုပေါက်(မန္တလေး) ကလောင်နာမည်တစ်ခုထဲနဲ့ဘဲရေးမှာပါ။
unclegyi1974
June 12, 2011 at 4:21 pm
မှတ်ပုံတင်ရုံးသွားမှတ်ပုံတင်လုပ်ပါတယ်
ဝန်ထမ်းကလုပ်စရာရှိတာအကုန်သူ့ဘာသာသူ
လုပ်သွားတယ်ပိုက်ဆံတပြားမှမတောင်းဖူး
စီးကရက်ဘူးလေးပေးတာတောင်စားပွဲပေါ်တင်ပေးတာ
စာရွက်ကလေးနဲ့ကဗျာကယာအုပ်လို့
ကိုယ်တွေ့နော်
l0ng l0ng a g0
maythakhin
June 12, 2011 at 5:17 pm
မီဒီယာ-စာနယ်ဇင်းလောကလည်း တိတိကျကျ ယုတ်တိရှိတဲ့ စာတွေ အချက်အလက်တွေနဲ့တင်ပြပေးဖို့တော့လိုတာပေါ့။ တချို့ မဟုတ်ပဲနဲ့ ကိုယ့်ရဲ့ ကိုယ်ကျိုးကိစတွေအတွက် စာနယ်ဇင်းတွေ အင်တာနက်တွေပေါ် တဆိတ်ရှိ စာတင်လိုက်နဲ့ တကယ်စစ်တော့ မဟုတ်ဘဲ လူမှုရေးမုန်းတီးမှုတွေပါနေ၊နောက်တခါ တမျိုးထပ်တိုင် လာစစ်လိုက်ရင် ထူးမခြားနား ၊တစ်ခါကနှစ်ခါဆိုတော့ ဘယ်သူက အလေးထားတော့မလဲ။ ခွေးဟောင်တိုင်းထမကြည့်ဘူး အိပ်ရေးပျက်တယ်ဆိုတဲ့ ဒီဇိုင်းတွေဖြစ်လာတာပေါ့.။ တကယ့်ကို လုပ်ချင်ရင် ပစ်စာမဟုတ်ဘဲ တိတိကျကျ ငြင်းလို့မရအောင်တိုင် ( တချို့က တိုင်စာတွေမှာ အပိုတွေထည့်ကြတယ်လေ ) တကယ်ဟုတ်သည်ထားဦး အဲဒီအပိုကြောင့် ဖတ်ရတဲ့သူမှာ မဖြစ်နိုင်ဘူး ဒါလုပ်ကြံတာလို့ တွေးသွားနိုင်တယ်) ဒါကြောင့် အပိုအလိုမရှိတိတိကျကျ မှန်မှန်ကန်ကန်တိုင်ကြားနိုင် တင်ပြနိုင်တယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။ စာဖတ်ပရိတ်သတ် လည်းစာကိုဖတ်ကြည့်ရင်သိနိုင်တာဘဲ။ ဒါသည် ဖြစ်နိုင်၏ မဖြစ်နိုင်၏ဆိုတာကို။ ဒါကြောင့် ” ကလောင်သွားထက်တယ်” လို့ပြောကြတယ်။အဓိက ကတော့ တိုင်စာတွေ။တင်ပြစာတွေဟာ မှန်ကန်ဖို့ရယ်၊မုန်းတီးမှုမပါဖို့ရယ် တော့လိုတယ်လေ
တကယ်အမှုကို ကျူးလွန်ထားတဲ့ ဝန်ထမ်းတွေကို သေသေချာချာအရေးယူတာတွေ့ဖူးတယ်။
MaMa
June 13, 2011 at 12:48 am
unclegyi ရဲ့ long long ago ကို အားကျလို့ ပြောရဦးမယ်။ အဖေသူငယ်ချင်းက သူ့သားကို မှတ်ပုံတင်သွားလုပ်တော့ အရာရှိကို တခါတည်း ငွေပါပေးလိုက်တယ်။ အရာရှိက ခင်ဗျား မိုက်ရိုင်းလှချည်လားလို့ ပြောတယ်။ အဖေက မှတ်ပုံတင်လုပ်ပြီးမှ လက်ဆောင်သွားပေးတယ်။ မလိုပါဘူးလို့ ပြောတယ်။ အဖေက ကျေးဇူးတင်လို့ပါလို ့ပြောတော့ အဲဒီအရာရှိနဲ့ ခုချိန်ထိ ဆွေတွေ မျိုးတွေလို ဖြစ်သွားကြတယ်။
ကိုပေါက်(မန္တလေး)
June 13, 2011 at 12:38 pm
maythakhinရေ
ကျနော်တို့မြန်မာလူမျုးိတွေက အားနာတတ်ပါတယ်။
ကိစ္စတစ်ခုပေါ်လိုက်တဲ့ အခါမှ ကိုယ်ကြောင့်သူများထမင်းအိုးကွဲမှာစိုးတယ်
ဆိုတဲ့အတွေးဝင်လာရယ် ဆက်မလုပ်ကြတော့ပါဘူး။
ဒါကြောင့်အတိအကျမပြောကျတာပါ။