“ဆိုဖာဆက်တီခုံကလေး”
“ဆိုဖာဆက်တီခုံကလေး”
(၁)
ကျွန်တော် ခပ်ငယ်ငယ် ကတည်းက သံယောဇဉ် ရှိခဲ့သော ကိုယ်ပိုင်ပစ္စည်း အနည်းငယ်ထဲတွင် ဆိုဖာ ဆက်တီလေး တစ်ခုံ ပါဝင်သည်။ ဆိုဖာဆက်တီ ကလေးကို အိမ်သို့ သယ်ဆောင် ဝယ်ယူ လာခဲ့သူမှာ အဖေ ဖြစ်သလား၊ အမေ ဖြစ်သလား ဆိုတာကို ကျွန်တော် ကွဲကွဲပြားပြား မမှတ်မိတော့ သော်လည်း ထိုဆိုဖာလေး အိမ်သို့ စတင်ရောက်ရှိ လာသော နေ့ကိုတော့ ကျွန်တော် ကောင်းကောင်း မှတ်မိနေ ခဲ့ပါသည်။ ကျွန်တော် သုံးတန်းအရွယ် ကျောင်းက ပြန်လာသော တစ်နေ့ဖြစ်ပြီး အိမ်ထဲသို့ ဝင်သည်နှင့် တွေ့လိုက်ရသော အနီရဲရဲ ဆိုဖာဆက်တီ ကလေးသည် ကျွန်တော်တို့ အိမ်၏ ဧည့်ခန်း ကျဉ်းကျဉ်း လေးထဲတွင် ထင်းခနဲ သတိပြု မိလောက်အောင် အခန့်သား ရောက်ရှိ နေခဲ့သည်။
ကျောင်းလွယ်အိတ်ပင် မချွတ်နိုင်သေးဘဲ ဆိုဖာခုံလေးအား ကျွန်တော် ငေးမောစိုက်ကြည့် နေမိ သည်ကို ဧည့်ခန်းထဲ ဝင်လာသော ဖေဖေက မြင်သွားပြီး “သားက ဒီခုံလေးပေါ်မှာ ထိုင်ကြည့်ချင် လို့လား” ဟု ပြုံးပြီး မေးတော့ ကျွန်တော် ချက်ခြင်းပင် “ဟုတ်ကဲ့ ဖေဖေ” ဟု အားတက်သရော ပြောခဲ့ဖူးသည် ကိုလည်း ယခု အချိန်ထိ အမှတ်ရ နေ၏။ ဖေဖေ့ဆီမှ ခွင့်ပြုချက် ရလျှင်ရချင်း ထိုခုံလေးပေါ် တက်ထိုင်လိုက် မိချိန်တွင် အိခနဲ ဖြစ်သွားပြီး ထိုခုံကလေး၏ တန်ပြန် တွန်းကန်အားကြောင့် အနည်းငယ် ပြန်လည် ကြွတက် သွားခဲ့ သော်လည်း ဖွဖွရွရွလေး ဖြစ်သည်။ ကျွန်တော် အိမ်တွင် အခါတိုင်း ထိုင်ခဲ့ဖူးသော ခွေးခြေခုံများ၊ စာကြည့် စားပွဲမှ ကုလားထိုင်များ၊ ကျောင်းစာသင်ခန်းရှိ ထိုင်ခုံများ ထံမှ မရရှိဖူးသော ထိုခံစားမှုကို ချက်ချင်းပင် ကျွန်တော် သဘောကျမိသည်။ ထို့ကြောင့် ထိုခုံပေါ်သို့ အနည်းငယ် ခြေပစ်လက်ပစ် ထိုင်ချလိုက်၊ ခုံကလေး၏ တန်ပြန် တွန်းကန်အားကို ခံစားလိုက်နှင့် ကျွန်တော် လုပ်နေသည်ကို အစအဆုံး ကြည့်နေသော ဖေဖေက “သား … ဒီဆိုဖာခုံလေးကို သဘောကျလို့လား” ဟု မေးလေသည်။ “ဟုတ်ကဲ့ ဖေဖေ .. သားအရမ်း ကြိုက်တာပဲ” ဟု မပီကလာ အဖြေကို ဖေဖေက ရယ်မော၍ ကျွန်တော့် ဦးခေါင်းကို ခပ်ဖွဖွ ပွတ်သပ်ပြီး “သား သဘောကျမယ် ဆိုတာ ဖေဖေ သိပါတယ် …. ဒီနေ့ကစပြီး ဒီခုံလေးက သားအတွက်ပဲ၊ သားအပိုင်ပဲ .. နော်” ဟု ပြောချိန်တွင် ထိုစကားနှင့် ဆိုဖာဆက်တီ ခုံလေးမှလွဲ၍ ကျွန်တော် အခြားဘာကိုမျှ စိတ်မဝင်စား တော့ပါ။
(၂)
ဖေဖေက အမြဲလိုလို အိမ်၏ စီးပွားရေး ကိစ္စနှင့် အပြင်တွင်သာ ရှိနေတတ်ပြီး ဧည့်သည် အရောက် အပေါက်လည်း နည်းပါးသော ကျွန်တော်တို့ အိမ်တွင် ထိုခုံကလေးကို ကျွန်တော့်ဆီမှ လု၍ ထိုင်မည့်သူ မရှိပါ။ ကျောင်းက ပြန်ရောက်၍ အကျီ င်္ အဝတ်အစား လဲပြီးသည်နှင့် ခါတိုင်းလို အိမ်မှ အချစ်တော် ခွေးကြီး ဘိုနီနှင့် မကစားတော့ဘဲ ခုံလေးပေါ် ပြေး၍ ထိုင်တတ်လာသည်။ ဘိုနီကတော့ ဘယ်အချိန် သူနှင့် ကစားမလဲဟု မျှော်လင့်၍ ကျွန်တော့် ဘေးတွင် အမြဲ ထိုင်စောင့်သည်။ ထမင်းစား လျှင်လည်း ကျွန်တော်က ဆိုဖာခုံနီလေး ပေါ်တွင်သာ ထိုင်လျက်သား ရှိ၍ မေမေက ကျွန်တော့်ကို ဘေးမှစောင့်၍ ထမင်းခွံ့ရသည်။ စာကျက်ပြီ ဆိုလျှင်လည်း ထိုခုံလေး ပေါ်မှာပင်။ ဆိုဖာခုံ ကလေးပေါ် ထိုင်လိုက်တိုင်းလည်း သူ့ထံမှ ခပ်ဖွဖွ ပြန်လည် တွန်းကန်အားကို ခံစားရစမြဲ၊ ကျွန်တော်ကလည်း ထိုခံစားမှုကို ကြိုက်နှစ်သက် စမြဲပင် ဖြစ်သည်။ အတော် အတန် ငယ်ရွယ်သည့် ကိုးနှစ် ဆယ်နှစ်သား အရွယ်တွင် စိတ်ခံစားမှု တစ်ခုခုကို မှတ်မှတ်ရရ သတိပြုနိုင်ခဲ လှသော်လည်း ထိုခုံကလေး ပေါ်တွင် ထိုင်သည်နှင့် ကျွန်တော့်ကို ခပ်ဖွဖွ ပြန်တွန်းကန် သည့်အခါ သဘောကျ မိသည့် ခံစားမှုကိုတော့ ထိုစဉ်ကတည်းက မှတ်မှတ်ထင်ထင် ရှိခဲ့သည်။ ထိုင်စရာ အကြောင်းပေါ် သည်နှင့် ထိုခုံကလေး ပေါ်တွင်သာ ရွေးထိုင်တတ်သော ကျွန်တော့်ကို ဖေဖေ မေမေတို့ကပင် “တယ်အစွဲအလမ်း ကြီးတဲ့ ကောင်ပဲ” ဟု အရေးတယူ မှတ်ချက်ပြု ရသည် အထိ ဆိုဖာခုံ အနီလေးကို ကျွန်တော် သံယောဇဉ် ကြီးခဲ့ ပါသည်။
ကျွန်တော် အသက်အရွယ် ပိုကြီး၍ အလယ်တန်း ကျောင်းသား၊ အထက်တန်း ကျောင်းသား ဘဝများ ရောက်လာချိန်တွင် ကျွန်တော့်အတွက် စွဲလမ်းစရာ ကိစ္စများ၊ ကျွန်တော် လိုချင်မက်မောသည့် ပစ္စည်းများ၊ ပိုင်ဆိုင်ခွင့် ရခဲ့သည့် အရာဝတ္ထုများ ပိုမိုများပြားလာ ခဲ့သော်လည်း ဆိုဖာခုံလေးကို အရေးတယူ ပြုမြဲဖြစ်သည့် စိတ်ကတော့ မပြောင်းလဲ ခဲ့သလို ကျွန်တော့် ကိုယ်ပိုင် ဂုဏ်ယူစရာ ပစ္စည်းတစ်ခု အဖြစ်လည်း ထိုအချိန်ထိ ကျွန်တော် ဆက်လက် ထားရှိဖြစ်ခဲ့သည်။ တစ်ခုတော့ ရှိသည်၊ ကျွန်တော့် အသက်အရွယ်နှင့် လိုက်ဖက်၍ ကိုယ်ခန္ဓာ ကြီးထွား လာ၍ပင် ဖြစ်သလားတော့ မသိ … ဆိုဖာခုံ ကလေး၏ ကျွန်တော့်ကို ပြန်လည် တွန်းကန်အား အရင်ကထက် နည်းပါး လာခဲ့သည်။ ငယ်စဉ်ကထက် ပိုမိုတောင့်တင်း လေးလံသော ကျွန်တော့် ကိုယ်ခန္ဓာ၏ ဖိအားကို သိသိသာသာ ပြန်လည် တွန်းကန်ဖို့ မလွယ်ကူ တာကတော့ သေချာ၏။ နောက်ထပ် တစ်ချက်မှာ ကျွန်တော် ဆိုဖာလေးကို စတင်ပိုင်ဆိုင် ခဲ့ရချိန် တုန်းကလို အနီရောင် စိုစိုရဲရဲ မရှိတော့ဘဲ အရောင် အနည်းငယ် မှိန်လာခဲ့ခြင်း ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ …. ကျွန်တော့် ဖေဖေ၏ လက်ဆောင် ဆိုဖာခုံလေးအား ကျွန်တော် ချစ်မြတ်နိုးဆဲ၊ အချိန်ရလျှင် ရသလို ခုံကလေးပေါ်တွင် ကျွန်တော် တက်ထိုင်ဆဲ။
ယခုတော့ ကျွန်တော်လည်း ပညာရေး ပြီးဆုံး၍ အလုပ်ခွင်ထဲ ဝင်ရောက် နေရပြီ ဖြစ်သလို ကျွန်တော် ချစ်သော ဆိုဖာခုံ လေးသည်လည်း အတော်အတန် အရောင်လွင့် လာခဲ့ပြီ။ နောက်ပြီး ခုံလေးပေါ် ထိုင်လိုက်တိုင်း ကျွန်တော့်ကို ပြန်လည် တွန်းကန်သည့် ကျွန်တော် ကြိုက်နှစ်သက်သော ခံစားမှု မျိုးကိုလည်း ခုံကလေးသည် ကျွန်တော့်အား မပေးစွမ်း နိုင်တော့။ နှစ်ကာလ ကြာမြင့် လာသည် နှင့်အမျှ ကျွန်တော့် ဆိုဖာခုံလေးသည် ကျွန်တော့်အား ပြန်လည် တွန်းကန်ခြင်း မပြုနိုင်အောင် အိုမင်း လာခဲ့ပြီလား … ဘာကြောင့်များ ဒီလိုဖြစ်လာခဲ့ တာပါလိမ့် ..။ လူတစ်ကိုယ်စာ တည့်မတ် ရပ်တည် နိုင်ရန် ခက်ခဲသော ခေတ်ကာလ အခြေအနေအရ ကျွန်တော် အလုပ်ကို ပြင်းပြင်းထန်ထန် ကြိုးစား နေရပြီ ဖြစ်သောကြောင့် အိမ်တွင် နေထိုင် ရချိန်လည်း နည်းပါး လာခဲ့သလို ဆိုဖာခုံလေး ပေါ်တွင်လည်း ထိုင်ဖို့ရန် အချိန် မပေးနိုင် တော့ပါ။ မည်ကာမတ္တမျှ ထိုင်မည့်သူ မရှိသော ဟောင်းနွမ်း လာပြီ ဖြစ်သည့် ဆိုဖာခုံ ကလေးကို မေမေတို့ကလည်း ဧည့်ခန်းတွင် မထားတော့ဘဲ ချောင်ထဲ တစ်နေရာတွင် ထားလိုက်ကြသည်။
(၃)
လူ့လောကထဲ ပိုမို၍ နက်ရှိုင်းစွာ ဝင်ရောက် လှုပ်ရှား လာရသည့် အခါတွင် ယခင်ကထက် ပိုမိုသည့် စိတ်ပင်ပန်းမှု၊ လူပင်ပန်းမှု တို့ကို ကျွန်တော် လက်ခံ ရရှိလာ ခဲ့သည်။ အခြေခံ လူလတ်တန်းစား ဘဝ၏ အလှည့်အပြောင်း၊ အနိမ့်အမြင့်၊ အကွေ့အကောက်နှင့် လွယ်ကူစွာ လျှောက်လှမ်းရန် ခက်ခဲသည့် လမ်းများ အကြောင်း ကိုလည်း ကျွန်တော် ပိုမို ခံစားသိရှိ လာခဲ့သည်။ ကျွန်တော်တို့ကို စိန်ခေါ်နေသော၊ ကျွန်တော်တို့ မဖြစ်မနေ စိန်ခေါ် နေရသော ပြင်းထန် ခက်ခဲသည့် တိုက်ပွဲများနှင့် ကျွန်တော်တို့ အခါမလပ် ကြုံတွေ့ နေရ၏။ နံနက် မိုးလင်း သည်မှ စတင်၍ ကျွန်တော်တို့ ခေါင်းထဲတွင် ဖိအားများ စက္ကန့်မလပ် ရှိနေသည်။ တစ်နေ့တာ တိုင်း၏ လုပ်ငန်း ရည်ရွယ်ချက် ပန်းတိုင်များ မှစ၍ “တစ်နေ့နေ့တွင် ..” ဟူသော လှမ်းမြင်နိုင်ရန် ဝေးကွာ သေးသည့် ဆုံမှတ် ပန်းတိုင်များသို့ ရောက်ရှိရန် အထိ သေးငယ်သော၊ ကြီးမားသော ဝန်ထုပ် ဝန်ပိုးများကို အချိန်တိုင်း လိုလို ကျွန်တော်တို့၏ ပခုံးပေါ်၊ ခေါင်းပေါ် တင်ထား ရသည်။ လုပ်ငန်းခွင် အတွင်း လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ၊ လုပ်ဖော် ကိုင်ဖက်များ၊ လုပ်ငန်းရှင်များ ထံမှ ကျရောက် လာမည့် လေးလံသည့် ဝန်ထုပ်ဝန်ပိုး များကို ကျွန်တော်တို့ တတ်နိုင်သမျှ တွန်းကန် နေကြရသည်။
လုပ်ငန်းခွင် တစ်နေ့တာ ပြီးဆုံး၍ အိမ်ပြန်ချိန် ရောက်သောအခါ လုပ်ငန်းခွင် ဖိအားများ ဒဏ်မှ နာရီ အနည်းငယ် ကင်းလွတ်ခွင့် ရလာသော်လည်း ကျွန်တော်တို့ ပတ်ဝန်းကျင် လူမှုဘဝမှ ရိုက်ခတ်သော လှိုင်းများ၊ အရိပ်များ၊ ဖိအားများကို ဆက်လက် ခံစားရပြန်သည်။ အလုပ်သွား အလုပ်ပြန် လိုင်းကားများ ပေါ်မှ ရိုက်ခတ် နေသည့် ပူလောင် ကျဉ်းကြပ်မှုများ၊ မိမိသွားလိုရာသို့ မရောက်ခင် စပ်ကြား လူတစ်နေရာစာ လေးကိုပင် ခက်ခဲ ကြီးလေးစွာ ရပ်တည်နေ ရမှုများ၊ ကိုယ့်အိတ်ကပ် ထဲမှ လက်ရှိ ငွေစက္ကူများ ပမာဏနှင့် တစ်နေ့စာ ပုံမှန် သုံးစွဲမှုကို လောက်ငှအောင် စိတ်ကူး စဉ်းစားရသည့် စိတ်ဖိစီးမှုများ .. စသည့် မိမိ၏ အလုပ်အကိုင်နှင့် ဆက်နွယ် နေသည့် ပြင်ပ လူနေမှုဘဝ၏ ဖိအားများကို ရှိသမျှ စိတ်အား၊ လူအားဖြင့် ကျားကန်တွန်းထိုး နေရ ပြန်သည်။ စစချင်း တုန်းကတော့ စိတ်သစ် လူသစ်ဖြင့် တက်ကြွ လန်းဆန်း နေခဲ့သဖြင့် ထိုသို့သော အကျဉ်းအကြပ်များ၊ စိတ်ဖိစီးမှုများကို အတော်အတန် ခုခံတွန်းကန် ထားနိုင် သော်လည်း အချိန်ကြာ လာသည် နှင့်အမျှ မိမိအပေါ် သက်ရောက်သည့် ဖိစီးမှု ကြီးမား လာသော ဝန်နှင့်အား အလေးချိန် မမျှတသည့် ဖြစ်ရပ်များ အပုံအပြင် ဖြစ်လာချိန်တွင် ကျွန်တော်တို့၏ တန်ပြန် သက်ရောက်သည့် တုံ့ပြန်နိုင်စွမ်းလည်း တဖြည်းဖြည်း နည်းပါး လာခဲ့သည်။ ကြီးမားသော အခက်အခဲ၊ ဖိစီးမှု အားများက နည်းပါးလှသည့် ကျွန်တော်တို့၏ တုံ့ပြန် နိုင်စွမ်းကို တစတစ ဝါးမြိုသွားခဲ့သည်။
ထိုသို့ ကျွန်တာ်တို့၏ တုံ့ပြန် တွန်းကန်အားကို ဖိစီးမှု အားအဖြစ် ပြန်အသုံးချ၍ ကျွန်တော်တို့ အပေါ် ဖိအားများ ထပ်ဆင့် ထပ်ဆင့် သက်ရောက် လာသည့် အခါတွင် ကျွန်တော်တို့ အနည်းငယ် လေးမျှပင် ပြန်လည် မတွန်းကန် နိုင်တော့သည့် အခြေအနေသို့ ရောက်ရှိလာသည်။ လှော်ခပ်ရင်း နစ်မြုပ်ရင်း ဖြစ်နေသည့် နည်းပါး နိမ့်ကျသော ကျွန်တော်တို့ ဘဝများထဲမှ တစုံတရာသော အင်အားကိုပင် ပြန်လည် ခပ်ယူ၍ မရနိုင်တော့သော အခါတွင် ကျွန်တော်တို့ထံ ဘက်ပေါင်းစုံမှ စီးဆင်းကျရောက် လာသည့် လူဖိစီးမှု၊ စိတ်ဖိစီးမှု အင်အားများကို တုံ့ပြန်ရန် ကျွန်တော်တို့ မတတ်နိုင်ပါ။ အနည်းငယ်မျှပင် ပြန်လည် မတုံ့ပြန် နိုင်တော့သော ခန္ဓာဖြင့် လောကဓံ နေပူ၊ လေပူ ဒဏ်ကို ကြံ့ကြံ့ခံရင်းမှ ကျွန်တော်တို့၏ အသွေးအသားများ၊ အပေါ်ရုံ ဝတ်လွှာများ တဖြည်းဖြည်း အရောင်လွင့် လာခဲ့သည်။ တွေးရင်းဖြင့် ကျွန်တော့်စိတ်ထဲ တစုံတစ်ခုကို အမှတ်ရ လာမိသည်။ ကျွန်တော်တို့ ခံစားရသည့် ဖိအားများ … ကျွန်တော်တို့၏ တုံ့ပြန် တွန်းကန် နိုင်စွမ်းများ … ပိုမို ကြီးမား လေးလံသည့် ဖိစီးမှုများ …. ကျွန်တော်တို့၏ ဆွံ့အနေခဲ့မှုများ … ထိုဖိစီးမှုများကို ယခင်လောက် ပြန်လည် တွန်းကန် နိုင်စွမ်း မရှိဘဲ ချိနဲ့ရမှုများ … နောက်ဆုံးတွင် မြူမှုန်မျှသော အင်အားနှင့်ပင် ဖိအားများကို တန်ပြန် သက်ရောက် နိုင်ခြင်း မရှိတော့ပုံများ … ဆက်စပ် တွေးတောမိသည်။ ကျွန်တော်တို့သည် တစ်ခုခုနှင့် တူနေသည်ဟု ကျွန်တော် ခံစားလာမိသည်။
ထိုနေ့က အိမ်ပြန်ရောက် သောအခါ ကျွန်တော် စွန့်ပစ် ထားခဲ့တာ ကြာပြီဖြစ်သော ကျွန်တော့် ဆိုဖာခုံ ကလေးကို ချောင်ထဲ၌ အမှတ်မထင် ပြန်တွေ့မိသည်။ ကျွန်တော့် ငယ်ဘဝ သံယောဇဉ် ထားခဲ့သော ပစ္စည်း တစ်ခုအဖြစ် ဆိုဖာလေး အကြောင်းကို ပြန်လည် တွေးတော မိလိုက်သည့် အချိန်တွင် ကျွန်တော် ထုတ်ဖော် နေမိသည့် အကြောင်းရင်းများ၏ အဖြေကို အံ့ဩထိတ်လန့်စွာ တွေ့ရှိသွား၏။ ကျွန်တော်တို့ … ကျွန်တော်တို့ ဘဝတွေ၊ ကျွန်တော်တို့၏ ဖိစီးခံစားမှုတွေ၊ ကျွန်တော်တို့၏ ပြန်လည် တွန်းကန်အားတွေ … အားလုံး နီးပါးသည် ကျွန်တော့် ဆိုဖာခုံ ကလေး၏ အဖြစ်နှင့် ထပ်တူနီးပါး တူညီနေခဲ့တာပါလား။ ကျွန်တော် ခပ်ငယ်ငယ် သေးငယ်သော ခန္ဓာကိုယ်နှင့် ဆိုဖာခုံလေး၏ ကနဦး သစ်လွင်တက်ကြွသော တွန်းကန်အားက တစ်ဖက်စောင်းနင်း မဖြစ်သေးသော အချိန်တွင် ဆိုဖာခုံကလေးက ကျွန်တော် သဘောကျ နိုင်လောက်သော သိသာသည့် အထိအတွေ့ကို ပေးနိုင်ခဲ့သည်။
အချိန်ကြာ လာသည် နှင့်အမျှ ပိုမိုလေးလံသော ကျွန်တော့် ဝန်ထုပ်ဝန်ပိုးကို မခံနိုင်တော့သော၊ ဟောင်းနွမ်းလာသော ဆိုဖာခုံ ကလေး၏ တွန်းကန်အားသည် လျော့လျော့ ရဲရဲ ဖြစ်လာခဲ့သည်။ နောက်ဆုံး ကျွန်တော့် ခန္ဓာကိုယ်၏ လေးလံသော ဖိအားဒဏ်ကို မခံနိုင်တော့သည့် အချိန်ကို ရောက်လာသော အခါတွင် ဆိုဖာခုံ ကလေး၏ တန်ပြန် တွန်းကန်နိုင်အား ကုန်ဆုံး သွားခဲ့ပြီး ကျွန်တော့် ခန္ဓာကိုယ် အလေးချိန်၏ ဝါးမြိုခြင်းကို ငြိမ်သက်စွာ ခံယူခဲ့ရသည်။ ယခုအခါ ကျွန်တော် နှစ်သက်သော ခံစားမှု အထိအတွေ့ကို ကျွန်တော့် ခုံကလေး ဘာကြောင့် မပေးနိုင် တော့သလဲ ဆိုတာကို ကျွန်တော် သိရှိသွားပြီ ဖြစ်သလို ကျွန်တော်တို့ လူသားဘဝ၏ တစ်ခုခုနှင့် တူနေသော အဖြစ်ကို ကျွန်တော် အဖြေထုတ် နိုင်ခဲ့သည်။ ကြီးမား ကျယ်ပြန့်သော လူ့လောကကြီး အတွင်းတွင် ဝန်နှင့်အား မမျှတသည့် ဖိစီးမှုများ၊ ကျွန်တော်တို့အပေါ် မညှာမတာ ထိုင်ချနေသည့် ဖိအားများကို ငြိမ်ငြိမ် သက်သက် လက်ခံ နေရသည့် ကျွန်တော်တို့ အားလုံးသည် ဆိုဖာခုံကလေးတွေ ဖြစ်နေခဲ့တာပါလား။ နှစ်ကာလ ကြာညောင်း လာပြီဖြစ်သည့် ဆိုဖာခုံကလေးတွေလို ကျွန်တော်တို့ထံတွင် အနီရောင် စိုစိုရင့်ရင့် မကျန်တော့ဘဲ တဖြည်းဖြည်းနှင့် အရောင်လွင့် လာခဲ့ကြပြီ။
(၄)
ဖုန်အလိမ်းလိမ်း တက်၍ အရောင်လွင့်ကာ မွဲခြောက်ခြောက် ဖြစ်နေသည့် ကျွန်တော် ချစ်သော ဆိုဖာခုံ ကလေးကို တယုတယ ဖုန်သုတ်၍ သန့်ရှင်းအောင် ပြုလုပ်ပြီး ချိန်တွင် ထိုခုံကလေးကို အတန်ကြာ ကျွန်တော် စိုက်ကြည့် နေမိသည်။ နောက် … ကျွန်တော့် အတွေးစ အားလုံးကို ငြိမ်သက်စေပြီး မထိုင်တာ ကြာပြီ ဖြစ်သည့် ခုံကလေးပေါ် ကျွန်တော် တက်ထိုင် လိုက်သည်။ အနည်းငယ်မျှသော ဆန့်ကျင့်မှုမျိုး မပြုတော့ဘဲ ခုံကလေး၏ အတွင်းထဲသို့ ခန္ဓာကိုယ် အစိတ်အပိုင်းအချို့ အိခနဲ ဝင်ရောက် သွားခြင်းကို ချက်ခြင်းလိုလို ကျွန်တော် ခံစားသိရှိ လိုက်ရသောအခါ “ဟက်” ခနဲ အသံထွက်၍ နာကျင်စွာ ရယ်မောလိုက် မိလေသည်။
သူရဿဝါ
ဇူလိုင်လ ၈ ရက် ၊ ၂၀၁၁ ခုနှစ်
6 comments
meengelay
July 9, 2011 at 7:24 pm
Like this post 😀
ပန်းနု
July 9, 2011 at 7:57 pm
သဘောကျပါ၏။
weiwei
July 9, 2011 at 8:55 pm
ကျွန်မမှာလဲ ငယ်ငယ်က ဖိုးဖိုးကို အမျိုးမျိုးဂျီကျပြီး ဝယ်ခိုင်းခဲ့တဲ့ ဆိုဖာဆက်တီတစ်စုံရှိခဲ့တယ် … ဘယ်လောက်ပူပူ အဲဒီခုံကိုကြိုက်ပြီး အမြဲတမ်းထိုင်တယ် …. ဟောင်းနွမ်းလာတော့ ချောင်ထိုးထားလိုက်တာ နှစ်တွေအကြာကြီး … ဒီနှစ်သင်္ကြန်တုန်းက ဆိုဖာအဟောင်းကို ဖုန်တွေခါပြီး အမှတ်တရပြန်ထိုင်လိုက်တာ … ဂျွပ်ကနဲကျိုးပြီး လူတစ်ကိုယ်လုံးမြှုပ်သွားတယ် …
အဲဒီလို အသုံးမတည့်ဖြစ်နေတဲ့ ဆိုဖာဆက်တီအဟောင်းကို ပရိဘောဂဆိုင်ကိုပြန်ပို့ပြီး အကုန်ပြန်ပြင်ပြီး အသုံးတည့်မယ့်နေရာတစ်ခုကို သွားလှူလိုက်ပါတယ် …
အခုတော့ တင့်တင့်တယ်တယ်နဲ့ အခမဲ့ဆေးခန်းတစ်ခုရဲ့ ဧည့်ခန်းထဲမှာ …
maythakhin
July 9, 2011 at 9:38 pm
သူရဿဝါ ရေးထားတဲ့ ပိုစ့်လေးအရမ်းကောင်းပါတယ်။ ငယ်စဉ်က စွဲလမ်းမှုလေးတစ်ခုပေါ့။ အရေးအသားလေး ညက်ညောပါတယ်။
nozomi
July 11, 2011 at 10:21 am
အရေးအသား ရော အကြောင်းအရာကိုပါ သဘောလဲကျ အားလဲကျမိပါသည်
etone
July 11, 2011 at 4:55 pm
etone ကတော့ ခုံနဲ့ ထိုင်လျှှင် နေရာကျဉ်းလို့ ကြမ်းပေါ်မှာပဲ လွတ်လွတ်လပ်လပ်ထို်င်ချလိုက်တာပဲ 🙂