ပရလောက(၆)ပထမပိုင်း
ဆောင်းအကုန်နွေအကူးကာလလေးဖြစ်သည်။
ဆောင်းအကုန်ဆိုပေမယ့် ဆောင်းအငွေ့အသက်လေးတွေက နည်းနည်းလေးတော့ကျန်သေးသည်။
“ဟေ့ကောင်၊ ထတော့၊ နေမြင့်အောင်မအိပ်နဲ့”
ထုံးစံအတိုင်း ဘိုးတော်လာနှိုးသည်။ နာရီကြည့်လိုက်တော့ ရး၃ဝသာသာ။
“ဟူး၊ ဖားသားကတော့လုပ်ပြီ”
မနက်သူနိုးတာနှင့် အကုန်လုံးကိုလိုက်နှိုးတတ်သည်မှာ ကျွန်တော့်ဘိုးတော်အကျင့်လိုဖြစ်နေပါပြီ။
ညက ဂိမ်းထိုင်ဆော့လိုက်တာ ၂း၃ဝသွားသဖြင့် လူလည်း မထချင်ထချင်ဖြင့်ထလိုက်ရသည်။
“ဟေ့ကောင်၊ မြန်မြန်လုပ်၊ အီလေးဆွဲမနေနဲ့၊ လက်ဖက်ရည်ဆိုင်သွားမယ်”
သို့နှင့်ကျွန်တော်လည်း ကမန်းကတမ်း မျက်နှာသစ်၊ သွားတိုက်၊ တစ်ခါတည်းရေချိုးလိုက်သည်။
ရေပေးလိုက်တော့မှ နည်းနည်းလန်းဆန်းသွားသလိုရှိပြီး သားအဖနှစ်ယောက်သား လက်ဖက်ရည်ဆိုင်ကို ဆိုင်ကယ်ဖြင့်ချီတက်လာခဲ့ကြသည်။
(ကျွန်တော်တို့နေထိုင်ရာ အရပ်က ကျောက်ဆည်မြို့နှင့် ဟန်မြင့်မိုရ်ကြားထဲကျတဲ့ အင်းကုန်ရွာလေးနားမှာပါ။ ကျွန်တော့်အဖေစက်ရုံမှူးဘဝနှင့်တာဝန်ကျရာနေရာပါ။
ဝန်ထမ်းအိမ်ယာက လမ်းတစ်ဖက်တစ်ချက်စီမှာရှိပါတယ်။ ကျွန်တော်တို့နေတဲ့အိမ်၏ ကပ်လျက်မှာ အင်းကုန်းရွာရှိသည်။ လမ်း၏တစ်ဖက်မှာက ဝင်းသောင်ရွာရှိပါသည်။
ဝန်ထမ်းသက်သာဆိုင်တန်းကလည်း တော်တော်ရှည်ပြီး လမ်းတောက်လျှောက်မှာရှိပါသည်)
ရုံးပိတ်ရက်ဖြစ်သဖြင့် ဆိုင်တန်းတစ်လျှောက်မှာလည်း စည်ကားနေသည်။
ကျွန်တော်သည်လည်း ယခုတစ်ကြိမ်နှင့်ပါဆို (၂)ကြိမ်မြောက် ကျွန်တော့်ဖားသားရှိရာနေရာကို လာလည်ခြင်းဖြစ်သည်။
ပထမတစ်ကြိမ်ရောက်တုန်းကတော့ ဘယ်သူနှင့်မှလည်း သိပ်မရင်းနှီးသေးတော့ ပျင်းသလိုလိုရှိခဲ့သည်။
သည်တစ်ကြိမ်ရောက်တော့ အားလုံးနီးပါးသိနေကြပါပြီ။ ပထမတစ်ခေါက် လာကတည်းက မွှေသီးလုပ်သွားတာကိုး။ ဟီး ………..
။။။။။။။။။။။
“ဟေ့ကောင်၊ ဟိုမှာလာပြီ ….. မင်းကောင်ကြီး”
ဟုဖားသားက ဆိုပြီး လက်ဖက်ရည်သောက်ရင်းပြောတာ….ကြည့်လိုက်တော့…
“ဦးနိုင်” သူလည်းမွှေကျော်ပါပဲ။ မွှေတာ သူများလို ရမ်းကားမွှေတာကိုပြောခြင်းမဟုတ်ပါ။
အိမ်မကပ်ဘဲ လျှောက်လစ်၊ ဟိုနေရာစပ်စပ်၊ ဒီနေရာစပ်စပ်။
သူ့တူတွေ၊ တူမတွေက သူ့ကိုဦးနိုင်ဟု ခေါ်ရာကနေ အကုန်လုံးက သူ့ကို “ဦးနိုင်”ဟုသာခေါ်ခြင်းပါ။
အသက်ကတော့ ကျွန်တော်တို့ထက်စာရင် (၂)နှစ်ကျော်ကျော်လောက်ကြီးသည်။
ကျွန်တော်နှင့် ပထမတစ်ခေါက် သင်္ကြန်မကျခင်စရောက်တဲ့နှစ်မှာပဲ ပေါင်းမိသွားကြတယ်ဆိုပါတော့။ သိတဲ့အတိုင်းပဲလေ။ စရိုက်တူတွေသွားပေါင်းမိကြတာပါ။
။။။။
“ဟေ့လူ… ဦးနိုင်လာ…ထိုင်၊ ဆွဲပြီးပြီလား”
“အေး၊ ပြီးပြီ”
“ဆိုင်မှာ လုပ်ပေးစရာလုပ်ပေးပြီး၊ ဒီဆိုင်မှာ မင်းရှိမယ်ထင်လို့လာတာ၊
နောက်ပြီး မင်းအားတယ်မလား”
“ဟာ၊ ဒီမှာလာအနားယူနေတာပဲဗျာ….ဟဲဟဲ”
ဖားသားက ဝင်ပြီး “ဟေ့ကောင်တွေ၊ သွားတာတော့ဟုတ်ပါပြီ။ မင်းတို့ကောင်တွေ နေ့လည်ခင်းကြီး တွေ “လုပ်”မလာကြနဲ့ဦး”
“စိတ်ချပါ၊ အဖေရာ၊ မလုပ်ဘူး”…ဟီး
ဖားသားက ကျွန်တော်တို့အကြောင်းကို သိပါသည်။ တစ်ခါတစ်ခါ နေ့ခင်းတောင်မရှောင်….
“အဖေ၊ သွားပြီ၊ နေ့လည်စာ ဝါးတီးပါဆယ်ဆွဲခဲ့ရမလား”
“ဟေ၊ ရတယ်၊ ငါးခြောက်ဖုတ်ရယ်၊ အကြော်အလှော်လေးတွေရှိသေးတယ်”
သို့နှင့် ဦးနိုင် ဘီးနှင့်ပဲလိုက်လာခဲ့သည်။
“ဟေ့လူ၊ ဘယ်သွားမှာတုန်း”
“သမန်တလင်းဘက်”
သမန်တလင်းဆိုသည်မှာ …. လမ်းတောက်လျှောက် ဈေးတန်းအဆုံးကျော်ကျော်၊ ကျောက်ဆည် ဘက်ကိုသွားရာလမ်းမမှာရှိသည်။ နာမည်ကြီးသည်။ နှစ်လမ်းမောင်းကို အရင်က အဲဒီနေရာရောက် လျှင် ညာဘက်မောင်းလမ်းတွင် တံတားမထိုးရသေးပေ။ တံတားမထိုးရသေးသဖြင့် လမ်းလွှဲကို တစ်ဖက် ကျောက်ဆည်ဘက်မှလာသည့် လမ်းကနေပဲသွားရသည်။ (အခုတော့ တံတားလေးပြီး သွားပါပြီ) အဲဒီနေရာက အမြဲလိုလို အက်စီဒန့်ဖြစ်သည်။ သည် နယ်သူနယ်သားတွေအဆိုအရ အဲဒီ နေရာက “စီး”နေတာလို့လည်း ပြောသည်။
။။။။။။။။။
“ဘာသွားလုပ်မှာလဲ”
“မင်းဟိုရောက်ရင်သိမယ်”
“အဲ…. လာသေး…
ခင်ဗျားကလည်း မသိတာကျနေတာပဲ။ ခင်ဗျား…. ကြက်တိုက်ဖို့ချိန်းထားတာမလား။
ဘယ်မှာလဲခင်ဗျားကြက်”
“ရောက်နှင့်နေပြီ”
“ဟာ… မြန်လှချည်လား”
“မဟုတ်ဘူးဟ၊ ငကစ်အရင်ကြိုသွားနှင့်တာ”
ငကစ်ဆိုတဲ့ကောင်ကလည်း ဦးနိုင်၏ညီဝမ်းကွဲဖြစ်သည်။
ကျွန်တော့်နှင့်လည်း ရင်းနှီးသည်။
တစ်ဖက် သမန်တလင်းရွာထဲကို ရွာလမ်းအတိုင်း ဝင်ချလာပြီး အထဲတော်တော်လေးလည်း ဝင်ပြီးရော၊ ခြံဝင်းကတော်တော်ကျယ်သည်။
အထဲလည်းဝင်လိုက်ရော..
ငကစ်က “ဟာ၊ ဝေဖြိုးကြီးပါ ပါလာတာပဲဟ”
ကျွန်တော်လည်း “အေး၊ ငါလည်းပျင်းလို့လိုက်လာတာ”
ကြည့်လိုက်တော့ … ဆရာသမားတွေက ပုလင်းတောင်ထောင်နေပါပြီကော။
တောစစ်စစ်ပဲ…ဟီး။
ကဲ…ဝေဖြိုးကြီး ဆွဲဦးမလား…။
အေး…. ပြီးမှ… ။ ကျွန်တော်ကလည်း အဲသည်လိုငြင်းတာ…ဟီး
ပြောရဦးမည်။ ဒီနယ်ဘက်က ရွာတွေက “တော”ကောင်းတယ်ဗျ။ ရောင်းဖို့ရော၊ သူတို့ဘာသာ သူတို့သောက်ဖို့အတွက်ပါ။ ပစ္စည်းတွေကိုသန့်သန့်လေးထည့်ချက်ထားတာ..
ဒီလိုနဲ့ ခဏနေပြီး ခုနဆိုင်မှာ ဝါးတီးဆွဲထားတာလေးလည်း အစာကြေလောက်ချိန်လည်းကျရော..
ကျွန်တော်ပါဝင်ချလိုက်သည်။
ဦးနိုင်မှထပြီး
“ဟေ့ကောင်တွေ၊ ငါတို့ချိန်းထားတဲ့ကောင်တွေ မလာသေးပါလား”
ငကစ်က “လာမှာပါ၊ ဦးနိုင်ရာ”
ခဏနေ…တော့ ။။။။။။။။။။။။။။။။။။။။။။
“ဟော.. ဒီကောင်တွေထဲက တစ်ကောင်ပဲလာတယ်ဟ”
ငကစ်က ဆက်ပြီး “ဟေ့ကောင်၊ မင်းတို့မဖြစ်တော့ဘူးလား၊ ဒီမှာငါတို့ကောင်ကြီးက ခွပ်ဖို့အဆင်သင့်ပဲ”
တစ်ဖက်မှ…
“ဟေ၊ ဆောရီးကွာ၊ ညနေကျမှ သူတို့က အားတော့မှာတဲ့ကွ”ဆိုပြီး ပြန်လှည့်ထွက်သွားတော့။။။
ဦးနိုင်က..“ကဲ ..ဒါဆိုလည်း မထူးပါဘူး။ ချရုံရှိတာပေါ့” ဆိုပြီး “ဂွတ်”ကနဲ တောအရက်ခွက်ကို မော့ချလိုက်သည်။
ကျွန်တော်လည်း အရှိန်လေးနည်းနည်းရရော..
နာရီကြည့်တော့ ၁၂းဝဝတောင် ခွဲတော့မှာပါလား။
“ဟေ့လူ၊ ဦးနိုင်…ခင်ဗျား ဝါးတီးပြန်ဆွဲဦးမှာလား”
“ဟေ၊ နိုး
ငါတို့ဒီမှာပဲ ဆွဲလိုက်မယ်၊ ငါမှာလိုက်ဦးမယ်” ဆိုပြီး ထထွက်ပြီး ကျွန်တော်တို့ထိုင်နေတဲ့ဝိုင်း နဲ့ခပ်လှမ်းလှမ်း ခြေတံရှည်အိမ် ကွပ်ပျစ်ပေါ်ထိုင်နေတဲ့ ကြီးတော်ကို ဝါးတီးဆွဲဖို့သွားပြောသည် ထင်သည်။
ကျွန်တော်က “ဟေ့လူ၊ ဘာမှာတာလဲ”
“မဟုတ်ဘူး၊ ငါတို့အခု ၄ ယောက်စလုံးဆွဲမှာမလား၊ အဲဒါ၊ ဘဲတခြမ်းကိုချက်ပြီး ထမင်း(၄)ယောက်စာအတွက် မှာနေတာ၊ ငါတို့ ဘဲသားနဲ့ဆွဲကြတာပေါ့”ဆိုပြီး နည်းနည်းအရှိန်တက် သယောင်ရှိသည့်လေသံဖြင့်ပြောတော့….
“ဟေ့လူ၊ ဘဲက အရှင်သတ်မှလား၊ ကျုပ်က ကြားသားမြင်သားဆိုမစားဘူးဟ”
“အာ၊ ဟုတ်ပါဘူးဟ၊ ခုတ်ပြီးသား ထစ်ပြီးသားရှိတယ်”
သို့နှင့် …..
ထမင်းနှင့်ဟင်းကျက်တာကို စောင့်လိုက်၊ သောက်လိုက်နဲ့ပင် …. အတော်ခရီးရောက်နေကြပါပြီ။
“ဖားသား”စကားအဲသည်လောက်နားထောင်တာ….ဟီး….
ဒီလိုနဲ့ပဲ..
ကျွန်တော်က စပြီး သရဲအကြောင်း စိတ်ဝင်စားတဲ့သူပီပီ….
“ဦးနိုင်… ခင်ဗျားတို့ ဒီသမန်တလင်းက “စီး”နေတာဆို… ဟိုတံတားခင်းနေတဲ့နေရာက ပိုဆိုးတယ်ဆို” ဟု မေးတော့ ….
“ဟေ…ရှူး..” တစ်ဖက်က တောအရက်ပုလင်းလာချပေးသည့် လူကြီးမကြားစေချင်တာပဲလား တော့မသိဘူး။
နောက်မှ …“အေး၊ ဟုတ်တယ်ဟ၊ ဒါပေမယ့် သည်ရွာထဲက လူတွေက ဒီအကြောင်းပြောရင် မကြိုက်ကြဘူးလေ။ မင်းကလည်း ငါတို့က ကြုံနေရတာ ညနည်းနည်းနက်သွားပြီဆို အဲဒီလမ်းလွှဲနေရာကနေ တစ်ယောက်တည်း ဆိုင်ကယ်နဲ့မဖြတ်ရဲဘူးဟ။ အနည်းဆုံးနှစ်ယောက်မှ“
ကျွန်တော်ကလည်း “ဘယ်လိုဖြစ်လို့တုန်း၊ ခြောက်လို့လား”
ငကစ်မှ “ဟေ၊ တစ်ယောက်တည်း မကြုံရင်တော့ ဘာမှမဖြစ်ဘူး။ တစ်ခါ ငါတို့လိုင်းခန်းထဲက တစ်ကောင် တည်း ဒီကောင်က ဆိုင်ကယ်နဲ့မဟုတ်ဘူး။ စက်ဘီးနဲ့ ။ ညကလည်း ၁ဝးဝဝနာရီသာသာ လောက်။ ကားသွားကားလာကလည်း ပြတ်တော့။ တစ်ယောက်တည်း ပြန်လာတာ အဲဒီနေရာကျော်ကာနီးလည်း ကျရော၊ စက်ဘီးနင်းလာရင်းနဲ့ နောက်က တစ်ယောက် ဝင်ထိုင်လိုက်သလိုမျိုးတဲ့။ လေးသွားတာ။ အဲဒီလိုလေးသွားတော့ ဒီကောင်က စက်ဘီးများ ဘရိတ် တွေဘာတွေကပ်သွားလား၊ ဆင်းကြည့်သေးတာ။ စက်ဘီးကအကောင်း။ ဒီကောင်ကလည်း နည်းနည်းလေး ရှက်ကီထွေလာတယ်ဆိုပါတော့။ ပြန်နင်းဖို့လုပ်တော့လည်း ဘီးက တဖြည်းဖြည်းနဲ့ လေးလေးလာပြီး နောက်ကဆွဲထားသလိုမျိုး မရွေ့ချင်တော့ဘူး။ ဒါနဲ့ ဒီကောင်လည်း အထွေလည်း ပြေ၊ ကြောက်လည်း ကြောက်ကြောက်နဲ့ မင်းကလည်း စက်ဘီးတောင် ဒီအတိုင်းထားခဲ့ပြီး ပြေးလာတော့တာပဲ။ အဲဒါ နောက်မှ ငါတို့ အဖွဲ့လိုက်ဓါတ်မီးတွေဘာတွေယူသွားပြီး အဲဒီနေရာမှာ စက်ဘီးသွားပြန်ယူရတာ၊ နောက်ပြီး ရှိသေးတယ်။ ငါတို့ အခုထိုင်သောက်နေတဲ့အိမ်ရဲ့ အစွန်ဘက်ကို ဆက်သွားရင် ချောင်းလေးရှိတယ်။ ချောင်းကသိပ်အကြီးကြီးမဟုတ်ဘူး။ ငါတို့ ကားလမ်းဘက် အဲဒီလမ်းလွှဲရှိတဲ့နေရာက ချောင်းပဲလေ။ ဒီဘက်ကိုပေါက်တာ အဲဒီချောင်းက။ အရင်နှစ်တွေကဆို တဖြည်းဖြည်းကြမ်းလာလို့ အဲဒီတံတားထိုးလက်စနေရာမှာ ဘုန်းကြီးတွေပင့်ပြီး ပရိတ်ရွတ်တာ။ ညနေစောင်းကို။ ဘုန်းဘုန်းတစ်ပါးပြောပြတာ သူမြင်နေရတယ်တဲ့။ မကျွတ်မလွတ်တဲ့သူတွေကို။ တချို့ကလည်း တရားနာတာကို သိတဲ့သူရှိပြီး တချို့ကလည်း အကောင်ကြီးတွေတောင်ဖြစ်နေပြီတဲ့။ အဲဒီကောင်တွေကတော့ ပရိတ်ရွတ်နေတာကို ကျောတောင်ပေးပြီးထိုင်နေတာတွေလည်း ပါတယ်တဲ့။ ဒါက ငါတို့ ဒီနားက ဘုန်းဘုန်းတစ်ပါး
ပြောပြတာ။ မင်းကလည်း ဖိုးသားတို့နှစ်ယောက်တောင် အဲဒီနေရာနားမှာ ညတော်တော်ညဉ့်နက် နေပြီ။ ဘီယာဆိုင်ကအပြန် ပုံထားတဲ့ကျောက်ပုံကိုဝင်တိုးပြီး မှောက်သွားတာ နှစ်ကောင်စလုံး မူးလည်းမူးနေတော့ အဲဒီဆိုင်ကယ်လဲရက်တိုင်းကို နှစ်ကောင်လုံး သတိမေ့နေတာ..။ အဲဒါ သိပ်မကြာဘူး။ ဖိုးသားက နည်းနည်းပြန်သတိရသလိုလို အရက်ရှိန်ကလည်းရှိတော့..မှုန်ဝါးဝါးနဲ့ပေါ့။ ပက်လက်အနေအထားအတိုင်းကနေ သတိဝင်တစ်ချက် မဝင်ချက်နဲ့ အချိန်မှာ အပေါ်ကနေ လာမိုးပြီးကြည့်နေတာတဲ့။ မသဲကွဲဘူးဆိုပဲ။ မဲမဲအရိပ်ကြီးလူပုံသဏ္ဍာန်ပဲတဲ့။ ဒါကိုသူတွေ့နေပြီသာ ဆိုတာ သူတစ်ကိုယ်လုံးလှုပ်လို့မရဘူးတဲ့။ အဲဒီလိုဖြစ်နေတာကို ၁ဝမိနစ်လောက်ကြာတယ်ပြောတယ်။ ဒါနဲ့ ဒီကောင်အားယူထလည်း ထလိုက်ရော။ သိသိသာသာကြီးကို ဖျတ်ကနဲအဲဒီအမဲလူပုံသဏ္ဍာန်အရိပ်က ကျောက်ပုံထားတဲ့ အပေါ်က ထနောင်းပင်အပေါ်ကိုတက်သွားတာတဲ့ဟ။ ဒီကောင်လည်း သူ့ဘော်ဒါကိုအတင်လှုပ်နှိုးပြီး ထွက်ပြေးလာတော့တာပဲ။ ဒီကောင်တွေ ကံကောင်းတာ။ အဲဒီနားက မှောက်လိုက်ရင် အသေတွေ ချည်းပဲ။ ထော်လာဂျီတွေလည်း ခဏခဏဖြစ်တယ်။ ကားကြီးနဲ့ချိတ်မိလိုမိ။ တစ်ခါလည်း အဲဒီလိုပဲ မြစ်သားဘက်ကလာတဲ့ ထော်လာဂျီ၊ အဲဒီထော်လာဂျီကလည်း စက်ပျက်နေတာကို ကားနဲ့ဆွဲလာတာ၊ ညကနည်းနည်းမှောင်နေပြီ။ အဲဒီလိုဆွဲလာရင်းကနေ ကြိုးပြတ်ထွက်သွားတော့ နောက်က အရှိန်နဲ့လိုက်လာတဲ့ ဆယ်ဘီးကားက ထော်လာဂျီကိုဝင်အောင်းပစ်တာ။ မင်းကလည်း ထော်လာဂျီကို တစ်စစီပဲ။ လူတွေတော့မပြောနဲ့ ထော်လာဂျီပေါ်လိုက်စီးတဲ့ လူ(၇)ယောက်ကို ရှေ့က ထိန်းတဲ့ ထော်လာဂျီမောင်းတဲ့သူပဲ အသက်ရှင်တယ်။ အကုန်ရှောတာ ညပ်ကုန်တာ။ အဲဒါလည်း
”
ဒီသမံတလင်းနားမှာပဲ။ အီး…. ပြောရင်ကြက်သီးတောင်ထတယ်”ဆိုတော့..
ကျွန်တော်က …“မင်းအခြောက်ခံဖူးလား”
“ဟေ့အေး၊ ငါက လူလည် အဲဒီနေရာကိုဖြတ်ရင်၊ အနည်းဆုံး(၂)ယောက် (၃)ယောက်သွားတာ၊ ဒါတောင်ညဘက်မဖြစ်မနေ ကျောက်ဆည်ဘက်သွားရမယ်ဆိုမှ…ဟီး။ ငါတို့ဆီက လူတွေလည်း အကုန်ဒီအကြောင်းကိုသိတယ်”
(ဒုတိယပိုင်းဆက်ပါဦးမည်)
One comment
ဆူး
July 31, 2011 at 10:02 pm
ထနှောင်းပင် အောက်က မိုင်တိုင် ကျောက်ပုံ