“ဘယ်လိုခွဲမလဲ………………..၊
“ဘယ်လိုခွဲမလဲ……………?”
ပြီးခဲ့တဲ့ ဥပုဒ်နေ့ကပြင်ဦးလွင်ကိုသွားတော့ ပြင်စာအလွန်လောက်ရောက်တော့ ဆွဲကြိုးလေးတစ်ကုံး လမ်းပေါ်မှာကျနေတာတွေ့ရပါတယ်။
ကျနော်တို့အဖွဲ့ထဲက ကလေးတစ်ယောက်ကဆိုင်ကယ်ရပ်ပြီး ဆင်းကောက်ပါတယ်။
အသွားအလာကလဲရှင်းတယ်လို့လဲသူ ကောက်ရဲတာပါ။
လူဆိုတာ ဒီအတိုင်းပါဘဲ ကိုယ်လုပ်တာ ကို သူများမသိရင် မမြင်လောက်ဘူးထင်ရင်
ဘာဖြစ်ဖြစ်လုပ်ရဲကြတာများပါတယ်။
ဆွဲကြိုးဆင်းကောက်တဲ့ကောင်လေး ကျနော့်ဆိုင်ကယ်ကိုမှီလာတော့
“လေးပေါက်ရေ တောင်ပြုန်း တောင်ပြုန်း”လို့
ရီကျဲကျဲနဲ့ ပြောတော့ ကျနော်သဘောပေါက်သွားပါတယ်။
ဒါနဲ့ဘဲဆက်ပြီး စီးလာလိုက်ကြတာ ပြည်တော်ချစ်ဘုရားကို အရင်ဝင်ဖူး၊
ပြီးတော့မှ သူအောက်မှာရှိနေတဲ့ ပွဲကောက်ရေတံခွန်ကိုဆင်းကြပါတယ်။
တနင်္ဂနွေနဲ့ဥပုဒ်နေ့တိုက်တာရယ် နယ်က ဘုရားဖူးတွေကတောင်ပြုံးပွဲကိုလာကြရင်း
ပြင်ဦးလွင်ကိုဆက်တက်လာကြတော့
နေရာအနှံ့ လည်ပတ်သူတွေနဲ့စည်ကားလို့နေပါတယ်။
(ကျနော့်တို့မန်းလေးသားမှန်ရင် ဘယ်သူမှ” ပြင်ဦးလွင်သွားမယ်”လို့မပြောပါဘူး၊
“မေမြို့တက်မယ်”လို့ဘဲပြောလေ့ရှိပါတယ်။
ဒါလေးက ကြုံလို့ ပွားလိုက်တာပါ။)
ပွဲကောက်ရေတံခွန်ကိုတော့ ငယ်ငယ်လေးကတည်းက BE FALL(ဘီးအီးဖော)လို့ နုတ်ကျိုးနေပြန်ပါတယ်။
ရေတံခွန်က ရေတွေတဝေါဝေါကျနေတာမြင်တော့လူကြီးလူငယ် မိန်းမယောက်ျားအတော်များများက ရေဆင်းကူးကြပါတယ်။
ရေဆင်းကူးပြီဆိုမှလည်ပင်းမှာဆွဲထားတဲ့”တောင်ပြုန်းပြန်”ရွှေဆွဲကြိုးလေးတွေကိုမြင်ရပါတော့တယ်။
တောင်ပြုံးပွဲကိုရောက်တယ်ဆိုရင် တော်တော်များများက ပွဲတော်မှာရောင်းတဲ့ရွှေဆွဲကြိုးအတုလေးတွေကို
အပျော်သဘောနဲ့ဝယ်ဆွဲကြပါတယ်။
လမ်းမှာကျနေတဲ့ဆွဲကြိုးကိုကောက်ခဲ့တဲ့ကောင်လေးက “တောင်ပြုန်း”လို့ပြောတာက
”တောင်ပြုန်းပြန်”ဆွဲကြိုးအတုကြီးလို့ဆိုလိုတာပါ။
ဒီဆွဲကြိုးအတုကိုမြင်တော့မှ ကိုအောင်မောင်းပြောပြဘူးတဲ့ ဆွဲကြိုးကောက်ရတဲ့အကြောင်းလေးကို ပြန်သတိရမိပါတယ်။
လွန်ခဲ့သောလေးနှစ်လောက်ကဖြစ်ပါတယ်။
ကိုအောင်မောင်းအလုပ်လုပ်တဲ့ဌာနက မန်းလေးဈေးချိုထဲက ဆိုင်တွေကို သူတို့မှာထားတဲ့ကုန်တွေကို သွားပို့ရတာဖြစ်ပါတယ်။
ကုန်ပစ္စည်းပို့တဲ့အဖွဲ့လေးတွေကို ဖွဲ့ထားပါသတဲ့။
ကုန်ပို့တဲ့ဒိုင်နာကား တစီးကိုမောင်းသူက တစ်ယောက် ကုန်ထမ်းတဲ့သူက ခြောက်ယောက်စုစုပေါင်း(7)ယောက်ပါရပါသတဲ့။
တစ်ရက် ဈေးချိုထဲက ငါးခြောက်တွေ ငရုတ်သီးတွေ ကြက်သွန်တွေရောင်းတဲ့ ကိုင်းတန်းဈေးနားကိုပစ္စည်းတွေသွားပို့ကြပါသတဲ့။
ကုန်တွေထမ်းပို့နေတုန်း ရုံထဲကမမှောင့်တမှောင်နေရာလေးမှာ ဆွဲကြိုးလို့ထင်ရတဲ့ ပြောင်ပြောင်လက်လက်လေးကို
သူတို့အဖွဲ့ခေါင်းဆောင်လုပ်သူက မြင်ပါသတဲ့။
ဒါပေမယ်လည့် လူအသွားအလာ သိပ်မပြတတ်တဲ့နေရာလဲဖြစ် လူကြီးလဲဖြစ်နေတယ် ဆိုတော့ပေါ်တင်ကြီးတော့မကောက်ရဲဘူးဖြစ်နေပါတယ်၊
သူတို့အချင်းချင်း ကြိတ်ကြိတ် ကြိတ် ကြိတ်နဲ့ဆွဲကြိုးကိုပြောနေကြလို့ တစ်ယောက်တစ်လဲ အဲဒီနားကိုဖြတ်သွားပေမယ့်
လက်တွေ့တော့ ဘယ်သူမှ မကောက်ရဲဘူးဖြစ်နေပါတယ်။
ကုန်တွေချတာလဲပြီးခါနီးနေပြီ ဆွဲကြိုးကလဲ မကောက်ရသေးဆိုတော့ စိတ်တော့အတော်လေးလှုပ်ယှားနေကြပါသတဲ့။
နောက်ဆုံးအခေါက်လဲချရော သူတို့ထဲက အသက်အငယ်ဆုံးကောင်လေးက
သူရအောင်ကောက်မယ်ဆိုပြီး တာဝန်ယူလိုက်ပါသတဲ့။
အဲဒီနားရောက်တော့ သူ့ကွမ်းထုပ်ကို အသာလေးပစ်ချလိုက်ပြီး ကွမ်းထုတ်ကောက်တဲ့အခါ ဆွဲကြိုးကိုပါ
ရောပြီး ကောက် လာလိုက်ပါသတဲ့။
ကားပေါ်ပြန်ရောက်မှ ကောက်ရတဲ့ဆွဲကြိုးကို ဟိုပွတ်ဒီပွတ်လုပ်ပြီး ကြည့်ကြပါတယ်။
လေးတော့အတော်လေး လေးပါတယ် ဘတ်ကြိုးပုံအတုံးအတုံးလေးတွေနဲ့လုပ်ထားတော့ခန့်မှန်းခြေ 2ကျပ်ခွဲသားလောက်
တော့ရှိမယ်ထင်ပါသတဲ့။
ဆွဲကြိုးကဖုံတွေသဲတွေကွမ်းသွေးတွေ နဲ့ပေပွနေပါသတဲ့။
ဒီဆွဲကြိုးကြီးကို တစ်ယောက်တစ်လက်ဝိုင်းကြည့်ရင်းကနေ အားလုံးကအတုကြီးလို့ဘဲထင်ပါသတဲ့။
သူတို့လဲကုန်တွေလှည့်ပါတ်ပို့နေတော့ ကောက်ရတဲ့ဆွဲကြိုးကြီးကိုမေ့သွားကြပါသတဲ့။
ညနေအလုပ်သိမ်းလု့ိ ရေချိုးမယ်ဆိုမှ ဘောင်းဘီအိတ်ထဲမှာ ခုလုခုလုဖြစ်နေတဲ့ဆွဲကြိုးကြီးကို စမ်းမိမှ
ဒါကြီးကို ပြန်သတိ ရကြပါသတဲ့။
အဲဒါနဲ့ အလုပ်ထဲကလူတွေကို ကောက်ရတဲ့ဆွဲကြိုးကြီးထုတ်ပြတော့ လေးတော့လေးတယ် ရွှေအစစ်မဟုတ်လောက်ဘူးလို့ထင်မြင်ချက်တွေပေးကြပါသတဲ့။
နောက်အနီးအနားက လူတွေ ကို ပြကြည်တော့ ကိုင်ကြည့်ပြီးအင်ကြီးလို့ပြောကြပါသတဲ့။
“တကယ်အစစ်သာပျောက်ရင် အခုလောက်ဆို ပိုင်ရှင်လိုက်လာလောက်ပြီပေါ့၊
အတုကြီုးမို့လိုက်မလာတာပေါ့”လို့မှတ်ချက်တွေပေးပါသတဲ့။
အဲဒါနဲ့ဘဲ အဲဒီအလုပ်သမားတွေက ဆွဲကြိုး 3000ရရင်ရောင်းမယ်လို့ ဈေးခေါ်ပေမယ့်။
ဘယ်သူမှဝယ်ဘို့စိတ်မဝင်စားကြပါဘူး။
အဲဒါနဲ့ သူတို့ပွဲရုံနားလေး ကကွမ်းယာသည်ကို ကွမ်း2000ဘိုးနဲ့လဲရအောင်ပြောတော့ “ရူးနေလား”လု့ိမေးလွှတ်လိုက်ပါတယ်၊
အလုပ်သိမ်းတော့ အဲဒီဆွဲကြိုးကြီးကို သူတို့အလုပ်သမားတွေအတွက်ပေးထားတဲ့ ဘီရိုအံဆွဲထဲကို ပစ်ထည့်ထားလိုက်ပါသတဲ့။
တန်ဘိုးမရှိဘူးဆိုတော့လဲအားလုံးက ဒီဆွဲကြိုးကြီးကိုမေ့သွားကြပါတယ်။
သူတို့ကောက်ရတဲ့အချိန်လေးက မန်းလေးမြို့မှာ ကထိန်ပွဲတွေကျင်းပတဲ့
တန်ဆောင်မုန်းလဆိုတော့ တမြို့လုံးလှူပ်လှူပ်ရွရွ။
တန်ဆောင်တိုင်ရက်မတိုင်ခင်တစ်ပါတ်မှာတော့ ကိုအောင်မောင်းတို့ အလုပ်က
စစ်ကိုင်းတောင်ရိုးက ဘုန်းကြီးကျောင်းတစ်ခုမှာ ကထိန်သင်္ကန်းခင်းဘို့သွားကြပါသတဲ့။
အဲဒီအချိန်ကျမှ ဆွဲကြိုးကို ကောက်ခဲ့တဲ့ကောင်လေးက ခုခေတ်စတိုင်အတိုင်းသူ့ဘောင်းဘီမှာ
ဆွဲကြိုးကိုချိတ်မယ်ဆိုပြီး အံဆွဲထဲကနေယူသွားပါသတဲ့။
သူဆွဲကြိုးယူသွားတာကို ဘယ်သူမှအရေးမလုပ်သလို ဆွဲကြိုးကိုဘောင်းဘီမှာချိတ်ထားတာမြင်ပေမယ့်လဲ
ဘယ်သူကမှ ဘာမှမပြောကြပါဘူးတဲ့။
နောက်အလုပ်ပြန်ဖွင့်တဲ့နေမှာ ဆွဲကြိုးယူသွားတဲ့ကောင်လေးက တစ်ဖွဲ့လုံးကို လက်ဖက်ရည်တိုက်သလို ကွမ်းတွေ
ဝယ်ကျွေးပါသတဲ့။
နောက်တစ်လလောက်နေတဲ့အခါမှာ တော့ သူတို့ကောက်ရခဲ့တဲ့ဆွဲကြိုးက ရွှေဆွဲကြိုးအစစ်ကြီး ဆိုတဲ့သတင်းက
ကိုအောင်မောင်းတို့အလုပ်ထဲ လူစိတ်ဝင်စားစရာ အကောင်းဆုံး “တော့ပ် 10”သတင်းလေးဖြစ်လာပါတယ်။
“ဆွဲကြိုးယူသွားတဲ့ကောင်လေးအမေက ဆွဲကြိုးကိုရွှေဆိုင်သွားပြတော့ အစစ်ဖြစ်နေတယ်။
ပြန်ရောင်းတာ ဆယ်သိန်းကျော်ကျော်လောက်ရတယ်။
ကောင်လေးအိမ်မှာ ဝါတာကူးလာဆိုတဲ့သောက်ရေအေးစက်ဝယ်ထားတယ်။
ကောင်မလေးညီမလေးအတွက် တစ်ပါတ်ရစ် စက်ဘီးဝယ်ထားတယ်။
သူ့အမေလည်ပင်းမှာလဲ ငါးမူးသား ဆွဲကြိုးနဲ့။
ကောင်လေးကို လည်း Gstar ဘောင်းဘီတွေအကျီတွေဝယ်ပေးထားတယ်။
အလုပ်မဆင်းတဲ့နေ့ဆို ကောင်လေးကလဲ ကော့ပျံနေအောင် ဝတ်စားပြီး ထားတယ်။
သူ့အမေက နတ်ကန္နား ပေးအုံးမှာ”ဆိုတဲ့အတည်မပြုရသေးတဲ့နောက်ဆုံးပေါ်သတင်းလေးပေါ့။
အဲဒီသီတင်းလေးလည်း ကြားရော ဒီရွှေကောက်ရတဲ့အကြောင်းနဲ့ပါတ်သက်လို့
ထင်မြင်ချက်တွေ ယူဆချက်တွေ အများကြီးထွက်လို့ အလုပ်ထဲမှာအားအား မအားအား ဒီအကြောင်းဘဲအလုပ်တစ်ခုလို
ပြောနကြပါသတဲ့။
ဒီတော့လဲ ကိစ္စတစ်ခုဖြစ်ပြီဆိုတာနဲ့ ကိုယ့်ထမင်းကိုစားပြီး အများအကျိုးကိုဆောင်တတ်သူတွေ
အကြံပေးပညာရှင်တွေ လဲအလိုလိုပေါ်လာပါတယ်။
“ကောက်ရတဲ့သူ အားလုံး ကို အတူတူခွဲပေးသင့်တယ်”
“စမြင်တဲ့သူကို ပိုပေးသင့်တယ်”
“ဘယ်ဟုတ်မလဲ တကယ်ကောက်တဲ့သူက ပိုရသင့်တယ်”
ဒါပေမယ့်လက်တွေ့မှာတော့ ဘယ်သူမှ ပိုက်ဆံမရပါဘူး။
ကောင်လေးကိုမေးတော့ ရွှေဆွဲကြိုးအစစ်ဆိုတာလဲမှန်တယ်၊
ရောင်းစားလိုက်တာလဲမှန်တယ် ဆယ်သိန်းနီးပါးရတယ်ဆိုတာလဲမှန်တယ်
ဆိုတာကို သိလာရပါတယ်။
ဒါပေမယ့် သူတို့ကို ခွဲပေးဘို့ပြောတော့ ကောင်လေးက ခေါင်းရမ်းပါသတဲ့။
အဲတော့ ဆွဲကြိုးကောက်ရတုံးက အတူပါတဲ့သူတွေကတစ်ဖက်ကောင်လေးကတစ်ဖက်စကားတွေများလို့
ထိုးမယ်ကြိတ်မယ်အဆင့်ထိရောက်ကုန်ပါသတဲ့။
အဲဒီတော့လဲ လုပ်ငန်းကိစ္စမဟုတ်ပေမယ့် အလုပ်ထဲကလူအချင်းချင်းဖြစ်တယ်ဆိုတော့ ဒီကိစ္စကို
ဖြေရှင်းဘို့ထုံးစံအတိုင်းကိုအောင်မောင်းကိုတာဝန်ပေးပါသတဲ့။
အဲတော့လဲ ကိုအောင်မောင်းက စုံစမ်းစပ်စု လုပ်ရပါသတဲ့။
တစ်ရက်တော့ အားလုံးကိုခေါ်လို့ မျက်နှာစုံညီ ရှင်းလင်းပွဲလုပ်ပါသတဲ့။
“မှန်တယ် အတူကောက်ရတဲ့သူချင်း မျှမျှတတခွဲယူရမယ်”လို့
ကိုအောင်မောင်းကအားလုံးကို ပြောလိုက်ပါသတဲ့။
ဒါပေမယ့်ကောင်လေးရဲ့အဖေနဲ့တွေ့လို့ စကားပြောပြီးတဲ့အချိန်မှာကိုအောင်မောင်း
ရဲ့ မျှမျှတတ ခွဲယူမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကို ပြန်ပြင်ရမလိုဖြစ်သွားပါတယ်။
“ဆရာ ဒီဆွဲကြိုးကို ကျနော့်သား စမမြင်တာမှန်ပေမယ့် ၊
ကျနော်သားကသာ အရဲစွန့်ကောက်လာတာလေ”လို့ပြောပါသတဲ့။
အဲတော့ လဲ သူပြောတာ ဟုတ်သလိုလို။
“ဒါပေမယ့် အတူပါသူတွေကိုတော့ ခွဲပေးသင့်တဲ့အကြောင်း
ကျောက်အရောင်းအဝယ်ဖြစ်တဲ့အခါမျိုးမှာလာဘ်ယူတဲ့အနေနဲ့ အနားမှာရှိသူတွေကို
မင်္ဂလာကြေးပေးကြောင်း”ကိုအောင်မောင်းက ပြောတော့
“ကျောက်အရောင်းအဝယ်ဆိုတာ အမြဲဖြစ်နေတာလေ
ဆွဲကြိုးက အမြဲကောက်ရတာမှ မဟုတ်တာ”လို့ပြန်ပြောတော့ ကိုအောင်မောင်းမှာချေပစရာ
စကား ကုန်သွားပါသတဲ့။
အဲဒီအချိန်မှာ စာတတ်ပေတတ် ဆရာကြီးများကဒါမျုးိက ဥပဒေကြောင်းအရပြောရင် ရတယ်လို့အကြံပေးပြန်တော့
စာပေနဲ့မပြတ်တဲ့ကောင်လေးအဖေက ကောက်ရတဲ့ပစ္စည်းဘယ်လိုခွဲဝေရမယ်ဆိုတဲ့ဥပဒေရှိရင် ယူလာခဲ့ပါလို့ပြန်ဖြေသတဲ့။
နောက် ဟိုလူတွေက ဘယ်နဲ့ညာနဲ့ထပ်ပြောတော့ ကောင်လေးအဖေက
“ခင်ဗျားတို့ သုံးထောင်ရရင်ရောင်းမယ်ပြောတယ် ဘယ်သူမှမဝယ်ဘူး၊
ကွမ်း2000ဘိုးနဲ့လဲတယ်ဘယ်ကွမ်းယာဆိုင်မှမလဲဘူး။
ဟိုနေ့က ကျုပ်သားက ခင်ဗျားတို့တစ်ဖွဲ့လုံး ကို လက်ဖက်ရည်တိုက် ကွမ်းကျွေးလုပ်တာ
လေးထောင်ကျော်တယ်၊
ကျုပ်က ဝယ်လိုက်တဲ့သဘောဘဲ။
ဒီတော့ ဘယ်သူ့မှထပ်ပေးစရာအကြောင်းမရှိဘူး”လို့ လေသံခပ်မာမာနဲ့ပြောပါသတဲ့။
အဲဒီမှာတင် ဒီကိစ္စက မပြီးပြတ်တဲ့အကြောင်းတရားဖြစ်သွားပါတယ်။
ရုံးပြင်ကန္နားတက်ပြောရအောင်ကလဲ ကိုယ်ပိုင်ပစ္စည်းမဟုတ်။
ကောက်ရထားတဲ့သူများပစ္စည်း။
ဇွတ်ပြန်တောင်းရအောင်ကလဲ မြင်သာမြင်ကြတယ် တကယ်ကောက်ထားတာကကောင်လေး။
နောက်ဒီပစ္စည်းကိုသေချာမကြည့်ဘဲအတုလို့ပြောလိုက်တဲ့အချိန်မှာ ဘယ်သူမှဒီပစ္စည်းကို လှည့်တောင်မကြည့်၊
ကောင်လေးယူသွားပြီပြောတော့လဲကန့်ကွက်တဲ့သူမရှိ။
နောက်ကောင်လေးက လက်ဖက်ရည်တိုက် ကွမ်းတွေကျွေးတော့လဲ အားပါးတရသာ စားလိုက်ကြတာ
ဘာအတွက်ကျွေးလဲလို့မေးသူမရှိ။
အဲတော့ကိုယ့်ထိုက်နဲ့ကိုယ့်ကံဘဲလို့ သဘောထားလို့ စိတ်လျှော့လိုက်ကြပါတယ်။
မနေနိုင်တော့တဲ့အဆုံးကိုအောင်မောင်းကလဲ မာလို့မရဘူးဆိုတာသိတော့
ကောင်လေးအဖေကို ချော့မော့ပြောရပါတယ်တော့တယ်။
“နေ့စဉ်နဲ့အမျှတွေ့နေကြတဲ့ ဘဝတူတွေဖြစ်လို့ မျက်နှာလွဲခဲပစ်မလုပ်စေလိုကြောင်း၊
ဘယ်သူမှ မကောက်ရဲလို့ ကောင်လေးကောက်လိုက်လို့ဆွဲကြိုးကိုရလိုက်တယ်ဆိုတာလဲမှန်၊
အတုထင်လို့ဝယ်တဲ့သူမရှိတာလဲမှန်၊
ကောင်လေးယူသွားတော့ တားသူမရှိတာလဲမှန်၊
လက်ဖက်ရည်တိုက်ကွမ်းကျွေးတာလဲမှန်၊
ဒါပေမယ့်အဲဒီအချိန်တုံးက ကောင်လေးပါးစပ် ဆွဲကြိုးဝယ်တဲ့အတွက်လို့လဲထည့်ပြောမထားဘူး၊
အဲတော့ ဝယ်လိုက်တယ်ဆိုတာကလဲအပြည့်အစုံမမှန်ဘူး။
ဒီတော့လဲ အညီအမျှခွဲမပေးတောင်မှ အတူပါသူတွေကို မုန့်ဘိုးခွဲပေးသင့်တယ်လို့
နားဝင်အောင်ပြောတော့မှာ ကောင်လေးအဖေက ခေါင်းငြိမ့်ပါတယ်။
ပေးတော့ပေးချင်တယ်လက်ထဲမှာ တသိန်းဘဲရှိတယ်လို့ပြောပါတယ်။
ကိုအောင်မောင်းကဆက်ပြီးတစ်ယောက်သုံးသောင်းလောက်တော့ပေးလိုက်ပါ၊
ခင်ဗျားလဲဆယ်ဂဏန်းတောင်ရထားတာဘဲလို့ထပ်ပြောတော့မှခေါင်းငြိမ့်ပါတော့တယ်။
နောက်နေ့မှာ ကိုအောင်မောင်းလက်ထဲကို နှစ်သိန်းလာထည့်ပေးပြီး သူနဲ့ပါတဲ့သူတွေကို
သုံးသောင်းစီ ပိုတဲ့နှစ်သောင်းက အလုပ်ထဲကလူတွေကို မုန့်ဝယ်ကျွေးလိုက်ပါဆိုပြီးပြောသွားပါတယ်။
ဒါနဲ့ဘဲ ကျေနပ်တာမကျေနပ်တာအပထား ရွှေဆွဲကြိုး အရှုပ်တော်ပုံက ပြီးသွားပါတယ်။
“လေးပေါက် ထမင်းစားကြစို့”လို့ကောင်လေးကခေါ်လိုက်တော့မှ
ကျနော်စိတ်တွေ ပစ္စုပ္ပါန်ကိုပြန်ရောက်လာပါတော့တယ်။
ကျနော်တို့ကောက်ရတဲ့ ဆွဲကြိုးက အတုကြီးဖြစ်နေလို့ပေါ့။
တကယ်လို့များ အစစ်များဖြစ်နေမယ်ဆိုရင်
ဘယ်လိုခွဲကြမလဲဆိုတာသိချင်စမ်းပါဘိတယ်။
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
(10-8-2011)
13 comments
MaMa
August 11, 2011 at 7:41 am
ကိုပေါက်ရေ- လူကို ခင်ပေမယ့် သတ်ပုံတော့ ပြင်ရမှာပဲ။ 🙂
ဥပုဒ် အစား ဥပုသ် လို့ ပြင်လိုက်ဦးနော်။
MaMa
August 11, 2011 at 8:00 am
တပုဒ်လုံး မဖတ်ရသေးပဲ အရင် မန့်လိုက်ပြီးမှ စာဆက်ဖတ်တာ။ ဘယ်လို ခွဲရမှန်း မသိအောင်ပါပဲ။
ကိုယ်ချင်းစာစိတ်နဲ့ဆိုရင်တော့ မျှမျှတတ ယူသင့်တာပေါ့။ အကယ်၍များ သူများရသွားပြီး သူ့ကို မပေးရင် ဘယ်လိုနေမလဲလို့ စဉ်းစားကြည့်သင့်တယ်။ အတုကြီးထင်လို့ မမက်ကြပေမယ့် အစစ်ဖြစ်မှန်းလည်း မသိလိုက်ကြရဘူးလေ။ ကိုယ်က ၂၀၀၀-၃၀၀ဝ စသဖြင့် ရောင်းလိုက်ပြီးမှ အစစ်ဖြစ်ပြီး ၁ဝသိန်းရသွားလဲ ပြန်တောင်းလို့ မရနိုင်ပေမယ့် ခုကိစ္စကတော့ အဲဒီ ကောင်လေးက ဝယ်သွားတာမဟုတ်တော့ အများနဲ့ဆိုင်တုန်းပဲလို့ ထင်တယ်။ အများခွဲဝေယူသင့်တယ်လို့ ထင်တယ်။
ကိုပေါက်(မန္တလေး)
August 11, 2011 at 8:11 am
မမရေ
လူခင်ပေမယ့်လဲမှားနေရင်ထောက်ပြတာမှန်ပါတယ်။
ပြင်ပေးပါမယ်။
ဒါပေမယ့် အခုဒီပိုစ်မှတော့ မပြင်တော့ဘူး။
နောက်ပို့စ်တွေဆို သတိထားရေးပါမယ်နော်။
pan pan
August 11, 2011 at 9:29 am
အတုထင်တုန်းကတော့ မမက်ကြဘူး
အစစ်မှန်းသိမှ ရန်တွေဖြစ်ကုန်ရော
လူတွေလောဘကြီးကြတာ တော်တော်ပေါ်လွင်တယ်နော်
ကောက်ရတဲ့ကောင်လေးအဖေက နှစ်သိန်းလာပေးသွားတယ်ဆိုတော့ မဆိုးဘူးပြောရမှာပေါ့
Shwe Tike Soe
August 11, 2011 at 9:48 am
လေးပေါက်ပြောမှ မန်းလေးကို သတိရတယ်ဗျာ… မေမြို.လဲ တက်ချင်တယ်…
အရင်တုန်းက အချိန်တွေကို သတိရလိုက်တာ…
ကျောင်းတက်တုန်းက သူငယ်ချင်းတွေ ဆိုင်ကယ်နဲ. မေမြို.တက် လက်ဖက်ရည်သွားသောက်ကြတာ သတိရမိတယ်…
ဆွဲကြိုးအကြောင်းလေးလဲ ဖတ်လို.ကောင်းတယ်.. အဲဒီ ထဲက ကိုအောင်မောင်းက မဟော်သဓာ ပေါ့နော်..
ဘယ်လိုပဲဖြစ်ဖြစ် ကိုထိုက်လို.ကိုရတာပဲလို.ထင်ပါတယ်….
Shwe Ei
August 11, 2011 at 9:57 am
အတုဘဲဖြစ်ဖြစ် အစစ်ဘဲ ဖြစ်ဖြစ် ကောက်ရလို့ ပိုင်ရှင်မတွေ့ဘူးဆိုမှတော့
၂ ယောက်အတူတွေ့ရင် ၂ပိုင်းခွဲ၊ ၃ယောက်အတူတွေ့ရင် ၃ပိုင်းခွဲ ပြီးမှ ကိုယ့်အပိုင်းကိုယ် ကြိုက်သလိုစီမံကြပေါ့ ဦးလေးရယ်။
ကြောင်ကြီး
August 11, 2011 at 11:35 am
ကောင်လေးက ကာယကံမြောက် ယူခဲ့တာဆိုတော့ ကောင်လေးပိုရသင့်တာ သေချာပါတယ်။ သူတယောက်ထဲ မောင်ပိုင်စီးတာတော့ လူမှုရေးအရ မသင့်တော်ဘူးပေါ့နော်။ အဖွဲ့ထဲက အရင်ဆုံးတွေ့သူကို ဝေမျှတဲ့အခါ ပိုပေးသင့်တယ်။ လက်တွေ့ဘဝမှာလည်း အကြံဘယ်လောက်ကောင်းကောင်း လက်တွေ့လုပ်တဲ့သူ စားစတမ်း၊ ခံစတမ်းပဲလေ…။ သဂျီးသမီးအကြောင်း ဘယ်လောက်ပြောပြော တကယ်ဖန်တဲ့သူပဲ ရမှာလေ..။ 😛 ဆယ်သိန်းထဲက နှစ်သိန်းခွဲပေးတယ်ဆိုတော့ မဆိုးပါဘူး…။
etone
August 11, 2011 at 2:50 pm
ဒါမျိုးလည်း ဖြစ်တတ်ပါတယ် .. ဒီကောင်လေးရဲ့ ကံပါလာတာဖြစ်မယ် … ။ လူတွေကလည်း .. ဉာဏ်နည်းတယ်လို့ ခေါ်မလားပဲ … ရွှေနဲ့ … အင်နဲ့က အသိသာကြီး … ကိုင်ကြည့်တာတောင် မသိဘူး ရှားတယ်နော် … ။ 😛
pooch
August 11, 2011 at 4:22 pm
အင်း… ထိုက်သူစံသွားတာပါ… ပစ္စည်းဥစ္စာဆိုတာ မျိုးကလည်း ထိုက်မှ ရတတ်တာပါ…
aungnng87
August 12, 2011 at 11:39 am
သိသာတာကတော့လူတွေအချောင်လောဘတော်တော်ရှိကြတယ်.။အတုကြတော့၂ထောင်၃ထောင်တောင်မပေးချင်ကြဘူး။ အစစ်ကြတော့ဝေစုခွဲချင်ကြတယ်။အတုမှန်းအစစ်မှန်းသိအောင်ဆိုင်တောင်သွားပြချင်တဲ့
စိတ်တောင်မရှိဘဲနဲ့။ သင်ခန်းစာတော်တော်ရပါတယ်။ ကိုယ်အလှည့်ကျရင်ဘယ်လိုနေမယ်မသိဘူးမပြောနိုင်သေးဘူး။ကိုယ်လဲလောဘတက်နေမှာလားဆိုတာ။
hmee
August 12, 2011 at 2:16 pm
မနေ့ကတည်းက ကွန်မန့်ပေးတာ တက်ကိုမလာဘူး။ ရွာထဲဝင်ရတာများ ရလိုက်မရလိုက်နဲ့။ လေးပေါက်ရေ အစကတည်းက အစစ်မှန်းသိရင် ဘာဖြစ်မလဲ သိချင်သားနော့။ လူဆိုတာကလည်း ခက်တော့ခက်သား အလကားသာ ရမယ်ဆို လိုချင်တာကြည့်ပဲ။ ကောင်းလေးရသင့်လို့ ရတယ်ထင်ပါတယ်။ ပထမတခါ အားလုံး ရသင့်တယ် ဒါကို အတုထင်လို့ ဘယ်သူမှ စိတ်မဝင်စားပဲ ပြန်ပြစ်လိုက်သလို ဖြစ်သွားတာမို့ ဒုတိယ အကြိမ်မှာမှ အစစ်မှန်းသိတော့ ဒါဟာ ကောင်လေး ရကို ရသင့်တယ်။ ဘာလို့လဲဆို သူရသင့်လို့ သူ့ကို နှစ်ကြိမ်တောင် အခွင့်အရေးပေးတာလေ။
Mee2
August 12, 2011 at 2:19 pm
အတုမှန်းအစစ်မှန်းသေချာအောင်အစကောက်ရတုန်းကဘဲ လုပ်ရမှာ။မလိုလို ့မေ့တောင်နေပီ ပစ်ထားလို ့သူများ ယူရောင်းမှ ငါ့ဟာသူ ့ဟာအရှင် ခံပြီး သူရသင့်တယ် ငါရသင့်တယ် ဆိုတာတော့မကြိုက်ပေါင်
nature
August 12, 2011 at 4:37 pm
တကယ်သာကောင်လေးတ တရားဝင်ယူချင်ရင် အစစ်ဆိုတာသိတာနဲ့ သူ၂၀၀ဝပေးမယ်ဆိုပြီး တရားဝင် offer လုပ်ရင်ကျန်တဲ့သူတွေမပြောသာဘူး။ ဒါပေမဲ့ ဒါဟာလည်း လိမ်လည်မှုမြောက်တာပဲ။ အခုကတော့ အားလုံးသဘောတူ ၂၀၀ဝ ကျပ် ရောင်းလို့မရဘူး။ ကောင်လေးကလည်း မရောင်းခင်စကားမဖြတ်ဘူးဆိုတော့ ၂ဘက်စလုံးမှာ ပြောစရာ စကားတွေရှိနေပါတယ်။ အတုဆိုပြီးစိတ်ထဲမှာစွဲနေပြီး ကျွမ်းကျင်တဲ့ ပညာရှင် (ရွှေဆိုင်) များနဲ့ ပြဖို့သင့်တယ်ဆိုတဲ့ အသိဉာဏ် အားနည်းတာလည်း ပါပါတယ်။ ကုန်ထမ်းသမားတွေအနေနဲ့ ၁ဝ သိန်းဆိုတဲ့ ပမာဏဟာ ရိုးသားနိုင်ဘို့ ခက်မယ်ထင်ပါတယ်။ ကျနော်အမြင်ကတော့ နောက်ဆုံးမှာ အားလုံးသဘောတူညီချက်မယူတဲ့သူ မှားတယ်လို့မြင်ပါတယ်။ အညီအမျှခွဲပေးသင့်တယ်ထင်ပါတယ်။
ီ