ကျွန်တော့်ကမ္ဘာရဲ့မျက်ရည်စတွေ
“ကျွန်တော့်ကမ္ဘာရဲ့မျက်ရည်စတွေ”
(၁)
ထင်မှတ် မထားတဲ့ တစ်ရက်မှာ ကျွန်တော့် အဖေ နယ်က ပြန်လာ ပါတယ်။ အဖေ ပြန်လာတဲ့ အချိန်မှာ ကျွန်တော်က ရုံးတက် နေခဲ့တယ်။ အဖေ ရောက်ရောက်ချင်း မသိလိုက်ဘူး။ ည ၈ နာရီလောက် အိမ်ပြန် ရောက်မှ အဖေနဲ့ ဆုံတယ်။ မတွေ့တာ ကြာပြီ ဖြစ်တဲ့ သားကို ဖက်လှဲ တကင်း နှုတ်ဆက် ပါတယ်။ ဒါပေမယ့် အဖေ့ မျက်လုံး ထဲမှာ ကျွန်တော့်ကို တွေ့ရလို့ ဝမ်းသာတဲ့ အရိပ်အယောင် တွေအပြင် ရုတ်တရက် ကျနော် ဝေခွဲ မရနိုင်တဲ့ အရိပ် တစ်မျိုး မြင်လိုက် ရတယ်။ အဖေ ဘာဖြစ် နေတာလဲ …. အဖေ့ မျက်နှာ သိပ်မကောင်း တာတော့ ကျွန်တော် ရိပ်မိတယ်။
(၂)
“သူ ငိုတယ်…. အခေါက်ခေါက်ပြန်ကြည့်ပြီး အခေါက်ခေါက် ငိုနေခဲ့တာ”
ကျွန်တော် ထမင်းစားတဲ့ အချိန်မှာ အမေ လာပြောနေတဲ့ စကား တွေက ကျွန်တော့်ကို ချက်ခြင်း ရင်ပြည့်သွား စေခဲ့တယ်။ အဖေ ငိုတယ်တဲ့။ ကျွန်တော့်ကြောင့် အဖေ ငိုတာတဲ့။ ကျွန်တော့် ကဗျာကို အခေါက်ခေါက် ဖတ်ပြီး အခေါက်ခေါက် ငိုနေ ခဲ့တာတဲ့။ အဖေရယ် …….။
ဟိုတလောက “အဖေနေ့အထိမ်းအမှတ်ကဗျာပြိုင်ပွဲ” တစ်ခု Mysuboo က ကျင်းပပေး ပါတယ်။ “အဲဒီ.. ဖေဖေ တည်ခဲ့တဲ့ ကမ္ဘာ” ဆိုတဲ့ ကဗျာလေး ကျွန်တော် ဝင်ပြိုင် ဖြစ်တယ်။ ဒုတိယဆု ရတယ်။ ကျွန်တော် အရမ်း ဝမ်းသာ ပါတယ်။ အဲဒီ ကဗျာကို ရေးတုန်းကလည်း ကျွန်တော် ငိုခဲ့ရ ပါတယ်။ အခု အဲဒီ ကဗျာကို ဖတ်ပြီး အဖေ ငိုခဲ့တယ်။ ကျွန်တော် .. ဝမ်းသာ ရမှာလား ….. စိတ်မကောင်း ဖြစ်ရ မှာလား ဖေဖေ …..။
(၃)
ကျွန်တော့် အဖေက ကျွန်တော့်လို အနုပညာသမား တစ်ယောက် မဟုတ်တာ ကလွဲရင် …. ကျွန်တော်နဲ့ နေရာ အတော် များများ တူပါတယ်။ ဘောလုံးပွဲ ဝါသနာ ပါတာ၊ အနေ အေးတာ၊ ပြီးတော့ တစ်ခုခု ဖြစ်လာရင် ခံစားလွယ်၊ ထိရှ လွယ်တာ၊ ဘာမှ မဟုတ်တဲ့ ကိစ္စလေး တစ်ခု အပေါ် မှာတောင် ထဲထဲဝင်ဝင် ခံစား ကိုယ်ချင်းစာ နေတတ်တာ။ အဖေ့ ဆီမှာ ကျွန်တော် အကြိုက်ဆုံး ရုပ်ပိုင်း ဆိုင်ရာကို ပြောပါ ဆိုရင် အဖေ့ရဲ့ မျက်လုံးတွေနဲ့ အဖေ့ရဲ့ အပြုံးပဲ။ အဖေဟာ ဘယ်လို အချိန်မျိုး မှာမဆို ပြုံးလိုက်ပြီ ဆိုရင် အရမ်း အေးချမ်းနေ တတ်ပါတယ်။ အဖေ့ရဲ့ အပြုံးမှာ မေတ္တာ ဓါတ်တွေ၊ အေးချမ်း မှုတွေ၊ စာနာ ထောက်ထား မှုတွေ၊ သိမ်မွေ့ မှုတွေ အမြဲ မြင်နေ ရတယ်။ အဲဒီ အခါမျိုးမှာ အဖေ့ မျက်လုံးတွေ ကအစ အရောင်အဝါ တစ်မျိုးနဲ့ အေးမြ နေသလို ပါပဲ။
ပြီးတော့ အဖေ့အပေါ် ကျွန်တော် အကြိုက်ဆုံး စိတ်ပိုင်း ဆိုင်ရာကို ပြောပါ ဆိုရင်တော့ စိတ်ကောင်း ရှိတာ အနစ်နာ ခံတာကို ရွေးပါမယ်။ အဖေဟာ သူ့လက်အောက် ငယ်သား တွေအပေါ် အရမ်း ငဲ့ညှာ ပါတယ်။ အရမ်း အနွံအတာ ခံတယ်။ ဒါပေမယ့် သူတို့တွေ ကတော့ အဖေ့ အပေါ် ပြန်မကောင်း ခဲ့ကြဘူး။ အဖေ စိတ်ကောင်း ရှိတာကို အခွင့်ကောင်း ယူပြီး အမြဲ လိမ်ညာ တတ်ကြလို့ အဖေ ဒုက္ခ ရောက်ရ ပေါင်းလည်း မနည်းပါဘူး။ ကျွန်တော်တို့ သားအမိက မခံမရပ် နိုင်လို့ ဝင်ပြောတဲ့ အခါ အဖေက အမြဲတမ်း ဖြောင့်ဖြ ရှာပါတယ်။ အတိတ်က ကံတွေ … တဲ့။ ကျွန်တော် ကတော့ ကျွန်တော့် အဖေလောက် စိတ်ကောင်း နှလုံးကောင်း မွေးနိုင် တဲ့သူ တစ်ယောက် ဖြစ်မလာမှာ၊ အဖေ့လို စိတ်မျိုး မမွေး နိုင်ဦးမှာ သေချာ ပါတယ်။
(၄)
ပြောရမယ် ဆိုရင် ကျွန်တော်က သားဆိုး တစ်ယောက် မဟုတ်ဘူး။ ဒါပေမယ့် သားမိုက် တစ်ယောက် ဆိုတာတော့ သေချာတယ်။ ကျွန်တော့်ကြောင့် အဖေ့ ရင်မှာ ဒဏ်ရာတွေ ဖြစ်နေ ခဲ့တယ်။ ခဏ ခဏပါပဲ။ တကယ်တော့ ကျွန်တော်က ကျွန်တော့် အပေါ် မကောင်းတဲ့ လောကဓံကို မထေမဲ့မြင် လုပ်ရင်း …. အရွဲ့ တိုက်ရင်း အဖေ့ရဲ့ ကျွန်တော့် အပေါ် မျှော်မှန်းချက် တွေကို ရိုက်ချိုး နေသလို …. အဖေ့ကို ရွဲ့သလို ဖြစ်နေ ခဲ့တယ်။ ဒါကို သိလာတဲ့ အချိန် မှာလည်း ကျွန်တော် ပြန်မပြင် ခဲ့ဘူး။ သေချာ ပါတယ်…. ကျွန်တော်က အဖေ့ အတွက် သားမိုက် တစ်ယောက် ဖြစ်နေ ခဲ့ပါတယ်။
(၅)
စာတော်တဲ့ သားကြီးကို အဆင့်မြင့်မြင့် တက္ကသိုလ် တစ်ခုမှာ ပညာတွေ သင်ခိုင်းမယ် ဆိုတဲ့ အဖေ့ရဲ့ အတွေးဟာ ကျွန်တော် ဆယ်တန်း အောင်တဲ့ နေ့မှာပဲ စပြီး ပြိုလဲ သွားခဲ့တယ်။ သချင်္ာ ဖြေပြီးတဲ့ နေ့မှာတင် စိတ်ဓါတ်ကျ နေခဲ့တဲ့ ကျွန်တော့်ရဲ့ ဆယ်တန်း ရမှတ်ဟာ ကျွန်တော် တက်ချင်တဲ့ ကွန်ပျူတာ တက္ကသိုလ် တက်ဖို့ လုံလောက်တဲ့ အဆင့်မှာ ရှိမနေ ခဲ့ပါဘူး။ ဒါပေမယ့် ကံကောင်း တယ်လို့ ပြောရမလား၊ ကံဆိုး တယ်လို့ ပြောရမလား မသိချင်တော့ ကျွန်တော့် ရမှတ်ဟာ အသက်မွေး ဝမ်းကျောင်း တက္ကသိုလ် တစ်ခု ဖြစ်တဲ့ နည်းပညာ တက္ကသိုလ် ဝင်ခွင့်ကို မှီနေခဲ့ တာပါပဲ။
ဖြစ်ချင်တော့ ကျနော်က အဲဒီ ဘာသာရပ်ကို လုံးဝ ဝါသနာ မပါဘူး။ ကျွန်တော် စဉ်းစား တာက အဝေးသင် တက်ပြီး တစ်ဖက်က ကျွန်တော် ဝါသနာ ပါတဲ့ ကွန်ပျူတာ သင်တန်းတွေ တက်ဖို့ ပါပဲ။ ဒါပေမယ့် အဖေ ကတော့ ကျွန်တော့်ကို သူ့လိုပဲ အင်ဂျင်နီယာ တစ်ယောက် ဖြစ်စေချင် လွန်းခဲ့တယ်။ ဒါနဲ့ပဲ ကျွန်တော် နည်းပညာ တက္ကသိုလ်ကို တက်ဖြစ် ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့် အပေါ် မကောင်းတဲ့ ကံကြမ္မာကို ကျွန်တော် အရွဲ့ တိုက်ရင်း နဲ့တောင် သူက ကျွန်တော့်ကို အရှုံးမပေး ခဲ့ဘူး။ ကျွန်တော့် မှာသာ ဒဏ်ရာ ဒဏ်ချက်တွေ အများကြီးနဲ့ ကျန်ခဲ့တယ်။ ကျွန်တော် နည်းပညာ တက္ကသိုလ်က ထွက်လာတဲ့ နေ့မှာပဲ အဖေ့ရဲ့ ရင်မှာ ဒဏ်ရာ တချို့ ရသွား ခဲ့မှန်း ကျွန်တော် သိလာ ခဲ့တယ်။ ဒါပေမယ့် ကျွန်တော့်ကို အရမ်း ချစ်တဲ့ အဖေက ကျွန်တော့်ကို အပြစ်တင် စကား တစ်ခွန်းတောင် မပြော ခဲ့ပါဘူး။
ကျောင်းက ထွက်လာ ခဲ့တဲ့ ကျွန်တော်ဟာ လမ်းကြောင်းမှန် ပေါ်ကို တော်တော်နဲ့ ပြန်မရောက် ခဲ့ပါဘူး။ ဘာ ကွန်ပျူတာ သင်တန်းမှ မတက်ဖြစ် သလို ဘာကျောင်း မှလည်း ဆက်မတက် ဖြစ်ခဲ့ဘူး။ ရည်းစားတွေ ထည်လဲထား၊ သူငယ်ချင်း တွေနဲ့ပဲ ပျော်ပါးပြီး ဘဝကို ထင်သလို နေခဲ့ ပါတယ်။ အဲဒီတုန်း ကတော့ အဖေ့ ရင်မှာ ဘာတွေ ဖြစ်မလဲ …. ကျွန်တော် တစ်စက် ကလေးမှ တွေးမကြည့် ခဲ့ပါဘူး။ ကျွန်တော်က လောကဓံကို ရွဲ့လေလေ .. အဖေ့ ရင်မှာ သွားပြီး ထိခိုက် လေလေ ဖြစ်နေ ခဲ့ပါတယ်။ အဖေ့ စိတ်ထဲမှာ ထင်တာက ကျွန်တော်ဟာ ဝါသနာ မပါတဲ့ တက္ကသိုလ်ကို တက်လိုက် ရပြီး လုပ်ချင်တာ လုပ်ခွင့် မရတဲ့ အတွက် သူ့ကို ပြန်ပြီး အရွဲ့တိုက် နေတယ်လို့ ထင်နေ ခဲ့တယ် ဆိုတာ အခု အချိန် ကျမှ ကျွန်တော် ပြန်တွေးမိ ပါတယ်။
ဒါပေမယ့် ကျွန်တော် လေနေခဲ့ တာတွေဟာ သူ့အမှား မကင်းဘူးလို့ အဖေ ခံယူပြီး ကျွန်တော့်ကို ဘာမှ အပြစ် မပြောခဲ့ဘူး။ ကျွန်တော် ဒုက္ခ မရောက်အောင် ဘေးကနေ တိတ်တိတ် လေးပဲ စောင့်ကြည့် နေခဲ့ ရှာတယ်။ နောက်ပိုင်း မှာတော့ ကျွန်တော်တို့ မိသားစုနဲ့ ဝေးရာ ဖြစ်တဲ့ နယ်စွန်နယ်ဖျား တွေမှာ အဖေ တာဝန်ကျတဲ့ အခါ မှာတော့ ကျွန်တော်နဲ့ အဖေနဲ့ဟာ တော်တော် လေးကို ဝေးကွာ သွားခဲ့ ပါတယ်။ အဖေဟာ နယ်မှာ သုံးနှစ်လောက် နေရ တာတောင် ရန်ကုန်ကို တစ်ခေါက် ပြန်မရောက် ပါဘူး။
အဖေ နယ်မှာ အလုပ်အကိုင် သိပ်အဆင် မပြေ တာတွေ …. စိတ်ဓါတ်ကျ နေရ တာတွေ …. အဲဒီ သတင်း တွေကို အမေ့ ဆီက ကျွန်တော် ကြားရတိုင်း ကျွန်တော့် ရင်ထဲမှာ မကောင်း ခဲ့ဘူး။ အဖေ့ရဲ့ စိတ်ဒဏ်ရာ တွေက အနည်းနဲ့ အများတော့ ကျွန်တော့်ကြောင့် ဖြစ်တည် နေခဲ့ရတယ် ဆိုတာ ကျွန်တော် သိလာတယ်။ တဖြည်းဖြည်း အဖေ့ကို သနား စိတ်နဲ့ ကျွန်တော့်ကိုယ် ကျွန်တော် ပြင်ကြည့် မိတယ်။ ကျွန်တော့်ရဲ့ ဖြစ်သင့်တဲ့ လမ်းကြောင်း အမှန် ပေါ်ကို ကျွန်တော့်ကိုယ် ကျွန်တော် ပြန်ပြီး ပစ်တင် ခဲ့တယ်။ ကျွန်တော် အင်္ဂလိပ်စာ အဝေးသင် ပြန်တက်တယ်။ သင်တန်းတွေ ပြန်တက်တယ်။ အဲဒီလိုနဲ့ ကျွန်တော် ပြန်ပြီး ထူမတ်လာ ခဲ့ပါတယ်။
(၆)
စုဘူးက အဖေနေ့ အထိမ်းအမှတ် ကဗျာ ပြိုင်ပွဲ လုပ်တဲ့ အချိန်မှာ ကျွန်တော် ကဗျာ ဝင်ပြိုင်ဖြစ် ပါတယ်။ “အဲဒီ.. ဖေဖေတည်ခဲ့တဲ့ကမ္ဘာ” ဆိုတဲ့ ကဗျာကို ရေးနေတဲ့ အချိန်မှာ ကျွန်တော့် စိတ်ကို ဘယ်လိုမှ ထိန်းထားလို့ မရ တော့ဘူး။ အဖေ ကျွန်တော့် အတွက် စိတ်ဆင်းရဲ ခဲ့ရတဲ့ ပုံရိပ်တွေ …. ကျွန်တော် မိုက်ကန်း ဆိုးသွမ်း ခဲ့တဲ့ ပုံရိပ်တွေ …. ဟိုးအဝေး နယ်ကနေ ကျွန်တော့် အကြောင်းကို စိတ်မချ လက်မချ တွေးနေမယ့် အဖေ့ ပုံရိပ်တွေ …. ကျွန်တော့် အတွေးထဲ ဝင်လာတယ်။ ကျွန်တော် …. ငိုချမိတယ်။ အဲဒီ ကဗျာ လေးက ဒုတိယဆု ရတဲ့အခါ ကျတော့ ကျွန်တော် အရမ်းလည်း ဝမ်းသာတယ်။ အဖေ သိရင် ဘယ်လောက်များ ကောင်းမလဲ လို့လည်း စဉ်းစား မိတယ်။ သိပ်မကြာခင် ကျွန်တော့် ဆန္ဒတွေ အကောင်အထည် ပေါ်လာ ပါတယ်။
(၇)
ထင်မှတ် မထားတဲ့ တစ်ရက်မှာ ကျွန်တော့် အဖေ နယ်က ပြန်လာ ပါတယ်။ ကျွန်တော် ဆုရတဲ့ ကဗျာကို အဖေ ဖတ်ရတယ်။ ကျွန်တော့်ကြောင့် ရင်ထဲမှာ အမြဲငိုနေ ခဲ့ရတဲ့ အဖေက ဒီတစ်ခါတော့ မျက်ရည်ကျ ပြီးတော့ကို လှိုက်လှိုက် ငင်ငင် ငိုပါ တယ်တဲ့။ အချိန် ရှိသ၍ ဖတ်ပြီး အချိန် ရှိသ၍ မျက်ရည်ကျ နေခဲ့ ပါတယ်တဲ့။ အမေ ကျွန်တော့်ကို လာပြောတဲ့ စကားတွေ ကျွန်တော့် နားထဲက မထွက်ဘူး။
“သူ ငိုတယ်…. အခေါက်ခေါက် ပြန်ကြည့်ပြီး အခေါက်ခေါက် ငိုနေခဲ့တာ”
“သူ ငိုတယ်…. အခေါက်ခေါက် ပြန်ကြည့်ပြီး အခေါက်ခေါက် ငိုနေခဲ့တာ”
“အခေါက်ခေါက်အခါခါ ….. ငိုနေခဲ့တာ …….”
ဘာပဲဖြစ်ဖြစ် …. ကျွန်တော် ဝမ်းသာ ပါတယ် အဖေ။ အဖေ ငိုတယ် ဆိုလို့ ကျွန်တော် ဝမ်းသာတာ မဟုတ် ပါဘူး။ ကျွန်တော့် ကဗျာကို ဖတ်ပြီး ငိုတယ် ဆိုတာ၊ ကျွန်တော့် အမြင်မှန် တွေကို အဖေလည်း မြင်လို့ ဝမ်းသာပြီး ငိုတယ် ဆိုတာ ကျွန်တော် သိလို့ပါ။ ကျွန်တော် ကဗျာတွေ .. စာတွေ ရေးတာကို သိပ်သဘော မကျခဲ့တဲ့ အဖေက ကျွန်တော့် လက်ရေး စာမူကို ဖတ်ပြီး အမေ့ကို ကျွန်တော့် အပေါ် ဘယ်လောက် ချစ်ကြောင်း တိုင်တည် နေခဲ့ တာတဲ့။ အခု နောက်ပိုင်း ကျွန်တော့် စိတ်ဓါတ်တွေ လေလွင့် ပျက်စီး ချင်လာတိုင်း အဖေ့ အတွက် ရေးထားတဲ့ ကဗျာလေးကို ကျွန်တော်လည်း အခေါက်ခေါက် ပြန်ရွတ်နေ မိပါတယ်။
“အဲဒီ … ဖေဖေတည်ခဲ့တဲ့ကမ္ဘာ”
ပုခက်လွှဲတဲ့အမေ့လက်က ကမ္ဘာကိုအုပ်စိုးတယ်ဆိုရင်
အဲဒီကမ္ဘာကိုတည်ခဲ့တာ ဖေဖေကိုယ်တိုင်ပဲဖြစ်လိမ့်မယ်။
သားစိတ်ဓါတ်တွေ မြေကြီးအောက်ထိ ထိုးခွဲစိုက်ဆင်းနေတိုင်း
ဖေဖေ့လက်မောင်းကိုမှီတွယ်ခဲ့တဲ့
ခပ်ငယ်ငယ်ဘဝကိုပဲ တမ်းတမိတယ်။
သားကို…ခဏလေး ပြန်မြင့်မားခွင့်ပေးပါဖေဖေ။
မိသားစုအတွက်
ရုန်းရင်းကန်ရင်း … လှော်ရင်းခတ်ရင်း….
ဖေဖေ့ရုပ်သွင်လေ ….. နီကျင်လာခဲ့
ဖေဖေ့ဆံပင်ထူထူလေ …. ပါးပြီးဖြူလာခဲ့
သားကိုမရိုက်ရက်တဲ့ဖေဖေက
လောကဓံရိုက်ချက်ကို ရင်စည်းခါးစည်းခံနေတာမြင်တိုင်း
သား …… ငိုချင်တယ်ဖေဖေ။
ငယ်ငယ်က ကြယ်တွေကိုငေးဖို့ မှီလှဲခဲ့တဲ့ရင်ခွင်က
အဲဒီကြယ်အဆင်းထက် အဆပေါင်းများစွာလင်းတယ်ဆိုတာ
နှစ်ပေါင်းနှစ်ဆယ်နောက်ကျ ….
သားခုမှသိခဲ့ရတာပါဖေဖေ။
“ငါ့သား …..အင်ဂျင်နီယာဖြစ်ဖို့”
“ငါ့သား …..ဘီအီးဘွဲ့ယူဖို့”
ငါ့သား ….. ငါ့သား ….
ငါ့သားဆိုတဲ့အတ္တတွေအကုန်လုံးချခင်း …..
သားနင်းဖို့ အဖေ့ရဲ့ကျောပြင်ကို မငြိုမငြင်ရင်းခဲ့တာ
သား …… ငိုချင်လာပြီဖေဖေ။
ဟိုး …..ခပ်ဝေးဝေး “လိန်းလီ”ဆိုတဲ့ရွာလေးကနေ
သားကို စိတ်မချနိုင်တဲ့မျက်လုံးတွေနဲ့ လှမ်းလှမ်းကြည့်
ဖေဖေ့ဝယ်ပေးထားတဲ့လွယ်အိတ်ကလေးထဲမှာ
ဖေဖေ့အပြုံးတွေထည့်ထားတတ်ပြီဆိုတာရော မြင်ရဲ့လားဖေဖေ။
ဖေဖေရှိရာကို လက်အုပ်ချီမိုး ရိုရိုကျိုးကျိုးရှိခိုးမိ။
သေချာပါတယ်ဖေဖေ …..
“ဘုန်းသန့်ကျော်” ဆိုတဲ့ ကမ္ဘာကိုဖေဖေတည်ခဲ့တာ။
ဖေဖေ့ရဲ့ချစ်ခြင်းတွေနဲ့ …… တည်ခဲ့တာပါ။
အဖေ။ ကျွန်တော် ကတိပေး ပါတယ်။ ကျွန်တော့်ကို တည်ခဲ့တဲ့ ကမ္ဘာရဲ့ မျက်ရည်စတွေ …. ကျွန်တော့် မိုက်မဲ မှုကြောင့် ဘယ်တော့မှ မကျစေရ တော့ပါဘူး။ ကျွန်တော့် ကမ္ဘာရဲ့ မျက်ရည်စ တွေဟာ ကျွန်တော့် အတွက် ပူလောင် မှုတွေ ဆိုတာ ကျွန်တော် သိလာ ခဲ့ပါပြီ။
(၂၀၀၈ ခုနှစ်က ရေးသားခဲ့တဲ့ Blog Post လေးပါ။ အဖေများနေ့ အမှတ်တရ အနေနဲ့ ပြန်တင်ပေး လိုက်ပါတယ်)
သူရဿဝါ
18 comments
နွယ်ပင်
June 18, 2011 at 4:46 am
ရေးထားတဲ့ အကြောင်းအရာလေးရော ကဗျာလေးရော အရမ်းကောင်းပါတယ် … အဖေကို ချစ်တဲ့ သားသမီးတိုင်း ခံစားနိင်မှာပါ ……………
etone
June 18, 2011 at 4:56 am
ဘယ်လိုပြောရမလဲတောင် မသိတော့ဘူး … ။
အဖေကို ချစ်တဲ့စိတ်တွေ ခဏတာ မေ့ထားခဲ့တာ ကဗျာလေးဖတ်ပြီး ပြန်တူးဖော်ခံလိုက်ရသလိုပါပဲ…..။
အဖေကိုတော့ ချစ်ပါရဲ့ …. ဒါပေမဲ့ ဆက်ဆံရေးတွေက ပြောင်းလဲကုန်ပြီလေ …အရာရာက အေးစက်နေပြီ…လွန်ခဲ့တဲ့ ငါးနှစ်က ဆက်ဆံရေးလိုတောင် မဟုတ်တော့ဘူး။ သားအဖချင်း သဘောထားမတူညီလွန်းလို့ … မျက်နှာချင်းဆိုင်မိလျှင်တောင် စကားမပြောဖြစ်တာ ကြာပြီပဲ ။ ဝါကျွတ်လျှင် ကန်တော့တာတောင် မခံယူနိုင်တော့တဲ့ အဖြစ် သားသမီးအဖြစ်က စွန့်လွတ်ချင်ပြီလား မသိတော့ဘူး ။ ဘာဖြစ်ဖြစ် အဖေနဲ့ ပတ်သတ်လို့ လျှော့သင့်တာလျှော့ခဲ့ပြီးပြီ …. ကိုယ်ကို အသိမှတ်ပြုတာ မပြုတာ ၊ စကားပြန်ပြောတာမပြောတာက သူ့ ကဏ္ဍလို့ပဲ မှတ်ထားပါတော့တယ်… ။
winnmyo
June 18, 2011 at 4:59 am
ကို Thu Ra Tha Wah တင်ထားတဲ့ post ကိုဖတ်ရတာအရမ်းကောင်းပါတယ်ဗျာ။ အဖေများနေ့ကိုကြိုဆိုကြပါဆို့…….
Shwe Tike Soe
June 18, 2011 at 5:49 am
အရမ်းကောင်းတယ်ဗျာ..
အင်း ကျွန်တော်အဖေက တော့ ဆုံးသွားပါပြီ ဒါပေမယ့် အခုကဗျာလေးဖတ်ရတော့ ဘယ်ဘဝရောက်နေမှန်းမသိတဲ့ အဖေကို သတိရလိုက်တာဗျာ.. အခုအချိန်မှာ အဖေ သက်ရှိထင်ရှားရှိနေသေးတဲ့သူတွေ အရမ်းကံကောင်းကြပါတယ်..
အိမ်ကိုပြန် အဖေ လို. ခေါ်လိုက်ရရင် အားတစ်အားဖြစ်စေတဲ့ အရာတစ်ခုပါဗျာ… အခုတော့ အမေ ဆိုတဲ့ အားနဲ.ပဲ ဆက်လက် ခရီးဆက်နေရတယ်လေ…
manawphyulay
June 18, 2011 at 6:01 am
ဝါဝါရေ… အမေများနေ့တွေ ရှိနေသလို အဖေများနေ့တွေလည်း ရှိနေလျက်ပါပဲ။ မိနဲ့ဖဆိုတာ သားသမီးတွေအတွက် တုနှိုင်းမရတဲ့ မေတ္တာတွေ အတူတူဝေခြမ်းပေးနေတယ်ဆိုတာ သားသမီးတိုင်း သိထားသင့်ပါတယ်လေ……
meengelay
June 18, 2011 at 6:20 am
အရမ်းကောင်းတဲ့ ကဗျာလေးပါ.. မိဘတိုင်းရဲ့ဆန္ဒနဲ့ ထပ်တူမျှတယ် .. ကိုယ်ချင်းလဲ စာမိပါတယ် ပို့စ်ပိုင်ရှင်ကို လိမ္မာစေချင်ပါတယ် …
meelay
June 18, 2011 at 6:24 am
အရမ်းကောင်းပါတယ် ….
ogre
June 18, 2011 at 6:53 am
သူရသဝါ..ရဲ ့
internet မဂ္ဂဇင်းမှာရေးသမျှ ကျွန်တော်အကုန်ဖတ်တယ်
အရမ်းကြိုက်တယ် အဲလိုရေးတတ်ချင်နေတာ။။။
good
June 18, 2011 at 8:26 am
ပို့ စ် တင် လို့ ရတဲ့ အရည်အချင်း အပြည့် နဲ့ သူရဲ့ ပို့စ် မို လို့ လား မသိဘူး စာရေးသူရဲ့ ရင် ခုံ သံ က စာဖတ်သူ ဆီ ထပ်တူညီ ကူးစက်ခြင်း ခံ လိုက်ရတယ်။
ကဗျာ ကို ကူးယူ သိမ်းထားခွင့် ပြုပါနော်။
မောင်ဘလိူင်
June 18, 2011 at 11:02 am
သူက net guide ဂျာနယ်မှာ ရေးနေကျပဲ။ကျွန်တော်လည်း ဖတ်ပါတယ်။
mayhtet
June 18, 2011 at 1:33 pm
အရမ်းကောင်းတဲ့ပို့စ်လေးပါ အမြဲတမ်းအားပေးနေမှာပါရှင့်
bigcat
June 18, 2011 at 8:28 pm
ရဘူး၊ မေမေ့ကို ပိုချစ်တယ်…
kai
June 18, 2011 at 11:00 pm
အဖေ့ကျေးဇူး ဆပ်ချင်ရင်…
သားတွေက အဖေဖြစ်အောင်လုပ်ပါ..။ 🙂
အမေ့ကျေးဇူးဆပ်ချင်ရင်..
သမီးတွေက ..အမေဖြစ်အောင်လုပ်ပါ..။ 🙂
အဖေ၊အမေ ဖြစ်ဖို့ သဘာဝကအခွင့်မပေးရင်.. ကလေးတွေဘဝကို မြှင့်တင်ပေးပါ.။
သားသမီးတွေ မွေးစားပါ..။
weiwei
June 19, 2011 at 4:08 am
ဒီကဗျာလေးကို ကြိုက်တယ် …
ဖေဖေ့ကျေးဇူးအကြောင်းတွေကို ခံစားနေ ရချိန်နဲ့ တိုက်ဆိုင်လို့ မျက်ရည်တောင်ဝဲမိပါတယ် …
nature
June 19, 2011 at 7:29 am
မိဘကျေးဇူးဆိုတာ ကိုယ်တိုင်မိဘနေရာရောက် မှ ထဲထဲဝင်ဝင်သိနိုင်တာပါ၊ အနောက်တိုင်းတွေကလည်း အဖေများနေ့ ၊အမေများနေ့ လို့ ဆိုပြီး မိဘကျေးဇူးကိုသိတတ်လာတာလဲ တိုးတက်မှုသဘောပါပဲ။ မလျှော့တန်းပြောရရင်ဒါတွေဟာလည်း ပြန်မာပြည်ကစခဲ့တာပါပဲ။ မြန်မာပြည်မှာတော့ သီတင်းကျွတ်တိုင်း မိဘ ဆရာသမားတွေကို ကတော့ တာကတော့ တော်တော်လေးကြာခဲ့ပါပြီ။
maythakhin
June 19, 2011 at 5:09 pm
ဟုတ်ပါတယ်။မိဘကျေးဇူးဆိုတာ ကိုယ်ကိုတိုင်မိဘဖြစ်မှ သိရသလို။ နောက်တနည်းနဲ့လည်းသိနိုင်ပါတယ်။ မြင်းမိုရ်တောင်တို့မည်သည် မြင့်မားလွန်းသောကြောင့် နီးကပ်နေစဉ် မမြင်နိုင်ပါ။ အဝေးကကြည့်မှသာမြင်နိုင်ပါ၏တဲ့။ အနီးကပ်နေရတဲ့အခါ တန်ဖိုးထားရမှန်း မသိဘူး။ အဝေးကိုရောက်တော့မှပဲ တန်ဖိုးနဲ့ မေတာတရာကိုနားလည်တယ်လို့ ပြောချင်တာပါ။ “ကျွန်တော့် မိုက်မဲ မှုကြောင့် ဘယ်တော့မှ မကျစေရ တော့ပါဘူး။ ကျွန်တော့် ကမ္ဘာရဲ့ မျက်ရည်စ တွေဟာ ကျွန်တော့် အတွက် ပူလောင် မှုတွေ ဆိုတာ ကျွန်တော် သိလာ ခဲ့ပါပြီ။”ဆိုတာ နောင်တတရားပါပဲ။ အဲဒီနောင်တမျိုးမရကြရလေအောင် ဒီပိုစ့်လေးက သတိပေးတယ်လို့ မေယူဆပါတယ်။
monmon
June 19, 2011 at 10:17 am
ကိုဝါဝါရေ… မွန်မွန် ဖတ်နေရင်းနဲ့ကို တကယ်ငိုခဲ့ပါတယ်…. ဆုံးသွားတဲ့ အဖေ့ကိုလည်း အရမ်းလွမ်းတယ်… အဖေ့ကျေးဇူးကို သိတတ်ပြီး ပြန်ဆပ်ခွင့်ရတာကို တကယ် ဂုဏ်ယူပါတယ်…
MaMa
June 19, 2011 at 1:37 pm
စိုးရိမ်ပူပန်တဲ့အလုပ်ကို ကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်တဲ့ သူရဝါဿရေ- လက်ရာလေးတွေ ပျောက်နေတာ ကြာပြီ။ အဖေများနေ့ကို ဂုဏ်ပြုတဲ့ ပိုစ့်လေး အချိန်မီ တင်လိုက်ကို အားပေးနေပါတယ်။