“လိုအပ် တောင့်တ ……..မျှော်လင့်…….ကြောင့်ကျ”(အဆုံးပိုင်း)
ကျနော်တို့ မိုးကုတ်ရောက်တဲ့ည ကျတော့ ညနေစာ ထမင်းစားထွက်ရင်းတည်းခိုးခန်းနားလေးမှာရှိတဲ့ညဈေးလေးကို လမ်းလျှောက်ကြပါတယ်။
လမ်းဒေါင့်နားလေးမှာ အင်တာနက်ဆိုင်လေးတစ်ဆိုင်ရှိတယ်။
အဲတော့လဲ ရန်ကုန်သွားတုန်းကလို့ မနက်စောစော အင်တာနက်ဆိုင် ထိုင်လို့ရနိုင်တယ်ပေါ့။
နောက် ပူရီ တိုရှည် ချပါတီရတယ်လို့ စာရေးထားတဲ့ အိန္ဒိယ စားသောက်ဆိုင်လေးကိုတွေ့တော့ မနက်လာစားမယ်ဆိုပြီး
စိတ်ကူးထားကြပါတယ်။
မနက် ခြောက်နာရီလောက် အိပ်ယာထ လမ်းလျှောက် 7နာရီထိုးခါနီးလောက် ညကတွေ့တဲ့ဆိုင်လေးကို
မုန့်စားဘို့လာတော့ ဆိုင်ကမဖွင့်သေးပါဘူး။
ကိုးနာရီကျော်လောက်မှ ဖွင့်မယ်လို့သိရပါတယ်။
အဲဒါနဲ့ဘဲ လမ်းဒေါင့်နားက ရတနာကောင်းကင်စာပေနဲ့မျက်နှာခြင်းဆိုင်မှာရှိတဲ့ လက်ဖက်ရည်ဆိုင်လေးမှာဘဲ
မနက်စာ စားလိုက်ကြပါတယ်။
အဲဒါနဲ့ညကတွေ့လိုက်တဲ့အင်တာနက်ဆိုင်လေးကိုကြည့်လိုက်တော့ သော့ပိတ်ရက်သား။
သူလဲကိုးနာရီဘဲနေမှာလို့တွေးမိတော့ ခြေဦးတည့်ရာလမ်းလျှောက်လို့လာခဲ့ကြပါတယ်။
မနက်7နာရီကျော်ပေမယ့်
မနက်စောစော ကားဟွန်းသံမရှိ ၊
ကလေးငိုသံမရှိ၊
ဟန်းဖုန်းမြည်သံမရှိ
မြိုု့လေးက ပကတိ တိတ်ဆိတ်ငြိမ်သက်။
လမ်းပေါ်မှာရှိနေတဲ့ အနည်းငယ်သောလူတွေကလဲ အေးအေးဆေးဆေး။
ကားတွေကလဲအေးဆေး၊
ဆိုင်ကယ်တွေကလဲအေးဆေး၊
ခရီးသည်စောင့်နေရှာတဲ့ ဆိုင်ကယ် ကယ်ရီတွေကလဲ “ဘယ်သွားမလဲ”လို့မေးတာကလွဲရင်အေးဆေး၊
ရာသီဥတုကလဲအေးဆေး၊
အားလုံးအေးဆေး၊
ပြာလောင်ခတ်သူမရှိ ပူပန်ကြောင့်ကြသူမရှိ အချိန်မမှီမှာစိုးသူမရှိ။
ကျနော်နေ့စဉ်ကျင်လည်ဖြတ်သန်းခဲ့ရတဲ့ မန္တလေးနဲ့ဆိုရင် တခြားစီပါဘဲ။
မန်းလေးမှာဆိုရင် မနက်5း15 အိပ်ယာထ။
လမ်းလျှောက်အိမ်ပြန်ရောက်တော့ 7း45၊
ဒီ အချိန်ဆိုရင်ကို တစ်ခါတစ်လေ ဖုန်းမြည်သံတွေက ကျနော့်ကို စတင်လို့မောင်းနှင်ပါပြီ။
7း15 ရေချိုး ပြီးရင်ဆိုင်ကယ်ထုတ် လမ်းမပေါ်ရောက်ပြီဆိုတာနဲ့ပူလောင်ခြင်းတွေနဲ့မနက်ခင်းကိုစဖွင့်ရပါတော့တယ်။
ဆိုင်ကယ်မောင်း နေရင်းဖုန်းဝင်လာတော့လဲဆိုင်ကယ်စီးရင်းပြော။
လမ်းမပေါ်မှာတဗြောဗြောနဲ့မောင်းနေတဲ့ ဆိုင်ကယ်သမားကိုကြည့်ရှောင်၊
လီဗာကိုအသားကုန်နင်းလို့ တဗြဲဗြဲနဲ့အသံတွေပေးနေတဲ့ ခရီးသည်တင်ကားတွေကို သေမှာကြောက်တော့ဖယ်ပေး၊
ကိုယ်ကလဲ လမ်းမပေါ်တက်နင်းချင်တဲ့ စက်ဘီးသမားကို ဟွန်းတတီတီပေးလို့မောင်းချ၊
လမ်းလျှောက်စရာ လူသွားစင်္ကြန်မရှိလို့ လမ်းပေါ်တက်လျှောက်တဲ့ခြေလျင်သမားကို စက်ဘီးသမားက
ကလင် ကလင်အသံပေးလို့ ဘေးဖယ်ခိုင်း။
အင်မတန်မှရင်မောစရာကောင်းသောမနက်ခင်းကို နေ့စဉ်နဲ့အမျှဖြတ်သန်းနေရတာမောလှပါတယ်။
ကျနော်ရန်ကုန်ကိုခဏရောက်တဲ့အချိန် မှာတော့ မန်းလေးမှာလူများတယ်ရူပ်ယှက်ခတ်တယ်ဆိုတာ
ရန်ကုန်နဲ့ယှဉ်လိုက်တော့ မန်းလေးစည်တယ်ဆိုတာ တောဘုရားပွဲသာသာ။
လမ်းပေါ်မှကားအပြည့် ကားထဲမှာလူအပြည့်။
လမ်းပေါ်မှာလမ်းလျှောက်သူကလဲအပြည့်၊
မျက်နှာတွေပေါ်မှာလဲ ပူပန်မူ့အပြည့်၊
လမ်းပေါ်မှာအပြေးသွားနေတဲ့ တက္ကစီသမားများမှာလဲဘယ်သူများလှမ်းခေါ်မလဲဆိုတဲ့
အသံနားစွင့်လို့ မျှော်လင့်ခြင်းတွေအပြည့်၊
ကားကြိုကားကြားမှာ အတင်းဝင်အတင်းထွက်အသက်လုပြီးဈေးရောင်းနေရှာတဲ့
ပန်းသယ်တွေ ဂျာနယ်သယ်လေးတွေရဲ့မျက်နှာမှာလဲ မျှော်လင့်ခြင်းတွေအပြည့်၊
မမြင်နိုင်သောအင်အားကြီးမားတဲ့အရာတစ်ခုက မြို့မှာနေတဲ့ သက်ရှိသက်မဲ အားလုံးကို
အမြန်နုန်းတစ်ခုရောက်အောင်မောင်းနှင်နေသလိုပါဘဲ။
မောပါတယ်။
@@@@@& @@@@@& @@@@@& @@@@@& @@@@@&
နေ့လည်ပိုင်းအလုပ်အားတဲ့အခါမှာတော့ အင်တာနက်ဆိုင်ကို ရောက်ဖြစ်ပါတယ်။
ကိုယ့်ထဲကိုရောက်နေတဲ့မေးလ်တွေဖတ် ကိုယ်ကလဲပို့စရာရှိတာကို ပို့ဘို့ပေါ့။
ဆိုင်လေးက သိပ်မကျယ်ပေမယ့်စက်ကတော့အလုံးနှစ်ဆယ်လောက်။
ထူးခြားတာက စက်အားလုံးကလက်တော့လေးတွေကို သီးသန့်မောက်စ်နဲ့ကီးဘုတ်တွဲချိတ်ပေးထားတာပါ။
ကော်နက်ရှင်တော်တော်လေးကောင်းပါတယ်။
ပုံလေးတွေတင်လိုက်တာနဲ့ ခဏလေးနဲ့တက်သွားတော့ အတော်လေးကို စိတ်ကျေနပ်စရာကောင်းလှပါတယ်။
နောက်စက်အပြည့်လူအပြည့်ဖြစ်နေပေမယ့် ဘာသံမှသိပ်ဆူဆူညံညံမကြားရတိတ်တိတ်ဆိတ်ဆိတ်။
ကျနော်မန်းလေးမှာလဲကြုံတဲ့နေရာမှာ ကြုံသလိုဆိုင်ပေါက်စေ့ဝင်လို့ အင်တာနက်သုံးတတ်ပါတယ်၊
ဆိုင်တော်တော်များများကတော့ဆူညံပွက်လောရိုက်လို့ ဂိမ်းဆော့နေတဲ့သူတွေ၊
Vz0 ကနေချက်လို့ကြူနေသူတွေ တွေ့ရသလို အဝေးမှာအလုပ်သွားလုပ်နေသူတွေကို မိသားစုလိုက်ကြီး
လာစကားပြောနေတာ တစ်ယောက်တစ်ပေါက်နဲဆူညံပွက်လောရိုက်။
တစ်ခါတစ်လေ သူငယ်ချင်းအုပ်စုလိုက်ကြီးချက်တင်ကနေ ဟိုဘက်ကတစ်ယောက်ထဲကိုဝိုင်းကျပ်လို့
ပျော်ပျော်ကြီးအော်လို်က်ဟစ်လိုက်။
ကျနော်ရန်ကုန်မှာခဏရောက်နေတုန်းက မနက်လမ်းလျှောက်ရင်းအင်တာနက်ဆိုင်ကို ဝင်ထိုင်တတ်ပါတယ်။
အဲဒီဆိုင်ကလေးကမနက်6း30ဆိုရင်ဆိုင်ဖွင့်ပါတယ်။
အဲဒီဆိုင်လေးမှာ မနက်စောစောဆိုရင် နိုင်ငံခြားကို ဖုန်းလာဆက်သူတွေများပါတယ်။
ရန်ကုန်နေတဲ့တစ်ပါတ်လုံးလုံး အဲဒီဆိုင်လေးမှာ ကျနော်နေ့တိုင်းလောက်ရောက်တော့
ဇာတ်လမ်းပေါင်းစုံကို နားဆင်ရပါတယ်။
“အိမ်ကိုပိုက်ဆံပြန်မပို့တဲ့သားကို အိမ်သတိရဘို့လာပြောနေတဲ့မိခင်ရဲ့ချော့ချော့မော့မော့အသံ”
“သားပို့ပေးလိုက်တဲ့ပိုက်ဆံက 123ဇာတ်မျောထဲမှာပါသွားလို့သားကိုဖျောင့်ဖြပြီး အယူခံဝင်နေတဲ့အဖေ”
“အဝေးရောက်နေတဲ့သမီးလေးကို အန္တရာယ်ကင်းစေဘို့ တရားစာတွေလာရွတ်ပြနေတဲ့မေမေ”
“မောင့်ကိုလွမ်းတဲ့အကြောင်း လူများကြားမှာကိုတောင် မရှက်မကြောက်နိုင်ဘဲ ချစ်ခွန်းဖွဲ့သီလုပ်နေတဲ့ ညကလေး”
“မင်းကလေးနိုင်ငံခြားရောက်အောင် မမကဘယ်လို့ငွေတွေအကုန်ခံရတဲ့အကြောင်းအခုတော့မင်းရှာလို့ရသမျှကို
မင်းအမေလက်ထဲအပ်တော့ မမက လက်ဝေခံဖြစ်နေလို့ လာငိုပြနေတဲ့ မောင်လေးရဲ့မမ ”
“အဝေးရောက်နေတဲ့အဖေ ပို့တဲ့ ပိုက်ဆံနဲ့ တိုက်ဆောက်နေတာကို ့အသေးစိတ်အစီရင်ခံစာလာတင်နေ့တဲ့သားလူမမယ်”
“yah yah ဆိုတာကိုဘဲထပ်ကာတလဲလဲအော်လို့ မီးကျိုးမောင်းပျက် အင်္ဂလိပ်စကားနဲ့ ဟိုဘက်ကလူကို ကြူနေတဲ့လူ”
“စားပြီးနားမလည် လုပ်သွားတဲ့သူကိုရန်တွေ တွေ့နေတဲ့ အလန်းမလေး”
“ချစ်စခင်စကြင်နာစထင်ပါရဲ့မရနိုင်မှန်းသိရဲ့နဲ့ တရွှတ်ရွှတ်နဲ့အကြင်နာတေကိုပေးပြနေတဲ့သူ”
“အဝေးရောက်နေတဲ့မေမေကြီးကို မီးမီးလေးရော ဖေဖေကြီးကရောလွမ်းနေတယ်ဆိုတာကိုလာပြောပြနေတဲ့
အသက်20လောက်သာရှိသေးတဲ့ကလေးအဖေ”
ဒါတွေကိုကြားရတော့ ကိစ္စများမြောင်လူတို့ဘောင်ဆိုတာလေးကို သွားသတိရမိပါတယ်။
လူနေမူ့ထူထပ်လေလေ လိုအပ်ချက်များလေလေ ပြဿနားများလေလေ
လူတွေကသနားစရာကောင်လေလေလို့ထင်ပါတယ်။
@@@@@& @@@@@& @@@@@& @@@@@& @@@@@&
ကျနော်တို့ မိုးကုတ်မှာနှစ်ညအိပ်အလုပ်ကိစ္စတွေပြီးတော့ပြန်လာပါတယ်။
အဆင်ပြေတာလဲရှိ မပြေတာလဲရှိပေါ့။
မနက်8နာရီလောက်မှာ မိုးကုတ်က ပြန်ဆင်းလာပါတယ်။
လမ်းကလေးက ကွေ့ကွေ့ကောက်ကောက် စိမ်းစိမ်းစိုစို
တောင်တွေက လမ်းကို စီးမိုးလို့ငုံ့ကြည့်နေပါတယ်။
လူကသာ လမ်းပေါ်မှာကားကိုစီးလို့လာနေပေမယ့် စိတ်တွေကတော့ မရောက်သေးတဲ့မန္တလေးမှာ။
ဟိုရောက်တာနဲ့ဘာလုပ်ရမယ်ညာလုပ်ရမယ်ဆိုတာကို ကြိုတင်တွေးလို့စီစဉ်လို့ ပူပန်လို့ပေါ့။
လမ်းတစ်လျောက်လုံးမှာတော့ ပုလိုင်းလေးလွယ် ဓါးကလေးခါးထိုး
တောထဲဝင်မျှစ်ချိုးဘို့အတွက် အေးအေးဆေးဆေးလမ်းလျှာက်ရင် ဆေးလိပ်ကလေးတဖွာဖွာ
အပူအပင်ကင်းမဲ့တဲ့သူတို့ကို အားကျစရာ။
တောထဲဝင်မျှစ်ချိုး မိူရှာ ဝါးခုတ် သွားမယ့်သူအားလုံးကြည့်ရတာ
စိတ်သက်တောင့်သက်သာ။
မရောက်သေးတဲ့နေရာအတွက် ကြိုတင်လို့ပြင်ဆင်နေရတဲ့ကျနော်တို့နဲ့တော့ အပုံကြီးကွာပေါ့။
ငြိမ်းချမ်းတာခြင်းပြောပါတယ်။
တကယ်တော့လောကမှ လူရယ်လို့ဖြစ်လာရင်လိုအပ်ချက်တွေအတွက်မွေးဖွားလာသလိုပါဘဲ။
တိုးတက်လေလေ လိုအပ်ချက်တွေပိုများလေလေ၊
တောင့်တရမူ့တွေလဲများလေလေပါဘဲ။
တောင့်တတယ်ဆိုတာ မျှော်လင့်တာပါဘဲ။
မျှော်လင့်တယ်ဆိုမှတော့ရမှ ရပါ့မလားဆိုတဲ့ကြောင့်ကြမူ့ကို အစိုင်အခဲတစ်ခုလိုဖြစ်တည်လိုလာပါတော့တယ်။
ကျနော်တို့လို့ မြို့နေ ပညာတတ်လူတန်းစားမှာတော့ မရနို်င်သေးတဲ့မျှော်လင့်ချက်များအတွက်ပူပန်ကြောင့်ကြလို့နေချိန်မှာ
လမ်းမှာတွေ့ခဲ့တဲ့ မျှစ်အချိုုးထွက်နေသူများကတော့ တစ်နေ့မျှစ်ငါးပိဿာလောက်ရရင်တော်ပြီလို့
စိတ်ပိုင်းဖြတ်နိုင်တဲ့အတွက်သူမှာ ပူပန်ကြောင့်ကြမူ့နည်းပါးလို့နေပါတယ်။
ပိုစိတ်ချမ်းသာတယ်လို့ပြောနိုင်ပါတယ်။
မေမြို့မှာတွေ့တယ် မိူရောင်းတဲ့ကောင်မလေးနဲ့မိုးကုတ်လမ်းကမိူရောင်းတဲ့ကောင်မလေး
လိုအပ်ချက်ခြင်းမတူညီတဲ့အတွက ်တောင့်တမူခြင်းလဲမတူနိုင်ပါဘူး။
လိုအပ်ချက်နည်းလေ တောင့်တမူနည်းလေ။
တောင့်တမူ့နည်းလေလေ မျှော်လင့်ချက်နည်းလေလေ။
မျှော်လင့်ချက်နည်းလေလေ ကြောင့်ကြမူ့နည်းလေလေပေါ့။
ကြောင့်ကြမူ့နည်းလေလေ စိတ်ဆင်းရဲမူ့နည်းလေလေပေါ့။
ဒါပေမယ့် သေသေချာချာစဉ်းစားမိပြန်တော့
တိုင်းပြည်တပြည်မှာ တစ်နေ့မျှစ်ငါးပိဿာရရင်တော်ပြီဆိုတဲ့လူတွေများ များလာမယ်ဆိုရင်
စိတ်အေးချမ်းမှာကတော့ အမှန်ပါဘဲ။
ဒါပေမယ့် တိုင်းပြည်ကတော့……………………………………
(ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး)
(6-8-2011)
10 comments
etone
August 8, 2011 at 9:15 am
အင်းးးးးးးးး ဘယ်လိုပြောရမလဲ လေးပေါက်ရေ … ။
မြို ့ပြနေပြည်သူတွေ နဲ့ … နယ်ခံပြည်သူတွေရဲ့ စိတ်ဓါတ် အနည်းငယ်များ ကွာခြားနေမလားပဲနော် … ။ မြို့ ပြနေပြည်သူတွေကတော့ မျက်လုံး နှစ်လုံးပွင့်တာနဲ့ … မောဟိုက်နေတဲ့မနက်ခင်းတစ်ခုက ဆီးကြိုနေတာပဲ… တနေ့လုံး .. ဇယ်ဆတ်သလို အကွက်စေ့ လှုပ်ရှားနေရတယ် .. လိုအပ်ချက်တွေကလည်း များပြား ပြင်းပြတာကိုး … နယ်ခံလူတွေကတော့ … မနက်မိုးလင်းလျှင် … အေးဆေးမနက်စာ စားမယ် … ပြီးမှ လုပ်စရာရှိတာလေ … flowလေးနဲ့ .. အငြိမ် လုပ်မယ် ….. လောဘသိပ်မရှိဘူး ၊ စိတ်ဖိစီးမှူ သိပ်မရှိ .. ပြင်းပြင်း ပျပျ လိုအပ်ချက် သိပ်မရှိဘူးလို့ ထင်ရတယ် … ။ သမီးရောက်ဖူးတဲ့ … မအူပင် မြို့လေးနဲ့ ယှဉ်ပြီးပြောကြည့်တာ .. ။ စိတ်တွေ အရမ်းရှုပ်တဲ့ အခါ .. အရင်က သွားလည်ဖြစ်တယ် … ။ ညနေခင်းတိုင်း အလုပ်ကလည်း ပျက်လို့ မရတော့ .. အခုတော့လည်း …. ညအ ိပ်ခရီးထွက်လို့မရတော့ဘူးလေ … 🙄
windtalker
August 8, 2011 at 1:10 pm
ဖတ်လို ့ကောင်းလိုက်တာဗျာ
ဦးပေါက်ရေးလိုက်မှပဲ
အင်တာနက် ဆိုင်တွေ ထဲ မှာ
ဖြစ်နေတာတွေ ကို
ကွက်ကွက်ကွင်းကွင်း မြင်မိတယ် ။
ရောင့်ရဲခြင်း ကို လေးပေါက် က
အတွေးလက်ဆောင်ပေးတာလို ့မြင်မိပါတယ် ။
ဟုတ်လားတော့ မသိဘူး ။
ရောင့်ရဲတယ် ဆိုလို ့
မြန်မာနိုင်ငံသား ဗမာလူမျိုးများ ဟာ
နဂိုဗီဇ ကို က ရောင့်ရဲတတ်ကြတယ် ဆိုတာ
ဟုတ်သလား ဦးပေါက်ရေ
ဖြေပေးပါဦးနော် ။
kai
August 8, 2011 at 2:17 pm
..မြန်မာတွေပြောနေတဲ့.. ရောင့်ရဲခြင်းဆိုတာ…
ပျင်းတာကို မျက်နှာဖုံးတပ်ထားတာပဲ…။
ဆိုတော့..
လူပျင်းတွေများတဲ့ တိုင်းပြည်က..မွဲတော့တာပေါ့..။
လူတွေမပျင်းအောင်..မောင်းနှင်တတ်ဖို့… .အစိုးရမှာတာဝန်ရှိတာပေါ့..။ 🙂
MaMa
August 8, 2011 at 9:22 pm
ဒီနေရာမှာတော့ သဂျီးကို ထောက်ခံရမယ်။ မိုးကုတ်နဲ့စာရင် မန္တလေး၊ မန္တလေးနဲ့စာရင် ရန်ကုန်၊ ရန်ကုန်နဲ့စာရင် သဂျီးတို့လိုနိုင်ငံရပ်ခြားက လူတွေ လူတွေ။ အပျင်းနိုင်ငံကသွားတဲ့လူတွေအဖို့တော့ လမ်းလျှောက်နေတာလား၊ မာရသွန်ပြိုင်ပွဲဝင်နေလား မေးရအောင် လှုပ်ရှားသွားလာနေရတာတွေ။ ဒီကလူတွေ သွားလာလှုပ်ရှားနေတာနဲ့ကတော့ ကွာခြားသလားတော့ မမေးနဲ့။
ဒါပေမယ့်လည်း ကိုယ့်အတွေးနဲ့ကိုယ် ပြောရဦးမယ်။ ဘာတွေလုပ်နေလဲ???
ဘယ်တော့ ပြီးမလဲ??????????????
pooch
August 8, 2011 at 3:13 pm
အနော်ငယ်ငယ်က နေခဲ့ တဲ့ အနော့်မြို့လေးကို လည်း တခါတခါ လွမ်းမိပါတယ် လေးပေါက်ရယ် ဒါပေမဲ့ အခု အနော့်မြို့လေးလည်းပြောင်းလဲပြီး ဆူညံ့နေပါပြီ မမှတ်မိတော့လောက်အောင်ပါပဲ……..
.တနှစ်တခေါက်တောင်ရောက်ဖို့မလွယ်တော့သလို ရောက်တဲ့အ ခါတိုင်းလည်း အတိတ်ရဲ့ အရိပ်တချို့ကို လွမ်းမိတယ်…..
ငယ်ငယ်က နေခဲ့ရတဲ့ ခြံအကျယ်ကြီးထဲမှာ အုတ်ဖိနပ်ခံထားတဲ့ ရှည်တံရှည် ပျဉ်ထောင်အိမ်ကြီးရယ် အေးပြီးကြည်ပြီးနက်လှတဲ့ ရေတွင်းကြီးရယ်၊ အိမ်အောက်ထပ်က ကြိုးပုခက်ကြီးရယ်…
………ဆိုးလွန်းလို့ဘဘလိုက်ရိုက်လို့ပြေးပြေးပုန်းရတဲ့ ခြံထဲက ကိုယ့်ရဲ့ ကိုယ်ပိုင်နေရာလေး ……ငယ်ငယ်က ဆိုက်ကားစီးပြီးသွားရတဲ့ မူကြိုကျောင်းလေး ( အိမ်နားက မူကြိုတူတူတက်ခဲ့တဲ့ ကိုယ့်ရဲ့ ကျောင်းနေဘက် ခပ်ချောချောကောင်လေးရယ် ဟီး…)၊ ဈေးတန်းကျောင်းဟောင်းလေးရယ်၊
မရမ်းသီးပင်ကြီးတွေရယ်၊(တနှစ်တခါ မရမ်းသီးကို ပုတ်ပြတ်ရောင်းစားလို့ရတဲ့အထိ အပင်ကြီးတွေအများကြီး)၊ ……
သရက်ပင်တွေရယ် ၊ ကွမ်းသီးပင်၊ ကြောင်လျှာသီးပင်၊ ဆူးပုပ်ပင်၊ အိမ်ရှေ့က ခရေပင်ကြီးရယ်၊ ဆောင်းတွင်းဆို အစောကြီးထပြီး ခြံထဲမှာ မီးလှုံ့ရင်းထန်းမြစ်ဖုတ်တွေ စားခဲ့ရတဲ့ အချိန် ၊ ဒူးရင်းသီး မင်းဂွတ်သီးတွေ လှိုင်လှိုင်ပေါတဲ့ ရာသီရယ် ၊ အနော်တို့ တောင်ငူမြို့မှာပဲ ရတဲ့ ဟင်းခပေါင်းသီးရယ်( တောထဲကို ဆင်ဦးစီးတွေ သွားတဲ့အချိန်ပါလာတတ်တဲ့ ရှားရှားပါးပါး ကြက်ဟင်းခါးသီးတမျိုးပါ ဒါပေမဲ့ မခါးပါဘူး စားလို့ကောင်းရုံ ချိုချိုသက်သက်လေးပါ)၊ နောက် လတ်လတ်ဆတ်ဆတ်တောင်ငူက ကော်ဖီမှုန့်အစစ်၊ နောက်တောင်ငူ တို့ဖူးသုတ်၊ ပဲသီးစိမ်းနန်းကျင်းနဲ့ မုန့်ဟင်းခါးသုတ်၊ ဖိုးဆန်းပဲလှော်၊ ဘဘဝယ်ကျွေးတတ်တဲ့ ပဲမုန့်လေး၊ အုန်းမွှေးလုံး၊ ညညဆိုက်ကားစီးပြီးသွားစားရတဲ့ ကုလားဆိုင်က နွားနို့နဲ့ နို့နဲ့ လုပ်တဲ့ မလိုင်မုန့်စုံ၊ ပြောရရင်လွမ်းလို့တောင်မဆုံးပါဘူး၊ အခုတော့လည်း အရင်နဲ့က ဘာဆိုဘာမှမဆိုင်တဲ့ မြို့တမြို့လို ခံစားရတယ်
၊ မှတ်မှတ်ရရ ၈ လေးလုံးအရေးအခင်းစတဲ့နေ့မှာ တောင်ငူကနေ မန်းလေးကို သွားတဲ့ ရထားကြီးပေါ်မှာ လမ်းကနေ ခဲတွေနဲ့ထုခံရတာကိုမှတ်မိနေသေးတယ် အရမ်းငယ်သေးပေမဲ့ အသားတွေတဆတ်ဆတ်တုန်ပြီး ကြောက်နေခဲ့တဲ့ အဖြစ်အပျက်မို့ စိတ်ထဲစွဲမိနေတယ်၊ အခုပြန်စဉ်းစားရင်လည်းအခုထိ ဝမ်းနည်းနေတုန်းပဲ ။ ဘာအပြစ်မှမရှိပဲ လူတွေအများကြီးက ရထားကြီးကို ဘာကြောင့်ခဲတွေနဲ့ ဝိုင်းထုနေသလဲဆိုတာ အခုထိမတွေးတတ်အောင်ပဲ၊ (အဲဒီလိုခဲနဲ့ထုရင်သူတို့လိုချင်တာ ရမယ်လို့များထင်နေသလားမသိဘူး ) အဲဒီကစတဲ့ စိတ်ကြောင့်လားမသိ အကြမ်းဖက်တဲ့ အကြောင်းကြားရင် တုန်နေအောင်ကြောက်တယ် ၊ ဘယ်တော့မှအပြင်မထွက်ဖူး။ အကြမ်းဖက်တဲ့ လုပ်ရပ်ဆိုရင်လည်း အရမ်းမုန်းတယ်၊
အခုတော့ မန်းလေးမှာ အခြေကျလို့ မန်းသူ တယောက်အဖြစ်ကျင်လည်နေရတယ် ဒါပေမဲ့ ငယ်ငယ်ကဘဝလေးကို တော့ တွေးတိုုင်းလွမ်းလို့မဝတသသပါ၊ မြို့ပြရဲ့ဘဝကတော့ မွန်းကျပ်လွန်းလှပါတယ် ၊ ငယ်ငယ်ကလို အရောင်တွေမဲ့တဲ့ ဖြူစင်တဲ့ဘဝလေးကိုတော့ ပြန်မရနိုင်တော့ပါဘူး၊ ခြံကြီးကို ရောင်းလိုက်တုန်းကကျခဲ့တဲ့မျက်ရည်တွေဆိုတာ ………..
hmee
August 8, 2011 at 5:19 pm
လေးပေါက်ရေ အင်တာနက်ဆိုင်က မြင်ကွင်းကို ပြောပြလို့ ကွက်ကွက်ကွင်းကွင်း မြင်မိပါတယ်။ ဒါပေမဲ့ လေးပေါက်ရယ် ကျန်နေရစ်ခဲ့တဲ့ သူတွေက ခွဲလာတဲ့ လူတွေကို ကြာတော့ မေ့လာပါတယ်။ ကိုယ့်နေရာမှာ အစားထိုး ဝင်လာခြင်းခံရပြီး သူတို့ဟာ သူတို့ အသားကျလာပြီး ကိုယ်က အပြင်လူ ဖြစ်လာသလိုပဲ။ အချိန်အကြာကြီး အခွဲခံရလို့ ကိုယ်က မမေ့ပေမဲ့ သူတို့ကတော့ အသစ်အသစ်တွေနဲ့ ဖြစ်လာလို့ ကိုယ့်နေရာ မရှိတော့ဘူး။ အရင်ကလို စကားတောင် လာမပြောချင်ကျတော့ဘူး။ သူ့လွှဲချ ငါ့လွှဲချ ဖြစ်နေကြပြီ။ ကိုယ့်ကိုကိုယ် လိုအပ်ချက်တွေနောက် လိုက်လို့ ဖြစ်တာလား ဘာလားတောင် မစဉ်းစားချင်တော့ပါဘူး။ မတတ်နိုင်တော့ဘူးလေ ကိုယ်က ဒီဘဝကို ရွေးမိတာကိုး။ တခုလိုချင်လို့ တခုပေးရတယ်လို့ပဲ စိတ်ဖြေနေမိတယ်။
ကိုပေါက်(မန္တလေး)
August 8, 2011 at 10:33 pm
သူကြီးပြောတာကို ထောက်ခံတယ်ဗျာ။
ကျနော်တို့ဆီက လူတော်တော်များများက အလုပ်ကို ကြိုးကြိုးစားစား မလုပ်တာကို
ရောင့်ရဲတယ်လို့ အတွေးမှားနေကြတယ်လေ။
ရောင့်ရဲတယ်ဆိုတာက မိမိရလာတဲ့ ရလာဒ်ကို ကျေနပ်စွာလက်ခံတာကတော့ရောင့်ရဲတာ။
တတ်နိုင်သလောက် အစွမ်းရှိသလောက်လုပ်ကိုင်ဆောင်ရွက်တာက ကြုးိစားတာ။
ဟုတ်တယ်ဟုတ်
တညင်သား
August 8, 2011 at 11:13 pm
”ရောင့်ရဲတယ်ဆိုတာက မိမိရလာတဲ့ ရလာဒ်ကို ကျေနပ်စွာလက်ခံတာကတော့ရောင့်ရဲတာ။”
ရေးနေရင်မှားမှာဆိုးလို့ အပေါ်ကပဲကူးချလိုက်တယ်….ဒီကြားထဲ ရှိသေးတယ် သေရင်ကိုယ့်နောက်ပါမှာကျနေတာပဲ…ဘုန်းကြီးစားသွား လိမ့်မယ်တို့…. ကျွန်တော်တို့လူမျိုးတွေရဲ့ဆင်ခြေ .. နောက်တခုရှိသေးတယ် …တော်ပါပြီး လောဘ မကြီးတော့ပါဘူးတို့….. လောဘ ဆိုတဲ့ အဓိပ္ပာယ် ကိုကောင်းကောင်းမသိတော့ ဆင်းရဲတွင်းထဲ နစ်သထက်နစ်နေကြတယ်…. ကျွန်တော်လဲ မချမ်းသာပါဘူး ကြိုးစားနေပါတယ်….
ကြောင်ကြီး
August 9, 2011 at 9:26 am
အိုးပုတ်နဲ့ဂျိုးရုပ်
မိုးကုတ်မှာရှုိုးထုတ်..
ခိုးလုပ်တော့မိုးချုပ်
ပျိုးနှုတ်တဲ့ဖိုးရှုပ်..။
Shwe Ei
August 9, 2011 at 11:13 am
မြို့ပြရဲ့ မနက်ခင်းက ရင်မောစရာကောင်းသလို နယ်မြို့လေးရဲ့
မနက်ခင်းကလည်း ပျင်းစရာကောင်းနေပြန်ပါရောလား ဦးပေါက်ရယ်။