သူဌေးဖြစ်ချင်လား…ငါတို့ဘာတွေလုပ်ဖို့လိုမလဲ (၄)
ကိုယ်လုပ်မယ့်စီးပွားအမျိုးအစားကိုရွေးချယ်ခြင်း
ငွေကိုအကျိုးရှိရှိအသုံးချဖို့မပြောခင်မှာ အရင်ကျွန်တော်ပြောနေတာတွေက
ငွေပိုငွေလျှံလေး (ရေစက်ရေပေါက်)လေးတွေထွက်လာအောင် ညှစ်ထုတ်နည်းလေးအရင်ပေးတာပါ။
လူတော်တော်များများဟာ ဝင်ငွေကို ထွက်ငွေနဲ့ ကိုက်အောင်သုံးနေရင်း အသက်ကြီးပြီး သေသွားကြတာပဲ။ မပူမပင်ရဘူးလို့ပြောပေမယ့် ငွေကြေးနဲ့ပတ်သက်ရင် ထင်ရာစိုင်းလို့မရတဲ့ ဘဝပါ။
ကျွန်တော်တို့တွေသူဌေးဖြစ်ချင်တာ ငွေကြေးနဲ့ပတ်သက်ရင် ထင်ရာစိုင်းချင်တဲ့စိတ် ကြောင့်ဆိုတာ ၇၀% လောက် ပါပါတယ်။ လိုချင်တာဝယ်မယ်။ မိသားစုကို ကောင်းကောင်း ထောက်ပံ့မယ်။ ကိုယ်လဲ အပြင်မှာ ကောင်းကောင်းကဲမယ်ပေါ့။
ကဲ..အဲဒါဆို ကျွန်တော်တို့ ငွေကိုရှာမှဖြစ်မယ်၊ စီပွားရေးတစ်ခုလုပ်မယ်ဆိုရင် စီးပွားရေးအမျိုးအစားကို အရင်ရွေးကြည့်ဖို့လိုမယ်..
ကျွန်တော်တို့နေတဲ့ တိုင်းပြည်နဲ့ သဟဇာတလဲကျ ကိုယ့်အတွက်လဲ ပေါ့ပေါ့ပါးပါးဖြစ်မယ့်ဟာမျိုးပေါ့။
မြောက်ဒဂုံဖက်မှာ ပေ၂ဝ x ၄ဝ မြေကွက်လေးကို သိန်း (၃၀)နဲ့ရလို့ ဝယ်ထားလိုက်မယ်ကွယ်။
ဘယ်လောက်ကြာရင် သိန်း (၃၅)သိန်းဖြစ်မှာလဲ..တစ်လလား၊ တစ်နှစ်လား။
နောက်တစ်ခုက တကယ်ဖြစ်မှာလား၊ တကယ်မဖြစ်ဘူးလား။
ဒါတောင် သိန်း(၃၀)ဆိုတာ သာမာန်ဝန်ထမ်းတစ်ယောက်နေအနေနဲ့
တစ်လကို ငွေတစ်သိန်းဝင်ငွေရှိတဲ့လူတစ်ယောက် အနေနဲ့ မစားမသောက်ပဲ ၃နှစ်နီးနီး စုရမယ့်ပိုက်ဆံပါ။
ဒါဆို သေချာတဲ့ရင်နှီးမြှုပ်နှံမှု ဟုတ်မယ်လို့ထင်လား။
အဲဒီအချိန်မှာ တရုတ်လူမျိုးတွေရဲ့ စီးပွားရေးနည်းစနစ်တစ်ခုကို သဘောကြပါတယ်။ မှန်တဲ့အတွေးခေါ်လို့လဲ ထင်ပါတယ်။
လူတိုင်းဟာ စား၊ ဝတ်၊ နေရေး ဆိုတဲ့ အခြေခံ အချက်ကြီး (၃)ခုမှာ သေသည်အထိ ကျင်လည်နေရတာပါ။
အဲဒီတော့ စီးပွားရေးကို အဲဒီအချက်ကြီး (၃)ချက်မှာအခြေခံပါ။
Super Coffeemix က တစ်ထုတ်ကို ပျှမ်းမျှ ၁၀ဝ ကျပ်နဲ့ရောင်းတယ်။ ရန်ကုန်မှာ လူဦးရေ ၆သိန်းလောက်ရှိတယ်။
တစ်နေ့ကို ကော်ဖီမစ် တစ်ထုတ်သောက်တဲ့လူ ၃ သိန်းရှိရင်၊ အဲဒီ (၃)သိန်းထဲက တစ်သိန်းက Super Coffeemix ကိုသောက်ရင် တစ်ရက် ပျှမ်းမျှဝင်ငွေ သိန်းတစ်ရာပါဗျာ။
တစ်လဝင်ငွေ သိန်း ၃ထောင်ပါ။ အဲဒီထဲက ၁၀% မြတ်တယ်ဆိုရင်..တစ်လကို သိန်း ၁၀ဝ မြတ်ပါတယ်။
အဲဒါ အရမ်းထိရောက်တဲ့ ဥပမာပါ။
နိုင်ငံခြားမှာဆိုရင်တော့ Coca Colaပေါ့။ Logistic သင်တန်းတွေမှာတောင် Coca Cola ရဲ့ ထုတ်ကုန်တင်ပို့မှုကို စံနမူနာထားပြီးပြောတာတွေတောင်ခံရပါတယ်။ မြန်မာပြည်မှာ အဲဒီတင်ပို့မှုအကြောင်းပြောရင်တော့ Alpine ပေါ့။
ထားပါတော့ ကျွန်တော်ပြော နေတာ Economic ပါ Logistic မဟုတ်ပါဘူး။ နောက်ကြုံမှ Logistic ပေါ့။
နောက်တစ်ခုက ရေရှည်စီးပွားရေးမှာ နေ့စဉ်ဝင်ငွေက အလုံးအရင် ဝင်ငွေထက်အရေးကြီးပါတယ်။ နေ့စဉ်ဝင်ငွေမရှိပဲ ဘယ်သူမှအကြားကြီးတောင့်မခံနိုင်ပါဘူး။
လတိုင်း ၅သိန်းလောက်အရင်းအနှီးရှိတဲ့ အလုပ်တစ်ခုမှာ (၃)လနေမှ ၁၅သိန်းဝင်လို့မဖြစ်ပါဘူး။
လက်ထဲမှာ ၁၅သိန်းမရှိနေရင် ချေးငွေယူရပါတယ်။ အတိုးနှုန်းတက်လာပါမယ်။
အဲဒါဆို ကျွန်တော်တို့အလုပ်ရှုံးပါပြီ။ သူများအတွက် အလုပ်လုပ်သော သူဌေးဖြစ်သွားမှာပါ။
အဲဒီတော့ ကျွန်တော်တို့ ရဲ့ စီးပွားရေး ချောင်းလက်တက်လေးမှာ တစ်နေ့ကို ရေရှင်နဲနဲတော့ စီးနေဖို့လိုတယ်နော်..
ဒါမှဒီချောင်းလေး တိမ်ကောမသွားမှာ..
အခုအချိန်ကနေစပြီးတော့ ကျွန်တော်တို့ လုပ်ချင်တဲ့ကိုယ်ပိုင်စီးပွားရေး ပိစိလေးအကြောင်း စပြီးဆွေးနွေးပါမယ်။ တကယ်လုပ်နိုင်လားလို့မေးတာထက်စာရင် ခင်ဗျားတို့ခေါင်းထဲ ပျောက်နေတဲ့အတွေးလေး တစ်ခုကို အစဖော်ပေးတာပါ။
အကျိုးရှိမယ်လို့ထင်ပါတယ်။ လုပ်ကြည့်နိုင်ရင် အကောင်းဆုံးပါ။ အဖိုးနဲ ဝန်ပါပေါ့..
ကိုယ်ပိုင်တဲ့ဘဝအတွက် အချိန်နဲနဲဖဲ့ပေးရအောင်
ဒီခေါင်းစဉ်ကိုရေးတဲ့အခါ ကိုယ့်ကိုကိုယ်မှန်ထဲပြန်ကြည့်ပြီး သုံးသပ်မိပါတယ်.. မင်းဘဝကို မင်းပိုင်ပြီလား..
အဖြေကတော့ ငါ့ဘဝရဲ့ သုံးပုံတစ်ပုံကို ငါပိုင်ပါတယ်ဆိုတာပေါ့..
ကဲ..တစ်နေ့မှာ ၂၄ နာရီရှိတဲ့အထဲက..၈နာရီကတော့အလုပ်မှာ..
နောက်ထပ် ၈နာရီက အလုပ်သွားဖို့ပြင်ဆင်တာနဲ့ အလုပ်သွားတဲ့အချိန်နဲ့ မိသားစုအတွက် လိုအပ်တာလေးတွေလုပ်တာနဲ့ကုန်တာပဲ၊ ကိုယ့်အတွက်ကျန်တဲ့ ၈နာရီမှာ အိပ်ချိန်လေးနဲ့ အပန်းဖြေ TV ကြည့်၊ Gamesဆော့ချိန်လေးပဲ ကိုယ့်အတွက်ရှိတာပါ..
အဲဒီတော့ ကိုယ်ပိုင်တဲ့ဘဝဆိုတာ..ဘယ်မှာတုန်း
ကောင်းပါပြီ..မြန်မာနိုင်ငံမှာ လူတစ်ယောက်ရဲ့လစာကို ပျမ်းမျှ တစ်သိန်း (၁၀၀၀၀၀)လို့ ယူဆလိုက်မယ်။
ကားခ တစ်နေ့ကို ၅၀ဝ နဲ့ (၂၅)ရက်အလုပ်လုပ်ကြရတယ်.. ၁၂၅၀ဝ က ခရီးစရိတ်ပေါ့
လက်ဘက်ရည်မသောက်နဲ့၊ ဆေးလိပ်မဖွာနဲ့၊ မိန်းခလေးတွေဆို သနပ်ခါးမလိမ်းနဲ့ ၈၇၅၀ဝ ကျန်လိမ့်မယ်။
၇၅၀ဝ ကို အသေးသုံးချန်ပြီး၊
၈၀၀၀ဝ ကို စားစရိတ်လုပ်ရင် တစ်နေ့ကို ၂၆၆ဝ လောက်ဈေးဖိုးရမယ်ပေါ့ဗျာ။ ကျွန်တော်တို့ လောက်ငရုံတဲ့လား..
အဲဒါဆို တစ်လကို တစ်သောင်းအနိုင်နိုင်စုမှ တစ်နှစ်နေရင် တစ်သိန်းနှစ်သောင်း လောက်ကျန်မှာ တစ်နေ့ သူဌေးဖြစ်မယ်ဆိုတာ စိတ်ကူးယဉ်ခွင့်မရှိတော့ဘူးပေါ့..
လွန်ခဲ့တဲ့ (၁၂)နှစ် လောက်တုန်းက ကျွန်တော် Discussion တစ်ပုဒ်ရေးခဲ့ဖူးတယ်..
Supermarket တစ်ခုရဲ့ ကောင်းကျိုး..ဆိုးကျိုးတဲ့ ကံဆိုးချင်တော့
အဲဒီအချိန်မှာ မြန်မာပြည်မှာ Supermarket ဆိုတာ လက်ချိုးရည်လို့ လက်တစ်ဖက်မပြည့်သေးပါဘူး..
အဲဒီတုန်းက အဆင်ပြေသလိုရေးခဲ့ပေမယ့် ကျွန်တော့ကိုတော့ စိတ်ဝင်စားမှုတစ်ခု ပေးခဲ့တာတော့အမှန်ပဲဗျ..
သူတို့ ဘယ်လိုရပ်တည်ကြတုန်း၊ သူတို့ရောင်းအား ဘယ်လိုရှိတုန်း
Citymart ကို ညနေပိုင်းရုံးဆင်းရင် ဝင်ကြည့်လိုက်ပါ အလှူတွေများလုပ်နေလားလို့
ဘာဖြစ်လို့ ဒီလို Supermarket တွေ ခေတ်စားလာတာလဲ.. လိုချင်တာတွေရှိလို့..အလုပ်မရှုပ်လို့ပေါ့..
နောက်တစ်ခုက အပြင်နဲ့ ဈေးသိပ်မကွာလို့ပေါ့ ။
ဒါဆို Supermarket ပိုင်ရှင်တွေကရော အဲဒီအရာတွေအကုန်လုံး ဝယ်ထည့်ထားတာလား မဟုတ်ပါဘူး။
သူတို့က ဝန်ထမ်းကို စီမံခန့်ခွဲတယ်။ ရောင်းလိုသူတွေက ရောင်းချင်တဲ့ဟာကို လာတင်ရောင်းချခွင့်ပြုပြီးရာခိုင်နှုန်းတချို့ယူပါတယ်။
အဲဒါဆို ကျွန်တော်တို့ စီးပွားရေးလုပ်ဖို့ ဆိုင်ခန်းတစ်ခုရှိနေပီပဲဗျာ..ရောင်းပေးမယ့် ဝန်ထမ်းလေးတွေတောင်ရှိသေးတယ်..
ကျွန်တော်တို့အတွက်ရောင်းကုန်လေးပဲ စဉ်းစားရတော့မှာ ဘာဖြစ်လို့ ကျွန်တော်တို့ မလုပ်ဖြစ်တာတုန်း။
ရှင်းပါတယ်။ ကျွန်တော်တို့က ကိုယ့်ထက်မြင့်တာတွေကို အရမ်းမျှော်ကြည့်တော့ တချို့က မေးစေ့အောက်မှာ ကွယ်သွားတာပါ..
ဒါဆို..ငါတို့ ဘာရောင်းကြမလဲပေါ့..အစမ်းသဘောမျိုးစဉ်းစားကြည့်ရအောင်လေ..
ထုတ်ကုန်အစမ်းတင်ပြပြီး လက်ခံနိုင်အောင်ကြိုးစားရမယ်။
ကိုယ့်ထုတ်ကုန်ကို Citymart က ရောင်းခွင့်ပေးဖို့တော့ ကြိုးစားရမယ်။
ရန်ကုန်မှာ Citymart တင်မကပါဘူး။ တခြား Supermarket တွေလဲရှိနေသေးတာပဲလေ။
အရင်းက တစ်သိန်းခွဲလောက်တော့လိုတယ်။
အဲဒီအခွင့်အရေးက ကိုယ့်လက်ထဲမှာ.. ဥပမာ..၁၀ဝ ကျပ်တန် ကြာကြာထားလို့ရမယ့်မုန့်လေးတွေ လုပ်ရောင်းမယ်ဗျာ ကုန်ကြမ်းကို ဈေးသက်သာတဲ့နေရာကရှာဝယ် (တနင်္ဂနွေနေ့) လိုမျိုးရှာဝယ်မယ်။
အဲဒါဆို တစ်နေ့ကို အခု ၅ဝ လောက်ပြီးအောင် ကိုယ့်အချိန်ထဲက တစ်နာရီ၊ မိသားစုအချိန်ထဲက တစ်နာရီလောက်ဖဲ့လုပ်မယ်။
အိမ်မှာအားနေတဲ့ ဇနီး၊ သားသမီးတွေ၊ ညီငယ်ညီမငယ်လေးတွေကို မုန့်ဖိုးပေးပြီး ကူညီခိုင်းမယ်။
တစ်နေ့ကို အထုတ်(၅၀)လောက်ပြီးမယ်..တစ်လကို တစ်ထောင့်ငါးရာလောက်တော့ ထုတ်ကုန်ရှိနေပီလေ။
သွားပို့ကြည့်ကြတာပေါ့။ Quality ကောင်းကောင်းလေးလုပ်ပြီး ရောင်းပါ။ စေတနာလေးထားပါ။
တစ်ထောင့်ငါးရာလုံး တစ်လအတွင်း ကုန်အောင်ရောင်းနိုင်ရင် လက်ထဲ တစ်သိန်းခွဲ ရောက်လာမယ်… အမြတ်ကို ၁၀% ထား၊ တစ်သောင်းခွဲတော့ ကျွန်တော်တို့ မြတ်ပီပဲ။
ကိုယ့်ရဲ့ထုတ်ကုန်သယ်ပို့စရိတ်ဆိုတာရှိတယ်။ အဲဒီအတွက် ကျောပိုးအိတ်ထဲ ထည့်ယူသွားနိုင်လောက်တဲ့ကုန်မျိုးစဉ်းစားမယ် Bus စီးပြီး လိုက်ပို့မယ်လေ။
အဲဒါလဲ ထုတ်ကုန်စရိတ် လျော့တာပေါ့။
ကျွန်တော်တို့ရဲ့ ဝင်ငွေကို ပြန်တွက်ကြည့်ရအောင်..
တစ်နေ့ကို (၂)နာရီလောက် ကိုယ်ပိုင်အလုပ်လေးလုပ်မယ် တစ်လ (ရက်၃၀)ဆိုရင် နာရီ (၆၀)= ဝင်ငွေ တစ်သောင်းခွဲ / တစ်နာရီ လုပ်ခ (၂၅၀)ကျပ် တစ်နေ့ကို (၈)နာရီလုပ်မယ်ဆိုရင် = တစ်နာရီလုပ်ခ ၂၀၀ဝ ကျပ်
တစ်နေ့ကို (၈)နာရီဝန်ထမ်းလုပ်မယ် တစ်လကို (၂၅)ရက် နာရီ (၂၀၀) = ဝင်ငွေ တစ်သိန်း / တစ်နာရီလုပ်ခ (၅၀၀)ကျပ်
ဘယ်ဟာ ပိုမြတ်လဲ.. ဒါက ဥပမာအဖြစ်ပြောတာပါ။ စာဖတ်နေတဲ့ ခင်ဗျားတို့စိတ်ထဲမှာ ဒီထက်ကောင်းတဲ့ အကြံတွေရှိနေပြီးသားပါဗျာ..
တစ်ညလောက် အေးအေးဆေးဆေး ငါဘာလုပ်သင့်လဲလို့ စဉ်းစားကြည့်လိုက် ဦးနှောက်ရဲ့ဒေါင့်မှာကပ်ပြီး အိပ်နေတဲ့ Idea လေးတွေထွက်လာလိမ့်မယ်..
အပြောလွယ်ပေမယ့် အလုပ်ကျတော့ခက်တယ်..ခက်တယ်ဆိုပြီး ထိုင်နေလို့မှမရတာ နဲနဲတော့ စမ်းကြည့်ကြမယ်လေ..
မရောင်းရမှာကို သိပ်ပြီး စိတ်မပူနဲ့ဗျ..ကိုယ့်ဘက်က စေတနာလေးသာထည့်ပေးလိုက် ရန်ကုန်မြို့မှာ လူဦးရေ ၆သိန်းလောက်နေကြတယ်။
လူတိုင်း မုန့်စားကြတယ်ဗျ။ လူ ၄၀ဝ မှာ တစ်ခုရောင်းရရင်၊ တစ်လကို အခု တစ်ထောင့်ငါးရာကုန်ပါတယ်ဗျာ…
အဲဒီတော့ ကိုယ့်အချိန်ထဲက တစ်နိုင်တစ်ပိုင်အလုပ်လေးတစ်ခုကို လုပ်ကြည့်ရအောင်လေ..
အဲဒီတော့ ကျွန်တော်တို့ရှိတဲ့ ပိုက်ဆံနဲနဲလေးက ရေရှင်လေးတွေဖြစ်လာပီပေါ့..
ဒါပေမယ့် ရေရှင်တွေကြားမှာ သင်္ဘောမမှောက်စေနဲ့ပေါ့။
ဒီနေရာမှာ လူပြောများတဲ့စကားလေးတစ်ခွန်းကို ပြန်ပြောချင်ပါတယ်..
ကိုယ်ပိုင်အလုပ်ဆိုတော့ ကိုယ်နားချင်ရင် ဆိုင်ပိတ်နားရုံပဲတဲ့..ဘယ်သူမှဂရုမစိုက်ရဘူးပေါ့ ကိုယ့်လောဘက ဘယ်တော့မှပေးမနားပါဘူး။
လုပ်သလောက်ပိုက်ဆံရတဲ့အလုပ်ဟာ သေသွားမှ ရပ်သွားတတ်တာပါ။
ပထမပင်ပန်းလိမ့်မယ်..အားမလျော့နဲ့ဆက်လုပ်ပါ သင်သေသွားမှရပ်ချင်မှာပါ။
နောက်ဆုံးပြောချင်တာက သေတဲ့အထိဆက်လုပ်ပါ..ကြိုးစားရင်သေတာက၊ အထီးကျန်ပြီး သေတာထက်ကောင်းပါတယ်။
ဆက်ပြီးတော့ ကိုယ့်မှာလိုအပ်တဲ့ အရည်အချင်းနဲ့ အတတ်ပညာအကြောင်းကို ဆက်ပြောပါမယ်။
(ဆက်ရန်..)
11 comments
photwenty
July 6, 2011 at 2:05 pm
ဟုတ်ကဲ. တွက်ရေးကတော. စက်သူဌေးပါဗျာ
တွက်ကြည်. တော. စက်ကမရှိဖြစ်နေတာဗျ
ဆူး
July 6, 2011 at 9:09 pm
အတွက်အချက်တော့ ကောင်းတယ်။
စီးတီးမတ် မှာ ပစ္စည်းတင်တယ် ဆိုတာ လုံးဝ မလွယ်တဲ့ ကိစ္စပါ။ နာမည်ရ ဆိုင်ဖြစ်နေတဲ့ အတွက် ပစ္စည်း တင်နိုင်ဖို့ အဆင့်ဆင့် ကျော်ဖြတ်ရတယ်။ ပစ္စည်း အကြောင်း လုံးဝ နားမလည်တဲ့ ဝန်ထမ်းကို ပေးထားပြီး ဆုံးဖြတ်ခိုင်းရတယ်။ ဆရာလိုလို သဘာလိုလိုနဲ့ အကောင်းကို အကောင်းမှန်း မသိပဲ ပါယ်ချ ခံရတတ်တယ်။ မကောင်းတာကိုလည်း ကောင်းတယ် ထင်ပြီး အမြင်နဲ့ ဆုံးဖြတ်တာမျိုး လုပ်တတ်တယ်။ စေတနာ သည် ကံမည်ပါ၏ ဆိုတဲ့ စကားကို လက်တွေ့ကျင့်သုံးရင်တော့ တကယ်သိလာပါလိမ့်မည်။ စီးတီးမတ်တော့ သိပ်ပြီး စိတ်ကူးမယဉ်နဲ့ တခြား စူပါ မားကတ်တွေက တော်သေးတယ်။ စီးတီးမတ်က နာမည် အကြီးဆုံး ဆိုင်ဖြစ်နေတဲ့ အတွက် သိပ်မာနာကြီး ပြနေတတ်တယ်။ နောက်ထပ် ထူးခြားတာ တခုက စီးတီးမတ် ရဲ့ အကျင့်ဆိုးက သိပ်ရောင်းရတော့ အပ်ကုန် စနစ်နဲ့ ရောင်းချင်တဲ့ လူတွေကို အတင်းညှစ်ပါတယ်။ တခြားဆိုင်မှာ ၉၀၀ဝ နဲ့ တင်တဲ့ ပစ္စည်း သူကို အပိုစောင်း ၁၀% ထပ်တောင်းတယ်။ ပုံမှန် ပစ္စည်း တခုကို ၁၅% အမြတ် ပေးလို့ တခြား ဆိုင်တွေက ကျေနပ်ပေမဲ့ စီးတီးမတ်က မကျေနပ်ဘူး ၁၅% + ၁၀% = ၂၅% ဖြစ်သွားတယ်။ ပြီးတော့ တခြားဆိုင်တွေ ထက် ၁၀% လျော့ရောင်းပြတယ်။ ဝယ်သူအနေနဲ့ ကောင်းပေမဲ့ ကိုယ်က လုပ်ငန်း ရှင်အနေနဲ့ တိုးမယ်ဆိုရင်တော့ သူညှစ်တာ ကိုယ်ခံနို်င်မလား အဲဒါလေး အရင်တွက်ချက်သင့်တယ်။ စီးတီး မတ် အနေနဲ့ကတော့ သွင်းတဲ့ လူတွေ သိပ်များနေတာ ဒီတယောက် မပေးနိုင် နောက်တယောက် ပေးမှာပဲ ဆိုပြီး ရသလောက်တော့ အရေညှစ်ယူမှာပဲ။ ရောင်းရငွေ သိန်း ၂ဝဖိုး ဖြစ်သွားရင် ထပ်ပြီးတော့ % တောင်းရင် ပေးပါမယ် ဆိုတဲ့ ခံဝန်ကတိတွေ အထပ်ထပ် ထိုးပြီးမှ ပစ္စည်း အတင်ခံတာ ဖြစ်တဲ့ အတွက် သူ့ဘက်ကတော့ လုပ်ငန်းကြီး ဖြစ်တဲ့ အပြင် ပစ္စည်းတင်တဲ့ လူတွေ အပေါ် ချီပြီး တုတ်ပြီးသား ဖြစ်ပါတယ်။
စောစောက မိသားစု အလုပ် ဆိုလို့ အကြံ တခုပေးချင်ပါတယ်။
ပေါင်မုန့် ထောပတ်သုတ်တဲ့ အလုပ် ကို တချို့ လုပ်ကြတယ်။ မိသားစုတွေ မပင်မပန်း ထုတ်ပိုးပြင်ဆင်ပြီး အပ်ကုန် စနစ်နဲ့ ဆိုင်မှာ ရောင်းချယုံပါပဲ။ တချို့ကတော့ အလုပ်မှာလည်း လိုချင်ရင် ပြောနော်.. ဆိုပြီး မန်နေဂျာလို ရာထူး တခု ရှိတဲ့ လူမျိုးက ရောင်းတာ ဆိုတော့ မျက်နှာ လုပ်ဖို့ ဝန်ထမ်းအချင်းချင်း အားပေးတာမျိုး အမျိုးမျိုးပေါ့.. ရှိတော့ ရှိပါတယ်။
နောက်ထပ်တော့ ပြောစရာတွေ အများကြီး ရှိပါသေးတယ်။
ဆူး
July 6, 2011 at 10:09 pm
ပြောချင် စော များသွားတာနဲ့ တခု ကျန်ခဲ့တယ်..
တခြား ဆိုင်တွေမှာ ၉၀၀ဝ နဲ့ တင်တဲ့ ပစ္စည်း ၁၀% ထပ် ဆစ်ခံရတဲ့ အတွက် စီးတီးမတ်မှာ ၈၁၀ဝ နဲ့ ရောင်းနေတာ မြင်နေရတယ်။
မိုက်ကယ်ဂျော်နီအောင်ပု
July 6, 2011 at 10:46 pm
ပိုပြီးအရေးကြီးတာတစ်ခုက
သဌေးဖြစ်ခြင်ရင်
သူဌေးသမီးဆူးကို ရအောင်ယူကြပါ
😀 😀 😀
ဆူး
July 6, 2011 at 11:24 pm
ဘကြီးပု အဲလောက် လုံးပန်း စရာ မလိုဘူး။ လိုအပ်ရင် ပြော ဆူး အရင်းအနှီးထုတ်ပေးမယ်။ စီးပွားရေး လုပ်ငန်းရှင် သူဌေး ကြီး အဖြစ် အတည်တကျ လုပ်ငန်း ဖြစ်လာအောင်….
အိမ်ရှေ့က ဝါး၃ ပင်ကို လှဲပြီးတော့ သွားကြားထိုးတံ စက်ရုံ တည်ဖို့ အရင်းအမြစ် စိုက်ထုတ်ပေးမယ်။ နောက်ပိုင်းတော့ ကိုယ့်ဟာကို ကြီးပွားအောင် လုပ်.. အောင်မြင်ရင် အပိုင်လို့သာမှတ်.. ဘယ်သူမှ ငါ့ဟာ ဆိုပြီး လာမသိမ်းဘူး။ စိတ်အေး လက်အေး လုပ်ငန်း အသစ်သာ စလုပ်ပေတော့။ အိပ်စပိုစ်တွေ ဘာတွေ ရတဲ့ အထိ လုပ်ပေါ့.. အရင်းအနေနဲ့ ဝါး ၃ လုံး ဆိုရင်တော့ တော်တော် များများ ရမှာပါ။ 😛 😀 😀 😀
forever
July 6, 2011 at 9:09 pm
နိင်ငံရေးတည်ငြိမ်နေတဲ.တိုင်းပြည်
လူတိုင်းမှာညီမျှတဲ.ယှဉ်ပြိုင်နိင်တဲ.အခွင်.အရေးရှိတဲ.တိုင်းပြည်
ပြည်သူကနှစ်သက်ကြည်ဖြူတဲ.အစိုးရ ရှိတဲ.တိုင်းပြည်ဆို..
စီးပွားရေးပညာရှင်တွေရဲ.တွေးခေါ်နိင်စွမ်း ဟာတိုင်းပြည်ရဲ.အားပါဘဲ
ကျွန်တော်တို.နိင်ငံမှာတော.
နိင်ငံရေးလှုပ်ရှားမှုတွေဘယ်အချိန်ထဖြစ်မလဲမသိနိင်သလို
လူတိုင်းတူညီတဲ.ယှဉ်ပြိုင်ခွင်.တူညီတဲ.အခွင်.အရေးမရပါဘူး
အစိုးရကိုနှစ်သက်ကြည်ဖြူခြင်းလဲနဲတာအမှန်တရားပါဘဲဒီအခြေအနေမျိုးမှာ
ပညာရှင်တွေရဲ.တွက်ကိန်းဟာ…ရေမှာအရုပ်ရေးသလိုပါဘဲ
တခြားမကြည်.ပါနဲ.မိတ်ဆွေတွက်ပြတဲ.ကော်ဖီဥပမာကိုဘဲပြန်ပြောရမယ်ဆိုရင်
ဟိုတလောက baddy ကော်ဖီမစ်ဟာဈေးကွက်မှာထိပ်ရောက်လာတဲ.အခါ
ဘယ်ကမှန်းမသိတဲ.ကောလဟာလနဲ.အတုထွက်တယ်ဆိုပြိီး ဈေးကွက်မှာ
လျော.ရောင်းတာတောင်ဝယ်သူတွေနည်းပြီးဒုက္ခတွေ.ခဲ.ရတယ်
တခါတန်ဘိုးနဲကော်ဖီထုတ်တဲ.လုပ်ငန်းတခုကကျတော.ဈေးလျော.ရောင်းနိင်အောင်
အရောအနှောတွေထည်.ရောင်းရာကပိတ်ခဲ.ရတယ်
ဒီဖြစ်စဉ်တွေမှာပါတဲ.အကျုံးဝင်တဲ.လူတွေ ကို အစိုးရကအရေးယူခဲ.သလား
no ပါဘဲ ဘာလိုလဲဆိုတော.အစိုးရနဲ.နီးစပ်တဲ.သူတွေမို.ပါ
ဒီလိုမျိုးအခြေအနေနဲ.တိုင်းပြည်မှာစီးပွားရေးကိုသမာအာဇီဝနဲ.သဌေးဖြစ်အောင်
လုပ်တဲ.နည်းအရေးတကြီးလိုနေတယ်ဗျာ
windtalker
July 7, 2011 at 12:13 am
သူဌေးဖြစ်ချင်တယ် သူဌေးဖြစ်ချင်တယ်
MaMa
July 7, 2011 at 8:14 am
(ကိုယ့်လောဘက ဘယ်တော့မှပေးမနားပါဘူး။)
မှန်လိုက်တာ။ ငယ်ငယ်တုန်းက အိမ်ဘေးမုန့်ဖိုက မုန့်ထွက်ချိန်ကို မုန့်ထုပ်ဖို့ မရမှာစိုးလို့ သွားစောင့်ရတာကို သတိရတယ်။ မုန့်ဖိုး ၁ဝပြားရတဲ့ ခေတ်မှာ မုန့်တစ်ဗန်း ထုပ်ရင် ၂၅ပြားရတယ်။ ညနေပိုင်း ကျောင်းဆင်းတာနဲ့ ထုပ်တာတောင် ညမိုးမချုပ်ခင် ပြီးအောင် မနည်းလုပ်ရတယ်။ အဖေအမေက သနားလို့ တစ်ရက်တစ်လေ မုန့်ဖိုး ၂၅ပြားပေးလည်း မုန့်ထုပ်တာတော့ မပျက်ဘူး။ မုန့်ဖိုကလည်း သဘောကောင်းတယ်။ မုန့်ကို စစ်ပေးတာ မဟုတ်ဘူး။ စားချင်သလောက်လည်း စားလို့ရသေးတယ်။ ကြာတော့လည်း မစားနိုင်တော့ပါဘူး။ ငယ်ငယ်ထဲက အလုပ်လုပ်ချင်တဲ့စိတ်က အလုပ်မလုပ်ရ မနေနိုင်အောင်တောင် ဖြစ်နေသလိုပဲ။ ကောင်းမကောင်းတော့ မသိဘူး။
Smiegol
July 7, 2011 at 9:06 am
Citymart အကြောင်းရှင်းပြပေးခဲ့တဲ့ ဆူးကိုကျေးဇူးတင်ပါတယ်။
Forever ပြောတဲ့ မျှတတဲ့ယှဉ်ပြိုင်မှုမရှိတဲ့ စီးပွားရေးအတွက်လဲ ကျေးဇူးတင်ပါတယ်။
ဒါပေမယ့် ကျွန်တော်အရင်ကတည်းကပြောခဲ့ပါတယ်..လူတိုင်းမှာ ကျွန်တော်မြင်တာထက်ပိုမြင်တဲ့ အရည်အသွေးတွေ၊ အတွေ့အကြုံတွေရှိပြီးသားပါ။ ကျွန်တော်အခု ရေးနေတဲ့အကြောင်းက လူတိုင်းရဲ့ ဝင်ငွေတိုးတက်လာဖို့ တစ်သက်လုံး ဝန်ထမ်းဘဝနဲ့အရိုးထုတ်မယ့်အစား ကိုယ်ပိုင်အလုပ်လေးနဲ့ စိတ်ချမ်းချမ်းသာသာနေနိုင်ဖို့။
ကြိုးစားရင်း Top Ten သူဌေးတစ်ယောက်မဖြစ်နိုင်ရင်တောင် မပူပင်မကြောင့်ကျပဲ စီးပွားရေးခိုင်ခိုင်မာမာ လေးရှိနေဖို့ပါ..
ပါဝင်ဆွေးနွေးမှုများအားလုံးအတွက် အတိုင်းမသိဝမ်းသာပါတယ်
etone
July 7, 2011 at 9:19 am
ကောင်းရောင်းကောင်းဝယ် လုပ်စားနေတဲ့လူအများစု မကြီးပွားတဲ့ အချိန် ….ရှုပ်ပါတယ်ကွာ ဘဏ်ကို ဓါးပြသွားတိုက်မယ် 😛 😛 😛
(နောက်တာနော် တကယ်သွားမလုပ်ကြနဲ ့ရွာသားတို့ ) 😀 😀
မမလေး
July 7, 2011 at 2:24 pm
အခုလစာ ၂ သောင်းတိုးပေးပြီတဲ့နော် .. ခုမှသိလို့