ကျွန်ုပ်တို့တကယ်ချစ်နေတာဘာလဲ (အပိုင်း ၃) အများအကျိုး အမှန်တကယ် ဆောင်ရွက်နိုင်စေရန်
မိမိစိတ်ခံစားချက်များကို သာလျှင် အဟုတ်ထင် အတည်ယူ အဓိကထားလွန်း ဦးစားပေးလွန်းရာမှ မိမိကိုယ်တိုင်ကိုရော ပတ်ဝန်းကျင်ကိုပါ ထိခိုက်စေသော ကာယကံမှု – ဝစီကံမှု များကို ပြုလုပ်မိကြကြောင်း ရှေ့ဆောင်းပါးတွင်ဖော်ပြပြီးဖြစ်လေသည်။
———————————————————————————
တိုင်းပြည်ကောင်းကျိုး၊ အများကောင်းကျိုး မိမိပတ်ဝန်းကျင်နှင့်တကွ လူသားများ စိတ်အေးချမ်းသာရေး၊ ကမ္ဘာကြီးငြိမ်းချမ်းရေး၊ အများပြည်သူများ ကျန်းမာပျော်ရွှင်ရေး နှင့်တကွ ဘာသာရေး အကြောင်းများ၊ ကို်ယ့်ကျင့်တရား (သို့) စောင့်ထိန်းမှု ကျင့်ဝတ်စည်းကမ်းများ အကြောင်းများကျွန်ုပ်တို့အတွေ အကြိမ်အရာတစ်ထောင်မက ဆွေးနွေးငြင်းခုန်ခဲ့ကြပြီးလေပြီ။
သို့ရာတွင် လက်တွေ့တွင်မူ လောက ကောင်းကျိုး၊ လူသားများ ကောင်းကျိုး၊ ကမ္ဘာကြီးငြိမ်းချမ်းရေး၊ မဆိုထားဘိ လက်တစ်ဆုပ်စာ ကျွန်ုပ်တို ့၏ မိသားစု၊ နီးစပ်ရာ မိတ်ဆွေ၊ ဆွေမျိုးများနှင့်ပင် သဟဇာတ မဖြစ်၊ ရင်ထဲ နေ့စဉ်နှင့်အမျှ မကျေနပ်မှု၊ အစာမကြေမှု၊ ဝန်တိုမှု၊ လောကြီးမှု၊ ပူပန်ယောက်ယက်ခတ်မှုတို့ အနည်း နှင့် အများ ဖြစ်ပေါ်ကာ စိတ်အေးချမ်း တည်ငြိမ်မှု တို့ အလျဉ်းကင်းဝေးနေပေသည်။
မိမိကိုယ်တိုင် က စိတ်နှလုံး တည်ငြိမ်အေးချမ်းမှု မရှိဘဲ (သို့) မိမိ မိသားစု ၊ မိမိ လက်တဆုပ်စာ မိတ်ဆွေ-ဆွေမျိုးများနှင့် ပင် သဟဇာတဖြစ်မှု၊ ဟန်ဆောင်မှုမပါ ပကတိ ငြိမ်းချမ်းရိုးသားစွာ ရင်းနှီးသောဆက်ဆံမှု တို့မရှိပါပဲလျှက် တိုင်းပြည်(သို့) အများကောင်းကျိုး (သို့) မိမိပတ်ဝန်းကျင်နှင့်တကွ လူသားများ စိတ်အေးချမ်းသာရေး၊ ကမ္ဘာကြီးငြိမ်းချမ်းရေး အတွက် မည်မျှပင် ပြောဆို ငြင်းခုန်မှု နေပါစေ အဆန်မပါသော သင်္ကြန်အမြှောက်များ ပမာ ဖြစ်ပေသည်။
ဆရာကြီး ဦးဂိုအင်ကာအား အင်တာဗျူးတစ်ခုတွင် ကမ္ဘာကြီးငြိမ်းချမ်းမှုအတွက် ရာစုနှစ်ပေါင်းများစွာ လူသားတို့ ကြိုးစားလာခဲ့သော်လည်း ခုချိန်ထိ မအောင်မြင်နိုင်ပဲ စစ်ပွဲများမပြတ်ရှိနေခြင်း အတွက် မည်သို့ လုပ်ဆောင်ရမည် ကို မေးမြန်းလေသည်။ ကမ္ဘာကြီးငြိမ်းချမ်းရေးအတွက် အထူးတလည် ကြီးကြီးကျယ်ကျယ် လုပ်နေရမှာမဟုတ်ပဲ မိမိတို့ တစ်ဦးချင်းစီ၏ စိတ်နှလုံးကို အခြေအနေတိုင်းမှာ ညီညွှတ်မျှတငြိမ်းချမ်းနေအောင် လုပ်ဆောင်တတ်ဖို့သာ လိုအပ်ပေသည်။ …..
လူအဖွဲ့အစည်း၊ နိုင်ငံ၊ ကမ္ဘာကြီးဟူသည် တစ်ဦးစီတစ်ဦးစီ စုပေါင်းထားခြင်းမျှသာဖြစ်သဖြင့် တစ်ဦးစီ တစ်ဦးစီတွင် ပူလောင်မှု၊ မကျေနပ်မှု၊ မုန်းတီးမှု၊ အာဃာတများ မရှိလာပါက တစ်ဦးချင်းစီဖြင့် ဖွဲ့စည်းထားသော လူ့အဖွဲ့အစည်း (သို့) နိုင်ငံအသီးသီးတွင်လည်း ပူလောင်မှု၊ မကျေနပ်မှု၊ မုန်းတီးမှု၊ အာဃာတများကင်းဝေးကာ စစ်ပွဲများ ကင်းဆိတ်သည်ဖြစ်လျှက် ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းများ များ တိုးပွားလာကာ ငြိမ်းချမ်းသောနိုင်ငံ(သို့)ကမ္ဘာကြီး ဖြစ်ပေါ်လာပေမည်။
ထို့ကြောင့် မိမိ အတ္တ ကို အဟုတ်ထင်ကာ (သို့) မိမိ စိတ်ခံစားချက်-ဝေဒနာ များကိုသာ ဦးစားပေးလျှက် …..အတည်ယူ ငြိတွယ် ဆုပ်ကိုင်နေမှုကို မှန်မှန်ကန်ကန် စွန့်လွှတ်တတ်မှသာ (မိမိကိုယ်ကို ချစ်တတ်လွန်းသည့် မိမိစိတ်ခံစားချက်များကို သာလျှင် အဓိကထားလွန်း ဦးစားပေးလွန်းသော (အတ္တကို ရှေ့တန်းတင်မှု) အမူအကျင့်များ လျော့နည်းလာကာ အများအကျိုး-လောကကောင်းကျိုးအတွက် ကြည့်တတ် စဉ်စားတတ် လုပ်ဆောင်ပေးတတ်သော (လုပ်ဆောင်ပေးချင်သော) အနစ်နာခံနိုင်သော (အနစ်နာခံချင်သော) စိတ်သဘောထားများ ဖြစ်လာပေမည်။
မိမိစိတ်ခံစားချက် (ဝေဒနာ) များကို သာလျှင် အဓိကထားလွန်း ဦးစားပေးလွန်းသော (အတ္တကို ရှေ့တန်းတင်မှု) ကို စွန့်လွှတ်ရန် (သို့) မပြုလုပ်ရန် ကျွန်ုပ်တို့ အပြောလွယ်ကူသလောက် လက်တွေ့တွင်မူ ခက်ခဲလှပါသည်။
မိမိစိတ်ခံစားချက် (ဝေဒနာ) များကို သာလျှင် အဓိကထားသော ဦးစားပေးသောအမူအကျင့်ကို မှန်မှန်ကန်ကန် စွန့်လွှတ်တတ်မှသာ (သို့) ထိုအမူအကျင့်ကို စွန့်လွှတ်တတ်သည့် အတတ်ပညာကို ကောင်းမွန်စွာ သိနားလည်-တတ်ကျွမ်းမှသာ စွန့်လွှတ်နိုင်ပေမည်။ ထိုအတတ်ပညာကို ဝိပဿနာဘာဝနာမယပညာဟု ခေါ်ဆိုက ခေါ်ဆိုနိုင်ပါသည်။
ဝိပဿနာဘာဝနာမယပညာကို လေ့ကျင့်ရာတွင် –
အကောင်း အဆိုး ခံစားချက် စိတ်ခံစားချက်(ဝေဒနာ) များကို အဓိကမထားပဲ စွန့်လွှတ်ရမည် ဟု ဆိုသဖြင့် မခံစားရပဲ နေရမည် ဟုမဆိုလိုပါ။ အကောင်းအဆိုး ခံစားမှုုများကို ရပ်တန့်ပစ်ရမည်ဟု မဆိုလိုပါ။
မိမိ အကောင်း အဆိုး ခံစားချက် စိတ်ခံစားချက်-ဝေဒနာများနဲ့ ပတ်သက်ပြီး မှန်ကန်တဲ့ နားလည်မှုအစစ်၊ မှန်ကန်သောသဘောထား ဖြစ်ပေါ်ဖို့ အတွက်သာ လေ့ကျင့်ရမည်ဖြစ်သည်။ (သို့) ဝိပဿနာဘာဝနာမယပညာကို သိနားလည်လျှက် လေ့ကျင့်ပေးဖို့သာ လိုအပ်ပေသည်။
ဆက်လက်ဖော်ပြပါမည်။
2 comments
ကြောင်ကြီး
August 3, 2011 at 8:43 am
စွန့်တယ်ဆိုတာ တကယ်တော့ လုပ်ရပ်တိုင်းဖြစ်ရပ်တိုင်းကို ဖြစ်ပျက်ညဏ်တင် ဆင်ခြင်သုံးနေခြင်းလို့ နားလည်ပါတယ်။ လူအများသိတဲ့ သတိပဌာန်နဲ့ မတူပုံကတော့ အပျက်ရှုတဲ့ ဝိပဿနာညဏ်ပါခြင်း မပါခြင်းပါ။ ယောဂီအများ ဖြစ်ပျက်မှတ်ရင်းနဲ့ လက္ခဏာသုံးပါးညဏ် (အနိစ္စ၊ ဒုက္ခ၊ အနတ္တ) လမ်းကြောင်း ပေါ်မရောက် ဖြစ်ပါတယ်။ ဒါကို ဆူနာမီဆရာတော်က အတည်ယူ ငြိတွယ်ဆုပ်ကိုင်နေမှုကို စွန့်မှသာ ဝိပဿနာဘာဝနာမယပညာမည်တယ်လို့ တည့်မတ်ပေးခြင်းပါ။
manawphyulay
October 29, 2011 at 3:03 pm
ပြောတော့သာ လွယ်တာ။ လုပ်ဖို့ကျ ခက်တယ်ဆိုသလိုပါပဲ။ တစ်ဦးတစ်ယောက်ထဲ ကျင့်ကြံဖို့ထက် လူသားတိုင်း စိတ်ထဲမှာ အသိဉာဏ်တွေနဲ့အတူ အားလုံးကို မကျင့်နိုင်ရင်တောင် ကိုယ်ချင်းစာတရား လက်ကိုင်ထားကြမယ်ဆိုရင်ဖြင့် အရင်ထက်စာရင် နည်းနည်းတော့ လူသားတွေကြားထဲမှာ သဟဇာတ ဖြစ်မယ်လို့ မြင်မိပါတယ်။
အိမ်နားက အန်တီတစ်ယောက်ဆို အမြဲမေတ္တာပို့တယ်။ သတ္တဝါအားလုံး ကျန်းမာ ချမ်းသာကြပါစေပေါ့ ပို့နေရင်းနဲ့ ခြင်ကိုက်တော့ လက်က ဖြန်းဆိုပြီး ရိုက်မိတယ်။ ဒီတော့ သည်းခံနိုင်မှု စွမ်းအားလည်း လိုအပ်သေးတယ်နော်။