ကျလည်း ကျပ (၁) အမှန်ပါ
ကျွန်တော်ဟာ ရန်ကုန်ကနေပြီး ဖျာပုံမှာ သွားရောက် တာဝန်ထမ်းဆောင်နေရတဲ့ ဝန်ထမ်းတစ်ဦးပါ။
ယနေ့ခေတ်အနေအထားကို နားလည်ပြီး ဈေးနှုန်း ငွေအကြွေပြသနာ စသည် ကိုနားလည်လက်ခံ စိတ်ရှည်တတ်အောင် ကျိုးစား ကျင့်ကြံနေတဲ့ ပြည်သူထဲကပြည်သူပါ။ ဒါပေမဲ့ တွေ့ခဲ့ရတဲ့ အလွဲလေးတွေ အမှတ်မထင် ရင်ထဲ ကလိသွားတာလေးတွေကို ကြိတ်ရီပြီး ဘော်ဘော်တို့လည်း ပြုံးနိုင်အောင် ပြန်လည်ဝေမျှပေးတာပါ။
ဖျာပုံကို ရန်ကုန်အိမ်ကသွားရင် ဘုရင့်နောင်လမ်းမကြီး ရေကြောင်းမှတ်တိုင်(ကမ်းနားလမ်း)ကနေပြီး (၁၉၉)ကားကို စီးရပါတယ်။ (အထူးကားမတတ်နိုင်လို့ပါ) ပန်းဆိုးတန်း(ဆုူးလေအထိ)တစ်ရာကျပ်ပေါ့။
ဒါပေမဲ့
ထုံးစံအတိုင်းပါပဲ တစ်ရာကျပ်တန်က ရှားတယ်လေ။
နှစ်ရာကျပ်တန်ပဲ ထုပ်ပေးရတာပေါ့။ ကိုယ့်မှာ မပါသလို ကိုစပါယ်ရာကလည်း ဘယ်တော့မှ ပါတယ်လို့ ပြန်အမ်းတယ်လို့ ရှောရှောရှုရှု ပြန်မအမ်းဘူးပါဘူး။
တစ်ချို့ တစ်လေတော့လဲပြန်အမ်းပါတယ်။ တစ်ချို့တစ်လေတော့လည်း ပြန်ဆင်းကာနီး တောင်းရတာပေါ့။
ပြန်အမ်းတဲ့ အခါပြန်ရသလို ပြန်မအမ်းလို့ မရတာကများပါတယ်။
ကြေနပ်ပါတယ်။
၂၁ ရာစု မြန်မာနိုင်ငံသားပဲ။
ဒါပေမဲ့ တစ်နေ့
အဲဒီ(၁၉၉)ကားပေါ်မှာပါ စပါယ်ရာက ကားခလာတောင်းပါတယ်။ ကျွန်တော်ကလည်း တစ်ရာတန်မပါလို့ နှစ်ရာတန်ကို ထုတ်ပေးပါတယ်။ ကိုစပါယ်ရာက တစ်ရာတန်ပါသလား မေးပါတယ်။ ကျွန်တော်ကလည်း မပါကြောင်းပြောတော့ သူက အကြွေမရှိလို့ နောက်မှပြန်အမ်းမယ် ပြောပါတယ်။
အဲဒီအခါ ကျွန်တော်က
နှစ်ရာတန်ဆိုတော့ သူဆွဲကိုယ်ဆွဲပါပဲ မင်းဆွဲတာများပြီ ဒီတစ်ခါတော့ ငါပဲ ဆွဲမယ် နောက်တစ်ခေါက်မှ မင်းပဲဆွဲတော့ကွာ
ဆိုပြီး အဲဒီနှစ်ရာတန်ကို ခပ်တင်းတင်းပဲ ပြန်ဆွဲယူထားလိုက်ပါတယ်။
ကားပေါ်ပါသူတွေ ဝိုင်းကြည့်ကြပါတယ်။
သူတို့နားလည်မှာပါ
ဒါပေမဲ့ နားမလည်စွာ မကျေနပ်စွာ မကြည်ဖြူစွာ ကြည့်နေတဲ့ စပါယ်ရာရဲ့ မျက်နှာကို လူကြီးမင်းတို့ မြင်စေခြင်ပါတယ်
အော်………….. ကျလဲကျပ။
နောက်တစ်ခုက
ပန်းဆိုးတန်းကနေ ဒလကမ်းကို ကူးတို့သင်္ဘောနဲ့ကူးရပါတယ်။
နိုင်ငံတော်ရဲ့စေတနာပါ
မနက်ငါးနာရီက ညနေ ကိုးနာရီထိ ပြည်သူပြည်သားတွေ အဆင်ပြေခြောမွေ့စေဘို့ မိနစ်(၂၀) ကို တစ်စီးနှုန်းကူးတို့ ပို့ပေးပါတယ်။ လူတစ်ယောက်ကို အသွားဒါမှမဟုတ် အပြန်ကိုမှ တစ်ဆယ်ကျပ်ထဲပါ။ လက်မှတ်မှာ ရေးထားပါတယ်။
ဝန်ထမ်းလိုမျိုး အမြဲသွားလာနေသူမျိူးဆို လပေးလက်မှတ်ရှိဆိုပဲ ပိုသက်သာမှာပါ။
ခုခေတ် ငွေကြေးဈေးနှုန်းနဲ့ ဘယ်နေရာငွေတစ်ဆယ်နဲ့ ဘာလုပ် ဘာဝယ်လို့ရမှာလဲ။
မောင်မင်းကြီးသား အစိုးရမင်းများ ကြန်းမာချမ်းသာ စိတ်ကောင်းရှိကြပါစေ။ နိုင်ငံတော်ရဲ့တကယ့်စေတနာပါ။
အဲဒီကူးတို့ကို ကူးဘို့ နားနေခန်းရှိပါတယ်။ ကူးတို့မဆိုက်သေးခင် အဲဒီနားနေခန်းဘက်ကိုဝင် ဝင်ဝင်ခြင်းလက်မှတ်ပေါက်မှာ လက်မှတ်ဝယ် ပြီးရင် နားနေခန်းမှာ နားနားနေနေနေ ကူးတို့ကပ်မှ ကူးတို့ပေါ်ပါသူတွေ ဆင်းပြီးမှ နားနေခန်းကို ဖွင့်ပေးပြီး ကူးတို့ပေါ်တက်ရပါတယ်။
ကိုယ်ရောက်ချိန် ကူးတို့ကပ်ပြီး လူတင်နေချိန်ဆိုရင် နားနေခန်းဘက်က မဝင်ပဲ ဘယ်လိုခေါ်မလဲ(စင်္ကြန်။ ကုန်းပေါင်ပေါက်)က တန်းဝင်လို့လဲ ရပါတယ်။
ဘယ်ကဝင်ဝင်ပါ ကူးတို့က လက်မှတ်ကအကြွေရှိရင် တစ်ဆယ်ကျပ်ပဲပေး။ လက်မှတ်ခက တစ်ဆယ်ထဲပါ။
(ကျွန်တော်တော့ တစ်ခါမှ တစ်ဆယ်တိမပေးခဲ့ဘူးဘူးထင်တယ်။ ပေးရမှာကို ကိုယ်ကိုတိုင်က အားနာနေသလိုပဲ။ ကျွန်တော်တို့ကိုယ်တိုင် ကိုယ်စွမ်းကိုယ်စ ကျနေတာလား)
အကြွေမပါလို့ကတော့ တစ်ရာတန်ဆို အနဲဆုံး ငါးဆယ်ပဲပြန်အမ်းမယ်။
နှစ်ရာတန်ဆို တစ်ရာ၊ ဒါမှမဟုတ်စေတနာရှိရင် တစ်ရာ့ငါးဆယ်ပေါ့ပြန်အမ်းမယ်။
ငါးရာတန်ဆို…….
လက်ခံနေကြရပါတယ်။ ခေတ်… အကြွေပြသနာ
ပြီးတော့ ဈေးနှုန်းကလည်း အရမ်းသက်သာနေတာကိုး…….
ဒါပေမဲ့ တစ်နေ့ ကျွန်တော် အဲဒီစင်္ကြန်ပေါက်ကဝင်တော့ လူနှစ်ယောက်ထုံးစံအတိုင်းစောင့်နေတယ်။
ထုံးစံအတိုင်းပဲ လက်မှတ်လည်းမပေးပဲ ပိုက်ဆံသိမ်းနေတယ်။ သူတို့ရှေ့မှာလည်း ငွေပြန်အမ်းဘို့ အကြွေလေးတွေ (အကြွေဆိုလို့တခြားမထင်နဲ့ ငွေစက္ကူပါပဲ) အသင့်ချလို့ပေါ့။
ကျွန်တော်လည်း အကြွေမရှိလို့ နှစ်ရာတန်ပဲပါလို့ ထုတ်ပေးလိုက်ပါတယ်။ ပြန်အမ်းပါတယ်
တစ်ရာ့ငါးဆယ်ကျပ်ပါ။
ဒါနဲ့ ကျွန်တော်လည်း သူတို့ရှေ့က အကြွေပုံထဲ လက်လှမ်းပြီး နှစ်ဆယ်တန်တစ်ရွက်ပါပဲ ရှာပြီး ကောက်ယူပြီးထွက်လာလိုက်ပါတယ်။
သူတို့တွေ
တော်တော်အံ့ဩသွားကြပါတယ်
နောက်ပြီး လိုက်ပဲဆွဲမလိုလို လိုက်ပဲလုမလိုလို……………………….
ကျွန်တော် သူတို့ကို ပေးခဲ့ပါတယ်။
ပိုတောင်ပေးခဲ့ပါတယ်။ တစ်ဆယ်တန်လမ်းကို သုံးဆယ်ပေးခဲ့တာပါ။
ဘယ်လို ခေတ်ကြီးလည်းဗျာ…….
ကျလည်းကျပ။
2 comments
Yan Shin
June 17, 2011 at 3:56 am
အားလုံးပဲ အနှောင့်အယှက်ဖြစ်ရင်တောင်းပန်ပါတယ်။
ကျလည်းကျပ(၁) ကိုတင်ရတာ အဆင်မပြေဘူးဖြစ်သွားတယ်။ ကွန်ပဲမကောင်းတာလား ကျွန်တော့် STICK ထဲကကူးပို့တာဆိုတော့ VIRUS ပါလို့ပဲလားမသိဘူး အဆင်မပြေဘူးဖြစ်နေတယ်။
ညက တင်တာ စိတ်မချလို့ ခုမနက်လာဖွင့်ကြည့်တော့ အဆင်မပြေဘူးဖြစ်နေလို့ ထပ်တင်လိုက်တာပါ။
အဲလို အဆင်မပြေလို့ ပြန်ဖျက်ခြင်ရင် ဘယ်လိုလုပ်ရလဲ
ပြီးတော့ ကူးတို့ခ ဓါတ်ပုံလေးလဲ တွဲတင်ခြင်တာဗျ။ ဘယ်လိုလုပ်ရလဲ။
သိပ်မတတ်လို့ပါ။ သီးခံပေးကြပါခင်ဗျား။
ကျွန်တော့်မေးကို ပေးပို့ သင်ကြားပေးကြပါခင်ဗျား။
etone
June 17, 2011 at 5:22 am
ကားစပယ်ယာကို ဒါမျိုးလေး လုပ်ပေးဦးမှပါပဲ … မဟုတ်လျှင် သူတို့က နာတယ်ကို မရှိဘူး ..။
ဘူတာကြီး ဝင်ခလည်း တယောက် 10 ပဲနော်.. ရထားစီးလည်း 10ပဲ ။ တန်လွန်းလို့ မြို့ပတ်စီးဦးမလား… တန်လွန်းလို့ ခေါင်းမူးသွားဦးမယ် … ။ အညစ်ကြေးနံ့တွေ နံပြီး ဂျပိုးထိုးတာက လွဲလျှင်ပေါ့ … ။