Haa Haa Haa ” အရူးငရွှေ “
What a brave & touching article of Dr. Soe Min
—http://www.facebook.com/notes/soe-min/—
“ရေရှည် တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု”
တခါတုန်းက အရူးငရွှေဟာ ဈေးတန်းလျှောက်ရင်း သူ့ရှေ့က ကာဆီးကာဆီး လျှောက်သွားတဲ့ တင်ပဆုံ ကြီးကြီးနဲ့ မိန်းမကြီးကိုလည်း မြင်ရော နံဘေးဆိုင်က စစ်စီးပုံ (သစ်စေးပုံး) ထဲလက်နှိုက်ထဲ့လိုက်ပြီးမှ အဒေါ်ကြီး တင်ပါးကို ဖြန်းကနဲ ရိုက်ထည့်လိုက်ပြီး ပြောလိုက်တာက “ ဒီတစ်ပါတ်တော့ ငါစစ်စီး သုတ်ပေး လိုက်ပြီး။ နောက်ဈေးနေ့ကျမှ နင်ဘာနင် ရွှေချချေတော့“ တဲ့။ ကျွန်တောတို့ တိုင်းပြည် မှာလည်း အရူးငရွှေ စစ်စီးသုတ်ပေးလိုက်သလို ကိုယ်ဘာသာ ရွှေချယူရတဲ့ ခေတ်မီ ဖွံ့ဖြိုးတိုးတက်မှုကြီး တွေကို အံ့မခန်းမြင်လာရတာကြောင့် ထုံးစံအတိုင်း အမုန်းခံလို့ ဝုန်းသံပေးလိုက်ရပါတယ်။
ငြင်းလို့မရအောင် ကိန်းဂဏန်းအချက်အလက်နဲ့ အသေအချာ မှတ်တမ်းပြုစုထားသလို့ဆို ရွှေပြည်ကြီးမှာ တက္ကသိုလ်ကောလိပ်ပေါင်း ဘယ်နှစ်ခု၊ ဆေးရုံ၊ ဆေးပေးခန်း ဘယ်၍ဘယ်မျှ၊ ရေအား လျှပ်စစ်စီမံကိန်းကြီးတွေဆို သတင်းစာကိုင်လိုက်ရင် ဓာတ်လိုက်ယူရတော့မလောက် တည်ဆောက်ပြီးစီး ခဲ့ပါပြီ။ ကျွန်တော်ကိုယ်တိုင်တောင် အဲသလို အသစ်တိုးချဲ့ တည်ဆောက်ပြီးစ အဆင့်မြင့်ဆေးရုံသစ်ကြီး တွေမှာ တာဝန်ထမ်းဆောင်လာခဲ့တာ နှစ်ခုရှိပါပေါ့။ ဘုန်းကံက အဲသလို။ အသစ်နဲ့ကို အကျိုးပေးတာ။ ဘူတန်ရောက်တာတောင် ဆေးရုံက အသစ်၊ ကိုယ်က ပထမဦးဆုံးရောက်တဲ့ ဆာဂျင်။ ဒီအခါ ဆိုင်ကယ် အသစ်၊ ကားအသစ်ဝယ်စီးသလို ပစ္စည်းတွေလိုက်စစ်၊ ဖြုတ်တပ်စမ်းမောင်း၊ လိုတာတောင်း လုပ်ရတာပေါ့။ အရူးငရွှေရဲ့ စစ်စီးရာကြီးတွေက ရွှေချလိုရတဲ့ နေရာရှိသလို တချို့ နေရာတွေကျတော့ လည်း ဘယ်လိုမှ ရွှေချလိုမရ၊ မသင့်တော့တာတွေလည်း တွေ့လာရပြန်ပါတယ်။
အဓိကကတော့ ဟိုးအရင်တခါပြောဖူးသလို တီဗွီရိုက်လို့ သတင်းထဲပါရုံကလေး လုပ်လုပ်ထားခဲ့တာတွေကို တကယ်လက်တွေ့အသုံးကျအောင်လုပ်ရတာပါ။ “ဘာလိုချင်တယ်၊ ဘာမရှိဘူး” ဆိုတဲ့ စကား လုံးဝ မပြောပါနဲ့လို ကြိုကြိုတင်တင် အတန်တန်ပိတ်ပင်ထားတဲ့အခါမှာ “အေလေ၊ နောက်ဈေးနေ့ကျမှပဲ ရွှေချ ကြတာပေါ့” လို တေးတေးထားရပါတော့တယ်။ ခွဲစိတ်ခန်းအသစ်ကြီးမှ ဟီးလို့ အဲကွန်းတွေချည်းပဲ တခန်း နှစ်လုံးတပ်ထားတာ အအေးမိမှာတောင်စိုးရတယ်။ တကယ့်တကယ်ကျမှ မီးက တနေ့လုံးကို သုံးနာရီပြည့်အောင်မလာတာအပြင်၊ မီးလာချိန်မှာလည်း အားမပြည့်တာကြောင့် အဲကွန်းဖိုးတွေ နှမျော တာထက် အလုံပိတ်အခန်းထဲမှာ အားလုံးအသက်ရှူကျပ်ပြီး အိုက်ဖြုတ်ကြီးဖြစ်နေရော။ ရန်ကုန်က လာခဲ့တဲ့ ဧည့်သည်အဖွဲ့တွေက အလုံပိတ်မှန်ချပ်တွေ ဖြုတ်ပစ်မှပဲ နေသာတော့တာ။ တို့ကိုက ဟောင်းလောင်းနဲ့ပဲ တန်ပါသလေ။ အခန်းသုံးခန်းမှာ တစ်ခန်းပဲလင်းတဲ့ မီးမောင်းကြီးကလည်း မှုန်မှုန်ရီဝေပေမယ့် မီးချောင်းတောင်မလင်းတဲ့ မွေးခန်းထက်စာရင် အများကြီးတော်သေးတာလေ။ အရည်အသွေးတွေတော့ တက်လာတာပေါ့။ မနက်အာရုံမတက်ခင် ကိုးပေါင်ခွဲကလေး ညှပ်ဆွဲမွေးရင်း ဟက်တက်ပြဲသွားတဲ့ အတွင်းဒဏ်ရာတွေကို ဓာတ်မီးလေးထိုးပြီး ချုပ်တတ်သွားလို့ အင်္ဂလန်က ဆရာဝန် တွေကိုတောင် စိန်ခေါ်ချင်စိတ်ပေါက်လာတယ်။
အရင်ဆေးရုံတုန်းကလည်း နိုင်ငံခြားက လှူထားတဲ့ အသစ်စက်စက် ဓါတ်မှန် စက်ကြီးဟာ ကိုယ် သာပြောင်းလာခဲ့ရတယ်။ တစ်ချပ်မှ ရိုက်လိုမရခဲ့ဘူး။ ဆေးရုံကို လာတဲ့ မီးအားနဲ့ အလုပ်မလုပ်ပါဘူးတဲ့။ သူ့အတွက် ထရန်စဖော်မာတစ်လုံး ထိုင်ရပါမယ်တဲ့။ ကုမ္ပဏီကို ပြန်တင်ပြပြီး ကြိုးစားဖြေရှင်းကြည့်ပါတယ်။ အလှူရှင်တွေကလည်း သဒ္ဒါတရားမကုန်ခမ်းသေးပါဘူး။ မီးစက်ကြီး အကြီးကြီးတစ်လုံး ထပ်လှူ ပေးပါတယ်။ ဒါပေမယ့် အဲဒီ မီးစက်ကြီးလည်ဖို့ ဓါတ်ဆီ နှမြောတာနဲ့ မရိုက်ဖြစ်ပြန်ဘူး။
ပေးကားပေး၏ မရ ဆိုတာ အဲဒါပေါ့။
ရခိုင်ပြည်နယ်ကြီး တစ်ခုလုံးမှာ ရှိတဲ့ ဆရာမကလေးတွေဟာလည်း အားလုံး ဖလော့ရင့် နိုက်တင်ဂေးလေးတွေချည်းပဲ။ မီးအိမ်ရှင်လေးတွေပေါ့။ စစ်တွေမှာကော် တစ်ညလေးနာရီပဲ မီးရတာကိုး။ တိုင်းပြည်ဆင်းရဲလိုတော့ မဟုတ်ရပေါင်ဗျာ။ ကျုပ်တို့ ကြီးကြီးမားမား အိမ်ဆောင်နေမယ် ဆိုရင်တောင် အိမ်ကြီးရခိုင်လိုပဲပြောကြတာ။ ဆွေကြီးမျိုးကြီး စိန်တွေရွှေတွေ ကျိကျိတက် ချမ်းသာတဲ့ ရခိုင်တွေပုံလို့။ သူလို့ကိုယ်နိုက်က ဆီမီးဝါဝါညီညီစည်ကားပါနဲ့ပဲ နေချင်ပုံရှိတယ် ပိုက်ဆံရှိရင် ကိုယ်မီးစက် နဲ့ကိုယ် ထိန်ထိန်ညီးနေလို့ ရသားပဲ။ ရေအားလျှပ်စစ်စီမံကိန်းတစ်လုပ်ရင် မီးလင်းဖို့ ဘယ်လောက် ကြာမယ် မသိဘူး။ (ခုထိတော့ တစ်ခုမှ မလင်းသေး) အရင်ဆုံး ကိုယ်ပိုင်တဲ့ လယ်ထွက်တွေ၊ စိုက်ခင်းတွေ၊ ဥယျဉ်တွေ အသိမ်းခံချင်ခံရမယ်။ ရွာလိုက်ရွေ့ရတာလည်း ဖြစ်ချင်ဖြစ်မယ်။ ကိုယ်အခြေအနေပျက်ရမှာက အခု။ ပြီးကျ သူတို့ စီမံကိန်းကြီးက ဘတ်ဂျက် ဆက်မကျတော့တာတို့ လူကြီးပြောင်းသွားလို့ နောက်ကျတာ လှည့်မကြည့်တော့်တာတို့နဲ့ တန်းလန်းကြီး ဂွမ်းသွားရင် စီမံကိန်းက နေ့စား ဝန်းထမ်းလေးတွေတောင် ထမင်းတလုတ်အတွက် ထင်းခုတ်၊ ကျောက်စုပ်၊ ဒုက္ခတွေ ရောက်ကုန် ကြာရော။ မင်းကွန်းက ပုထိုးတော်ကြီးကို ဘယ်ဘုရင်ဆက်တည်တယ်လိုကြားဖူးသတုန်း။ ရခိုင်က စောဖေတို့က နောကျေလို့ မှောင်မှောင်ပဲ စံနေကြတာလေ။ သင်ခန်းစာယူရမှာက ရေရှည်တည်တံ့မည့် ဖွံ့ဖြိုးတိုးတက်မှုကို လိုချင်ရင် ရေရှည်တည်တံ့မည့် ဘဝရှင်မင်းတရားကြီးကို အရင် မေတ္တာပိုကြဗျာ။ ကျန်းမာပါစေ၊ အသက်ရှည်ပါစေ။ အာဏာစက်ကြီးလည်း ကမာ္ဘတည်သရွေ့ အဓွန့်ရှည်ပါစေလို့။
ဘာလေးဖြစ်လိုက်ဖြစ်လိုက် အလကားနေ အစိုးရပဲ ခလုတ်တိုက်နေသလိုတော့ ဖြစ်နေပါပြီ။ ဒါလည်း မဟုတ်သေးပြန်ဘူးဗျ။ ရေရှည်တည်တံ့မည့် ဖွံ့ဖြိုးတိုးတက်မှုမှာ အစိုးရအပြင် ဝန်ထမ်းတွေရဲ့ စာရိတ္တနဲ့ စိတ်ဓာတ်ကလည်း အများကြီး အရေးပါသေးတာ။ အဲဒါကို မပြင်ပဲနဲ့ ဘယ်လိုမှ မတိုးတက်နိုင် တာရှင်းပြချင်ပါသေးတယ်။ (ဒီထက်လူမုန်းများမယ့် စာတွေရေးတတ်တဲ့သူမှ ရှိသေးပါစနော်)
ဘူတန်ကို ရောက်ကာစက သူကိုဆေးရုံမှာ အနာဆေးထည့်တဲ့အခါ အရက်ပျံတွေ ဘီတာဒင်းတွေ ဝေါကနဲ ဝေါကနဲ သွန်ချ၊ မကုန်လို့ ကျန်ရင် သွန်ပစ်နဲ့ လုပ်နေကြတော့ ကိုယ်ကမနေနိုင် မထိုင်နိုင် လိုက် လိုက်သိမ်းမိပါတယ်။ ချုပ်ကြိုးတွေတဝက်လောက်ကျန်နေရင်လည်း “လွှင့်မပစ်နဲ့ နောက်တခါသုံးဖို့ သိမ်းထား”ဆိုတော့ သူတို့က ရယ်ကြတယ်။ ဘီရိုကြီးဖွင့်ပြပြီး “ ဒီချုပ်ကြိုးတွေ အားလုံး နောက် နှစ်နှစ် လောက်မှ ကုန်အောင် မသုံးရင် ဒိတ်လွန်လို့ အကုန်လွှင့်ပစ်ရမှာမို့ မကုန်ကုန်အောင် များများ သုံးပေးစမ်း ပါ” တဲ့။ တကယ်လည်း အဟုတ်ဗျ။ မေ့ဆေးပေးတဲ့ ဟေလိုသိမ်းတွေ ရက်လွန်ကုန်တော့ “မသုံးပါနဲ့” ဆိုပြီး အသစ်မှာပေးတယ်။ ကိုယ်ဆီမှာဖြင့် အဲဒါတွေပဲ သုံးနေရတာလေ။ သူတို့နိုင်ငံက လူဦးရေ နည်းနည်းလေးဆိုတော့ အစိုးရက အပြည့်အဝ ထောက်ပံ့ပေးနိုင်တာပေါ့လေလို အစကထင်ပါတယ်။ အကယ်တမ်းတွေးကြည့်တော့ ကိုယ့်အစိုးရကလည်း အဲသလောက်တော့ ထောက်ပံပေးနေတယ် ထင်တာပဲ။ အလှူရှင်တွေကနေတဆင့် ဖြစ်ဖြစ်ပေါ့။ ကွာသွားတာကတော့ သူတို့ဆီက ဝန်ထမ်းတွေက အပြင်ကို ပြန်ပြီး ရောင်းမစားကြတာပါ။ ဒေးဗစ်ကော်ပါဖီး လေယဉ်ပျံကြီးဖျောက်ပြတာလောက်တော့ မြန်မာပြည်က လူတွေ ရယ်တောင်ရယ်ချင်သေး။ ဂိုဒေါင်ကြီးတစ်လုံးလုံး၊ စတိုခန်းကြီး တစ်ခန်းလုံး ကွန်တိန်နာကြီး တစ်ခုလုံးတောင် အသာလေး အစဖျောက်ပစ်နိုင်ကြတာ မယုံမရှိပါနဲ့။ ကိုယ်တွေ့တွေ ရေးရေးပြလိုက်ရရင် သက်သေလိုက်နေရမှာစိုးလို့ မပြောတော့ဘူးနော်။ စာရင်းစစ်အဖွဲ့ကြီးတွေလာတယ် ဆိုတာ နဂိုလုပ်ထားတဲ့ စာရင်းတွေကို လာစစ်တာ မဟုတ်ဘူး။ ဘာမှ လုပ်မထားတဲ့ တစ်နှစ်စာ စာရင်း တွေကို ပုတ်ပြတ်နဲ့ လာလုပ်ပေးသွားတာ။ လူတိုင်းမဟုတ်ပါဘူး။ ကိုယ်တွေ့ဖူးသမျှကို ပြောတာပါ။ သူများကို ဆော်ချင်နှက်ချင်တာ မဟုတ်ဘူးနော်။ ဒီအကျင့်ကြီးတွေနဲ့ ဘယ်ဘုရားရှင်လက်ထက်မှ တိုးတတ်စရာ မမြင်ဘူးလေ။ ခေါင်ကပဲ ယိုယို၊ တံစက်မြိတ်ကပဲ ယိုယို မိုးယိုတာကို မပြင်ပဲနဲ့ ရေခွက်နဲ့ လိုက်ခံနေသလိုဖြစ်နေတာကို အားလုံးခြုံပြီးတော့ မြင်စေချင်ပါတယ်။ သူများထိခိုက်သွားရင် ရှစ်ကြီးခိုးပါ ရဲ့ (ရှစ်ဝယ်မယ့်သူ ရှိရင် ပြောဦးဗျို့)
ခုလောလောဆယ်တော့ ကိုယ့်လက်ထဲမိနေတဲ့ စစ်စေးရာကြီးတွေ ရွှေလိုက်ချချင်လို့ မျက်ပါးရပ်က သက်ထားမြတ်တို့ဆီကို အလှူခံ အသံပေးလိုက်ပါတယ်ဗျာ။ ခွဲခန်းထဲ၊ မွေးခန်းထဲသုံးဖို့ ထွန်းလို့ရတဲ့ မက်တတ် မီးမောင်းကလေး နှစ်ခုလောက်၊ လက်နဲ့ ညှစ်ညှစ်နေရရှာတဲ့ မေ့ဆေး ဆရာဝန်ကြီးက သနားစရာ အလွန်ကောင်းတာမို့ သူ့အတွက် အလိုအလျှောက် အသက်ရှူစက်ကလေးနဲ့ မော်နီတာလေး တစ်လုံးလောက် သွေးတိတ်အောင် မီးနဲ့ ရှို့တဲ့ စက်တစ်လုံး၊ ချွဲစုပ်စက်တစ်လုံး၊ အောက်စီဂျင်ပေးတဲ့ စက်တစ်လုံး နဲ့ ဓါတ်မှန်ဖလင်ပြားများ၊ သွေးခံအိတ် လှူဒါန်းချင်တဲ့ စေတနာ သဒ္ဒါ တရားများဖြစ်ပေါ်လာမယ်ဆိုရင် ဆက်သွယ်လိုက်ပါနော်။ စားရိတ်လည်းစိုက်၊ လူလည်းစိုက်ပါ့မယ်။ ဓာတ်ပုံတွေ ဗီဒီယိုတွေတော့ လက်ခံပြီးပြန်မပိုတော့ဘူး စိတ်နာလွန်းလို့။ လူနာတွေအတွက်သုံးနေတရွေ့ အလှူရှင်ကြီးရဲ့ ကုသိုလ်မီတာတွေ တရိပ်ရိပ်တက်နေမှာမို့ အဲဒီမှာပဲ ဖတ်ယူလိုက်တော့ နော်။ အားလုံးအတွက် (အထူးအားဖြင့် ကိုယ်အတွက်) ဆုမွန်ကောင်းတောင်းပေး လိုက်ပါမယ်။ “ရောက်တဲ့အရပ်မှာ ရေမီးလာ၊ အင်တာနက်လည်း ကောင်းပါစေ”လို့။
8 comments
Foreign Resident
August 14, 2011 at 3:33 pm
ရေအား လျှပ်စစ်စီမံကိန်းကြီးတွေဆို သတင်းစာကိုင်လိုက်ရင် ဓာတ်လိုက်ယူရတော့မလောက် တည်ဆောက်ပြီးစီး ခဲ့ပါပြီ။
ဒေးဗစ်ကော်ပါဖီး လေယဉ်ပျံကြီးဖျောက်ပြတာလောက်တော့ မြန်မာပြည်က လူတွေ ရယ်တောင်ရယ်ချင်သေး။
ogre
August 14, 2011 at 4:33 pm
အရင်စစ်ဗိုလ်ကြီးတွေ အုပ်ချုပ်တုန်းကတော့
သတင်းစာကိုမကိုင်ရဲဘူးဗျ အဲဒီတုန်းက
သတင်းစာကိုင်ရင် ဘုရာစူးမှာစိုးလို့ပါ
အခုတော့ဓါတ်ပါလိုက်နေပြီပေါ့ …။။
မီးမီး သော်
August 14, 2011 at 6:02 pm
“””အဓိကကတော့ ဟိုးအရင်တခါပြောဖူးသလို တီဗွီရိုက်လို့ သတင်းထဲပါရုံကလေး လုပ်လုပ်ထားခဲ့တာတွေကို တကယ်လက်တွေ့အသုံးကျအောင်လုပ်ရတာပါ။ “ဘာလိုချင်တယ်၊ ဘာမရှိဘူး” ဆိုတဲ့ စကား လုံးဝ မပြောပါနဲ့လို ကြိုကြိုတင်တင် အတန်တန်ပိတ်ပင်ထားတဲ့အခါမှာ””””
အော် လိမ်လာလို ့လဲနှစ်ပေါင်းမနည်းတော့ပါဘူး အရူးငရွှေရေ။ခုလဲ ရွှေကနေ စိန်လက်ထဲဘဲလွှဲထားသယောင် ဟန်ပြလုပ်နေကြပြီး ညနေ တိုင်း ဘိုးတော်ဘုရားဒီနေ ့ဘာလုပ်ပြီးပါပီ ဟိုကိစ္စဘယ်လိုဖြင့်စီမံထားပါပီ သွားသွား အစီရင်ခံနေကြရတာ။အဲဒါကြောင့်ပြောခွေးမှာတောင် ငရွှေအိမ်ကခွေးက ပိုဟောင်တတ်နေသလားလို ့
pan pan
August 15, 2011 at 10:21 am
ရွှေရောင်တဝင်းဝင်း
စိန်ရောင်တပြောင်ပြောင်
ပြည်သူ့ဝမ်းတော့ တဟောင်ဟောင်
Mehn.soe
August 15, 2011 at 2:21 am
မေ့ဆေးပေးတဲ့ ဟေလိုသိမ်းတွေ က အသဲကို ထိခိုက်စေလို ့ ဆီဗို ဖလူရိမ်း ကို ပြောင်းသုံးနေကြပါပြီ။မေ့ဆေးဆရာဝန်တွေ မော်နီတာ မရှိဘဲ နှင့် မေ့ဆေး မပေးရဲပါ။မြန်မာပြည်မှာတော့ မဟုတ်ပါ။
Foreign Resident
August 15, 2011 at 2:50 am
Dear Mehn.Soe,
FYI, If I am not wrong,
Original author ( Dr. Soe Min ) is a surgeon & recently works in Ann Hospital.
Mehn.soe
August 15, 2011 at 6:11 am
Dear Foreign Resident,
Sorry for misunderstanding.I am just sharing about anesthesia.I may not understand web culture.
Foreign Resident
August 15, 2011 at 7:11 am
Dear Mehn.Soe,
Sorry too,
Now, I realized what did you mean.
You mean it is only happens in foreign ( မြန်မာပြည်မှာတော့ မဟုတ်ပါ ),
Isn’t it.