သူရဿဝါနှင့် Chatting
“သူရဿဝါနှင့် Chatting”
ဒီတစ်ပတ် ရေးဖို့ စိတ်ကူးမိ တာကတော့ Chatting ပါ။ ဒီဝေါဟာရ ကိုတော့ အထွေအထူး ရှင်းပြစရာ လိုမယ် မထင် ပါဘူး။ အမြန်ယာဉ်လိုင်း တွေလို မြန်ဆန်ရမ်းကား .. အဲ .. အဲ .. မြန်ဆန်ထွန်းကား လှတဲ့ နည်းပညာ ခေတ်ကြီးကို အလွန်အကျူး နည်းမှန်လမ်းမှန် လေ့လာ လိုက်စား နိုင်ကြတဲ့ သူရဿဝါတို့ မြန်မာ နိုင်ငံသား အတော်များများ ကတော့ အင်တာနက် ဆိုရင် ချက်တင်ထိုင်တယ် ဆိုတာနဲ့ တွဲပြီး သိကြပါတယ်။ ချက်တင်က ဒီလောက်အထိ ကျွန်တော်တို့ တတွေကို လွှမ်းမိုးထား နိုင်တယ်ခင်ဗျ။ အင်တာနက် စသုံးခါစ User အားလုံးနီးပါး ချက်တင် မထိုင်ဖူးသူ မရှိဘူးလို့ ထင်ပါတယ်။ သူရဿဝါ ကိုယ်တိုင်လည်း အင်တာနက် စသုံးတတ် ခါစမှာ ချက်တင်ထိုင်ခြင်းနဲ့ မကင်းခဲ့ပါဘူး။
ကျွန်တော့် အစ်ကိုဝမ်းကွဲက ကျွန်တော့်ကို အင်တာနက် သုံးတာ စသင်ပေးမယ် ဆိုတုန်းက တခြား ဘာမှ မလုပ်ခိုင်း ပါဘူး။ အင်တာနက်ကို စွဲသွားအောင် Chat Room ထဲမှာ အကောင့်တစ်ခု ဖွင့်ပေး၊ နောက် G-mail အကောင့် တစ်ခု ဖွင့်ပေးပြီး တစ်နေကုန် ချက်တင်ထိုင်ခိုင်း တော့တာပဲ။ သူပြောပုံက ရှင်းရှင်းလေး၊ Chat Room ထဲမှာ တွေ့တဲ့ လူတွေထဲက ကိုယ်ပြောချင်တဲ့ သူနဲ့ စကားပြော၊ မိတ်ဆက်၊ ပြီးလို့ အဆင်ပြေရင် G-mail လိပ်စာချင်း ဖလှယ်၊ ပြီးရင် G-talk ထဲမှာပြော .. အဲဒီလို အဆင့်ဆင့်ပေါ့။ ကျွန်တော်လည်း သူသင်ပေးသလို လုပ်တာပေါ့။ Chat Room ထဲကနေ လူတစ်ယောက်နဲ့ ခင်ပြီးလို့ ကိုယ့်ရဲ့ G-talk ထဲ အကောင့်တစ်ခု တိုးလာရင် သိပ်ပျော်တာ။ အစ်ကို့ အင်တာနက် ဆိုင်ရဲ့ Server မှာ ဆန့်ဆန့်ကြီး ထိုင်လို့၊ မျက်မှောင်ကြီး ကုပ်လို့၊ ကီးဘုတ်နဲ့ လက်နဲ့ တဂျောက်ဂျောက် နှိပ်နေတဲ့ သူရဿဝါကို ဆိုင်ထဲ ဝင်လာသူများ သိပ်အထင်ကြီး ကြပါတယ်။ မျက်မှောင်ကြီးတောင် ကုပ်ပြီး လုပ်နေရတယ် ဆိုတော့ ဘယ်လောက် ခက်ခဲ နက်နဲတဲ့ အလုပ်တွေ များလဲလို့ ပေါ့လေ။ တကယ်က .. ဘာမှ မဟုတ်ဘူး။ ရုပ်ကသာ အလုပ်ကြီး အကိုင်ကြီး မျက်နှာပေး … အမှန်က Chat Room တကာ ပြဲပြဲစင်အောင် ပတ်ချာလည် လှည့်နေတာ။
ချက်တင်ကို စွဲတာမှ ပြောမနေနဲ့ … မနက် မိုးလင်း ဆိုင်ဖွင့်ပြီ ဆိုကတည်းက တခြားသူ သုံးမသုံးတော့ မသိဘူး။ ကျွန်တော်က တစ်နေကုန်ပဲ၊ ဘေးခုံမှာ စားစရာ သောက်စရာ ရိက္ခာ အပြည့်အစုံ ယူပြီးတော့ကို တစ်နေကုန် တစ်နေခန်း ထိုင်တာခင်ဗျ။ သင်ပေးတဲ့ အစ်ကိုဝမ်းကွဲလည်း တခြား ဘာမှ သင်ပေးလို့ မရတော့ဘူး။ ပေကပ်ပြီးတော့ကို နေတာ … ဖနောင့်နဲ့ ပေါက်လည်း အေးဆေးပဲ။ သူလည်း သူ့ဟာသူ ပေါက်ချင်တာပေါက်၊ ဒီမှာက ချက်နေတာ အပြုံးကို မပျက်ဘူး။ ချက်တင်ထိုင်နေရင်း ငုတ်တုပ်ကြီး သေသွားရင်တောင် အဲဒါကို စွဲတဲ့စိတ်နဲ့ Chat Room စောင့်တဲ့ သရဲ ဖြစ်နေမှာ စိုးရိမ်ရတယ်။ ဒီလောက်အထိ ချက်တင်ကို စွဲခဲ့ပါတယ်။
ချက်တင် အထိုင်ကောင်းလို့ ဒုက္ခရောက်ဖူး သလို .. သူများကိုလည်း ဒုက္ခ ပေးဖူးပါတယ်။ တစ်ခါတော့ ကျွန်တော် အွန်လိုင်းမှာ မိန်းကလေး တစ်ယောက်နဲ့ ချက်တင်ထိုင် မိပါတယ်။ သူ့ Nick Name က White Virgin ပါတဲ့။ အဖြူရောင် အပျိုစင်ကလေး ပေါ့ဗျာ။ နာမည်လေးလဲလှ၊ အပြောအဆို ကလေးလည်း ညက်၊ ဆိုတော့ကာ … အွန်လိုင်းမှာ ပြောရုံနဲ့ မပြီးဘဲ အပြင်မှာ တွေ့ဖို့ပါ ချိန်းမိကြ ပါတယ်။ အပြင်မှာ တွေ့ကြမယ် … ဘယ်လို ဆုံမလဲလို့ မေးတော့ သူက သူအခု သုံးနေတဲ့ အင်တာနက်ဆိုင်မှာ လာခေါ်ပါတဲ့။ ကျွန်တော်က စမ်းချောင်းမှာ၊ သူက မြို့ထဲမှာ။ ဒါနဲ့ ကျွန်တော်လည်း နာရီဝက်အတွင်း အရောက်လာမယ်၊ စောင့်နေပေါ့။ သူကလည်း “အင်း ..” တဲ့။ “ယူ .. တကယ် လာခဲ့နော် .. တို့ စောင့်နေမှာ .. တို့က အကျီ င်္ အဖြူရောင်လေး ဝတ်ထားတယ် .. တစ်ဆိုင်လုံးမှာ တို့တစ်ယောက်ပဲ အဖြူရောင် ဝတ်ထားတာ ..” တဲ့။ ကျွန်တော်ကလည်း ဘယ်ရမလဲ .. အားကျမခံ “စိတ်ချပါ အပျိုဖြူလေးရယ် … တို့တကယ် လာမှာပေါ့ … မင်းသာ တကယ် စောင့်နေ” ပေါ့။ မြို့ထဲ ထွက်ခဲ့ပါတယ်။
မြို့ထဲရောက်တော့ သူပြောတဲ့ အင်တာနက်ဆိုင်ကို ခပ်လွယ်လွယ်ပဲ တွေ့ပါတယ်။ အကြည့်ခံအောင် .. မျက်နှာကို အစွမ်းကုန် ပြုံးဖြဲပြီး ဆိုင်တံခါး ခပ်တည်တည် တွန်းဖွင့် ဝင်လိုက်ပါတယ်။ တစ်ဆိုင်လုံးမှာ တစ်ယောက်တည်း အဖြူရောင် … တွေ့ပြီဗျာ ၊ ထင်းနေတာပဲ။ ထင်းမှာပေါ့ …. အဖြူရောင် အပျိုစင်လေးမှ မဟုတ်တာ၊ မီးခိုးရောင် အပျိုလုံးကြီးဗျာ။ တကယ်ပြောတာ … ဖီးကြမ်း ငှက်ပျောသီးကြီး ကျနေတာပဲ။ ဝဝလင်လင်ကြီး .. လုံးလုံးကြီး .. ညိုတာမှ ညို့နေတာပဲ။ သူရဿဝါ ဆိုင်ပြင်ကို ဘယ်လို ပြန်ရောက် သွားမှန်းကို မသိဘူး။ အပြင်ရောက်မှ တဟောဟော တဟဲဟဲနဲ့ အသက်ကို ဝအောင် မနည်းရှူရတယ်။ ဘယ်လို လုပ်ရပါ့ .. သူ့ပုံစံကလည်း ကိုယ်မလာမချင်း ထမယ့်ပုံ မပေါ်။ ကမန်းကတမ်း အကြံထုတ်ရတယ်။ ဟိုဟိုဒီဒီ လျှောက်ကြည့်တော့ ဆိုင်ရဲ့ တံခါးမှာ ဆိုင်ကို ဆက်သွယ်ရမယ့် ဖုန်းနံပါတ် တွေ့ပါလေရော။
ဒါနဲ့ ဖုန်းဆိုင် တစ်ဆိုင်ထဲ ဝင်ပြီး “ဆိုင်ထဲက White Angel ဆိုတဲ့ မိန်းကလေးကို ခုနက ချိန်းထားတဲ့ ကောင်လေးက ဖုန်းဆက်တယ်လို့ ပြောပေးပါ” ဆိုပြီး ခေါ်ခိုင်းရတယ်။ မကြာပါဘူး … အပျိုညိုလုံးကြီး ဖုန်းလာကိုင် ပါတယ်။ အမယ် … သူကတောင် ဆီးပြီး ဟောက်လိုက် သေးတယ်။ “မလာသေးဘူးလား .. ယူ့ကို စောင့်နေတာ ကြာပြီ .. ဘယ်ရောက် နေတာလဲ” တဲ့။ ကျွန်တော် မနည်း အသံဖျက်ပြီး ပြန်ဖြေလိုက်ပါတယ်။ “ဟားရေး … အားပျိုစင်ကလေး … ကုလားလေးနော် … မြို့ထဲ ရောက်နေတယ်နော် … ကန်မလေး ပြောတဲ့ ဆိုင်ကိုနော် … ကုလားလေး ရှာမတွေ့ဘူး .. လည်နေတယ်နော် … သေချာ ပြန်ပြော …” ဆိုပြီးလည်း ပြောလိုက်ရော စကားပြန်တောင် မရတော့ဘူး။ “ဂွပ်” ခနဲ အလန့်တကြား ဖုန်းချ သွားပါလေရော။ ဒီတော့မှ သူရဿဝါလည်း အနန္တော အနန္တငါးပါး ဂုဏ်ကျေးဇူးကို တဖွဖွရွတ်ပြီး ပြန်လာ ခဲ့ပါတယ်။
နောက်တစ်ခါ ကျတော့ အွန်လိုင်းမှာ ချက်တင် ထိုင်ရင်းနဲ့ ရန်ဖြစ်တာပါ။ ဖြစ်ပုံက သူက ယောင်္ကျားလေး … ကျွန်တော့် အကောင့်ကို သေချာ မကြည့်ဘဲ မိန်းကလေး အောင့်မေ့လို့ လာဟိုင်းတာ။ ဒါနဲ့ ကျွန်တော်က ပြန်ပြောတော့ ယောင်္ကျားလေးမှန်း သိသွားတယ်။ အဲဒီတော့မှ “ဟာကွာ .. မင်းက ဘွိုင်းလား … ငါက မိန်းကလေး ထင်လို့ကွာ ဘာလုပ်ရမှာလဲ” တဲ့။ ကြည့်ဦး .. ပြောပုံကိုက .. မိန်းကလေး ဆိုတော့ရော အွန်လိုင်းကနေ ဘာလုပ်လို့ရမယ် ထင်နေလို့လဲ မသိပါဘူး။ အဲဒီကနေ စပြီး ရန်ဖြစ် ကြတာ။ သူလည်း ဆဲ၊ ကိုယ်ကလည်း အားကျမခံ ပြန်ဆဲပေါ့။ အဲဒီလို အပြန်အလှန် ဆဲရင်းက စိတ်တွေ တိုလာကြရော။ သူက “မင်း လူမိုက်လား .. သတ္တိရှိရင် အပြင်မှာ ချိန်းပြီး ဖိုက်မယ်လေ .. ထွက်ခဲ့ … လာ” တဲ့။ ကျွန်တော်ကလည်း ငြိမ်ခံ မနေပါဘူး။ “အောင်မာ .. မင်းလောက်ကတော့ အမြီးပါဖြတ်ပြီး ပြုတ်စား ပစ်လိုက်မယ် .. ဟေ့ကောင် … မိုက်တယ်ကွ … တစ်ယောက်ချင်း ချချင်ရင် လာခဲ့လေ .. အင်းစိန် ပေါက်တောဝ မှတ်တိုင်ကို … ငါစောင့်နေမယ် … တွေ့ရင်တော့ လက်သီးချင်း ယှဉ်ထိုးနော် … ပြေးတော့ မကိုက်နဲ့ .. ကြားလား” ဆိုပြီး သူ မခံချင်အောင် ပြန်ပြောပါတယ်။ သူကလည်း ဒေါသတွေ တရှဲရှဲ ထွက်ပြီး “အေး .. လာပြီကွ” ဆိုပြီး အောက်သွား ပါတယ်။ ဒီလို လာကျောလို့တော့ ဘယ်ရမလဲ .. သူရဿဝါလေ … ကိုယ်က စမ်းချောင်းမှာ၊ သူ့ကို အင်းစိန် ချိန်းပစ် လိုက်တယ်။ တကယ်က အဲဒီ အင်းစိန် ပေါက်တောဝ ဆိုတာ ဘယ်နားမှန်းတောင် ရေးတေးတေး မသိပါဘူး။ ကျွန်တော်လည်း မသွားပါဘူး။ ဒီအတိုင်း ဆက်ထိုင် နေတာပဲ။ သူကတော့ တကယ်သွား မသွား ကျွန်တော်လည်း မပြောတတ်ဘူး။
အဲဒီလိုပါပဲ။ ချက်တင် လောကမှာ ကျွန်တော်တို့ ကျင်လည် နေခဲ့တာ၊ ကျင်လည်နေ ကြတာ။ ကျွန်တော် အင်တာနက်ပါးဝသွားလို့ အခုတော့ ချက်တင် မထိုင် ဖြစ်တော့ပါဘူး။ ဒါပေမယ့်လည်း ကိုယ့်လို အခုမှ စသုံးတဲ့ လူငယ် လူရွယ် အတော်များများ ရှေ့လူများရဲ့ အစဉ်အလာကို ဆက်ခံပြီး ချက်တင်ထိုင် ကြဦးမှာပါပဲ။ ကိုယ်နဲ့ အဆင် ပြေရင် စကားလေး ပြောလိုက်၊ အပြင်မှာ ချိန်းလိုက်၊ ရန်တွေ ဖြစ်လိုက်နဲ့ ချက်တင်ထိုင်ခြင်း အလေ့အထဟာ အင်တာနက် သုံးစွဲသူ လူတန်းစားတို့ရဲ့ ယဉ်ကျေးမှု တစ်ရပ်တောင် ဖြစ်နေခဲ့ပြီ ဆိုတာ အသေအချာပဲလို့ ကျွန်တော်တော့ ပြောချင် ပါတယ်။
သူရဿဝါ
ဇူလိုင် ၆ ရက် ၊ ၂၀၁၁ ခုနှစ်
www.thurathawah.net
www.facebook.com/ThuraThawah
www.facebook.com/LiteraryArtBlog
(အထက်ဖော်ပြပါ ဆောင်းပါးကို ယခုတစ်ပတ်ထုတ် Net Guide Journal, Volume 1, Issue 90 တွင် ပုံနှိပ်ဖော်ပြ ခဲ့ပြီး ဖြစ်ပါသည်)
12 comments
ကိုပေါက်(မန္တလေး)
July 6, 2011 at 11:16 pm
ချက်တင် ဖက်ချင်ရင်အပြင်မှာချိန်းဂိန်းမသွားဘူးဆိုရင်ကံကောင်းလို့မှတ်
ဆူး
July 6, 2011 at 11:37 pm
ချက် ဆိုတာ လူငယ်တိုင်း သိတယ်။ အင်တာနက် စသုံးခါစ တုန်းကတော့ တနေ့တနေ့ ချက်တင် လောကထဲမှာ ချာချာ လည်နေပေမဲ့ ကြာတော့ ငြီးငွေ့လာတယ်။ တယောက်နဲ့ တယောက် တွေ့လိုက်ရင် asl က အရင်စတာ.. သိရလို့လည်း ဘာမှ မဖြစ်သလို မသိရလို့လည်း ဘာမှ မဖြစ်ဘူး။ ဒီစကားက နုတ်ဆက် စကားလိုတောင် ဖြစ်နေသေးတယ်။
အခုတော့ ဂျီတော့မှာတောင် များများ မချက်ဘူး ရွာထဲမှာပဲ လိမ့် မန်းနေတာ.. ရွာလည်နေတယ် ခေါ်ရမှာပဲ။
windtalker
July 7, 2011 at 12:23 am
ဖိုးသူတော် ရွာလည်ရင် ဆန်ပို ရတယ် ဆိုလား ။
ကိုကိုလူဆိုး
July 7, 2011 at 8:07 am
အွန် လူဆိုးလည်း ပါမယ်လေ ဆန်ထမ်းပေးမယ်.. း)))
တိုးတက်နေတဲ့လူငယ်တွေအယူအဆလွဲပုံများ အင်တာနက်သုံးလို့မှ ချက်တင်မထိုင်တက်ရင်
ခေတ်မမှီဘူးတဲ့ဗျာ..ကောင်လေးတစ်ယောက်ကိုမေးတာ.. ချက်တင်ကြောင့်ဒုက္ခရောက်တဲ့လူတွေ
အများကြီးပါဗျာ..ဆင်ခြင်ပေါ့ ..ချက်တင်ထက်စာရင်ဂိမ်းဆော့တာမှ ဟုတ်တုတ်တုတ် နာဆို level 36 တောင်ရောက်နေပီ ဖေ့ဘွတ်စ်ဂိမ်းမှာ
char too lan
July 7, 2011 at 1:55 pm
ဒါဆိုဟိုတခါပြောတဲ့ ငါးမည်ရFacebookမှာ လယ်သမားလုံးလုံးဖြစ်နေတယ်ဆိုတာ ဒီလူဆိုးကြီးလားမသိဘူး 🙂 ..
ချက်တာကပိုက်ချံမရဘူး မန့်တာကပိုက်ချံရဒယ်
ချက်မဲ့အစား မန့်ကြလို့တော့ ကြုံရင်ကြုံသလိုပြောခဲ့တယ် ..
meengelay
July 7, 2011 at 9:47 am
အများဆုံးကတော့ ကျောင်းသားကျောင်းသူလေးတွေပါ အတန်းချိန်လစ် အင်တာနက်ဆိုင်ထဲ အတန်းတက်ပုံရပါတယ်..
တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေကတော့ ပြသနာမရှိပေမယ့် အထက်တန်းအလယ်တန်းကျောင်းသားကျောင်းသူတွေပါ ချက်တတ်ကုန်တာပြသနာ များသောအားဖြင့်တော့ ကွန်ပျူတာဆို ဘာမှနားမလည်ဘဲချက်တင်တစ်ခုပဲ သိတဲ့ကျောင်းသားကျောင်းသူတွေများပါတယ်..
နွယ်ပင်
July 7, 2011 at 10:13 am
ချက်တင်ကတော့ အင်တာနက် စသုံးတဲ့ လူငယ်တော်တော်များများစွဲခဲ့တဲ့ အရာပေါ့
အရင်ကတာ့ ချက်တင်ထိုင်ဖူးပင်မဲ့ ကြာတော့လဲ ပျင်းလာတယ် ဘာမှအရေမရ အဖတ်မရ
ကိစ္စတစ်ခုလိုမြင်လာတယ် အခုတော့ ချက်တင်အစား ရွာထဲမှာ လည်ပတ်ရတာကို ပိုကြိုက်လာတယ် ….
စုံ စုံ
July 7, 2011 at 11:05 am
မနှစ်ကတော့ကွန်ပျူတာဆိုလက်ကွက်တောင်မရိုက်တတ်တဲ့
သူငယ်ချင်းတယောက်ကိုကွန်ပျူတာနဲ့အကျွမ်းဝင်စေချင်လို့ဆိုပြီး
အင်တာနက်ဆိုင်ကိုခေါ်၊ပြီးတော့အင်တာနက်သုံးနည်းသင်ပေးတာပေါ့လေ
ဒါပေမယ့်သူတကယ်တတ်သွားတာကအင်တာနက်ကရမယ့်ဗဟုသုတရှာနည်းမဟုတ်ဘဲ
ချက်တင်ထိုင်တတ်နည်းဖြစ်သွားတယ်၊typing လဲတော်တော်ရိုက်တာမြန်နေပြီ
အခုသူနဲ့ဘယ်အချိန်တွေ့တွေ့သူ့ဆီကကြားရတာချက်တင်းအကြောင်းတွေချည်းဘဲ
ကြာတော့စိတ်တိုလာလို့ပြောလိုက်တယ်
အားရင်ချက်တင်ချည်းဘဲထိုင်မနေနဲ့၊ဗဟုသုတရမယ့်ဆိုဒ်တွေလဲဝင်ဦးလို့
ဖြစ်စေချင်တာကတခု၊ဖြစ်သွားတာကတခု
R Ga
July 7, 2011 at 3:33 pm
ချက်တင် နှင့် မြန်မာပြည် တစ်သားတည်းကျနေပါပြီ..။
ချက်တင်နှင့် လူငယ် တစ်သားတည်းကျနေပါပြီ။
ကျွန်တော်တို့ချက်တုန်းက ကျားမ မရွေးချက်ခဲ့ပါတယ်။ ဒါပေမဲ့ ဖွန်ကြောင်မယ်ဆိုတဲ့စိတ်ကူးလည်းရှားလှပါတယ်။ တစ်ယောက်တတ်တဲ့ပညာ တစ်ယောက်သင်ဖို့ အဓိကပါပဲ။ ချက်တင် ထဲကနေရတဲ့ပညာတွေလည်းမနည်းလှပါဘူး။ အင်တာနတ်နဲ့ပါတ်သက်ရင်ပေါ့။ ဒါပေမဲ့ ကြာကြာချက်ပါများတော့တူးသလိုပဲအခုတော့ တော်တော်လေးကို ရိုးအီလှပါတယ်။
windtalker
July 7, 2011 at 5:55 pm
ခေတ်မှီသူ တိုင်း ချက်ကြသည်
သို ့သော် ချက်တင်း နောက်ကို လိုက်ပါက အကျိုးနည်းမည် များမည် ဆိုတာကတော့
Big Defender
July 7, 2011 at 7:54 pm
ချက်သူအပေါ် မူတည်ပါသည်။
ကိုကိုလူဆိုး
July 8, 2011 at 4:55 pm
Chtter Blogger Chatter(ချက်တာ) နှင့် Blogger (ဘလော့ဂါ)ပထမဦးဆုံး အနေ နဲ့ ဒီခေါင်းစဉ်လေးထဲက စကားလုံး နှစ်ခု ဖြစ်တဲ့ Chatter(ချက်တာ) နဲ့ Blogger (ဘလော့ဂါ) တို့ရဲ့ အဓိပ္ပါယ်ကို အရင်ဆုံးရှင်းဖို့လိုမယ်ထင်ပါတယ်။ Chatter ဆိုတာ Internet သုံးတဲ့ အချိန်တွေထဲကတော်တော်များများကို online ပေါ်မှာရှိတဲ့ mIRC, Gtalk, Skype, vzochatစတဲ့ Chatting Software တွေကို သုံးပြီး မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ၊မိဘဆွေမျိုးတွေ၊ ဘယ်ကမှန်း မသိတဲ့သူတွေနဲ့ စကားစမြည် ဟိုဟိုဒီဒီပြောခြင်းနဲ့ ကုန်လွန်စေတဲ့သူတွေကို ဆိုလိုပါတယ်။ Blogger ဆိုတာကတော့Internet သုံးတဲ့ အချိန်တွေထဲက အများစုကို Blog (Web log) လို့ ခေါ်တဲ့Online Diary လေးတွေ ရေးသားကြတဲ့နေရာမှာ အသုံးပြုကြတဲ့သူတွေကိုဆိုလိုပါတယ်။ အခု ဒီနေရာမှာ အဓိကပြောချင်တာကတော့ Chatter (ချက်တာ)တစ်ယောက်နဲ့ Blogger (ဘလော့ဂါ) တစ်ယောက်ရဲ့ စိတ်နေစိတ်ထားတွေ၊အရည်အသွေးတွေသူတို့ကြုံတွေ့ရတဲ့ ပတ်ဝန်းကျင်ကိုလိုက်ပြီး ဘယ်လိုဘယ်ပုံကွာခြားသွားတယ်ဆိုတဲ့ အချက်ကိုပဲ ဖြစ်ပါတယ်။ဒါကိုပြောဖို့အတွက် ပထမဆုံးအနေနဲ့ Chatter တွေ ကျင်လည်ကျက်စားတဲ့Chatting Website တွေရဲ့ သဘောသဘာဝနဲ့ Blogger တွေ ကျင်လည်တဲ့ Blog တွေရဲ့သဘောသဘာဝတို့ကို ကျွန်တော်တို့အနေနဲ့ အရင်ဆုံးသိထားဖို့ လိုပါလိမ့်မယ်။Chatter တွေရဲ့ ကျင်လည်ရာပတ်ဝန်းကျင်လို့ ပြောလို့ရတဲ့ Chatting Websiteတွေရဲ့ အကြောင်းကို စပြီးလေ့လာကြည့်ပါမယ်။ Chatter အများစုရဲ့အဓိကကျင်လည်ရာဟာ mIRC ပါလို့ ပြောလို့ရပါတယ်…။ mIRC ထဲမှာမှ မြန်မာတွေအသုံးအများဆုံးကတော့ Ygn chat ဆိုတဲ့ chat room (ချက်ရွမ်း)ပဲ ဖြစ်ပါတယ်။ကိုယ့်နာမည်အရင်းကို သုံးစရာမလိုဘဲ နာမည်ပြောင်(nickname) တစ်ခုကိုကိုယ့်ရဲ့စကားဝှက် (password) တစ်ခုနဲ့ တည်ဆောက်လိုက်မယ်ဆိုရင် mIRCထဲမှာရှိတဲ့ chat room တွေထဲက chatter တွေများစွာနဲ့ ကြိုက်သလိုစကားပြောလို့ ရသွားပါတယ်။ သူကလဲ သူ့ nick နဲ့ဝင်၊ ကိုယ်ကလဲ ကိုယ့် nickနဲ့ဝင် တစ်ယောက်အကြောင်းလဲ တစ်ယောက်မသိ၊ တစ်ယောက်ကိုတစ်ယောက်လဲမြင်ရနိုင်တာ မဟုတ်တဲ့အတွက် အဲဒီအထဲမှာ ကြိုက်တဲ့စကားလုံးကို ကြိုက်သလိုရေးနိုင်ပါတယ်။ ကိုယ်ရေးလိုက်တဲ့ စကားအတွက်လည်း ကိုယ်က တာဝန်ယူစရာမလိုပါဘူး…။mIRC အသုံးများတဲ့ Chatter တွေဟာ အပြင်လောကမှာလည်း စကားကို လက်လွတ်စပယ်ပြောတတ်လာပါတယ်။ လိမ်ရမှာ၊ ညာရမှာကို ရှက်တဲ့ ကြောက်တဲ့ စိတ်တွေလည်းခေါင်းပါးလာပါတယ်…။ အစစအရာရာကို ပေါ့ပေါ့တွေးပြီး ကိုယ့်စကား၊ကိုယ့်လုပ်ရပ်၊ ကိုယ့်အပြုအမူတွေနဲ့ ပတ်သက်ပြီး တာဝန်ယူမှု၊ တာဝန်သိမှုတွေမရှိသလောက်ကို ဖြစ်လာတတ်ပါတယ်…။ ဒါဟာ chatting ပတ်ဝန်းကျင်ထဲမှာအနေများတဲ့အတွက် အဲဒီအထဲကနေ ကိုယ့်ရဲ့စိတ်ထဲကို ကူးစက်လာတတ်တဲ့ဘေးထွက်ဆိုးကျိုးတွေပဲ ဖြစ်ပါတယ်။Blogger (ဘလော့ဂါ)တွေကတော့ Blog (ဘလော့ဂ်) ရေးကြပါတယ်။www.blogger.comမှာ gmail account ကို သုံးပြီး Blog (ဘလော့ဂ်) တစ်ခုကိုတည်ဆောက်ရယူနိုင်ပါတယ်။ Blog တစ်ခု ဖန်တီးတည်ဆောက်ဖို့ဆိုတာ chat roomတွေထဲမှာလို account တစ်ခုလုပ်ပြီး ဝင် chat ရတာလောက် မလွယ်ကူဘူးဆိုတာသေချာပါတယ်။ ဘလော့ဂ်ဆိုတာ တွေ့ကရာလူတွေနဲ့ ထွေရာလေးပါး ပြောနိုင်တဲ့နေရာတစ်ခု မဟုတ်ပါဘူး…။ ဘလော့ဂါတစ်ယောက်ရဲ့ ပတ်ဝန်းကျင်မှာချက်တာတစ်ယောက်ရဲ့ ပတ်ဝန်းကျင်ထဲကလို ဘယ်ကမှန်းမသိတဲ့သူတွေ မရှိပါဘူး။အ,လာပ သ,လာပ အရည်မရ အဖတ်မရ စကားလုံးတွေ မရှိပါဘူး…။ဘလော့ဂါတစ်ယောက်ရဲ့ ပတ်ဝန်းကျင်မှာ သူခင်တဲ့သူငယ်ချင်းတွေ၊သူရေးထားတဲ့စာလေးတွေကို ဖတ်ရှုအားပေးကြတဲ့ သူ့ရဲ့စာပေမိတ်ဆွေတွေ၊သူတင်ထားတဲ့ ဓါတ်ပုံလေးတွေ၊ သူ့ရဲ့ဘဝအတွေ့အကြုံလေးတွေကိုမျှဝေခံစားကြမယ့် ခံစားချက်ညီသူတွေ ရှိကြပါတယ်။ ဘလော့ဂါအများစုရဲ့ဘလော့ဂ်မှာ သူတို့ရဲ့ အထ္တုပ္ပတ္တိအကျဉ်းကို ဖော်ပြထားကြပါတယ်။သူ့ရဲ့နာမည်အရင်း၊ သူ့ရဲ့ဓါတ်ပုံ စတာတွေကို အမှန်အတိုင်းကိုဖော်ပြထားကြတာကို တွေ့ရပါမယ်။ အဲဒီလိုတင်ထားကြတာဟာ သူတို့ဒီစာမျက်နှာတွေပေါ်မှာ တင်လိုက်တဲ့ စာ၊ ဓါတ်ပုံ၊ ပန်းချီ စတာတွေအတွက်သူတို့ အပြည့်အဝ တာဝန်ယူရဲတယ်ဆိုတဲ့ စိတ်ဓါတ်ကြောင့် ဖြစ်ပါတယ်…။ဒါကြောင့် ဘလော့ဂ်တွေရဲ့ စာမျက်နှာတွေပေါ်မှာ လိမ်တာ၊ ညာတာတွေသိပ်မပါပါဘူး။ ရိုင်းစိုင်းကြမ်းတမ်းတာတွေ သိပ်မပါပါဘူး။ဘလော့ဂါတွေအနေနဲ့လည်း ကိုယ်ရေးလိုက်တဲ့ စာတွေအတွက် ကိုယ့်မှာတာဝန်အပြည့်ရှိတယ်ဆိုတဲ့ အသိစိတ်ကြောင့် လက်လွတ်စပယ် မလုပ်တတ်ကြတာကိုတွေ့ရပါတယ်။ ဘယ်နေရာမှာမဆို အကောင်းအဆိုး ဒွန်တွဲနေတဲ့သဘောအရကိုယ့်ပရိုဖိုင်လဲမဖော်ပြရဲ၊ ကိုယ်ရေးတဲ့ စာတွေအတွက်လဲဘာဆိုဘာမှတာဝန်မယူရဲ၊ အလိမ်အညာတွေ ရိုင်းစိုင်းကြမ်းတမ်းတဲ့စကားလုံးတွေကိုလဲ သုံးစွဲဖို့ဝန်မလေးတတ်ကြတဲ့ ဘလော့ဂါအချို့ရှိပေမယ့်အရေအတွက်အားဖြင့် သိပ်မများ တာကိုတွေ့ရပါတယ်။ နောက်ပြီး ဘလော့ဂါတွေရဲ့ဘလော့ဂ်တွေကို လေ့လာကြည့်တဲ့အခါ ကိုယ်ဝါသနာပါရာ တစ်ခုခုကို လိုက်ပြီးပုံစံလေးတွေ ကွဲပြားသွားတာကို တွေ့ရပါတယ်။ ရသစာပေကိုစိတ်ဝင်စားတဲ့သူကလည်း သူဖတ်ဖူးခဲ့တာလေးတွေကို မျှဝေသလိုသူရေးထားတာလေးတွေကိုလည်း တင်တတ်ပါတယ်။ သုတလိုင်းဘက်ကိုစိတ်ဝင်စားတဲ့သူကလည်း သတင်းသဘောမျိုးလေးတွေကို အမြဲတမ်းတင်ပေးနေတတ်ပါတယ်။ တချို့ ဓါတ်ပုံဝါသနာပါသူတွေကလည်း ဓါတ်ပုံလေးတွေတင်ကြပါတယ်။ ဘလော့ဂါတစ်ယောက် ဖြစ်လာတဲ့သူရဲ့ ရည်ရွယ်ချက်ဟာချက်တာတစ်ယောက်ရဲ့ mIRC ထဲမှာ ကျူမယ်၊ အဆင်ပြေရင် gmail တောင်းပြီး Gtalkကနေ စကားပြောမယ်… ပြီးရင် Vzochat လေးသုံးပြီး webcam လေးနဲ့မျက်နှာလေးပါ ကြည့်လိုက်မယ်… အဆင်ပြေရင် အပြင်မှာ ချိန်းတွေ့ကြမယ်…ဆိုတဲ့ရည်ရွယ်ချက်ထက် နည်းနည်းလောက်တော့ မြင့်သွားတယ်ဆိုတာ သိပ်ကို သေချာပါတယ်။နောက်တစ်ခုက အားစိုက်ထုတ်ရမှုအပိုင်းပါ…။ ချက်တာတစ်ယောက်ဖြစ်ဖို့ဆိုတာသိပ်ကိုလွယ်လွန်းပါတယ်…။ ဘလော့ဂါတစ်ယောက် ဖြစ်လာဖို့ကတော့ စစခြင်းမှာလုံလောက်တဲ့ အားတစ်ခုစိုက်ထုတ်ရသလို နောက်ပိုင်းမှာလည်း စဉ်ဆက်မပြတ်တဲ့အားစိုက်ထုတ်မှုတစ်ခုကို ဆက်လုပ်ပေးနေဖို့ လိုပါတယ်။ လုပ်ချင်စိတ်တစ်ခုနဲ့အားတစ်ခုစိုက်ထုတ်ရုံပဲလား ဆိုတော့လည်း မဟုတ်သေးပါဘူး…။ချက်တာတစ်ယောက်ရဲ့ အဆင့်ထက် အများကြီးပိုမြင့်တဲ့ နည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်တတ်မြောက်မှုတွေ လိုပါသေးတယ်။ အနိမ့်ဆုံးဥပမာတစ်ခုပေးရမယ်ဆိုရင်… chat room တွေထဲမှာ မြန်မာအသံထွက်ကိုအင်္ဂလိပ်စာလုံးတွေသုံးပြီး Burglish လို ရိုက်လို့ရပေမယ့်ဘလော့ဂ်တွေထဲမှာတော့ Burglish နဲ့ ရေးထားတဲ့ဘလော့ဂ် လုံးဝမရှိပါဘူး…။ရှိရင်လည်း ဘယ်သူမှ ဝင်ဖတ်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ဘလော့ဂါတစ်ယောက်ဟာသူ့ဘလော့ဂ်ကို အင်္ဂလိပ်လိုဖြစ်စေ၊ မြန်မာလိုဖြစ်စေ ရိုက်ပြီး တင်ကြရပါတယ်။အင်္ဂလိပ်လိုပဲတင်တင်၊ မြန်မာလိုပဲတင်တင် လုံလောက်တဲ့ ကျွမ်းကျင်မှု တစ်ခုကိုတော့ မဖြစ်မနေရအောင် ယူကြရတာပါပဲ…။နောက်တစ်ခုက chatter တစ်ယောက် chat room အပေါ် စွဲလမ်းမှုနဲ့ bloggerတစ်ယောက် သူ့ရဲ့ဘလော့ဂ်ကို စွဲလမ်းမှုမှာ မတူညီတဲ့ အကြောင်းရင်းတွေရှိနေပါတယ်။ ချက်တာတစ်ယောက် ချက်ရွမ်းတွေကို စွဲလမ်းသွားတာဟာဦးတည်ရာမရှိတဲ့ ပါးစပ်ဖျားက စကားလုံးတွေပေါ်မှာ သာယာတဲ့စိတ်ကြောင့်ဖြစ်ပါတယ်။ ဘလော့ဂါတွေရဲ့ ဘလော့ဂ်အပေါ် စွဲလမ်းမှုကတော့ နွေးထွေးတဲ့ချစ်စဖွယ် သံယောဇဉ်တွေပေါ်မှာ အခြေခံပါတယ်။ ဘလော့ဂ်တွေမှာ ဘလော့ဂါနဲ့လာရောက်ဖတ်ရှုကြသူတွေ အပြန်အလှန် စကားပြောလို့ရတဲ့ နေရာလေး တစ်ခုကိုဖန်တီးထားလို့ ရပါတယ်။ အဲဒါလေးကို Cbox လို့ခေါ်ပြီးမြန်မာဘလော့ဂါတွေကတော့ ဆီပုံးလို့ ချစ်စနိုး ခေါ်ကြပါတယ်။ နောက်ပြီးကိုယ်တင်လိုက်တဲ့ ပို့စ် (post) တိုင်းရဲ့အောက်မှာလည်း စာဖတ်သူတွေအနေနဲ့comment (ထင်မြင်ချက်)တွေ ဝင်ရေးပေးခဲ့လို့ ရပါတယ်။အဲဒီအချက်လေးတွေကြောင့် ဘလော့ဂါတစ်ယောက်နဲ့ သူ့ရဲ့ဘလော့ဂ်ကိုလာလည်ကြတဲ့သူတွေရဲ့ အကြားမှာ အပြန်အလှန် ဆက်နွယ်မှုလေးတစ်ခုစီးဆင်းနေတာကို တွေ့ရပါတယ်။အဲဒါကြောင့် ဘလော့ဂါတစ်ယောက်ဟာ ဒီနေ့ သူ့ရဲ့ဘလော့ဂ်ကို ဘယ်သူများလာလည်သွားသလဲ၊ ဘယ်သူတွေကများ ဘာတွေများ ဝင်ရေးသွားသေးသလဲ စတာတွေကိုဝင်ကြည့်… ကိုယ့်ကို နှုတ်ဆက်သွားသူတွေကိုလည်း ပြန်နှုတ်ဆက်… စတဲ့အလုပ်တွေအတွက်နဲ့ ကိုယ့်ရဲ့ဘလော့ဂ်ကို စွဲလမ်းသွားတတ်ကြပါတယ်။ ဒါပေမယ့်ချက်တာတွေ ချက်ရွမ်းကိုစွဲလမ်းပြီး တစ်နေကုန်တစ်နေခမ်း အရေမရအဖတ်မရတွေနဲ့စခန်းသွားနေချိန်မှာ ဘလော့ဂါတစ်ယောက်ကကိုယ့်ဘလော့ဂ်လေးကိုပြင်ဆင်မွမ်းမံ၊ ရေးချင်တာလေးတွေအသစ်ထပ်ရေး၊ ကိုယ့်ဆီလာလည်ကြတဲ့သူငယ်ချင်းတွေကို ပြန်လည်နှုတ်ဆက်၊အခြားကိုယ့်သူငယ်ချင်းတွေရဲ့ဘလော့ဂ်ကိုလိုက်လည်နဲ့ ကိုယ့်အတွက်လဲအကျိုးမယုတ် သူများအတွက်လဲ အကျိုးရှိစေမယ့် အလုပ်တွေကို လုပ်နေတာသေချာယှဉ်ကြည့်တဲ့အခါ တော်တော်လေးကိုကွာနေတာ တွေ့ရပါတယ်။ချက်တာ (Chatter) တစ်ယောက်နဲ့ ဘလော့ဂါ(Blogger)တစ်ယောက် အဲဒီ့လိုအဲဒီ့လို သူကြုံတွေ့ရတဲ့ ပတ်ဝန်းကျင်ကိုလိုက်ပြီး စိတ်ပိုင်းဆိုင်ရာရော၊ရုပ်ပိုင်းဆိုင်ရာမှာပါ ကွာခြားချက်တွေရှိနေတာမှန်ပေမယ့် … တကယ်တမ်းအင်တာနက်ကို ထဲထဲဝင်ဝင်သုံးစွဲနေကြတဲ့ လူငယ်တွေများစွာထဲက ၈ဝရာခိုင်နှုန်းလောက်ဟာ ချက်တာ(Chatter) တွေပဲဖြစ်နေတာကိုဝမ်းနည်းစွာပဲတွေ့မြင်ရပါတယ်။ အခုဆိုရင် နိုင်ငံတစ်ကာကမြန်မာဘလော့ဂါတွေရဲ့အရေအတွက်ဟာ ၁၅၀ဝ ကျော်လောက်ရှိလာပြီလို့ခန့်မှန်းရတဲ့ အတွက် တကယ်တမ်းလူဦးရေနဲ့ ယှဉ်ကြည့်တဲ့ အခါ အင်မတန်မှကိုနဲနေသေးတာကို တွေ့ရပါတယ်။ကျွန်တော့်စိတ်ထဲမှာ ဖြစ်စေချင်နေတဲ့ ဆန္ဒကတော့ Chatting လောကကြီးထဲကိုအင်တိုက်အားတိုက် နဲ့ပျော်ဝင်နေကြတဲ့ လူငယ်တွေအနေနဲ့ ဘလော့ဂါ (Blogger)တစ်ယောက်ရဲ့ဘဝကိုကူးပြောင်းစေချင်တာပဲဖြစ်ပါတယ်။ ဘလော့ဂ်ရေးတဲ့ ဘလော့ဂါ(Blogger) တစ်ယောက်ရဲ့ဘဝကို မရောက်သေးရင်တောင် ဘလော့ဂ်တွေလိုက်ဖတ်တဲ့Blog Reader ဘဝက ချက်တာတစ်ယောက်ရဲ့ ဘဝထက် ပိုမိုပြီးအကျိုးများနိုင်မယ်ထင်ပါတယ်။ မြန်မာဘလော့ဂ်တွေကိုwww.google.comကGoggle Search Engine မှာ မြန်မာလို ရိုက်ထည့်ပြီး ရှာကြည့် လို့ရပါတယ်။နောက်ပြီး မြန်မာဘလော့ဂါတွေရဲ့ ဘလော့ဂ်တွေကို တတ်နိုင်သလောက်စုစည်းထားတဲ့ ဆိုဒ်လေးတွေ ကို ညွှန်းရမယ် ဆိုရင်တော့www.mmblogdirectory.blogspot.com,www.myanmarblogsdirectory.blogspot…, စတဲ့ နေရာလေးတွေပဲဖြစ်ပါတယ်။ ဘလော့ဂါတွေဟာ သူတို့ရဲ့ဘလော့ဂ်တွေမှာ အခြားသောဘလော့ဂါတွေရဲ့ ဘလော့ဂ်တွေနဲ့ လင့်ခ်ချိတ် ထားတဲ့အတွက် အဲဒီ့ လင့်ခ်တွေကနေတဆင့်လဲ သွားရောက် ဖတ်ရှု နိုင်ကြပါတယ်။လူငယ်တွေအားလုံး ချက်တာ ဘဝကနေ ဘလော့ဂါ ဘဝကို ကူးပြောင်း နိုင်ကြပါစေဗျာ…။