အစိမ်းရောင် ရမက်များ
ဖားကန့် ဆိုတဲ့ကျောက်စိမ်းထွက်ရာဒေသကိုရောက်ပြီဆိုတာနဲ့ မြင်မြင်သမျှကို အထူးအဆန်းဖြစ်နေတော့တာ မဆန်းပါဘူး။ ကျောက်စိမ်းလုပ်ကွက်များနဲ့ အနီးအနားမှာရှိတဲ့ ရွာတွေကို ရောက်ရင်လည်း စိန်သွားတပ် ကျောက်ခေါက်တူတွေကို ကိုင်ဆောင်ပြီး အသက်အရွယ် ငယ်ငယ်ကြီးကြီးတွေ ဆိုင်ကယ်နဲ့ တစ်မျိုး ခြေကျင်တစ်သွယ် လေးယောက်တစ်စု ငါးယောက်တစ်စု သွားလာနေတာကိုမြင်ရတော့ အစက ဘာလုပ်တဲ့လူတွေပါလဲလို့ မေးယူရတဲ့အထိပါ။ နောက်တော့လည်း အဲဒီလူတွေကို ရေမဆေးလို့ခေါ်ကြောင်း သိခဲ့ရပါတယ်။ ရေမဆေးအများစုဟာ ကျောက်စိမ်းကုမ္ပဏီ အများစုရဲ့ စွန့်ပြစ်မြေစာ ပုံများမှာ ကျင်လည်ကြက်စားလေ့ရှိကြပါတယ်။ မြေစာသယ်ပို့ယာဉ်ကားကြီးတွေ အလျှိုလျှို သယ်ယူလာတဲ့ စွန့်ပြစ်မြေစာတွေ သွန်ချလိုက်ပြီဆိုတာနဲ့ ထန်းလျှက်ခဲကို ပုရွက်ဆိတ်များ ဝိုင်းအုံခဲနေသလို အလုအယက် ကျောက်ရှာရပါတယ်။ စွန့်ပြစ်မြေစာပုံကြီင်္းတွေကို ဘယ်အခါကြည့်ကြည့် ရေမဆေးများမရှိတဲ့ရက်တွေ မရှိသလောက်ပါပဲ.။ညဘက်များမှာတော့ သူတို့တွေမှာပါလာတဲ့ ကျောက်ကြည့်ဓါတ်မီးတွေနဲ့ အလုအယက် ကျောက်ရှာကြပုံမှာတော့ ပိုးစုန်းကြူးလေးများ မှိတ်သုတ်မှိတ်သုတ်လင်းနေသလိုမျိုး ကြည့်လို့ကောင်းနေပါတော့တယ်။
ဒီလို ရှာရဖွေရတာဟာ သူ့တို့အတွက်တော့ အလွန်ပဲ အန္တရယ်များလှပါတယ်။ လောဘကြောင့် ရှေ့မကြည့်နောက်မကြည့် ခေါင်းငုံပြီးသာ ကျောက်ရှာနေလို့ကတော့ ကိုယ့်အသက်ကို ကိုယ်က တွင်းတူးပြီး မြုပ်နေသလိုဖြစ်နေကြတာ နေ့စဉ်နဲ့အမျှပါ။ စွန့်ပြစ်မြေစာပုံကြီးများဟာ တောင်တစ်လုံးမျှမကကြီးမားကြတာတွေများပါတယ်။ ဟိုဘက်ကတောင်ကို သည်ဘက်ရွေ့ သည်ဘက်ကတောင်ကို ဟိုဘက်ရွေ့ဆိုတာ ဖားကန့်လို ကျောက်စိမ်းထွက်ရှိတဲ့နေရာမှာပဲရှိလိမ့်မယ်လို့ ယူစစရာပါ။ မြေစာ သယ်ပို့ယာဉ်တွေက သွန်ချလိုက်တဲ့မြေစာတွေမှာ မြေသားသက်သက်မဟုတ်ပဲ တစ်ခါတစ်ရံမှာ ကျောက်တုံးကြီးကြီးတွေ တစ်ခါတစ်ရံမှာတော့ ကျောက်တုံးသေးသေးတွေနဲ့ တစ်လုံးပြီး တစ်လုံးလှိမ့်ဆင်းလာပုံကတော့ ကျောက်ရှာနေကြတဲ့ ရေမဆေးတွေအစား ကြည့်ရသူဘဝင်ကို အသည်းတစ်ယားယားဖြစ်စေတာပါ.။ မြေစာစွန့်ပြစ်ကားကြီးစသွန်လိုက်ပြီဆိုတာနဲ့ ဝိုင်းဝန်း ရှာလိုက်ကြတာများ ကျောက်ခေါက်သံတွေမှာ ဘဝဂ်ညံအောင်ဖြစ်နေတော့တာပါ။
အလုပ်လုပ်ချိန်ဟာ (၂၄)နာရီပတ်လုံးဟု ပြောလို့ရတဲ့ ဖားကန့်လိုမှော်ဒေသမှာတော့ ရေမဆေးတွေဟာလည်း (၂၄)နာရီ အလုပ်လုပ်ကြသူတွေလို့ဆိုရမှာပါ။ ညဘက်တွေမှာလည်း မီးရောင်တစ်ဝင်းဝင်းနဲ့ ညလုံးပေါက် ကျောက်ရှာတတ်ကြတာပါ။ သူတို့တွေမှာ ကျောက်ရဖို့ ဇောတစ်ခုကြောင့် အသက်ရှင်နေရသလားလို့အောက်မေ့စရာပါ။ ကိုယ်ပိုင်ပုဂ္ဂလိကကုမ္ပဏီများရဲ့ စွန့်ပြစ်မြေစာပုံများမှာ ကျောက်ရှာကြရင် ပြဿနာသိပ်မရှိပေမယ့် အကျိုးတူကုမ္ပဏီများရဲ့စွန့်ပြစ်မြေစာပုံများမှာ ကျောက်ရှာမိရင်တော့ ပြဿနာ သေးသေးကစလို့ ကြီးကြီးတွေလည်းရှိတတ်တာ ကြားရ သိရပြန်ပါတယ်။ ဒါကြောင့်လည်း ရေမဆေးအများစုဟာ ကျောက်များများရမယ့် မြေစာပုံများကိုသာ အာရုံစိုက်ကြပါတယ်။ ဘယ်နေရာမှာဖြင့် ကျောက်ကြောကောင်းတယ်။ ဘယ်မြေစာပုံမှာတော့ဖြင့် ကျောက်များများရတယ်ဆိုတာကို တစ်ယောက်စကား တစ်ယောက်နားနဲ့ လိုက်လံရှာဖွေနေကြရတာပါ။ ရေမဆေးတွေကို နောက်ကွယ်ကနေ ကူညီပံ့ပိုးနေသူတွေလည်းရှိကြပါတယ်။
သူတို့ကတော့ အရပ်အခေါ် ကောက်ရိုးလောပန်တွေပါ။ ရေမဆေးသုံးလေးယောက်လောက်ကို နေစရာ ထိုင်စရာ စားစရာပေးပြီး ကျောက်ရှာခိုင်းတာပါ။ ရရှိလာတဲ့ကျောက်ကိုမှာ ကောက်ရိုးလောပန်က သုံးပုံနှစ်ပုံနှုန်းကျ ခွဲဝေယူကြရတာပါ။ ဒါပေမယ့်လို့ ချမ်းသာခြင်းချမ်းသာရင်တော့ ကောက်ရိုးလောပန်တွေကသာများတာပါ။ ရရစားစားဖြစ်သွားတာကတော့ ရေမဆေးတွေရယ်ပါ။ လိုချင်တာမှန်သမျှရနိုင်တဲ့ဒေသမှာ ဆေးလေးရှူလိုက် ကျောက်ထွက်ရှာလိုက်လုပ်နေကြတဲ့ ရေမဆေးတွေလည်း ဒုနဲ့ဒေး။ မှော်လုပ်ကွက် အနီးနားတစ်ဝိုက်မှာရှိတဲ့ရွာတွေမှာလည်း ပိုက်ဆံရှိရင် ဖိုးကအစ ဖာအဆုံးရနိုင်တဲ့နေရာတွေကလည်း အဆင့်သင်ရှိနေတာပါ။ ဈေးတန်းကြီးသဖွယ်ဖြစ်နေတဲ့ ရွာတွေမှာ ဇိမ်ခန်းခေါ် ပြည့်တန်ဆာအခန်းတွေကလည်း ပေါတော့ တစ်ကိုယ်ရေ တစ်ကာယသမားအများစုဖြစ်နေတဲ့ ရေမဆေးတွေဟာ ပျော်လိုက် ပါးလိုက်နဲ့ ရရကုန်ကုန်တွေဖြစ်နေတတ်တာလည်းကြားကြရပြန်ပါတယ်။ ကျောက်ကောင်းတစ်လုံးရလို့ နေ့ချင်းညချင်း ကြီးပွားသွားနိုင်သလို နေချင်းညချင်း ပြန်လည်မွဲတေသွားနိုင်တာကိုလည်း သတိပြုဆင်ခြင်သင့်တာပါ။
တစ်ချို့ရေမဆေးများကတော့ လေးယောက်တစ်စု ငါးယောက်တစ်စု အိမ်ငှားနေကြပြီး ကျောက်ရတဲ့အခါ ဆူဆူဖြိုးဖြိုးရှိတတ်သလို ကျောက်မရတဲ့အခါ ငတ်တလှည့် ပြန်တလှည့် ရှိနေကြတာတွေလည်း ရှိပါတယ်။ ဒီကြားထဲ ကျောက်ရှာရင်း ထိမိခိုက်မိလို့ကတော့ လက်ထဲငွေကြေးမရှိရင် မွဲပါတယ်ဆိုမှ ပြာပုံတိုးမိကိ်န်းဆိုက်နေကြတာတွေလည်း တွေ့မိရပြန်ပါတယ်။ အခန့်မသင့်လို့ မြေစာပုံမှားရှာမိရင်လည်း သက်ဆိုင်ရာကုမ္ပဏီများရဲ့ ဖမ်းဆီးချုပ်နှောင်ခြင်းကိုလည်း ခံကြရသေးတာပါ။ တစ်ချို့မြေစာပုံများဟာ စွန့်ပြစ်မြေစာပုံဖြစ်သော်ညားလည်း သူတို့ရှေ့မှာ သူတို့စွန့်ပြစ်မြေစာပုံက ကျောက်ရပြီဆိုရင်တော့ ပြန်လည်သိမ်းဆည်းကြပါတယ်။ တစ်ချို့ကုမ္ပဏီတွေကတော့ ရေမဆေးများကို မုန့်ဖိုးပဲဖိုးပေးတတ်ကြပေမယ့် တစ်ချို့ကုမ္ပဏီတွေကတော့ ကျောက်ကိုသာ ပြန်သိမ်းပြီး ရေမဆေးတွေကိုတော့ ဖြဲခြောက်ပြီးပြန်လွှတ်တတ်ကြပါတယ်။ ဒါကြောင့်လည်း ရေမဆေးတွေဟာ ကျောက်ရပြီဆိုရင်တော့ သိုသိုသိပ်သိပ်နဲ့ အုပ်စုဖွဲ့လူစုပြီး ကျောက်ကို သယ်ထုတ်ကြရတာပါ။ ဒီလိုကျောက်ရပြီဆိုရင်တော့ ကျောက်ဝိုင်းသယ်သူတွေကို အရပ်ခေါ် ဂျော်ကီဖိုးဆိုပြီ ပေးရတဲ့ ဓလေ့တစ်ရပ် ရေမဆေးတွေအကြားရေပန်းစားလာတယ်လို့ ထင်မိပြန်ပါတယ်။ ကျောက်တစ်လုံးရပြီဆိုရင်တော့ ဂျောကီလိုက်တဲ့လူတွေကလည်း ခေါ်စရာမလိုပါပဲ ဟိုကတစ်ယောက် သည်ကတစ်ယောက်ဆိုပြီး ဝိုင်းဝန်းသယ်ချင်ကြတာဖြစ်ပါလိမ့်မယ်။ ကျောက်အောင်လို့ရတဲ့ ဂျော်ကီဖိုးကလည်း တစ်ခါတစ်ခါသိန်းကျော်ကျော်ရတာဆိုတော့လည်း ကျောက်မရပါပဲ ဂျော်ကီလိုက်လို့ရတဲ့ငွေက ကျောက်မရတာထက်စာရင် အတော်အသင့် ပြေလည်တာမို့ တစ်ချို့က ဂျော်ကီလိုက်စားကြပါတယ်။ ဒါကတော့ တစ်ရာမှာ တစ်ယောက်လို့ဆိုချင်ဆိုနိုင်ပါတယ်။
တစ်ချို့က ဖားကန့်ကို ကျောက်ရှာဖို့ရောက်လာကြသလို တစ်ချို့ကတော့ ရောင်းရေးဝယ်တာ လုပ်ဖို့ရောက်လာကြတာပါ။ သည်အထဲမှာမှ ကျောက်ရှာခြင်းအလုပ်အပြင် ရွှေကျင်တဲ့ အလုပ်ကလည်း တွက်ခြေကိုက်တဲ့ ကျောက်ပြီးရင် ဒုတိယ ရေပန်းစားတဲ့အလုပ်တစ်ခုပါ။ ဒါပေမယ့်လို့ ကျောက်ရှာတဲ့အလုပ်ကိုတော့ အများဆုံးလုပ်ကြတာများတာပါ။အရပ်ဒေသ အသီးသီးက လူတန်းစားမျိုးစုံ စုံလျှင်တဲ့ ဒီမှော်ဒေသမှာ တော့ ရေမဆေးလုပ်လို့ ဘဝဆုံးသွားကြသူတွေများသလို ရေမဆေးရှာလို့ ဘဝပြောင်းသွားကြသူတွေကိုလည်း ဒုနဲ့ဒေးမြင်ရပါတယ်။ဘာပဲဖြစ်ဖြစ် ရေမဆေးဆိုတာကတော့ ဖားကန့်ဆိုတာရှိနေသရွေ့ ကျောက်စိမ်းဆိုတာရှိနေသရွေ့တော့ ရေမဆေးဆိုတဲ့ လူတန်းစားတစ်ရပ်လည်း ဆက်လက်တည်ရှိနေဦးမယ်လို့ ထင်မြင်မိပါတော့တယ်..။
ကျနော်ရဲ့ ထင်မြင်ယူဆချက်များနှင့် အတွေ့အကြုံများကိုရေးဖွဲ့တင်ပြခြင်းဖြစ်ပါသည်။အမှားအယွင်းများရှိခဲ့လျှင် ခွင့်လွှတ်ပေးကြပါရန်…..
4 comments
kopauk mandalay
May 7, 2010 at 3:54 pm
ကျနော်ကြားဘူးသမျှဖာ.ကန်.ပုံပြင်တွေသည်ရင်နာစရာနဲ.အဆုံးသတ်တာများပါတယ်။
မျှော်လင်.ချက်ကြီးကြီးမားမားတွေကိုလည်းအိပ်မက် မက်နိုင် ပိုင်ဆိုင်နိုင်တာလဲပါတာပေါ.နော်.။
ဒါပေမဲ.ကံကိုအလောင်းအစားလုပ်နိုင်ဘို. လူကိုရင်းရတာတော. တန်ဘိုးကြီးလွန်းတယ်ထင်ပါတယ်။
laypyay
May 7, 2010 at 5:01 pm
ကိုယ့်နိုင်ငံ သယံဇာတ သူများစားသောက်နေတာ ရင်နာလိုက်တာ.. ။
jackyangon
May 8, 2010 at 4:25 am
ဖတ်လို့ကောင်းပါတယ်။ဘယ်လိုပဲဖြစဖြစ် အားလုံးအဆင်ပြေကြပါစေလို့ ဆုတောင်းပေးပါတယ်။
susunosuki
May 12, 2010 at 8:46 am
သိပ်ခက်ခဲတဲ့ ဘဝတွေပါ
ပညာလဲမတက်ကြတော့ သူတို့ဘဝဟာ မစဉ်းစားတတ်တော့ဘူး