အပြန် ( ၂ )

ဟိုးအရင်က ရက်တွေကို ပြန်လွမ်းသလိုမျိုးပေါ့………

လမ်းမထက်မှာ လေနှင်ရာလွင့်ခဲ့တဲ့ရက်တွေကို ပြန်ကောက်ပြီး

တစ်ရွက်ပြီးတစ်ရွက်ထပ်ထပ်ချုပ်ထားချင်တယ်။

ဝတ်မှုန်၊ ပြီးတော့ မီးတောက်ရစ်သမ်……..

ငါ့သတ္တမဝိဉာည်၊ ကော်ဖီကြမ်းခါးခါး၊

မလောက်မငမက်ခဲ့ရတဲ့ ဘဝ၊

တစ်ယောက်တည်း၊ ပြီးတော့

နှစ်ယောက်တွဲ……..

သိပ်ပျော်ဖူးတဲ့ ရက်နဲ့လ၊

ဒီလိုနဲ့မှာပဲ အသားမကျခင် လွင့်ရာကျလို့

အခုတော့ ဘာမှမရှိတော့ဘူး……….။

ခဲဖျက်ဖြူဖြူလေးတောင်မလိုဘဲ ပျက်ပျယ်

ဘာတွေဖြစ်နေပြီလဲ…….

ငါမသိတာက…….. များ၊

ငါမသိတာက…….များ၊

ဒီလိုနဲ့ တံခါးအထပ်ထပ်ကြားမှာ

ငါ အရာရာနဲ့ ခြားလို့နေ…………..

ငါ……….

လက်တွေက မလိုက်တော့တဲ့အခါ

ငါ့စကားလုံးတွဲလေးတွေ စိတ်နဲ့ပဲသေဆုံး၊

ခံနိုင်ရည်ရဲ့ အဆုံးစွန်မှတ်ကို နီးကပ်လာတိုင်း….

ဖွင့်ဟဖူးတဲ့ နာမည်တစ်စက်ကိုလည်း

အကြောင်းကြောင်းအချက်ချက်နဲ့ဖျက်ပေးလိုက်ဖူးရဲ့…….

ဘယ်သူကို တိုင်တည်လို့ ငိုကြွေးပြရမယ်မှန်းမသိတဲ့အခါ

ငါ…………….

ငါ……………..

ငါ…………..

ဖေဖေ…….. ဘဝကသာ ဒီလိုချည်းဆို

သားပြန်တော့မယ်။

သားပြန်တော့မယ်။

သားပြန်တော့မယ်။

လူတွေက သိပ်ကို စွန်းပေလွန်းတယ်လေ။

ဘုန်းသန့်ခန့်