ပရလောက(၆) စတုတ္ထပိုင်း
“ရုံးပိတ်ရက်တစ်ရက်မှာ ငါတို့ဘော်ဒါ(၃)ယောက်အဲဒီဘက်ကို နံနက်(၉း၃၀)လောက်ကတည်းက ထွက်ကြတာပေါ့။ ဝါးတီးတွေ၊ ဘာတွေလည်း ပါတာပေါ့။ အထုပ်များများစားစားတော့မပါပါဘူး။ ကျောပိုးအိတ်တစ်လုံးထဲစုထည့်ပြီး မသိရင် ပျော်ပွဲစားထွက်တာကျနေတာပဲ။ အဲဒါ လေသေနတ်ကလည်း ခိုးယူလာတာ။ ငါ့အဖိုးကြီးမရှိတုန်း..။ ငါ့အဖိုးကြီးက အရင်က သစ်တောကနေ ပြောင်းလာတာဆိုတော့…။ နောက်ထွန်စက်စခန်းက ကုံးသီးတွေပေါမှပေါပဲ။ လေးခွတွေလည်းပါတယ်။ နောက်ပြီး အဲ…ဒီဘက်မှာ ဝေသာလီဗျိုင်းကြီးတွေလည်းရှိတယ်။ အရင်တုန်းက… ဝေသာလီဗျိုင်းက အဖြူမဟုတ်ဘူး။ အမဲ။ အကောင်ကြီးတယ်။ ရိုးရိုးဗျိုင်းထက်။
ထားပါတော့…။ ဒါနဲ့ငါတို့ တောက်လျှောက်လယ်ကွင်းတွေကိုကျော်ပြီး တောင်ခြေဘက်ကို တဖြည်းဖြည်းနဲ့ရောက်လာချိန်ကျမှ မြက်တွေရော၊ ကနဖော့တွေရော၊ ကညွတ်တွေရော..ဘာပင်တွေလည်းတော့ မသိဘူး။ ထူပိန်းနေတာပဲ အပင်ကြီးတွေလည်း များတယ်အဲဒီဘက်က…မြက်တွေဆိုလည်း အရှည်ကြီးတွေ။ ရေကြက်တွေက အဲဒီလို အထဲမှာနေကြတာ…. လူသံကြားရင် မြက်တွေကြားထဲကနေ ချွတ်ချွတ်အသံကြားရတယ်။ သူတို့ပြေးရင်မြက်ကြားထဲကနေပဲပြေးတာ…. မလွတ်တော့ဘူးထင်ရင် ထပျံပြီး ရေထဲဆင်းသွားရော။ ငါတို့လည်း ပထမဆုံး ရေကြက်ကိုချောင်းတာပေါ့။ မနက်ပိုင်းတစ်ပိုင်းလုံးတော့ ဘာတစ်ကောင်မှမရဘူး။ ဒီလိုနဲ့နေ့လည်ပိုင်းရောက်တော့ ငါတို့လည်း ပါလာတဲ့ ပုလင်းကိုစဆော်တော့တာပဲ။ ဝါးတီးတွေလည်း အထုပ်တွေနဲ့ထုပ်လာတာလေ။ ပါးပါးလေးဆော်၊ ဝါးတီးဆွဲပြီးတာနဲ့ခဏတဖြုတ်နားပြီး လုပ်ငန်းပြန်စကြတာပေါ့။
နောက်မကြာဘူး ငါတို့တစ်ကောင်စရတယ်။ တော်တော်ကိုဖမ်းလိုက်ရတာ။ အဲဒါလည်း ငါတို့(၃)ယောက်ကို နှစ်ယောက်က လေးခွနဲ့ခွဲပြီးဟိုဘက်ကခြောက်ဒီဘက်က ခြောက်နဲ့ ဒီကောင်ငါတို့အလယ်က မြက်တောထဲမှာတင် ပထမပတ်ပြေးနေတာ… ပြေးရင်းကနေဒီကောင်ကြောက်အားလန့်အားနဲ့. . . . လူကြီးအရပ် ရင်ခေါင်းလောက်အမြင့်ကိုထပြန်တဲ့အချိန် ငါလည်း .. ဘာရမလဲဆိုပြီး ..ဆော်ထည့်လိုက်တာ ပထမတစ်ချက်မထိဘူး..။ နောက်တစ်ချက်ကျမှထိတာ..။
ငါတို့လည်း နားလိုက်၊ ချလိုက်၊ ချောင်းလိုက်နဲ့ပဲ…နေလာလိုက်တာ …
ညနေစောင်းပြီ။ အရှိန်လေးကလည်း ကျန်နေသေးတော့ … ကဲ… ငါတို့လည်း နောက်တစ်ကောင်ရအောင်ပစ်ပြီးမှ ပြန်မယ်ဆိုပြီး … ဆုံးဖြတ်လိုက်ကြတယ်။
ဒါနဲ့နေရာခွဲပြီး လိုက်ရှာကြရင်းကနေ အရင်ဆုံးငါနဲ့အနီးဆုံး မြက်တောထဲကနေ ဖလူး ဖလူးဆိုပြီး ပြေးတဲ့အသံကြားတော့ ငါလည်း ဟိုကောင်တွေကိုမျက်စပစ်ပြပြီး လိုက်တာ… ပေါ့။ တောင်ခြေဘက်ကို ဦးတည်ပြီးပြေးတာ… ဒီတစ်ခါတော်တော်မြန်တယ်ပေါ့။ ဒီအကောင်က ထလည်းမပျံဆိုတော့… ငါလည်း လိုက်ရင်းလိုက်ရင်းကနေ အပင်ကြီးတွေများတဲ့နေရာလည်း ရောက်ရော၊ ရှေ့ကပြေးတဲ့အသံချက်ချင်းပျောက်သွားတာ။ ဟိုကောင်နှစ်ကောင်ကလည်း နောက်ကနေ တဖြည်းဖြည်းချင်း လိုက်လာတာ.. အရှိန်လေးကလည်း နည်းနည်းကောင်းနေတော့။ အသံပျောက်သွားတဲ့နေရာကို အရင်ဆုံး ဖြဲရှာကြတာပေါ့။ အဲဒီမှာ ဇာတ်လမ်းစတော့တာပဲ… ဘာမှမတွေ့ဘူး။ နည်းနည်းတော့ တွေဝေသွားတာပေါ့။ ဟိုကောင်နှစ်ကောင်လည်း မီလာရော။
“ဟေ့ကောင်တွေ၊ ဒီအနားမှာတင်ပျောက်သွားတာဟ။ ဘာမှအရိပ်အယောင်လည်းမတွေ့ရဘဲနဲ့။ ရှေ့မှာတင်”
ငါတို့လည်း မောကလည်း နည်းနည်းမောတာနဲ့အပင်ခြေရင်းမှာ ခဏထိုင်နားနေတုန်း။ ငါတို့နောက်ကျော ခြုံထဲကအသံကြားလို့လှည့်ကြည့်တော့…။ လှစ်ကနဲ… အမဲရိပ်ကို ငါလှမ်းမြင်လိုက်တာ…။ ငါလည်း ဟိုကောင်နှစ်ကောင်ကိုပြတော့… မတွေ့ဘူးတဲ့။ အသံတော့ကြားလိုက်တယ်တဲ့။ ဟာ.. ငါကိုပဲရွေးခြောက်ပြီလားမသိဘူးဆိုပြီး ငါလည်းအခြေအနေကြည့်နေတုန်း… ငါတို့ထိုင်တဲ့အပင်ဘေးက အပင်ပေါ်ကို ခုနမြင်လိုက်တဲ့ မဲမဲအရိပ်က အပင်ပေါ်ကိုတက်သွားတာ မြန်သလားမမေးနဲ့..။ ငါလည်း“ ဟေ့ကောင်တွေ အပေါ်တက်သွားပြီ…အပေါ်တက်သွားပြီ။ ဟိုမှာတွေ့လား၊ ထိပ်ဆုံးနားကကိုင်းမှာ စောင့်ကြောင့်ထိုင်နေတဲ့ပုံစံမျိုး..တွေ့လား”
“အေး…ခုနကတက်သွားတဲ့ အသံတော့ ကြားတယ်။ ငါတို့မတွေ့ဘူးဟ”
အဲဒီကိုင်းကနေ ငါ့ကိုငုံ့ကြည့်နေတဲ့ပုံမျိုး။ ငါလည်း လေသေနတ်နဲ့ချိန်ပြီး ဆော်တာပေါ့။
ဆော်လေပိုဆိုးလာလေ။ အောက်ကိုင်းကိုတောင် ဆင်းလာသေးတာ။ ငါလည်း ဟေ့ကောင်တွေ လစ်မယ်လစ်မယ်ဆိုတာနဲ့ နောက်ကိုပြန်ဆုတ်လာရင်းစောင့်ကြည့်တော့ အဲဒီမဲမဲအရာက သစ်ပင်ခြေရင်းအောက်ကိုဆင်းပြီးရပ်ကြည့်နေသေးတာ.. ငါ့တို့ဘက်ကို။ ဟိုနှစ်ကောင်ကတော့ … မမြင်ရဘူး။ အသံတော့ကြားတယ်တဲ့။ မှောင်လည်း နည်းနည်းကမှောင်နေပြီ။ ခဏနေတော့ …. အဲဒီမဲမဲအရာက သစ်ပင်အုပ်ထဲဝင်သွားတာပဲတွေ့လိုက်ရတယ်။
ငါပဲကံနိမ့်လို့ကွက်မြင်ရတာလား…။ အပိုင်ကပဲမကြိုက်လို့…လားတော့မသိဘူး။ အဆိုးထဲက အကောင်းပေါ့ကွာ။ ငါလည်း ကံတအားမနိမ့်လို့ပေါ့။ ငါ့ဘကြီးတွေတောဘက်မှာတော့ … ကွင်းပိုင်၊ ဆိုင်ရာပိုင်ရာတို့ကို ပူဇော်ပသတာတွေ ရှိတာတော့ကြားဖူးတယ်။ မယုံလို့လည်း မရပြန်ဘူး။
ကျွန်တော်က “ဟုတ်တော့ဟုတ်တယ်ဗျ။ ကြားဖူးတာပဲ။ ကျွန်တော့် ဘော်ဒါ ဦးလေးတွေဆိုရင်၊ ဥက္ကံဘက်မှာ ငါးလည်းမွေးတယ်၊ ပဲတွေလည်းစိုက်တယ်။ ဥက္ကံမြို့မရောက်ခင် ကျောင်းဟောင်းမှတ်တိုင်မှာ ဆင်းရတာ… အဲဒီမှတ်တိုင်ဆင်းဆင်းချင်း… သူ့တို့ဦးလေးရွာထဲကိုဝင်တဲ့လမ်းရှိတယ်။ လမ်းဘေးမှာ ဘုန်းကြီးကျောင်းဟောင်းနဲ့ စေတီတစ်ဆူရှိတယ်။ ရွာထဲလမ်းဆိုပေမယ့် တော်တော်ကိုဝင်ရတာ…. တခြားဟိုဘက်ကရွာတွေလို မစည်ဘူး။
သူတို့ရွာက သီးသန့်လိုဖြစ်နေတာ…။ တစ်ခြံနဲ့တစ်ခြံကလည်း အဝေးကြီး.. ။ သူတို့အိမ်ရောက်ဖို့ကို ရွာလမ်းအတိုင်းတစ်ဝက်လောက်ဝင်၊ ဝင်ပြီးညာဘက်ကို ထောင်တက်ရတာ လယ်(၂)ဧကလောက်ဖြတ်ပြီးမှ သူတို့အိမ်ကိုရောက်တာ.. အိမ်က သီးသန့်ကြီးလိုဖြစ်နေတာ… ခြံစည်းရိုးနယ်နိမိတ်က… ခြံခတ်ထားထာမျိုးမဟုတ်ဘဲ။ သူ့ဟာသူ အပင်ကြီးတွေနဲ့ပတ်ပတ်လည် ဖြစ်နေတော့ ခြံစည်းရိုးလိုဖြစ်နေတာပေါ့။ ဝင်ဝင်ချင်းမှာ ရေတွင်းပျက်တစ်ခုရှိတယ်။ ရေတွင်းပျက်ကျော်လိုက် တာနဲ့ ကောက်ရိုးပုံကြီးတွေ (၃)(၄)ပုံလောက်ရှိမယ်။ အထဲမှာ မွေးထားတာ.. အစုံပါပဲ…။ ဘဲတွေရော၊ ကြက်တွေရော၊ အိမ် အနောက်ဘက်မှာလည်း ဝက်တွေ။ မရိုးဘူး…. အဲဒါ သူတို့နေတဲ့ခြံဝိုင်းနဲ့ဆို မြောက်ဘက်ကျကျမှာ ငါးကန်ကလည်းရှိသေးဗျ။ မွေးမြူရေးဆလားဗီးယားကြီးတွေပေါ့။ ရန်ကုန်မှာ အခုငါးကင်လုပ်ရောင်းနေတဲ့ဟာတွေပေါ့ဗျာ။
ခြံထဲမှာ အိမ်က (၂)လုံး၊ တစ်လုံးက သူ့ဦးလေးအမေနေတာ။ သူ့အဖွားပေါ့။
ကရင်တွေဆိုတော့ ပွင့်လင်းတယ်ဗျ။ ကြိုက်ရင်ကြိုက်တယ်၊
မကြိုက်ရင်မကြိုက်ဘူး၊ မကျေနပ်ရင် ဒဲ့ပဲဖျီတာနော်..။ ကွေ့ဝိုက်ပြီးပြောမနေဘူး။
ဒါနဲ့ကျွန်တော်လည်း အဲဒီမှာတင် (၃)ရက်လောက်ကြာတယ်။
ကရင်တွေဆိုတဲ့အတိုင်း ကျွန်တော်တို့ရောက်ပြီဆိုတာနဲ့ ဖွယ်ဖွယ်ရာရာ အကုန်လုပ်ပေးတာ။
သူ့ဦးလေး မိန်းမကဆို… မောင်လေးတို့… လွတ်လွတ်လပ်လပ်နေ…
ကိုယ့်အိမ်ကိုယ့်ယာလိုသဘောထား… အဲလိုမျိုး..။ သောက်တတ်လားမေးသေးတာ။
ဟဲဟဲ…. ဒီကကောင်တွေကလည်း ….. ဟီး….သောက်တတ်ရှာပါဘူး..။ ပုလင်းတွေကိုယူလာတာ အိတ်ထဲအလေးခံပြီး။ အဲဒီကရင်မကိုယ်တိုင်ကလည်း သောက်တယ်ဗျာ။
သူ့ယောက်ျားသောက်ရင် သူကလည်း ပါးပါးဝင်ပုတ်သေးတာဗျ။
ပျော်ဖို့လည်းကောင်းပါတယ်။ ကျွန်တော်တို့ နေ့လည်ခင်းလောက်လည်းရောက်သွားရော။
ခဏနား… နားပြီးဝါးတီးဆွဲ… ဆွဲပြီး ခဏတရေးတမောအိပ်လိုက်သေးတာ။ ညအတွက် အားယူတာလေ။ ညနေစောင်းကျ… ရေမိုးချိုး…. ချိုးပြီးတာနဲ့ သူတို့အိမ်ထောင့်က အရင်ကွမ်းပင်စိုက်တဲ့ မြေကွက်လပ်မှာ ဖျာခင်းပြီး … ဆော်ကြတာပေါ့။
ဒီလိုနဲ့နောက်တစ်ရက်လည်း ကျရော… ကျွန်တော်တို့ အိမ်မှာသောက်ရတာ
အားနာလာတာနဲ့ ညနေစောင်းကို ဥက္ကံမြို့ထဲကိုလစ်ပြီးသွားချကြတယ်။ ချပြီး ပါဆယ်ပါဆွဲခဲ့တာပေါ့။ ကျွန်တော်တို့ပြန်လာတော့ ညက ၉းဝဝထိုးလောက်ဖြစ်နေပြီ။ ကား(၄)မှတ်တိုင်လောက်စီးရတယ်။ အိမ်ပြန်ရောက်တော့ ဦးလေးမိန်းမက အိပ်သွားပြီ။ ဦးလေးကလည်း ကျွန်တော်တို့ကို စောင့်နေတာထင်ပါရဲ့။ ကျွန်တော်တို့ရောက်ပြီး ခဏနေတော့ သူလည်း ဖလတ်ဝင်ပြသွားတယ်။ ဖလတ်မပြခင် သူပြောသွားတာ “ဟေ့ကောင်တွေ၊ ညကြီးမင်းကြီး လျှောက်မသွားနဲ့ဦး။ အိမ်ရှေ့မှာပဲနေဆိုပြီး။ ဟိုဘက်အဖွားအိမ်ဘက်ကတော့ မအိပ်သေးဘဲ ဘတ္ထရီနဲ့တီဗီကြည့်နေသေးတယ်ထင်တယ်။ ကျွန်တော်တို့လည်း မအိပ်ချင်သေးတာနဲ့ပဲ…ခဏထိုင်ပြီး ပါလာတဲ့ပါဆယ်လေးလည်း ထပ်ကင်မယ်ဆိုပြီး လုပ်ကြတာ..။ အရှိန်ကပါးပါးပဲပုတ်လာတာကိုး။..ဟီး..။
အဲဒီကောင်က ဇာတ်လမ်းစတာ… ငါတို့ငါးကန်ဘက်သွားသောက်ကြရအောင်တဲ့။ ကျွန်တော်တို့လည်း အေး…ဒါဆိုလည်း သွားလေဆိုပြီး မြက်ဖျာလေးကိုခေါက်ပြီး အကုန်အပြည့်အစုံယူပြီး ကန်ဘောင်ပေါ်သွားသောက်တာ။ ပထမဒီကောင်ကလည်း အကြောင်းမသိဘူး။ ဘယ်သိမလဲ သူ့ဦးလေးက ပြောမှမပြောပြထားတာကို။ အဲဒီငါးကန်မှာ အစောင့်ထားတဲ့အကြောင်းကို.။ နောက်မှ ….သူတို့ အဖွားတောင်မသိဘူးပြောတယ်။
ကျွန်တော်တို့လည်း …ဒီလိုနဲ့လရောင်လေးကလည်း နည်းနည်းရှိတော့ ပိုဟန်ကျတာပေါ့။ အမ်ပီဖိုးလေးနဲ့သီချင်လေး တိုးတိုးလေးဖွင့်ပြီးပေါ့။ အရှိန်လေးနည်းနည်းတင်လိုက်နဲ့တော် ကီပစ်လိုက်နဲ့ပေါ့။ လေလေးကလည်း တဖြူးဖြူးဆိုတော့…။
ပထမကျွန်တော်တို့ထိုင်သောက်နေတာ နာရီဝက်၊ လေးဆယ့်ငါးမိနစ်လောက်အထိ သာသာယာယာပဲ။
အဲဒီကရင်ကောင်.. အပေါ့ထသွားမှ ဇာတ်လမ်းစတာ… ကျွန်တော်တို့နဲ့ခပ်လှမ်းလှမ်းကန်ဘောင်ဒေါင့်မှာသွားစွန့်ရင်း..။ ဒီကောင်မြင်လိုက်တာ သူ့အရှေ့စွန်းစွန်းအပင်ကွယ်လေးနားကနေ ဆေးလိပ်မီးတဖွားဖွားနဲ့တဲ့။ ဒီကောင်လည်း သေချာလိုက်ကြည့်တော့ .. ဆေးလိပ်မီးကို ပုံမှန်ပဲဖွာနေတာပဲ။ ဒီကောင်လည်း ကျွန်တော်တို့ဆီပြန်လာပြီး..
xxxxxxxxxxxxxx ပဲဆိုပြီး ပြောပြတာပေါ့။
ကျွန်တော်တို့သွားကြည့်တော့ နေရာရွှေ့သွားတယ်။ နည်းနည်းဖြူလွင့်လွင့်ကြီး…..ခုနမြင်တဲ့နေရာရဲ့ ဆန့်ကျင်ဘက်ကန်ဘောင်ထောင့်ကိုရောက်သွားတာဗျာ။ နောက် အဲဒီနောက်ကနေ ကန်ပတ်ပတ်လည် ကျွန်တော်တို့နဲ့ဆန့်ကျင်ဘက်ကို ရွေ့ရွေ့သွားတာ ။ မသိရင် ဝိုင်းကြီးပတ်ပတ်၊ စိန်ပြေးလိုက်တမ်းဆော့တာကျနေတာပဲ။ ကျွန်တော်တို့လည်း ဖြေးဖြေးချင်း စောင့်ကြည့်နေတာ။ အဲဒီလိုကြည့်နေရင်းကနေ ကန်ဘောင်ပေါ်ကို တက်လာတာဗျာ။ ကျွန်တော်တို့နဲ့ဆို အလယ်မှာကန် ဟိုဘက်ထောင့်ဒီဘက်ထောင့်အနေအထားကနေ အဲဒီဖြူလွင့်လွင့်က ရေထဲဆင်းပြီးပျောက်သွားတော့တာပဲ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဆက်ပါဦးမည်
One comment
ကြောင်ကြီး
August 4, 2011 at 9:42 am
အရက်သောက်တာ ကောင်းတယ်၊ သရဲယုံတာ ကောင်းဘူးတဲ့ သဂျီးက သဂျီးက….