“တစ်ခါစား ……….အပိုစား နဲ့ အလျော့စား”
“တစ်ခါစား ……….အပိုစား နဲ့ အလျော့စား”
တစ်ရက်လမ်းသွားရင်း ဆိုင်ကယ်ဘီးပေါက်ပါလေရော။
ဖြစ်ချင်တော့ နယူးစီပီလိုင်းလို လူနေအိမ်ခြေကျဲပါးတဲ့ ရပ်ကွက်ထဲမှာဆိုတော့ ဆိုင်ကယ်ဘီးဖာတဲ့ဆိုင်က အလွယ်တကူနဲ့ရှာမတွေ့ပြန်ပါဘူး။
အဲတော့လဲ ဆိုင်ကယ်က လူပြန်စီးသပေါ့။
လေးငါးပြလောက်တွန်းပြီးတဲ့အခါမှာ စက်ဘီးပြင်တဲ့ခုံလေးချထားတဲ့ဆိုင်လေးတွေ့တော့ အတော်ဝမ်းသာသွားပါတယ်။
အဲဒီဆိုင်လေးမှာလည်း “ဆိုင်ကယ်ဘီးဖာသည်”လို့မြေဖြူခဲနဲ့ရေးထားတဲ့ ဆိုင်းဘုတ်လေးတွေ့တော့ ပိုသေချာသွားတာပေါ့။
လှမ်းကြည့်လိုက်တော့ ဆံပင်စုတ်ဖွားနဲ့လူတစ်ယောက်ထဲ မြေကြီးပေါ်ဖင်ချထိုင်ပြိးဆေးပေါ့လိပ်ဖွာနေပါတယ်။
သူနဲ့မလှမ်းမကမ်းမှာတော့ သူလို့ဆိုင်လေးတစ်ဆိုင်တွေ့ပါတယ်။
အဲဒီဆိုင်ကချထားတဲ့ခုံတန်းလျားလေးမှာ ထိုင်နေတဲ့လူနှစ်ယောက်သုံးယောက်ရယ် ဆိုင်ကယ်နှစ်စီးရပ်ထားတာကိုတွေ့ရပါတယ်။
ကြည့်ရတာ ဆိုင်ကယ်ဘီးဖာမလို့စောင့်နေတဲ့ ကျနော်လိုလူတွေဘဲဖြစ်မယ်ထင်ပါတယ်။
ကျနော်ကလဲ မစောင့်ချင်တာရယ် မြန်မြန်ပြီးချင်တာရယ်ကြောင့် လူရှင်းတဲ့ဆိုင်ကို ဘဲ ဝင်လိုက်ပါတယ်။
ကျနော်ဆိုင်ရှေ့ရောက်တော့ မြေကြီးပေါ်ထိုင်နေတဲ့လူက “ဘီးဖာမှာလား “လို့မေးသံကြားတော့
နည်းနည်းတော့ စိတ်တိုသွားပါတယ်။
ဒါနဲ့ဘဲ “ဟုတ်တယ်”လို့ခပ်တိုတိုပြောပြီး အဲဒီနားက ခုံပေါ်ထိုင်ချလိုက်ပါတယ်။
အဲဒီကိုစုတ်ဖွားကတော့ ဆိုင်ကယ်ကို ဒေါက်ထောက်ပြီး ဘီးဖြုတ်ပါတော့တယ်။
လုပ်တာကိုင်တာကလဲ စိတ်မရှည်သလိုဟိုဆောင့်ချဒီဆောင့်ချနဲ့ပါ။
ဘီးဖြုတ်ပြီးဆိုင်ကယ်ကျွတ်ကိုလေပြန်ထိုးပြီး ရေသွားစမ်းပါတယ်။
ပြီးတော့မှ သံစူးတာ ဟိုဘက်ဒီဘက်ထုတ်ခြင်းပေါက်သွားတယ်ပြောပါတယ်။
အခုပေါက်တာနဲ့ဆိုသုံးပေါက်လောက်ရှိတော့ ကျွတ်အသစ်ဘဲလဲတော့မယ်လို့စိတ်ကူးရလို့မေးလိုက်တော့
ကျွတ်အသစ်မရှိဘူးတဲ့။
ဆိုင်ကယ်ပစ္စည်းရောင်းတဲ့ဆိုင်ဒီအနီးအနားရှိလဲမေးတော့ မရှိဘူးဆိုတာနဲ့ဘဲအဟောင်းကိုဘဲဖာပြီး
ပြန်သုံးဘို့လုပ်ရပါတော့တယ်။
အဲဒါနဲ့မိနစ်နှစ်ဆယ်လောက်ကြာတော့ ဆိုင်ကယ်ဖာပြီးသွားပါတယ်။
ဘယ်လောက်ကျလဲလို့မေးလိုက်တော့ 1400 ပါတဲ့။
နားကြားများလွဲသလားလို့ပြန်ထပ်မေးတော့ တစ်ပေါက်700ဗျာ နှစ်ပေါက်1400လို့စိတ်မရှည်တဲ့လေသံနဲ့ဖြေပါတယ်။
မန်းလေးမှာဆိုင်ကယ်ဘယ်နားဖာဖာ 500ကျပ်ချည်းပါဘဲ။
မများဘူးလားလို့ ပြန်မေးလိုက်တော့ ဒါပုံမှန်ဈေးလို့ပြောပါတယ်။
ကျနော်ဆိုင်ကယ်ဖာပြီးတဲ့အချိန်မှာ ဟိုဘက်က ဆိုင်မှာရှိနေတဲ့ ကျနော်အရင်ရောက်နေသူတွေကတော့
မပြီးသေးပါဘူး။
အခုမှ ဟိုဘက်က ဆိုင်မှာဆိုင်ကယ်တွေစုပုံပြီးတန်းစီနေတာဘာကြောင့်လဲဆိုတာရေးရေးလေးသဘောပေါက်လိုက်ပါတယ်။
ဒါပေမယ့် ဟိုဘက်ဆိုင်က လူက ကျနော့်ကိုလှမ်းကြည့်လိုက်တဲ့အကြည့်မှာ ကျနော်ကို သနားတဲ့အကြည့်နဲ့ကြည့်နေသလိုခံစားလိုက်ရပါတယ်။
စိတ်ထဲမှာတော့ နောင်အဲဒီဆိုင်ကို ဘယ်တော့မှခြေဦးမလှည့်ဘူးလို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။
အဲဒီနေ့ညနေခင်းမှာ ကိုအောင်မောင်းနဲ့တွေ့တော့ ဒီအကြောင်းပြောဖြစ်ကြပါတယ်။
ကိုအောင်မောင်းမှတ်ချက်ကတော့ ရှင်းပါတယ်။
“ကိုပေါက်ရာ ဒီလူက ရေရှည်မကြည့်ဘူးလေ။
ခင်ဗျားသူ့ဆီကိုနောက်ထပ်လာလာ မလာလာ သူစိတ်မဝင်စားဘူး။
သူကလောလောဆယ် တစ်ကြိ်မ်ထဲနဲ့ များများရဘို့ဘဲ။
သူ့အတွေးက တစ်ခါစားဘဲလေ”
သူပြောမှဘဲ ဒီလူလုပ်ရပ်က လူအများပြောနေကြ “တစ်ခါစား”လေးဆိုတာ တွေးမိလို်က်ပါတယ်။
တစ်ခါစားဆိုတာ မဝပေမယ့် အဆာပြေတာပေါ့နော်။
ဆက်ပြောကြရင်းနဲ့ ကိုအောင်မောင်းက သူ့အလုပ်ထဲမှာတွေ့ရတာလေးကိုပြောပြပါတယ်။
သူတို့ကုမ္ပဏီက တစ်ချို့ပစ္စည်းတွေရောင်းတဲ့အခါမှာ များများရောင်းရအောင်ဝယ်သူကို
မက်လုံးပေးပြီးရောင်းတတ်ပါတယ်။
ဥပမာ ကျပ်သုံးသောင်းဘိုးဝယ်ရင် ကံစမ်းမဲလက်မှတ်တစ်စောင်ပေးမယ်တို့
ဝယ်တဲ့ငွေပေါ်မှာ ဘယ်%နူန်ုးလျော့ပေးမယ်တို့ဆိုတာတွေပေါ့။
အဲတော့ အရောင်းဝန်ထမ်းလေးတွေက ဝယ်သူကို တကယ်များများဝယ်အောင် အခွင့်အရေးတွေရနိုင်တာရှင်းပြ
လက်ဆောင်တွေရအောင်ပြောလို့ရောင်းပါတယ်။
တစ်ချို့ သူတို့ကိုယ်သူတို့ ပါးနပ်တယ်လို့ ထင်ရတဲ့ဝန်ထမ်းလေးတွေကတော့ မဝယ်ချင်ဝယ်ချင်အောင်ဇွတ်အတင်း
ထိုးရောင်းပါတယ်။
လူအများကြိးကို တစ်ယောက်ခြင်း လက်လီလိုက်ရောင်းတာပါ။
ဒါပေမယ့် ရုံးကိုပြန်အပ်တဲ့အခါတော့ တစ်ယောက်ထဲကဘဲ အများကြီးဝယ်တဲ့ပုံစံနဲ့ဘောက်ချာဖွင့်လို့
ပိုလာတဲ့ %နှုန်းတွေတို့ ခံစားခွင့်တွေတို့ကို သူယူလိုက်ပါတယ်။
တစ်ခါတစ်လေ အရေအတွက်မှာမူတည်လို့ဈေးလျှော့ပေးတတ်ကြပါတယ်။
ဥပမာပြောရရင် ပစ္စည်းတစ်ခုကို ဆယ်သေတ္တာဝယ်ရင် တစ်သေတ္တာကို 100ကျပ်လျှော့ပေးမယ်။
သေတ္တာငါးဆယ်ဝယ်ရင် တစ်သေတ္တကို 150ကျပ်လျော့ပေးမယ်လို့သတ်မှတ်ထားရင်။
အရောင်းသမားက တစ်ယောက်ချင်းစီလက်လီရောင်းတာကို လူနာမယ်တစ်ယောက်ထဲ နာမယ်တပ်ပြီး
အပိုထွက်လာတဲ့ လျော့ပေးငွေတွေကို သူဝိုက်ထဲ့လိုက်ပါတော့တယ်။
ဗြုန်းကနည်းကြည့်ရင်တော့ သူလုပ်တာ မှန်သလိုလို ပါဘဲ။
တကယ်တော့သူက အပိုထွက်လာတာအောင်လုပ်ပြီး စားတဲ့ “အပိုစား”လေးပေါ့။
ကိုအောင်မောင်းက အပိုစားလေးတွေအကြောင်းပြောပြတော့ဟိုလွန်ခဲ့သောဆယ့်ငါးနှစ်လောက်က
ရင်းနှီးခဲ့ရတဲ့ မိတ်ဆွေလေးတစ်ယောက်အကြောင်းကို သွားသတိရမိပါတယ်။
တစ်ခါသားမှာတော့ သူတာဝန်ကျတဲ့နေရာကနေ လုပ်ငန်းအသစ်တည်ဆောက်တဲ့နေရာကိုပြောင်းရပါသတဲ့။
သူကတော့ ဟိုဝေးလံသီခေါင်တဲ့နယ်ကနေ ပြောင်းလာရတဲ့သူဖြစ်တော့ သူများထက်နောက်ကျပြီးမှရောက်ရပါသတဲ့။
သူ့တာဝန်ကျတဲ့နေရာအသစ်ကိုရောက်တဲ့အခါ အရင်ရောက်နှင့်တဲ့ဝန်ထမ်းတွေက
လုပ်ကွက်ကောင်းတာတွေကို ဦးထားနှင့်ပါပြီတဲ့။
ဒါပေမယ့်လည်းသူရတဲ့လုပ်ကွက်ကလေးကို စစ်စစ်စီစီနဲ့လုပ်လိုက်တော့ လက်ဖက်ရည်တစ်ခွက်25ကျပ်ခေတ်မှာ
ကျောက်စိမ်းရောင် စူပါကပ်တစ်စီးစာထွက်လာပါသတဲ့။
သူတို့ရဲ့တည်ဆောက်ရေးလုပ်ငန်းတွေမှာ လုပ်ငန်းကုန်ကျစာရိတ်ရာထားငွေကို တွက်ချက်စဉ်ကတည်းက
အပျက်အစီးအတွက် ကို ကြိုတင်တွက်ချက်လို့ ရာခိုင်နူန်းတစ်ခုနဲ့ အပိုဆောင်းပေးပါသတဲ့။
အဲဒီအပိုဆောင်းပေးတဲ့အလျှော့တွက်တွေက သူတို့ရဲ့ပေါ့ကက်မန်းနီးပါဘဲတဲ့။
ဒါပေမယ်လဲ သူတစ်ယောက်ထဲအကုန်မရပါဘူးတဲ့။
ဒီပရောဂျက်မှာပါဝင်တဲ့ တွက်ချက်သူ ခွင့်ပြုသူ ထုတ်ပေးသူထိမ်းသိမ်းစောင့်ရှောက်ရသူ အကောင်အထည်ဖော်ရသူအစရှိတဲ့
ဆောင်ရွက်ရသူအားလုံးက သူ့အဆင့်နဲ့သူအချိုးကျ ခွဲဝေလို့ယူကြရတာပါတယ်။
ပျက်စီးနိုင်တဲ့အရာမှန်သမျှအတွက် အရော့တွက်ကို ဘယ်လိုနုန်းထားနဲ့ပေးမယ်ဆိုတာ စကတည်းကသတ်မှတ်ပြီးသားပါတဲ့။
အဲဒါနဲ့ ကျနော်က အဲလိုအပျက်အစီးအတွက် အပိုဆောင်းပေးလိုက်တာကို တကယ်ပိုလို့ဆိုပြီးပြန်အပ်တဲ့သူရောရှိလားလို့
မေးလိုက်တဲ့အခါ သူကျနော်ကို ကြည့်လိုက်တဲ့အကြည့်လေးကတော့ မမေ့နို်င်စရာဘဲ။
သူအကြည့်လေးကို မြင်ရတော့ တီဗွီကလာနေကြ 6လစာကြော်ငြာလေးမှာ ဟဲဗီးဖြိုးပြောလိုက်တဲ့
“အတော်ပိန်းတာဘဲ”ဆိုတဲ့စကားလေးတောင် နားထဲမှာ ကြားလာသလိုပါဘဲ။
တစ်ခါတစ်ရံမှာလူတွေရဲ့ ကံကြမ္မာအကျိုးပေးက အတော်လေးကို ဆန်းကြယ်တယ်လို့လဲ ထင်မိပါတယ်။
အများလက်မခံနိုင်တာကို လုပ်ကြတာချင်းတူပေမယ့် ကံအကျိုးပေးကောင်းသူကတော့ ချမ်းသာလို့။
မကောင်းသူများကတော့ ဆင်းရဲ ုပိုဆိုးသူများကတော့ အပြစ်ပေးတာခံရပေါ့။
မဆီမဆိုင် ဆက်စပ်လို့စဉ်းစားကြည့်လိုက်မိတော့………………………..
“တစ်ခါစား” များကတော့တကယ့်ကို တစ်ခါဘဲစားရတော့ ရရစားစား ဝါးဝါးမြိုမြိုနဲ့ မပြောင်ရောင်တာများပါတယ်။
“အပိုစား”လေးများကတော့ သူတို့လုပ်ရပ်ကို နှစ်သက်သူလဲရှိ မနှစ်သက်သူလဲရှိပေါ့။
အချိန်ကာလလေးတစ်ခုထိတော့ ဟန်ကျပန်ကျ စားလိုက်သောက်လို်က် သုံးလိုက်ဖြုန်းလိုက်ပါဘဲ။
အဲ မတော်လို့များ ကုမ္ပဏီက သိသွားရင် မရိုးသားဘူး နာမယ်တပ်လို့ အဆင်မသင့်ရင် အလုပ်တောင်ပြုတ်တတ်ပါသေးတယ်။
ဟော ကံကောင်းလွန်းတဲ့ “အလျော့စား” များကတော့ လူတကာအားကျတဲ့ထောဘဲတွေများပါတယ်။
သူတို့ရဲ့ဝင်ငွေနဲ့တွက်ကြည့်ရင် ဘယ်လိုမှမရနိုင်တဲ့ပိုင်ဆိုင်မူ့တွေနဲ့ပေါ့။
ကောင်းတာစား ကောင်းတာစီး ကောင်းတာဝတ် ကောင်းတာလေးတွေနဲ့နေနိုင်သူပေါ့။
ဒါကလဲ သူ့အကျိုးပေးနဲ့သူလို့ ပြောရင်တော့ ရသပေါ့။
ဒါကလဲ ကြုံကြိုက်လို့ ပါးပါးတွေးမိတာလေးပါ။
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
(25-6-2011)
14 comments
ဆူး
June 25, 2011 at 5:06 pm
တနပ်စား ဉာဏ် ဆိုတာ ဒါမျိုးနေမှာပေါ့..
သူငယ်ချင်း တယောက်က ပြောတယ် သူ့ရုံးမှာ ပရိုမိုးရှင်း ဆိုပြီး ပစ္စည်း ၁ဝဖာ ဝယ်ရင် ၁ဖာ လက်ဆောက် ဆိုပြီး ပေးတာ အရောင်းမန်နေဂျာ က တကယ် မပေးပဲ တယောက်တည်း အကုန် စုပြီး ထုတ်သွားတာလိုက်တာ.. နောက်တော့ သတိထားကြည့်မိတော့ ၁ဝသိန်းတောင် ကျော်နေတယ် ပြောတယ်။ ဒါနဲ့ ပြသနာတွေ တက်လို့ အလုပ်ပြုတ် သွားတယ်တဲ့။
မသိရင် မသိသလို လုပ်ကြတာပါပဲ။
pooch
June 25, 2011 at 5:38 pm
အမြဲတန်းစား နိိုိုိုိုိုင်အောင် အကုသိုလ်ကင်းပြီး စင်ကြယ်တဲ့ အလုပ်မျိုးနဲ့ အသက်မွေးဝမ်းကြောင်းပြု နုိုိုိုိုိုုင်အောင် အမြဲကြိုးစားမယ်
kai
June 25, 2011 at 9:34 pm
ဒါမျိုးမသမာမှုတွေက.. ဘာသာရေးတို့.. လူမှုရေးတို့နဲ့…ထိန်းလို့ရတဲ့ခေတ်မဟုတ်တော့ပါဘူး..
ဥပဒေနဲ့ထိန်းရပါတယ်..။
မြန်မာအစိုးရက.. ဥပဒေတွေအများကြီး… ပြဌာန်းလုပ်ရဦးမယ်..။ လုပ်ထုံးလုပ်နည်းတွေ.. လူတွေကို အများကြီး တင်ပြအသိပေးကြရဦးမယ်..။ အရေးယူစံနစ်တွေ ဆွေးနွေးငြင်းကြပြောကြရဦးမယ်..။
ကမ္ဘာက ဘယ်လိုလုပ်နေသလည်း..လေ့လာရရပါဦးမယ်..။
ဥပဒေပြုသူတွေရဲ့… အလုပ်တွေပေါ့…။
ပြောရရင်.. မြန်မာပြည်က… ရာဇဝင်ထဲကျန်ရစ်နေခဲ့တာ…။
“ရာဇဝင်ထဲမှာ မြန်မာပြည်နေရစ်ခဲ့…”
Foreign Resident
June 25, 2011 at 11:13 pm
“ဒါမျိုးမသမာမှုတွေက.. ဘာသာရေးတို့.. လူမှုရေးတို့နဲ့…ထိန်းလို့ရတဲ့ခေတ်မဟုတ်တော့ပါဘူး..
ဥပဒေနဲ့ထိန်းရပါတယ်..။”
It’s absolutely right.
တစ်ခါစား = His business style & so far he is innocent.
But, အပိုစား is liar
& အလျော့စား is thief
MaMa
June 26, 2011 at 3:33 am
ကျမကတော့ အဝစားကို ကြိုက်တယ်။ စားသောက်ဆိုင်တွေ သွားရင် အရင်က ပြောသမျှ ပေးလိုက်တာကနေ နောက်တော့ လာပြတဲ့ ဘောင်ချာကို စစ်ပြီး ဟိုမေးဒီမေး လုပ်ရတာ စိတ်ညစ်လို့။ အဲလိုမှ မလုပ်ရင်လည်း ကျသင့်ငွေက အများကြီးကို ပိုသွားတာ။
weiwei
June 26, 2011 at 3:42 am
ပုံမှန်စားတာပဲကောင်းပါတယ် …. ရေရှည်အတွက် ကျန်းမာရေးနဲ့ ညီတာပေါ့ …
windtalker
June 26, 2011 at 5:26 am
အန်ကယ်ပေါက် ခင်ဗျာ ။ လိပ်စာ အတိအကျလေး နှင့် ပြောပေးပါလား ။ ရွာထဲ က မန်းတလေးမြို ့နေ ရွာသူ ၊ ရွာသား တွေ အတွက်ပေါ့ဗျာ ။
nature
June 26, 2011 at 7:41 am
ကျနော့်အမြင်ကတော့ လူတွေဟာကိုယ့်ရာဇဝင် ကိုရေးရတာပဲ။ ဒါကို ဥပဒေနဲ့ထိမ်းရင် မမျှတဘူးလို့ထင်တယ်။ media တွေနဲ့သတင်းပေးလို့ သိလို့ ဒီနေရာကို ကိုယ့်ဆန္ဒနဲ့ကိုယ် ဘယ်သူမှမသွားတော့ဘူးဆိုရင် ဘယ်သူမှ အပြစ်တင်လို့ မရတော့ဘူး။ တူညီသောယှဉ်ပြိုင်မှုတော့ ရှိသင့်တယ်။
hmee
June 26, 2011 at 9:29 am
တခါစား (တနပ်စား) ကြံသူတွေကို အတော်အမြင်ကတ်တယ်။ ကြုံဖူးတယ်။ မဖြစ်မနေ လိုအပ်လို့ (မတန်မှန်းသိသိနဲ့) ဝယ်လိုက်ရတယ်ဆို မှတ်ထားတယ် နောက်ဘယ်တော့မှ မဆက်ဆံတော့ဘူး။ ကိုယ့်ဆိုင်မှာ လာဝယ်သူကိုလည်း နားမလည်လို့ မေးရင်လည်း သေသေချာချာ ရှင်းပြပြီးမှ ရောင်းတယ်။ သူကတော့ မသိဘူး နှပ်လိုက်မယ်လို့ ဘယ်တော့မှ မလုပ်ခဲ့ဘူး။ သူမသိလည်း ကိုယ့်ကိုကိုယ် သိတယ်လေ။ အဓိက က ကိုယ့်လိပ်ပြာ ကိုယ်လုံဖို့ပဲဟာ။ ကောက်သော် စားမလောက် ဖြောင့်သော်စားမကုန်တဲ့ ။
pan pan
June 26, 2011 at 10:44 am
အဲဒီလိုလူတွေကို တစ်ပွဲထိုးလို့လည်းခေါ်တယ်ထင်တယ်။
ဒီလူ့ဆီက ဒီတစ်ခါစားပြီးရင် ဒီလူထပ်မလာလည်း နောက်လူလာမှာပဲ ဆိုတဲ့စိတ်နဲ့လေ။
လူတွေအများကြီးပဲ ဆိုပြီး…….
forever
June 26, 2011 at 12:59 pm
စားလို.မလောက်တဲ.ခေတ်ထဲရောက်နေတော. …….မစားရင်လဲမလောက်တဲ.ခေတ်ထဲရောက်နေတော.
ကြုံသလို စားကြတာ ထင်ပါတယ်
bigcat
June 27, 2011 at 3:50 am
ဦးပေါက်ပြောတဲ့ အလျော့စားဆိုတာ ဘိလပ်မြေ၊သံချောင်းတွေစားတဲ့ ဆောက်လုပ်ရေး အင်ဂျင်နီယာတွေကို ပြောတာလားဦးပေါက်။ စကားမစပ် ရွာထဲက အန်တီဝေတောင် အင်းလျားလမ်းမှာ တိုက်နဲ့မြေတဧက ဝယ်လိုက်ပြီကြားတယ်။
အကောင်းစားကတော့ ဘီလူး။ ရွာထဲက အင်ဘီလူးကိုပြောတာ ဟုတ်ဖူးနော်၊ တော်ကြာနေ ဖိုက်နေရအုံးမယ်။ A cow နွားတကောင်လုံးကို စားနိုင်တာ ဘီလူးပဲရှိမှာပေါ့။
နွယ်ပင်
June 27, 2011 at 7:57 am
တစ်ချို့တွေကြတော့ တစ်ခါတည်းတော့ တစ်ခါစားတာပဲ ဒါပေမဲ့ တစ်ခါတည်းနဲ့ အဝအပြဲ စားတာလေ ……….
usnczn
June 27, 2011 at 8:38 am
စီးပွားရှာနည်းတွေပေါ့နော်။
ရိုးသားစွာ ရှာဖွေ စားသောက်တတ်ဖို့
ဘာသာတရားရဲ့အဆုံးအမ ကို လက်ခံတတ်တဲ့သူ
ကိုယ်ကျင့်တရား ကောင်းမွန်သူ များနှင့်
တွေ့ဆုံ ပြီး အကျိုးစီးပွား ရှာဖွေ စားသောက်ရသူ
ဖြစ်ရပါလို၏။မြတ်ရှင်စော ဩကာဿ….။