ဘိုကိတ် (သို့)MR. BRAYTON CASE
မြန်မာနိုင်ငံ၏ ထွက်ကုန်များမှာ အဓိကအားဖြင့် လယ်ယာထွက်ကုန် ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မျက်ရတနာများနှင့် သားငါးပုစွန်တို့ ဖြစ်ကြပါသည်။ ၂၀၀၉-ခန့်မှန်းချက်အရ ပြည်တွင်း ကုန်ထုတ်လုပ်မှု ပမာဏ GDP သည် 91.1 billion dollars ခန့် ရှိပါသည်။ လယ်ယာထွက်ကုန် ဖြစ်သော ဆန်စပါးနှင့် ပဲမျိုးစုံသည် ပြည်ပပို့ကုန် စုစုပေါင်း ပမာဏ၏ ၄၀% ခန့်ရှိပါသည်။ ပဲမျိုးစုံဟုဆိုရာတွင် အဓိကအားဖြင့် ကုလားပဲ၊ ပဲကြီး၊ ထောပတ်ပဲ၊ ပဲတီစိမ်း၊ မတ်ပဲနှင့် ဘိုကိတ်ပဲ စသည်တို့ပါဝင်ကြပါသည်။ ထိုသို့ ပဲမျိုးစုံအနက် ဘိုကိတ်ပဲအကြောင်းတင်ပြလိုသည်။
ဘိုကိတ်ပဲသည် မြန်မာ့ပဲမျိုးစစ်မဟုတ်ပါ။ ဘိုကိတ်ပဲ၏ ဇာတိမှာ အမေရိကန်ပြည်ထောင်စုဖြစ်ပါသည်။ ဘိုကိတ်ပဲမျိုးအား မြန်မာနိုုင်ငံသို့ ယူဆောင်လာသူများမှာ အမေရိကန်လူမျိုး မစ္စတာ ဘရေတွန်ကေ့(စ်) (MR. BRAYTON CASE) ဆိုသူဖြစ်ပါသည်။
မစ္စတာ ဘရေတွန်ကေ့(စ်)မှာ အသားဖြူဖြူ၊ မျက်လုံးပြာပြာ၊ နှာခေါင်းရှည်ရှည်၊ အရပ်မြင့်မြင့် ဖြစ်သည်။ ထိုကဲ့သို့ ရုပ်ရည်ရှိသူများအား မြန်မာတို့က “ဘို” ဟုခေါ်လေ့ရှိပါသည်။ ဘိုတဦးဖြစ်သူ Mr. Brayton Case ကိုလည်း “ဘိုကိတ်” ဟုခေါ်ခဲ့ကြပါသည်၊ “ဘိုကိတ်” တင်သွင်းလာသော ပဲမျိုးကိုလည်း ယနေ့တိုင် “ဘိုကိတ်ပဲ” ဟု မြန်မာပြည်တဝှမ်းလုံးတွင် ခေါ်တွင်ကာ ယနေ့တိုင် စိုက်ပျိုးစားသုံးကြနေလေသည်။
Mr. Brayton Case အား နယူးယောက်ပြည်နယ်ဇာတိ မိဘနှစ်ပါးမှ မြန်မာနိုင်ငံ၊ မြင်းခြံမြို့ တွင် ခရစ်ယာန်သာသနာပြု လုပ်ငန်းများ လုပ်ကိုင်ရင်း ဩဂုတ်လ၊ ၁၈ရက်၊ ၁၈၈ရခုနှစ်တွင် မွေးဖွားခဲ့သည်။
Mr. Brayton Caseအား မြင်းခြံမြို့သားစစ်စစ်ဟု ခေါ်လိုပါက၊ ခေါ်ဆိုနိုင်ပါသည်။ ၎င်း၏ မိဘနှစ်ပါးစလုံးသည် မြန်မာနိုုင်ငံတွင် သာသနာပြု လုပ်ငန်းများလုပ်ကိုင်နေသော American Baptist Foregin Mission Society ( ABM )တွင်တာဝန်ထမ်းဆောင်နေသောကြောင့် မြန်မာစာ အရေး၊ အဖတ်နှင့် စကားပြောတတ်ကြသည်။ အိမ်တွင်လည်း မြန်မာစကားကို လေ့ကျင့်ပြောကြသည်။
Mr. Case သည် မြန်မာကလေးများနှင့်ပင် ဆော့ကစား ကြီးပြင်းလာခဲ့သောကြောင့် ငယ်စဉ်က မြန်မာစကားကို မြင်းခြံမြို့သားတစ်ဦးကဲ့သို့ ပြောတတ်သည်။ အင်္ဂလိပ်စကား မပြောတတ်ခဲ့ပါ။ မြန်မာနိုင်ငံတွင် အလယ်တန်းထိ တက်ရောက် ပညာသင်ကြားခဲ့ပြီး မိဘများ၏ လမ်းညွှန်စီစဉ်မှုအရ အမေရိကန်ပြည်ထောင်စုသို့ ပြန်လာပြီး အထက်တန်းပညာ ဆက်လက်သင်ယူခဲ့ပါသည်။
မိမိအား မွေးဖွားခဲ့ရာဇာတိ မြန်မာပြည်သို့တနေ့တွင် ပြန်သွားမည်၊ ဒေသဖွံ့ဖြိုးရေးနှင့် သာသနာရေးလုပ်ငန်းများအား လုပ်ဆောင်မည်ဟု ရည်ရွယ်ချက်ရှိခဲ့သည့်အတိုင်း Brown University နှင့် Columbia University တို့မှ စိုက်ပျိုးရေးပညာနှင့် စိုက်ပျိုးပညာသင်ကြားရေး ဘာသာရပ်ဖြင့် မဟာသိပ္ပံဘွဲ့ရယူခဲ့သည်။ တဖနUniversity of California – Union Theological Seminary မှ ခရစ်ယာန် သာသနာရေးဆိုင်ရာဘွဲ့ကိုလည်း ရခဲ့သည်။
မြန်မာနိုုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး ဟင်္သာတမြို့တွင် အခြေစိုက်၍ စိုက်ပျိုးရေးနှင့် သာသနာရေးလုပ်ငန်းများကို ၁၉၁၃ ခုနှစ်မှ ၁၉၁၆ ခုနှစ်အထိ လုပ်ဆောင်ခဲ့သည်။
ထိုသို့လုပ်ဆောင်နေရင်း မြန်မာပြည် အလယ်ပိုင်းတွင် တည်ရှိသော ပျဉ်းမနားမြို့ကို နှစ်သက်ခဲ့သည်။ ပျဉ်းမနားမြို့သည် မြန်မာပြည် အထက်အောက်နှင့် ရှမ်းပြည်မှ သွားလာရေး လွယ်ကူသည့်အပြင် ရာသီဥတု သမမျှတပြီး မြန်မာပြည် အရပ်ရပ်မှ စိုက်ပျိုးမြေနှင့် ဆင်ဆင်တူတော မြေအမျိုးအစားလည်းရှိသည်။
Mr. Case သည် ပျဉ်းမနားမြို့သို့ ၁၉၁ရ ခုနှစ်တွင် ပြောင်းေ့ရွှ အခြေစိုက်ခဲ့သည်။ စံပြစိုက်ခင်းများ၊ သီးထပ်သီးညှပ် စိုက်ပျိုးနည်းများ၊ ကြက်၊ဝက် မွေးမြူရေးများကို လုပ်ဆောင်ပြသခဲ့သည်။ ထိုသို့ လက်တွေ့လုပ်ဆောင်ပြသရုံသာမက မြန်မာနိုင်ငံ၏ ပထမဆုံးသော စိုက်ပျိုးရေးသိပ္ပံကျောင်းကိုလည်း (၁၉၂၃) ခုနှစ်တွင် အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည်။ စိုက်ပျိုးရေး သင်တန်းကာလမှ လေးနှစ်သင်တန်းဖြစ်သည်။ ရှမ်းပြည်နယ် အပါအဝင် မြန်မာပြည် အရပ်ရပ်မှ ကျောင်းသားများ တက်ရောက် ပညာသင်ယူခဲ့ကြပြီး ၁၉၂ရ ခုနှစ်တွင် သင်တန်းသား ၁၈ဦးအား စိုက်ပျိုးရေးသိပ္ပံ သင်တန်းဆင်းပွဲကျင်းပ၍ စိုက်ပျိုးရေးသိပ္ပံ ဘွဲ့လက်မှတ်များကို ချီးမြှင့်ပေးအပ် နိုင်ခဲ့သည်။
Mr. Case ၏ ကျောင်းသည် မြန်မာနိုုင်ငံ၏ ပထမဆုံး စိုက်ပျိုးရေးကျောင်း ဖြစ်ရုံသာမက ယနေ့ဖွင့်လှစ်ထားရှိသော ပျဉ်းမနား ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်ကြီး ဖွင့်လှစ်နိုင်သည် အထိကျယ်ပျံ့လာစေရေးအတွက် ပညာရှင်များ စတင်မွေးဖွားရာ လမ်းစများ၊ နည်းပညာများကို အ
ခြေချပေးနိုင်ခဲ့သည်။ဒုတိယကမ္ဘာစစ်ကြီး မြန်မာပြည်သို့ ကူးစက်ပြန့်ပွားလာသောအခါ ဂျပန်တို့က ပျဉ်းမနားမြို့ အပါအဝင် မြန်မာပြည် အရပ်ရပ်အား ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ Mr. Case ၏ စိုက်ပျိုးရေးကျောင်း မှာလည်း ဗုံးဒဏ်ကြောင့် ပြိုကျ ပျက်စီးခဲ့ရသည်။
စိုက်ပျိုးရေးကျောင်းကြီး ပျက်စီးသွားသောကြောင့် Mr. Case သည် အိန္ဒိယပြည်သို့ထွက်ခွါခဲ့သည်။အင်္ဂလိပ်နှင့်အမေရိကန်မဟာမိတ်စစ်တပ်များ မြန်မာပြည်အား ပြန်လည်သိမ်းပိုက်ရန် ချီတက်သောအခါ အမေရိကန်ဗိုလ်ချုပ်ကြီး စတီးဝဲ (GENERAL JOSEPH W.STILWELL) တပ်တွင် ပြည်သူ့ဆက်ဆံရေး အရာရှိ (Liaison Officer) အဖြစ် ပါဝင်ထမ်းဆောင်ခဲ့သည်။
အင်္ဂလိပ်နှင့် အမေရိကန် မဟာမိတ်တပ်များ လက်တွင်းသို့ ကျရောက်ပြီးဖြစ်သော ကချင်ပြည်နယ် တွင်လည်း စိုက်ပျိုးမွေးမြူရေး ပညာပေးခြင်းကို စံပြလုပ်ဆောင် ပြသခဲ့သည်။ ထိုသို ကချင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်ရင်း အင်းတော်ကြီး(INDAWGYI) ကန်တွင် မတော်တဆ လှေမှောက်ရာမှ (ဇူလိုင်လ ၁၄ရက် ၁၉၄၄ ခုနှစ်)တွင် အသက်ဆုံးရှုံးခဲ့ရသည်။
Mr. Case ကွယ်လွန်ကြောင်းသိသည်နှင့် မြန်မာနိုုင်ငံဆိုင်ရာ အင်္ဂလိပ်ဘုရင်ခံချုပ်က Mr. Caseကွယ်လွန်မှုသည်မြန်မာနိုင်ငံနှင့် မဟာမိတ်များအတွက် ကြီးစွာသော ဆုံးရုှုံးမှု တစ်ရပ်ဖြစ်ပါကြောင်း ကြေငြာခဲ့သည်။
Mr. Case ကျေးဇူးကြောင့် မြန်မာနိုင်ငံတွင် ပဲမျိုးကောင်းမျိုးသန့်များရရှိခြင်း၊ မွေးမြူရေး ကြက်၊ ဝက်မျိုးကောင်းမျိုးသန့်များ ရရှိခြင်း၊ စိုက်ပျိုးရေးနည်းပညာကောင်းများ၊ အခြေခံကောင်းများ ရရှိခဲ့သောကြောင့် ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံစေရေးအထောက်အကူပြု့ခဲ့ ရုံသာမက ပြည်ပပို့ကုန် လုပ်ငန်း များကိုပါ တိုးတက်စေနိုင်ခဲ့သည်။ Mr. Case ၏ လုပ်ဆောင်မှုများမှ ရရှိသော အကျိုးကျေးဇူးများကို စာရေးသူတို့ ယနေ့တိုင် ခံစားနေကြဆဲ ဖြစ်သောကြောင့်Mr. Case အား ဤဆောင်းပါးဖြင့် ဂုဏ်ပြုအပ်ပါသည်။
ဦးမြင့်ဝေ
ကိုးကား ။ ။ Ref. Robert F. Cramer Hunger fighter in BURMA
မှတ်ချက်။ ။ မန္တလေးဂေဇက် ဇွန်လ ၂၀၁၁ ထုတ်တွင်ဖေါ်ပြပြီးဖြစ်ပါသည်။
9 comments
MaMa
June 25, 2011 at 2:54 am
ဘိုကိတ်ပဲရဲ့ အရင်းအမြစ်ကို သိရလို့ ကျေးဇူးပါ သဂျီး။ ခုတော့ ဘိုကိတ်ပဲကို ပြည်တွင်းစားပဲ အနေနဲ့ပဲ သုံးတာများတယ်။ Export သီးနှံအဖြစ်နဲ့တော့ မတွင်ကျယ်ဘူး။ စိုက်ပျိုးတဲ့ပမာဏလည်း နည်းတယ်။ Export သီးနှံတွေဖြစ်တဲ့ မတ်ပဲ၊ ပဲလွန်းဖြူ၊ ပဲစင်းငုံ၊ ပဲတီစိမ်း (အဲဒီမှာ မျိုးကွဲတွေ အများကြီး ရှိသေးတယ်) တွေပဲ အစိုက်များသွားပြီ။
niyezaw
June 25, 2011 at 3:49 am
ဒါမျိုးလေးတွေဖတ်ရတာ အချိန်ပေးရတာ တန်လိုက်တာ။ လူသိနည်းသေးတဲ့ အကြောင်းလေးတွေကို တကူးတက အားထုတ်ရေးထားတဲ့ ရေးသူကိုရော တင်သူကိုရော ကျေးဇူးတင်ပါတယ်။
bigcat
June 25, 2011 at 5:13 am
မန်းလေးဂေဇက် ပုံနှိပ်စာစောင်အွန်လိုင်းကို ဘယ်မှာဒေါင်းလို့ရမလဲ သဂျီး။ mandalaytube.com ကလည်း ဝင်လို့မရတော့ဘူး။
nozomi
June 25, 2011 at 5:50 am
သူကြီး ကျေးဇူးတင်ပါတယ် နောက်လဲ ဒါမျိုးလေးတွေ တင်ပေးပါဦးနော်
nature
June 27, 2011 at 12:32 pm
ဘိုကိတ်ကို ကောက်ညှင်းပေါင်းထဲ ထည့်စားတတ်ကြပါတယ်။ မတ်ပဲ ပဲဒီစိမ်းကိုတော့ ပဲပင်ပေါက် ဖောက်စားကြတယ်။ သိပံပဲပုတ်ကို ပဲပြားလုပ်စားကြတယ်။ 2011 ခုနှစ်မှာ ပဲကုန်သည်တွေ ရှေ့ဂျွမ်းရော နောက်ဂျွမ်းရော ထိုးနေကြပါတယ်။
hmee
June 27, 2011 at 1:42 pm
ကျေးဇူးကြီးလှပါတယ် သဂျီးရယ် တကယ်ကို မသိတာပါ။ မြို့ရဲ့ အထင်ကရ ကျက်သရေဆောင်ရဲ့ သမိုင်းကို သိရလို့ပါ။
padonmar
June 27, 2011 at 3:31 pm
ဘိုကိတ်ကြီးရဲ့ နာမည်မှန်ကို Mr.Cate လို့ထင်ခဲ့တာ။ အခုစာလုံးပေါင်းတော့ Bocate လို့ ပေါင်းကြလို့လေ၊
ကျေးဇူးပါ သဂျီးရေ။
shwe ni
June 27, 2011 at 6:38 pm
ဘိုကိတ်ပဲက ကောက်ညှင်းပေါင်းထဲကိုထဲ့တာမလား ။ကျေးဇူးပဲ သဂျီးရေ ခုမှပဲ အဲပဲရဲ့ ဇစ်မြစ်ကိုသိတော့တယ်
kai
June 28, 2011 at 12:48 am
စိတ်ဝင်စားရင်… အောက်ကဆောင်းပါးလေးပါဖတ်ကြည့်…
မြန်မာပြည်လုပ်ငန်းရှင်ဘဝမှ အမေရိကန်ပြည်ထောင်စု သမ္မတကြီးသို့ ((Herbert Clark Hoover))
http://myanmargazette.net/3812/education