ပရလောက(၆)ဒုတိယပိုင်း
“အေး၊ ထားပါတော့…… ဦးနိုင်…ခင်ဗျားရော…ကြုံဖူးလား“
“ဟေအေး၊ ငါလည်း ငကစ်လိုပဲ….ဟဲဟဲ၊ အဲဒီနေရာမှာတော့ကြုံဖူးဘူး။ ဒါပေမယ့် မင်းတို့အဖေစက်ရုံနဲ့ ထုတ်လုပ်ရေး(၂)စက်ရုံကြားက အပင်မှာရှိတာတော့သိတယ်။
အဲဒါဘယ်သူထင်လို့တုန်း… အခု…အောင်ထမင်းဆိုင်ဖွင့်ထားတဲ့ ..ဦးသွင်..မိန်းမလို့တော့ လူတွေပြောကြတယ်။
အဲဒါမင်းဖားသားဒီကိုမရောက်ခင်တုန်းက ….”
ဆက်ပြီး ကျွန်တော်က “ဟ…. ဒါဆို …အောင်ထမင်းဆိုင်ဘေးနားက အပင်မှာပေါ့။ မကျွတ်ဘူးလား။ သူကဘယ်လိုဖြစ်ပြီး သေတာလဲ”
ဦးနိုင်က “ဖြစ်ပုံက ဒီလို”
“မင်းတို့ရောက်ခင်…(၄)လလောက်ကဖြစ်လိမ့်မယ်။ အဲဒီ ဦးအောင်သွင် နဲ့ မစန်းစန်းမြင့် မှာ အခုမင်းတို့လည်း တွေ့တယ်မလား။ အဲဒီဆိုင်မှာ ပေါက်ကြီးက ဦးအောင်သွင်ရဲ့မယားကြီးကပါတဲ့သား၊ သားအကြီးဆုံးက ဗိုလ်ကြီး သူကတခြားနယ်မှာ တာဝန်ကျနေတာ။ နောက် ဟိုကလေးလေး အငယ်မလေး မင်းမြင်တဲ့အတိုင်း ဒီကလေးက မစန်းစန်းမြင့်နဲ့ရထားတဲ့ကလေး အခု(၁)တန်း တောင်ရောက်နေပြီ။ မစန်းစန်းမြင့်သေတော့ အဲဒီကလေးက (၃)နှစ်ခွဲကျော်ကျော်လောက်ပဲရှိဦးမှာ။
အဲဒီနေ့က ည နည်းနည်းလေးမှောင်ရီပျိုးစအချိန် မင်းတို့အဖေစက်ရုံရှေ့နား ကျော်ကျော်လေးမှာ ဝန်ထမ်းလိုင်းကနေ အိမ်လည်ပြီး သူတို့သားအမိ သူတို့ထမင်းဆိုင်ရှိရာကိုပြန်လာတဲ့အချိန်
အနောက်ကနေ ဆိုင်ကယ်စီးလာတဲ့ကောင်တွေ၊ စူပါကတ်ကို(၃)ယောက်စီးလာတာ နောက်ပြီး မူးလည်းမူးရူးနေတာ၊
အဲဒါသူတို့သားအမိက လမ်းဘေးကနေ လမ်းကိုကျောပေးပြီးလျှောက်လာတုန်း အနောက်ကနေ ဆိုင်ကယ်နဲ့သူ့တည့်တည့်ကို အရှိန်နဲ့ဝင်တိုက်မိတာ။ ကလေးကလွတ်သွားတယ်။
အဲဒါဖြစ်ဖြစ်ချင်းစက်ရုံရှေ့ဂိတ်ပေါက်ဝက လူတွေလှမ်းမြင်ပြီး မစန်းစန်းမြင့်ကို သွားပြေးထူတော့ ။ အောက်ပိုင်းက သွေးတွေဒလဟောထွက်ကျနေတာနဲ့ ဆေးရုံကို ကားနဲ့အမြန်ပို့ကြတာ။ ဆေးရုံရောက်တော့ ဆိုင်ကယ်က ရှေ့ဘီးကာဗာက ကျိုးပြီးထိုးခွဲလိုက်သလိုဖြစ်သွားတာ သူ့စအိုကနေ တောက်လျှောက် ကွဲသွားတာအကြီးကြီးပဲ။ အဲဒါ မင်းစဉ်းစားကြည့်လေ…သူကလည်း သေကံပါတော့။ ဆေးရုံမှာ တစ်ရက်တောင် မခံဘူး။ နောက်နေ့နေ့လည် ၁၂းဝဝထိုးလောက်လည်း ကျရော ဆုံးသွားရော။ အဲဒါနဲ့ ဆိုင်ကယ်စီးတဲ့ကောင်တွေကိုလည်း အမှုဖွင့်ထားတာပေါ့။ ဆိုင်ကယ်ရှေ့ဆုံးကစီးတဲ့ကောင်ပြောတာတော့ ဘယ်လိုဖြစ်သွားမှန်းမသိဘူးတဲ့”
“အေးပေါ့လေ၊ ကလေးကလည်း ငယ်ငယ်လေးကျန်ခဲ့တော့၊ သူ့မှာ ဘယ်စိတ်ချမလဲ”
“အေး၊ မင်းပြောသလိုပဲပေါ့။ ကလေးစိတ်လည်း အများကြီးပါတာပေါ့။ နောက်ပြီး သူက သူ့ယောက်ျားကြီးကိုလည်း အရမ်းချစ်တာဟ”
ငကစ်က“မင်းကလည်း ထုတ်(၂)စက်ရုံက ကောင်ဆိုရင် အဆောင်ကနေ ဖဲရိုက်ပြန်လာတာ အချိန်က ညဉ့်နက်နေပြီ။ အဲဒီရှေ့နားကနေ ရှိုက်သံကြားရတယ်ဆိုပဲဟ”
ဦးနိုင်ကလည်း“အဲဒါတော့ ဟုတ်မယ်ဟ။ ငါတို့ဆိုင်နားက ကောင်လည်း တစ်ခါကြုံဖူးတယ်ပြောတယ်။ သူကျတော့ အဲဒီ ငါပြောတဲ့အပင်ကနေ ဖြူဖြူကြီးအောက်ကို လျှောဆင်းလာတာတဲ့။ ဒီကောင်လည်း တကျိုးတည်းပြေးတာ”
“ခင်ဗျားတို့ပြောတာနဲ့ ကျွန်တော်လည်း အဲဒီရှေ့တောင်ညဘက် မဖြတ်ရဲတော့ဘူး…ဟီး”
ငကစ်က “နောက်ကျန်သေးတယ်ဗျာ။ စက်ရုံသစ်ကြီးရှေ့မှာလည်း ၂လောင်းကြွဖူးတယ်။ တစ်လောင်းက စက်ရုံကြီးရှေ့မှာညဘက် ရပ်ထားတဲ့ကားကို ဆိုင်ကယ်က ဝင်ဆောင့်တာ၊ နောက်တစ်လောင်းက ဟိုးအရင်နှစ်သင်္ကြန်အကြိုနေ့ကြီး (၃)ယောက်တွဲစီးလာတာ .. စလစ်ဖြစ်ပြီး မှောက်တာ…. ၁ ယောက်ရှောသွားတယ်”
“မင်းတို့ဒီလမ်းကြောကလည်း လူတွေသေလှချည်လားဟ”ဟု ကျွန်တော်က ဝင်ထောက်တော့… ဦးနိုင်က အဲဒါတော့ မသိဘူးဟေ့… ပညတ်သွားရာ ဓါတ်သက်ပါလိုဖြစ်နေတာလားမသိဘူးဟ။ မင်းမယုံမရှိနဲ့။ ငါတို့ဝန်ထမ်းလိုင်းဘက်က ဦးသိန်းဝင်းတို့အိမ်ခေါင်းရင်းက အပင်မှာလည်း ရှိတယ်။ အဲဒီအပင်မှာကျတော့ မင်းကလည်း အဲဒီအိမ်က လူတွေက အကျင့်လုပ်ထားသလိုမျိုးဖြစ်နေတာ။ တစ်ခါတစ်ခါ အပင်ခြေရင်းမှာ ငှက်ပျောဖတ်တွေနဲ့မနက်လူတွေမနိုးခင် ထထကျွေးတာ အမဲရိုးတွေနဲ့ ထမင်းနဲ့ရောနယ်ပြီး ခေါစာကျွေးသလိုမျိုးပေါ့။ အဲဒီအိမ်နားက လူတွေလည်းပြောတယ်။ သူတို့အဲဒီလိုချပြီး မကြာဘူးတဲ့။ ခွေးမည်းတစ်ကောင် လာလာစားတယ်တဲ့။ နောက်မှ ငါတို့အမတွေပြောတာတော့သူတို့က အိမ်ကို သူခိုးတွေဘာတွေမကပ်အောင် လုပ်ထားတာတဲ့။ သူ့ကျွေးချိန်တန်ကျွေးရတယ်တဲ့။ ကျွေးဖို့အချိန်ကျော်လာရင် ပုပ်အဲ့အဲ့အနံ့တွေပေးတယ်တဲ့။ ငါ့အမ တစ်ခါကြုံတာ မနက်(၄းဝ၀)ထိုး လောက် အဲဒီအိမ်ခေါင်းရင်းကဖြတ်ပြီး ဘုန်းကြီးကျောင်းကို အရုဏ်ဆွမ်းကပ်ချင်လို့ ချိုင့်ဆွဲပြီးသွား တာ အဲဒီနားကစပြီး ပုပ်နံ့ကြီးရတာတဲ့ အဲဒီအပုပ်နံ့က တော်တော်နဲ့မပျောက်သွားဘူးတဲ့။ အနံ့က နောက်ကနေလိုက်လာသလားထင်ရတယ်။ ငါ့အမလည်း ဘုန်းကြီးကျောင်း မုခ်ဦးအဝရောက်အောင် ကိုခြေတော်တင်တော့တာပဲ”
သို့နှင့် ကျွန်တော်လည်း သူတို့ပြောတဲ့အကြောင်းတွေနားထောင်ရင်း တောအရက်လည်း ဘယ်နှစ်လုံးရှိလို့ရှိမှန်းမသိတော့ဘူး။ လူတွေလည်း ကွဲကြောင်ကွဲကြောင်တွေဖြစ်နေပြီ။
သူတို့တော်ကီမှာဘယ်လောက်မျောသွားသည်မသိ။ သူတို့ကလည်း မူးရင်ကျွဲခိုးပေါ်ဆိုတဲ့အတိုင်း အကုန်ကိုဖွင့်ချတော့တာပဲ။ ဟီး…….. ကာယကံရှင်နာမည်တွေတော့ လွှဲရေးထားလိုက်ပါတယ်။
ညနေလည်းစောင်းပြီ။
“ကဲ…. ဦးနိုင် ကျုပ်တို့လည်း တစ်နေကုန်တော့မယ်။ ရှင်းပြီး သုတ်ကြမလား။ ကျုပ်ကိုလိုက်ပို့ဦး”
“အေး..အေး လစ်မယ်လေ။ ငါလည်း ဆိုင်ခဏပြန်လိုက်ဦးမယ်။ ငါတို့ညကျရင် ကိုသက်ဆိုင်မှာ ဆုံမယ်”
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အိမ်ပြန်ရောက်သည်နှင့် ဖားသားကတစ်ချက်ရှိုးပြီး “ဟင်း..ဟင်း ..မင်းတို့တော့”
ကျွန်တော်လည်း “ဟီး..”ဟုသာ လုပ်နိုင်သည်။
ခဏနားလိုက်ပြီး ရေမိုးချိုး ဝါးတီးဆွဲ၊ တီဗွီလေးဘာလေးခဏထိုင်ရှိုးပြီး ဆိုင်ကယ်ဖြင့်တစ်ယောက်တည်း ကိုသက်ဆိုင်ရှိရာကိုချီတက်လာခဲ့သည်။
။။။။။။။။။။။။။။။ ဆိုင်ရောက်တော့ သနပ်ခါးအဖွေးသားနှင့်ဦးနိုင်ကိုရောက်နှင့်နေပြီ။
ဆက်ပါဦးမည်
10 comments
True Answer
July 31, 2011 at 10:10 pm
အားပေးပါတယ်ဗျို့။ ဒီလိုပို့စ်လေးတွေအတွက် ကျေးဇူးတင်ရှိပါတယ်
ဆူး
July 31, 2011 at 10:12 pm
ပုံတွေကို ဘယ်လို ရှာထားတာလဲဟင်.. အနီးစပ်ဆုံး တင်ပေးထားတယ်နော်။
အရင်ကလို ပုံနဲ့ စာ မြည်းပါရင် ဒီပိုစ်တွေ တော်တော် မိုက်မယ်။
waigyee
July 31, 2011 at 11:37 pm
ကျေးဇူးတင်ပါတယ်ဗျာ။ ပုံကတော့ google ထဲကပဲအနီးစပ်ဆုံးရှာထားတာပါဆူးရေ။
zawthulay
August 1, 2011 at 10:10 am
ကောင်းပါတယ်..ဒီထက်ပိုရှင်းတဲ့ပုံတွေလဲတင်ပေးပါဦးဗျိုး.
ကြောင်ကြီး
August 1, 2011 at 11:21 am
သရဲမွေးနည်းသိရင် ပြောစမ်းပါဗျာ။ သဂျီးကို လက်ဆောင်ပေးချင်လို့…။
khin chaw su
August 1, 2011 at 12:58 pm
ဟင်…ဒါ ဆို သ ရဲ တ ကယ် ရှိ လို ့ ပေါ ့၊
etone
August 1, 2011 at 1:06 pm
သဂျီးကို လက်တို့ နိုင်တဲ့သူရဲရှိလျှင် ဆက်သွယ်ပါ … အမဲသား တစ်ပိသာ ကျွေးပါ့မယ် 🙄
hmee
August 1, 2011 at 1:23 pm
စာရေးကောင်းတယ်နော် ဖတ်တဲ့သူကို မဖတ်ပဲ မနေနိုင်အောင် စွဲဆောင်နိုင်တယ်။
waigyee
August 1, 2011 at 4:16 pm
ဟီး……….ဘယ်နှစ်ကောင်မွေးမလို့တုန်း
koyo
August 2, 2011 at 4:14 pm
စဉ်းစားချင်ရင် စဉ်းစားဖို့
တောင်ငူမြို့ကိုရောက်တုန်းက မိတ်ဆွေတစ်ယောက်ပြောပြတာကို ဖောက်သည်ချလိုက်ပါရစေ။ ဘုန်းတော် ကြီးတစ်ပါးရဲ့ မယ်တော်တစ်ဟာ သူ့ယောက်ကျ်ား ခရီးသွားတာ ပြန်လာမယ့်ရက်ကို ပြန်ရောက်မလာဘဲ သူ့ ကို ကိုယ်ထင်ပြလာတယ်ဆိုပဲ။ ဒါနဲ့ သူ့သားဘုန်းတော်ကြီးကို ဆွမ်းသွတ်ပေးဖို့ပြောတော့ ဘုန်တော်ကြီး က လက်မခံဘူးတဲ့။ ဒီလိုနဲ့ ကိုယ်ထင်ပြတာသုံးကြိမ်တောင်ရှိပြီ ဆွမ်းသွတ်ပေးဖို့ ပူဆာပြန်တာပေါ့။ ဒါနဲ့ သူ့ မယ်တော် စိတ်ချမ်းသာပါစေဆိုပြီး ဆွမ်းသွတ်ပေးရတာပေါ့။ နောက်နေ့လည်းရောက်ရော သူ့ရောက်ကျ်ားက ပြန်ရောက်လာပါရောတဲ့။